မြင့်မြတ်သောမြို့တော်၊ ဝမ်ဟိုင်းမျှော်စင်။
ဝမ်ဟိုင်းအုပ်စု၏ ဗဟိုဌာနချုပ်ဖြစ်သော ဤဝမ်ဟိုင်းမျှော်စင်သည် အမြင့်မီတာ ၁၅၀၀ ကျော်ရှိပေရာ ဧကရာဇ်မြို့တော်၏ အချက်အခြာကျသောနေရာတွင် အထင်ကရအဆောက်အအုံတစ်ခု ဖြစ်သည်မှာ ယုံမှားဖွယ်မရှိချေ။
ထူးခြားဆန်းသစ်သော ပုံသဏ္ဌာန်မှာလည်း လူအများ၏ အမြင်အာရုံကို အထူးပင် ဆွဲဆောင်လျက်ရှိပေသည်။
ထိုမျှော်စင်၏ ထိပ်ဆုံးအလွှာမှာမူ ဝမ်ဟိုင်းအုပ်စု၏ ဦးစီးခေါင်းဆောင်ဖြစ်သူ ‘ဝမ်ယောင်ခွန်း’ ၏ ရုံးခန်းနှင့် နေအိမ်ပင် ဖြစ်ချေသည်။
အင်ပါယာ၏ အချမ်းသာဆုံးပုဂ္ဂိုလ် တစ်ရာစာရင်းဝင်ဖြစ်သော ဤအမတ်မင်းသည် ဧရာမမှန်ပြတင်းကြီးရှေ့တွင် ရပ်ကာ စီးကရက်သောက်ရင်း မြင့်မြတ်သောမြို့တော်၏ စည်ကားလှသော မြင်ကွင်းကို ငေးမောကြည့်ရှုရသည်ကို အထူးပင် နှစ်သက်လေသည်။
တိမ်တိုက်တို့၏အထက်တွင် ရပ်တန့်ကာ လူအပေါင်းကို ငုံ့မိုးကြည့်ရသည့် ထိုခံစားချက်မှာ အလွန်ပင် ကောင်းမြတ်လှပေသည်။ ထိုသို့ ကြည့်ရှုနေစဉ် အချိန်များ၌ အဆင်းလှသော အတွင်းရေးမှူးမလေး တစ်ဦးမှာလည်း သူ၏ရှေ့ဝယ် ဒူးထောက်ခစားနေတတ်သည်မှာ ထုံးစံပင် ဖြစ်ချေသည်။
သို့သော် ယနေ့တွင်မူ ဝမ်ယောင်ခွန်း၌ ထိုသို့သော အာရုံမရှိပေ။ သူ၏မျက်နှာမှာ ပုံမှန်ထက် ပိုမိုမှောင်မှောက်နေပြီး မျက်ခုံးနှစ်ဖက်ကြားဝယ် မုန်တိုင်းတစ်ခု ဆင်တော့မည့်အလား ရှိနေပေရာ အစည်းအဝေးခန်းအတွင်းရှိ အဆင့်မြင့်အရာရှိကြီး ဆယ်ဂဏန်းခန့်မှာ မသက်မသာ ဖြစ်နေကြရသည်။
“ဆက်ပြောစမ်း”
ဝမ်ယောင်ခွန်း၏ အကြည့်တို့သည် ပြတင်းပေါက်ပြင်ပ၌သာ တည်ရှိနေပြီး သူ၏အသံမှာလည်း ရေခဲပြင်ကဲ့သို့ အေးစက်ခက်ထန်နေပေသည်။
အဆင့်မြင့်အရာရှိတစ်ဦးသည် တံတွေးကို ခက်ခဲစွာ မျိုချလိုက်ပြီးနောက် နံရံရှိ ဖန်သားပြင်ပေါ်မှ ဗီဒီယိုကို ပြောင်းလဲလိုက်ရာ ဓာတ်ပုံတစ်ပုံ ပေါ်ထွက်လာလေသည်။
“ဝမ်ချန်... ကြယ်ပြာဂြိုဟ်၊ ပင်လယ်ရှည်မြို့ မှာ မွေးဖွားခဲ့သူပါ။ နောက်ပိုင်းမှာ အင်ပါယာ ပထမစစ်ဘက်အကယ်ဒမီ ကို တက်ရောက်ခဲ့ပြီး နောက်တစ်နှစ်မှာ စစ်မှုထမ်းခဲ့ပါတယ်...”
ဖန်သားပြင်ပေါ်တွင် ဝမ်ချန် ၏ အသေးစိတ် အချက်အလက်များ ပေါ်လာလေသည်။
ထိုအရာရှိက ဆက်လက်၍ - “သူ တန်ပါစ်ဂြိုဟ် ကို ပထမဆုံးအကြိမ် ရောက်ရှိခဲ့တာ လွန်ခဲ့တဲ့ ၁၁ လက ဖြစ်ပြီး ရှုမျိုးနွယ်စုရဲ့ တိုက်ရိုက်အမွေခံဖြစ်သူ ရှုချန်ကျစ် ကို ကယ်တင်ခဲ့ပါတယ်။ တစ်လအကြာမှာတော့ တန်ပါစ်ဂြိုဟ်ကို ပြန်လည်ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်...”
“ဒါတွေ ငါအကုန်သိပြီးသား”
ဝမ်ယောင်ခွန်းသည် စိတ်မရှည်စွာဖြင့်ပင် “သူ့အပေါ် မင်းတို့ရဲ့ ခွဲခြမ်းစိတ်ဖြာချက် ရလဒ်က ဘာလဲ” ဟု ဖြတ်မေးလိုက်လေသည်။
ထိုအရာရှိက အားတင်းကာ ဖြေကြားသည်မှာ - “စစ်ဘက်ဌာနရဲ့ အစီရင်ခံစာထဲမှာ အသေးစိတ်အချက်အလက် တော်တော်များများ လိုအပ်နေတဲ့အတွက် သူ့ရဲ့ အစွမ်းအစကို တိတိကျကျ အကဲဖြတ်ဖို့ ခက်ခဲနေပါတယ်။ ဒါပေမဲ့ သူဟာ အင်ပါယာရဲ့ အတောင့်တင်းဆုံး စူပါစစ်သည်တော် တစ်ဦး ဖြစ်တယ်ဆိုတာကတော့ ငြင်းချက်ထုတ်စရာ မရှိပါဘူး။ ဒါကြောင့် ဝမ်ဘန်ဒါ သေဆုံးရတာဟာ သူ့ရဲ့ လက်ချက်ဖြစ်နိုင်တယ်လို့ ကျွန်တော်တို့ ပြင်းပြင်းထန်ထန် သံသယရှိမိတယ်”
“အုပ်စုအနေနဲ့ ဝမ်ချန်ကို လုံခြုံရေးဗျူရို ကတစ်ဆင့် စစ်ဆေးမေးမြန်းဖို့ ဗဟိုဌာနချုပ်ကို ခေါ်ဆောင်လာခဲ့ပေမဲ့ သူ့ရဲ့ ထူးခြားတဲ့ အဆင့်အတန်းကြောင့် အင်အားသုံးတာမျိုး ဒါမှမဟုတ် အကြာကြီး ထိန်းသိမ်းထားတာမျိုး မလုပ်နိုင်ခဲ့ပါဘူး”
“အသုံးမကျတာ”
ဝမ်ယောင်ခွန်းသည် ရုတ်တရက် လှည့်ကြည့်ကာ လက်ထဲမှ စီးကရက်ဖြင့် ထိုအရာရှိအား ပစ်ပေါက်လိုက်လေသည်။ “ဝမ်ဟိုင်းက နှစ်တိုင်း အကုန်အကျခံ ကျွေးမွေးထားတာတွေက ခွေးကျွေးဖို့လား။ ဒီလောက် ကိစ္စလေးကိုတောင် မလုပ်နိုင်ဘူးဆိုရင် သူတို့က ဘာအတွက် အသုံးကျမှာလဲ”
ထိုအရာရှိမှာ မျက်နှာကို မီးစပွားများ လွင့်စင်နေသော စီးကရက်ဖြင့် ထိမှန်သွားသဖြင့် နာကျင်စွာ တွန့်သွားသော်လည်း နောက်သို့ မဆုတ်ရဲပေ။
သူက ကျိုးနွံစွာဖြင့် - “ကျွန်တော်တို့ စစ်ဘက်ဌာနရဲ့ စစ်ဦးစီးချုပ်ရုံးက လူတွေနဲ့ ချိတ်ဆက်ပြီးပါပြီ။ သူ့ကို စစ်မိန့်ချိုးဖောက်မှု စွဲချက်နဲ့ ဖမ်းဆီးပြီး ထပ်မံစစ်ဆေးဖို့ ပြင်ဆင်နေပါတယ်”
“ဒီကိစ္စကို မင်းတို့ဆီပဲ အပ်ထားလိုက်မယ်”
ဝမ်ယောင်ခွန်းက ကြောက်မက်ဖွယ်ကောင်းသော အသံဖြင့် - “ငါတို့ ဝမ်မျိုးနွယ်စုဝင်တစ်ယောက်ကို သတ်ပြီး ဘယ်သူမှ လွတ်လွတ်လပ်လပ် သွားလာလို့ မရစေရဘူး။ ဒီဝမ်ချန်ကို ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် အပြစ်ပေးနိုင်အောင် လုပ်ရမယ်” ဟု ဆိုလေသည်။
“ဒါနဲ့ ရှုမျိုးနွယ်စုကကော ဘာပြောလဲ”
အခြားအရာရှိတစ်ဦးက ထရပ်ကာ - “ရှုမျိုးနွယ်စုကတော့ ကျွန်တော်တို့ရဲ့ ကမ်းလှမ်းချက်ကို သဘောတူပါတယ်။ ရှုချန်ကျစ်ကို ဆန်းလန်မြစ် ကြယ်စုတန်းဆီ ပြောင်းရွှေ့ တာဝန်ထမ်းဆောင်စေမှာ ဖြစ်တဲ့အတွက် ဝမ်ဟိုင်းအုပ်စုအတွက် နောက်ထပ် ပြဿနာဖြစ်လာမှာ မဟုတ်တော့ပါဘူး”
ဝမ်ယောင်ခွန်းက နှာခေါင်းရှုံ့ကာ - “အဲဒီကောင်လေးကတော့ ကံကောင်းသွားတာပဲ” ဟု ဆိုပေသည်။
ရှုချန်ကျစ်အကြောင်း စဉ်းစားမိတိုင်း ဝမ်ဟိုင်းအုပ်စု၏ အကြီးအကဲမှာ ဒေါသထွက်လွန်း၍ သွားပင် ကြိတ်မိလေသည်။
တန်ပါစ်ဂြိုဟ်တွင် ရှုချန်ကျစ်၏ ရူးသွပ်သော လုပ်ရပ်များသာ မရှိခဲ့လျှင် ဝမ်ဟိုင်းအုပ်စုအနေဖြင့် ယခုကဲ့သို့ အကျပ်ရိုက်စရာ အကြောင်းမရှိပေ။ ထိုကိစ္စအတွက် သူတို့ ပေးဆပ်လိုက်ရသော အဖိုးအခမှာလည်း မနည်းလှချေ။
တန်ပါစ်ဂြိုဟ်မှ ရရှိခဲ့သည့် အကျိုးအမြတ်ထက် ဆုံးရှုံးမှုများက ပိုမိုကြီးမားနေသည် မဟုတ်လော။
“မင်းတို့ တန်ပါစ်ဂြိုဟ်ကိစ္စကို သေချာ ကိုင်တွယ်စမ်း။ ပြိုင်ဘက်တွေကို အခွင့်အရေး မပေးမိစေနဲ့။ မဟုတ်ရင်တော့...”
ဝမ်ယောင်ခွန်းက ဝမ်ဟိုင်းအုပ်စု၏ အဓိကအရာရှိကြီးများကို ဆုံးမနေစဉ် ခေါင်းပေါ်ရှိ ဝမ်ဟိုင်းမျှော်စင်၏ ထိပ်ဖျား၌ သတ္တုဗီဒိုတန်းတစ်ခုမှာ တိတ်တဆိတ် ပွင့်လာလေသည်။
Climber V အမျိုးအစား နံရံကပ် သန့်ရှင်းရေး စက်ရုပ်များသည် စက်မှုလက်တံများဖြင့် မျှော်စင်၏ အပြင်ဘက် နံရံများပေါ်သို့ ဆင်းသက်လာကြပေသည်။
Climber V အမျိုးအစားမှာ အပြင်ဘက်နံရံ သန့်ရှင်းရေးအတွက် နောက်ဆုံးပေါ် မော်ဒယ်ဖြစ်ပြီး အခြေခံ ဉာဏ်ရည်တု ချစ်ပ်များ တပ်ဆင်ထားကာ ခြေခြောက်ချောင်းရှိသော ပင့်ကူပုံသဏ္ဌာန်ဖြင့် မည်သည့်နံရံပေါ်တွင်မဆို လွတ်လပ်စွာ တက်ဆင်းနိုင်ပေသည်။
ဝမ်ဟိုင်းမျှော်စင်၏ ထိပ်တွင် ထိုစက်ရုပ်အခြေစိုက်စခန်း ၃၆ ခု တပ်ဆင်ထားရာ တစ်ဆောက်အအုံလုံးကို သန့်ရှင်းရန် ၂၄ နာရီသာ အချိန်ယူရလေသည်။
ဝီ... ဝီ... ဝီ...
မော်တာလည်ပတ်သံများနှင့်အတူ Climber V စက်ရုပ် ၁၂ ကောင်မှာ နံရံအတိုင်း တစ်ပြိုင်နက်တည်း အောက်သို့ ထိုးဆင်းလာကြသည်။
ပုံမှန်အားဖြင့် တစ်မိနစ်လျှင် တစ်မီတာနှုန်းဖြင့်သာ ဆင်းသက်လေ့ရှိသော်လည်း ယခုအခါတွင်မူ အရှိန်အဟုန်ဖြင့် ဆင်းလာကြရာ ဝမ်ယောင်ခွန်း ရှိနေသော အထပ်သို့ ချက်ချင်းပင် ရောက်ရှိလာတော့သည်။
ဒိန်း
ဧရာမ မှန်စီနံရံကြီးမှာ အမြောက်ဆန်ဖြင့် အပစ်ခံရသည့်အလား ရုတ်တရက် အစိတ်စိတ်အမြွှာမြွှာ ကွဲအက်သွားပေသည်။
ဝမ်ဟိုင်းမျှော်စင်၏ မှန်နံရံများမှာ အဖိုးတန်ပစ္စည်းများဖြင့် ပြုလုပ်ထားသဖြင့် မည်သည့်လက်နက်၏ ဒဏ်ကိုမဆို ခံနိုင်ရည်ရှိသော်လည်း ယခုမူ မမြင်ရသော အင်အားတစ်ခုကြောင့် အတွင်းရော အပြင်ပါ မှန်လွှာနှစ်ခုစလုံး ကွဲအက်သွားရလေသည်။
အခန်းအတွင်းရှိ ဝမ်ယောင်ခွန်းနှင့် အရာရှိကြီးများမှာ မမျှော်လင့်ထားသော လုပ်ရပ်ကြောင့် ကြောင်အသွားကြသည်။ Climber V ၁၂ ကောင်မှာ လေပြင်းများ တိုက်ခတ်သည့်အလား အခန်းထဲသို့ ဝင်ရောက်လာမှသာ သတိပြန်ဝင်ကာ နောက်သို့ ဆုတ်ခွာကြပေသည်။
သို့သော်လည်း နောက်ကျသွားခဲ့လေပြီ။
ဗုန်း ဗုန်း ဗုန်း
စက်ရုပ်များ၏ နောက်ကွယ်မှ သတ္တုကြိုးများမှာ တစ်ပြိုင်နက် ပြုတ်ထွက်သွားပြီးနောက် သန့်ရှင်းရေးစက်ရုပ်များသည် သူတို့၏ စက်မှုလက်တံများမှ ဓားသွားများကို ထုတ်ကာ ဝမ်ယောင်ခွန်းတို့ထံသို့ တရကြမ်း ပြေးဝင်လာတော့သည်။
ဝမ်ယောင်ခွန်းထံသို့မူ စက်ရုပ်သုံးကောင်က ဦးတည်လာပေသည်။
ဝမ်ဟိုင်းအုပ်စု၏ ခေါင်းဆောင်ဖြစ်သူမှာ သာမန်လူတစ်ယောက် မဟုတ်ဘဲ အင်ပါယာ၏ B-အဆင့် စစ်သည်တော် တစ်ဦး ဖြစ်ပေရာ သူ၏ တုံ့ပြန်မှုမှာ အလွန်ပင် မြန်ဆန်လှသည်။
သူသည် လက်ကောက်ဝတ်ရှိ ကိုယ်ပိုင်အချက်အလက်စက် ကို ချက်ချင်းပင် နှိပ်လိုက်လေသည်။
မိမိ၏အသက်ကို အလွန်ပင် တန်ဖိုးထားသော ဝမ်ယောင်ခွန်းသည် အကာအကွယ်စက်ကွင်းကို ဖန်တီးပေးနိုင်သော နည်းပညာမြင့် ချပ်ဝတ်တစ်ခုကို အတွင်းခံအဖြစ် အမြဲဝတ်ဆင်ထားလေ့ရှိပေသည်။
ထိုစက်ကွင်းမှာ အချိန်တိုအတွင်းသာ ခံသော်လည်း သူ့အတွက် အသက်ဘေးမှ လွတ်မြောက်ရန် အချိန်အလုံအလောက် ပေးနိုင်ပေသည်။
သို့သော်လည်း ဝမ်ယောင်ခွန်း အံ့ဩသွားရသည်မှာ သူ၏ ဆက်သွယ်ရေးစက်မှာ မည်သို့မျှ တုံ့ပြန်မှု မရှိတော့ခြင်းပင် ဖြစ်ပေသည်။ နောက်တစ်ခဏ၌ ထက်မြက်လှသော ဓားသွားများသည် ဝမ်ယောင်ခွန်း၏ ခန္ဓာကိုယ်ကို အပိုင်းပိုင်းဖြတ်တောက်ကာ အသက်ကို နုတ်ယူသွားလေတော့သည်။
“အား”
အင်ပါယာ၏ အချမ်းသာဆုံးစာရင်းဝင် အမတ်မင်းကြီးသည် နာကျင်စွာ အော်ဟစ်ရင်း နေရာတင်ပင် ပွဲချင်းပြီး သေဆုံးသွားရရှာသည်။ တစ်ချိန်က ပရိယာယ်များဖြင့် ပြည့်နှက်နေသော ထိုအစည်းအဝေးခန်းမကြီးမှာ ယခုအခါ ငရဲခန်းတစ်ခုအလား ဖြစ်သွားရလေပြီ။
တိုက်ခိုက်သံများ၊ အော်ဟစ်သံများနှင့် ငိုယိုသံများမှာ ရောထွေးလျက် ရှိနေပေသည်။ မျှော်စင်၏ လုံခြုံရေးတပ်ဖွဲ့ဝင်များ အခန်းထဲသို့ ရောက်လာချိန်တွင် မြင်တွေ့လိုက်ရသော မြင်ကွင်းကြောင့် အားလုံးမှာ တုန်လှုပ်ချောက်ချားသွားကြရသည်။ အချို့မှာမူ ထိုနေရာ၌ပင် အော့အန်မိကြလေတော့သတည်း။
***