အင်ပါယာ စုံစမ်းစစ်ဆေးရေးဗျူရို ဌာနချုပ်။
ရုံးခန်းအတွင်း၌ လော့အန်ကော်၏ စိတ်အစဉ်သည် အနိမ့်ဆုံးအခြေသို့ ဆိုက်ရောက်နေချေပြီ။
အခြေအနေအရပ်ရပ်မှာ ထိန်းချုပ်မှုအောက်မှ လုံးဝလျောထွက်သွားသကဲ့သို့ ခံစားနေရသည့်အပြင် နားကြပ်ထဲမှ ကြားနေရသော အသံကလည်း သူ၏ စိုးရိမ်ပူပန်မှုကို ပိုမိုနက်ရှိုင်းစေခဲ့သည်။
“ငါက အင်ပါယာ စူပါပါဝါ စီမံခန့်ခွဲရေးဗျူရိုရဲ့ အကြံပေးအရာရှိချုပ် ဆိုတာတော့ အမှန်ပါပဲ”
ဝမ်ချန်က ခပ်ဖွဖွရယ်မောလျက် “အစွမ်းအထက်ဆုံးလို့ ဆိုရအောင်လည်း မဝံ့ရဲပါဘူး။ အင်ပါယာရဲ့ ကုဋေကုဋာမကတဲ့ ပြည်သူတွေထဲမှာ ဘယ်လို အစွမ်းထက်တဲ့ စူပါပါဝါရှင်တွေ ဘယ်လောက်တောင် ရှိနေမလဲဆိုတာ ဘယ်သူမှ မသိနိုင်တာပဲ မဟုတ်လား” ဟု ဆိုလေသည်။
“ဝမ်ဘန်ဒါ သေဆုံးရတာကတော့ ယာဉ်ပျံတိုက်မိလို့ပါပဲ။ နည်းပညာပိုင်းဆိုင်ရာ ချို့ယွင်းချက်ကြောင့်လည်း ဖြစ်နိုင်သလို၊ သူ ကံအင်မတန် ခေတ်သွားတာလည်း ဖြစ်နိုင်ပါတယ်။ အကယ်၍ မင်းတို့က ဒီဖြစ်ရပ်ကို ငါနဲ့ မရမက ဆက်စပ်ချင်တယ်ဆိုရင်တော့ ဧကရာဇ်မင်းမြတ်ဆီအထိ ရောက်သွားရင်တောင် မင်းတို့ စုံစမ်းစစ်ဆေးရေးဗျူရိုနဲ့ငါ တိုက်ပွဲဝင်ဖို့ အသင့်ပါပဲ။ အင်ပါယာ စုံစမ်းစစ်ဆေးရေးဗျူရို ဆိုတာ အင်ပါယာစစ်သည်တစ်ယောက်ကို အကွက်ဆင် စွပ်စွဲရမယ့် ဌာနမျိုး မဟုတ်သင့်ဘူး ထင်တယ်”
လော့အန်ကော်မှာ ဆွံ့အသွားရရုံမက မျက်နှာတစ်ခုလုံးလည်း ပူထူးသွားရချေသည်။ ဝမ်ချန်၏ စွပ်စွဲချက်မှာ အင်မတန် အနှစ်သာရကြီးမားလှပေရာ အထက်လူကြီးများပင်လျှင် တောင့်ခံနိုင်ဖွယ် မရှိပေ။
အင်ပါယာ စစ်ဘက်ဌာန၏ တုံ့ပြန်မှုကို ထားဦး၊ အကယ်၍ ဧကရာဇ်မင်းမြတ်သာ ကြားသိ၍ တာဝန်ရှိမှုကို စစ်ဆေးမေးမြန်းတော်မူပါက လူအများအပြား ဒုက္ခနှင့် တွေ့ပေတော့မည်။ ထိုအခါ လော့အန်ကော်မှာ ပထမဆုံးသော ဓားစာခံ ဖြစ်လာမည်မှာ မြေကြီးလက်ခတ်မလွဲပင်။
အမှန်စင်စစ်လည်း ဝမ်ဘန်ဒါ သေဆုံးမှုတွင် ဝမ်ချန်နှင့် ပတ်သက်နေသည်ဟူသော သက်သေအထောက်အထား အင်ပါယာ စုံစမ်းစစ်ဆေးရေးဗျူရို၌ မရှိခဲ့ပေ။
၎င်းအပြင် ဝမ်ချန်အား စစ်ဆေးမေးမြန်းပိုင်ခွင့် အာဏာလည်း မရှိရာ ယင်းက လုပ်ပိုင်ခွင့်ကို ကျော်လွန်ဆောင်ရွက်မိခြင်းပင် ဖြစ်တော့သည်။
ထိုသို့သော အခြင်းအရာတို့ကို တွေးတောမိသောအခါ လော့အန်ကော်သည် မချိပြုံးပြုံးလျက် “ဗိုလ်မှူးဝမ်ချန်... ကျေးဇူးပြုပြီး အထင်မလွဲပါနဲ့ဦး၊ ကျွန်တော်တို့က အခြေအနေကို သိရှိနားလည်အောင် မေးမြန်းကြည့်ရုံသက်သက်ပါ။ ဗိုလ်မှူးကို ပစ်မှတ်ထားဖို့ ရည်ရွယ်ချက် လုံးဝမရှိပါဘူး” ဟု ပြောလိုက်ရလေသည်။
“ဟမ်...”
ခဏအကြာတွင် ထိုစုံစမ်းစစ်ဆေးရေးအရာရှိ၏ မျက်နှာအမူအရာမှာ ရုတ်ချည်းပြောင်းလဲသွားပြီး ငေးငိုင်သွားရရှာသည်။ သူသည် စိတ်ကို ပြန်လည်စုစည်းရန် မိနစ်ဝက်ခန့် အချိန်ယူလိုက်ရပြီး ဝမ်ချန်ကို ကြည့်နေသော သူ၏ အကြည့်တို့မှာ ရှုပ်ထွေးလှသော ခံစားချက်တို့ဖြင့် ပြည့်နှက်နေတော့သည်။
ထိုအကြည့်တို့ထဲ၌ ကြောက်ရွံ့မှု အရိပ်အယောင်ပင် စွန်းထင်နေလေသလား မှတ်ရ၏။
“ဗိုလ်မှူးဝမ်ချန်...”
လော့အန်ကော်သည် အားယူ၍ မတ်တပ်ရပ်လျက် ဝမ်ချန်အား လက်ကမ်းနှုတ်ဆက်ကာ “ပူးပေါင်းဆောင်ရွက်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကျွန်တော့်မှာ အရေးပေါ် တာဝန်တစ်ခု ရောက်လာလို့ ဒီနေ့အတွက် ကျွန်တော်တို့ စကားဝိုင်းကို ဒီမှာတင် ရပ်နားရပါလိမ့်မယ်” ဟု ဆိုသည်။
ဝမ်ချန်ကလည်း “ရပါတယ်” ဟု ပြန်လည်ပြောဆိုလျက် လက်ဆွဲနှုတ်ဆက်လိုက်၏။ ၎င်းတို့နှစ်ဦး အကြည့်ချင်း ဆုံမိသောအခါ လော့အန်ကော်မှာ ပူပန်မှုတို့ ထကြွနေသဖြင့် အလိုအလျောက် မျက်နှာလွှဲလိုက်ရသည်။
သူသည် ဝမ်ချန်အား အဆောက်အဦးအပြင်ဘက်သို့ ကိုယ်တိုင်လိုက်ပါ ပို့ဆောင်ပေးခဲ့ပြီးနောက် လှည့်ထွက်ကာ ဓာတ်လှေကားဆီသို့ အပြေးအလွှား သွားလေတော့သည်။
အင်ပါယာ စုံစမ်းစစ်ဆေးရေးဗျူရို ဌာနချုပ်၏ မြေညီထပ်ရှိ ဝန်ထမ်းများမှာ ပုံမှန်အားဖြင့် တည်ငြိမ်လှပြီး စစ်သူရဲကောင်းတစ်ဦးကဲ့သို့ အမူအရာရှိသည်ဟု အထက်လူကြီးများ၏ ချီးမွမ်းခြင်းကို ခံရသော လော့အန်ကော်၏ ပျာပျာသလဲ ဖြစ်နေမှုအား အံ့အားသင့်စွာ ငေးကြည့်နေကြရသည်။
ယနေ့တွင်မူ ထို “စစ်သူရဲကောင်း” မှာ စစ်ရှုံး၍ ထွက်ပြေးလာသော စစ်ပြေးတစ်ဦးနှင့်ပင် တူနေချေတော့သည်။
ကြီးကျယ်သော ဖြစ်ရပ်တစ်ခုခုတော့ ဖြစ်ပျက်ခဲ့ပြီမှာ အမှန်ပင်။
စင်စစ်သော်ကား မြင့်မြတ်သော မြို့တော်အတွင်း၌ အမှန်တကယ်ပင် ကြီးကျယ်လှသော အမှုအခင်းကြီး တစ်ခု ဖြစ်ပွားခဲ့လေပြီ။
ယခုလေးတင် ထင်ရှားကျော်ကြားလှသော ဝမ်ဟိုင်းတာဝါမှာ အကြမ်းဖက်တိုက်ခိုက်မှုကို ခံခဲ့ရသည်။
ဝမ်ဟိုင်းဂရု၏ ဥက္ကဋ္ဌ ဝမ်ယောင်ခွန်းနှင့်အတူ ထိပ်တန်းအရာရှိကြီး (၃၈) ဦးတို့မှာ အပေါ်ဆုံးထပ်၌ အစည်းအဝေးပြုလုပ်နေစဉ်အတွင်း အားလုံး အစုလိုက်အပြုံလိုက် အသတ်ခံလိုက်ရခြင်း ဖြစ်သည်။
ထိုအခင်းဖြစ်ပွားရာနေရာမှာ ပြောပြရန်ပင် ခက်ခဲလှလောက်အောင် ကြောက်မက်ဖွယ်ကောင်းလှပြီး တစ်ဦးတစ်ယောက်မျှ အသက်မရှင်ခဲ့ပေ။
ယင်းတို့အနက် ဝမ်ယောင်ခွန်း၏ သေဆုံးမှုမှာ အဆိုးရွားဆုံးဖြစ်ပြီး နှိပ်စက်ကွပ်မျက်ခံထားရသဖြင့် ရုပ်အလောင်းမှာ အရိုးစုနီးပါးပင် ဖြစ်နေချေပြီ။
ရဲကားများ၊ လူနာတင်ကားများနှင့် အဓိကရုဏ်းနှိမ်နင်းရေး သံချပ်ကာကားများစွာမှာ အရပ်ရပ်မှ ရောက်ရှိလာကြပြီး ဝမ်ဟိုင်းတာဝါကို ဝိုင်းရံထားကြသည်။ လက်နက်ကိုင်တပ်ဖွဲ့များမှာလည်း ထိုနယ်မြေကို အလျှင်အမြန် ပိတ်ဆို့လျက် အသေးစိတ် ရှာဖွေမှုများ ပြုလုပ်နေကြတော့သည်။
ထိုမျှသာမက စုံစမ်းစစ်ဆေးရေးဗျူရို၊ လုံခြုံရေးဗျူရိုနှင့် ထောက်လှမ်းရေးဗျူရိုတို့မှ အထူးတပ်ဖွဲ့များမှာလည်း စုပေါင်း၍ အခင်းဖြစ်ပွားရာနေရာကို စစ်ဆေးလျက်ရှိကြသည်။
မြင့်မြတ်သော မြို့တော်ကို တည်ထောင်ခဲ့သည့် အချိန်မှစ၍ ယခုကဲ့သို့ ပြင်းထန်လှသော လုံခြုံရေးဆိုင်ရာ အမှုအခင်းမျိုး တစ်ခါမျှ မကြုံဖူးခဲ့ပေ။
ဌာနဆိုင်ရာ အဖွဲ့အစည်းပေါင်းစုံမှ ကွန်ရက်ကြီးတစ်ခုလုံးမှာလည်း တုန်လှုပ်သွားရပြီး ရိုက်ခတ်မှုများစွာ ဖြစ်ပေါ်စေခဲ့သည်။
ဝမ်ယောင်ခွန်းဟူသည် သာမန် ဂရုဥက္ကဋ္ဌတစ်ဦး မဟုတ်သည်ကို သိထားရပေမည်။
သူ၏ ကြွယ်ဝချမ်းသာမှုကို ခဏဖယ်ထားဦးတော့၊ သူကိုယ်တိုင်မှာ အင်ပါယာ အားလ် ဘွဲ့ရတစ်ဦး ဖြစ်သည့်အပြင် အင်ပါယာလွှတ်တော်၏ အမတ်တစ်ဦးလည်း ဖြစ်ကာ ဝမ်မျိုးနွယ်စု၏ ခေါင်းဆောင်လည်း ဖြစ်သည်။
ဝမ်ယောင်ခွန်းနှင့်အတူ သေဆုံးသွားသူများမှာ ဝမ်မျိုးနွယ်ဝင်များ ဖြစ်ကြသော အရာရှိကြီးများ ဖြစ်ကြပြီး ၎င်းတို့ထဲ၌ ဗိုင်းကောင့် ဘွဲ့ရနှစ်ဦးနှင့် ဒေသဆိုင်ရာ လွှတ်တော်အမတ်အချို့ပင် ပါဝင်သေးရာ ဝမ်မျိုးနွယ်စု၏ အမာခံအင်အားစုမှာ ထက်ဝက်ကျော်မျှ ပြိုလဲပျက်စီးသွားခဲ့ရချေပြီ။
“နက္ခတ်တာရာ ကွန်ရက်ကြီး ရှေ့မှောက်တွင် လျှို့ဝှက်ချက်ဟူသည် ကြာရှည်မခံ” ဟူသော ဆိုရိုးအတိုင်းပင် ဗျူရိုကြီး (၃) ခုက သတင်းများ ပေါက်ကြားမှုမရှိစေရန် အစွမ်းကုန် ပိတ်ဆို့ထားသော်လည်း ဝမ်ယောင်ခွန်းနှင့် ဝမ်ဟိုင်းဂရု အရာရှိကြီးများ လုပ်ကြံခံရသည့် သတင်းမှာ လျင်မြန်စွာ ပျံ့နှံ့သွားခဲ့သည်။
ယင်းကြောင့် ကြီးမားသော ရိုက်ခတ်မှုများ ဖြစ်ပေါ်လာခဲ့သည်။ ပထမဦးစွာ ဝမ်ဟိုင်းဂရု၏ လက်အောက်ခံ ကုမ္ပဏီ (၁၀) ခုကျော်၏ ရှယ်ယာစျေးနှုန်းများ ထိုးကျသွားကာ စတော့စျေးကွက်တစ်ခုလုံးကို ဆွဲချသွားခဲ့ရာ ဆုံးရှုံးမှုပမာဏမှာ ကုဋေပေါင်းများစွာအထိ ရှိခဲ့လေသည်။
ညနေပိုင်းရောက်သောအခါ ဟိုလီလိုက်အင်ပါယာ၏ ဧကရာဇ်မင်းမြတ်သည် ဗျူရိုကြီး (၃) ခု၏ အကြီးအကဲများကို ဆင့်ခေါ်တော်မူလေသည်။
နန်းတော်ရှိ အဆောင်တော်အတွင်း၌ များစွာသော သူတို့၏ အသက်ကို လက်ဝါးကြီးအုပ်ထားသည့် ညွှန်ကြားရေးမှူးကြီး (၃) ဦးမှာ ဟိုလီလိုက်ဧကရာဇ်၏ ရှေ့မှောက်တွင် ခေါင်းကို ငုံ့ထားကြလျက် အသက်ပင် ဝဝ မရှူဝံ့ကြချေ။
အသက် (၅၀) ကျော်အရွယ်ရှိပြီဖြစ်သော ဟိုလီလိုက်ဧကရာဇ်သည် စားပွဲပေါ်ရှိ စုံစမ်းစစ်ဆေးရေး အစီရင်ခံစာကို အေးဆေးစွာ ဖတ်ရှုပြီးနောက် “ငါကိုယ်တော် စောင့်ကြည့်ရေး ဗီဒီယိုတွေကို ကြည့်ပြီးပြီ၊ မင်းတို့ရဲ့ ပဏာမ စုံစမ်းစစ်ဆေးမှု ရလဒ်တွေလည်း ဒီမှာ ရှိနေတယ်” ဟု မိန့်တော်မူသည်။
“သန့်ရှင်းရေး ရိုဘော့တွေ ရုတ်တရက် ချို့ယွင်းသွားရုံသက်သက်နဲ့ ဝမ်ဟိုင်းတာဝါရဲ့ မှန်ကာရံတွေနဲ့ လုံခြုံရေး စနစ်တွေကို ဖောက်ထွင်းပြီး (၁၀) စက္ကန့်အတွင်း အစည်းအဝေးခန်းမထဲက လူအားလုံးကို သတ်ပစ်နိုင်စွမ်း ရှိပါ့မလား ဆိုတာ ငါ့ကို ပြောပြစမ်း”
ညွှန်ကြားရေးမှူး (၃) ဦးမှာ တစ်ဦးကိုတစ်ဦး ကြည့်လိုက်မိကြသည်။ ပူးတွဲစုံစမ်းစစ်ဆေးရေး အစီရင်ခံစာ၏ အဓိက အားနည်းချက်မှာ သိပ္ပံနည်းကျ ယုတ္တိရှိသော ရှင်းလင်းချက် မရှိခြင်းပင် ဖြစ်သည်။
ဟိုလီလိုက်ဧကရာဇ်၏ မေးခွန်းမှာ အင်မတန် ထိရောက်စူးရှလှပေသည်။ Climber V-အမျိုးအစား သန့်ရှင်းရေး ရိုဘော့မှာ အဆင့်မြင့်သော်လည်း ယင်းကို မှန်သန့်ရှင်းရေးအတွက်သာ ထုတ်လုပ်ထားခြင်းဖြစ်ပြီး တိုက်ခိုက်ရေးအတွက် မဟုတ်ပေ။
ပုံမှန်အခြေအနေတွင် ယင်းတို့၌ အကာအကွယ်များကို ဖောက်ထွင်း၍ လူသတ်နိုင်စွမ်း မရှိသင့်ပေ။ သို့သော်လည်း “မဖြစ်နိုင်ခြင်း” မှ “ဖြစ်နိုင်ခြင်း” သို့ ပြောင်းလဲသွားခဲ့လေပြီ။
ထိုစောင့်ကြည့်ရေး ဗီဒီယိုကို ကြည့်ဖူးသူတိုင်းမှာ အလွန်အမင်း ထိတ်လန့်သွားကြမည်မှာ အမှန်ပင်။ Climber V-အမျိုးအစား သန့်ရှင်းရေး ရိုဘော့မှ ပြသခဲ့သော တိုက်ခိုက်ရေး စွမ်းရည်မှာ ကြောက်ခမန်းလိလိပင် ဖြစ်ချေသည်။
ယင်း၌ သံသယဖြစ်ဖွယ် အချက်အလက်များစွာ ရှိနေသဖြင့် ဗျူရို (၃) ခုမှ ကျွမ်းကျင်သူများမှာ ယခုကဲ့သို့ အားနည်းချက်ရှိသော ပဏာမ အစီရင်ခံစာကိုသာ တင်ပြနိုင်ခဲ့ခြင်း ဖြစ်သည်။
၎င်းတို့၏ တိတ်ဆိတ်မှုကို မြင်သောအခါ ဟိုလီလိုက်ဧကရာဇ်က အေးစက်စူးရှသော အကြည့်ဖြင့် ပြုံးလျက် “အမတ်မင်းတို့... ဝမ်ဟိုင်းဂရု ဌာနချုပ်လို နေရာမျိုးကို အလွယ်တကူ ထိုးဖောက်ပြီး ရိုဘော့တွေကို ထိန်းချုပ်ကာ လူသတ်နိုင်တဲ့ အဖွဲ့အစည်းမျိုး ရှိနေတယ်ဆိုရင် ငါကိုယ်တော် စံမြန်းတဲ့ နန်းတော်ကကော ဘယ်လောက် လုံခြုံပါ့မလဲ” ဟု မိန့်တော်မူလေသည်။
ဟိုလီလိုက်ဧကရာဇ်နှင့် ဗျူရို (၃) ခု၏ အထက်လူကြီးများ၏ အမြင်အရ ဤကဲ့သို့ ကြီးကျယ်လှသော ဖြစ်ရပ်ကို လူတစ်ဦးတည်းက ဆောင်ရွက်နိုင်စွမ်း မရှိဘဲ အားကောင်းလှသော အဖွဲ့အစည်းတစ်ခုကသာ ဆောင်ရွက်နိုင်သည်ဟု ယူဆကြသည်။
၎င်းတို့သည် ဝမ်ဟိုင်းဂရု၏ အတွင်းပိုင်းစနစ်များကို ထိုးဖောက်ရုံရုံမက စက်ကိရိယာများကိုပါ အသုံးချနိုင်ခဲ့ကြသည်။ အစအဆုံး သေချာစွာ စီစဉ်ထားပြီး တစ်ချက်တည်းဖြင့် အပြီးသတ် ချေမှုန်းသွားခြင်းပင် ဖြစ်သည်။
ထိုသို့သော အဖွဲ့အစည်းမျိုး ရှိနေခြင်းမှာ တွေးကြည့်ရုံဖြင့်ပင် ကျောချမ်းဖွယ်ကောင်းလှပေသည်။
အင်ပါယာကြီးမှာ ယင်းတို့အကြောင်းကို ဘာမျှ မသိရှိရသေးပေ။
နန်းတော်အတွင်း၌လည်း အဆင့်မြင့်စက်ကိရိယာများနှင့် ရိုဘော့များစွာ ရှိနေသည် မဟုတ်လော။
ဟိုလီလိုက်ဧကရာဇ်သည် စုံစမ်းစစ်ဆေးရေးဗျူရို ညွှန်ကြားရေးမှူးဘက်သို့ လှည့်ကာ “ညွှန်ကြားရေးမှူးချန်... မင်း ဒီနေ့ အင်ပါယာ ဗိုလ်မှူးတစ်ယောက်ကို ဖမ်းဆီးစစ်ဆေးခဲ့တယ်လို့ ငါ ကြားတယ်။ တန်ပါစ်ဂြိုဟ်ပေါ်က ကိစ္စလေးတစ်ခုအတွက်နဲ့ မင်းက ဝမ်ဟိုင်းဂရုဘက်ကနေ ကာကွယ်ပေးဖို့ ကြံရွယ်နေတာလား” ဟု ခပ်အေးအေးပင် မိန့်တော်မူလိုက်သည်။
စုံစမ်းစစ်ဆေးရေးဗျူရို ညွှန်ကြားရေးမှူးမှာ ချက်ချင်းပင် ချွေးစေးများ ထွက်လာပြီး ဒူးထောက်ကာ “ကျွန်တော်မျိုး အပြစ်ကြီးလှပါပြီ ” ဟု လျှောက်တင်လေတော့သည်။
အင်ပါယာအတွင်း၌ ဒူးထောက်ဂါရဝပြုခြင်း ဓလေ့ကို ပယ်ဖျက်ခဲ့သည်မှာ နှစ်ပေါင်း ရာချီကြာခဲ့ပြီဖြစ်ပြီး ဧကရာဇ်ရှေ့တွင် ဒူးတစ်ဖက်တည်း ထောက်ခြင်းမှာ အမြင့်ဆုံးသော ယဉ်ကျေးမှု ဖြစ်သော်လည်း ယခုအခိုက်အတန့်တွင်မူ ညွှန်ကြားရေးမှူးကြီးမှာ သူ၏ နဖူးကို ကြမ်းပြင်နှင့် ရိုက်၍ အပြစ်ဝန်ခံချင်စိတ်ပင် ပေါက်နေတော့သည်။
***