အင်ပါယာ သတ္တမမြောက် လျင်မြန်တုံ့ပြန်ရေးတပ်ဖွဲ့၏ ဦးဦးဖျားဖျား တိုက်ပွဲမှာ မထင်မှတ်ဘဲ အလွန်တရာ ရုတ်ခြည်းပင် ဖြစ်ပွားခဲ့လေသည်။
ခရီးရှည် ချီတက်လာခဲ့ရသော အဆိုပါ စစ်သင်္ဘောအုပ်စုမှာ 'သံမဏိကျား ကြယ်စုတန်း' ရှိ နံပါတ် (၁) ကြယ်တံခါးကို ကျော်ဖြတ်ပြီးစီးရုံသာ ရှိသေးရာ၊ အနီးအနားရှိ အာကာသခံတပ်တွင် ခေတ္တခဏ နားခိုရန် ပြင်ဆင်နေစဉ်အတွင်း သူတို့၏ နောက်ကွယ်၌ အလင်းရောင်တန်းပေါင်း မြောက်မြားစွာ တဖျတ်ဖျတ် ပေါ်ပေါက်လာတော့၏။
ယင်းကား ဟင်းလင်းပြင်ထဲမှ တစ်စင်းပြီးတစ်စင်း အစုလိုက်အပြုံလိုက် ထွက်ပေါ်လာကြသော 'နက်သာ' မျိုးနွယ်စု၏ စစ်သင်္ဘောများပင် ဖြစ်ချေသည်။
နက်သာစစ်တပ်၏ အာကာသစစ်သင်္ဘောများသည် အလွန်ဝေးကွာသော အာကာသဟင်းလင်းပြင်ကို ဖြတ်ကျော်ခုန်ကူးနိုင်စွမ်း ရှိကြသော်လည်း၊ ကြယ်တံခါးကိုသာ အမှတ်အသားပြု တည်နေရာယူနိုင်ကြသဖြင့် ယင်းတို့၏ ပေါ်ထွက်ရာနေရာမှာ ကြယ်တံခါးအနီးအနား၌သာ ဖြစ်တန်ရာသည်။
ထို့ကြောင့်လည်း အင်ပါယာအစိုးရသည် နက်သာစစ်တပ်၏ ကျူးကျော်မှုကို ခုခံတိုက်ခိုက်ရန်နှင့် ကြယ်တံခါးကို ထိန်းချုပ်ရန်အလို့ငှာ ကြယ်တံခါး တည်ရှိရာ အရပ်မျက်နှာတိုင်း၌ အာကာသခံတပ်များနှင့် စစ်သင်္ဘောအုပ်စုများကို အခိုင်အမာ တပ်စွဲထားလေ့ရှိ၏။
သို့သော်ငြားလည်း နက်သာစစ်သင်္ဘောများ၏ ခုန်ကူးဝင်ရောက်မှုမှာ ကြိုတင်သတိပေးချက် တစ်စုံတစ်ရာ မရှိဘဲ ပေါ်ပေါက်လာတတ်သည် ဖြစ်ရာ၊ အင်ပါယာ၏ နယ်စပ်ကြယ်စုတန်းများအတွက် အလွန်ကြီးမားသော ခြိမ်းခြောက်မှုကြီး ဖြစ်နေပေတော့သည်။
ရာစုနှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီဖြစ်သော စစ်ပွဲအတွင်း အင်ပါယာသည် နက်သာမျိုးနွယ်စုတို့၏ အကြောင်းကို ကောင်းစွာ နားလည်သဘောပေါက်ထားပြီ ဖြစ်သည့်အတိုင်း နယ်စပ်ခံတပ်များမှာမူ နေ့စဉ်နှင့်အမျှ အမြဲမပြတ် နိုးနိုးကြားကြား ရှိနေခဲ့ကြသည်။
နက်သာစစ်သင်္ဘောများ ပေါ်ထွက်လာသည်နှင့် တစ်ပြိုင်နက် ခံတပ်တွင် တပ်ဆင်ထားသော ဧရာမ အမြောက်ကြီးများမှာ အရှိန်အဟုန်ဖြင့် စွမ်းအင်များ စတင်ဖြည့်တင်းလာကာ အလင်းမှိန်မှိန်လေးများ ထွက်ပေါ်လာတော့၏။
သို့ရာတွင် ပြဿနာတစ်ခု ရှိနေသည်မှာ ထိုစဉ်က သတ္တမမြောက် လျင်မြန်တုံ့ပြန်ရေးတပ်ဖွဲ့သည် အာကာသခံတပ်နှင့် ကြယ်တံခါး အကြားတည့်တည့်သို့ ရောက်ရှိနေခြင်းပင် ဖြစ်သည်။
ခံတပ်မှ အမြောက်များ တပြိုင်နက်တည်း ပစ်ခတ်လိုက်ပါက မိမိတို့၏ မဟာမိတ် စစ်သင်္ဘောများကိုပင် မှားယွင်းထိမှန်သွားနိုင်သည့် ဘေးအန္တရာယ် ရှိနေပေရာ၊ တပ်ဖွဲ့ကွပ်ကဲရေးမှူး 'ကျောက်ခိုင်' သည် တစ်တပ်လုံးကို ညာဘက်သို့ အရေးပေါ် ကွေ့ဝိုက်ရန် အမိန့်ချက်ချင်း ပေးလိုက်ရတော့သည်။
သို့မှသာ ခံတပ်အမြောက်များအတွက် ပစ်ကွင်း ရှင်းလင်းသွားမည် မဟုတ်လော။
သို့သော် သတ္တမမြောက် လျင်မြန်တုံ့ပြန်ရေးတပ်ဖွဲ့ ကွေ့ဝိုက်လိုက်သည့် ခဏမှာပင်၊ နက်သာစစ်သင်္ဘော မြောက်မြားစွာတို့က အနောက်တွင် ကျန်ရစ်နေသော အင်ပါယာ စစ်သင်္ဘောများထံသို့ လျှပ်စစ်ပလတ်စမာ တန်းများကို အဆက်မပြတ် ပစ်ခတ်တိုက်ခိုက်ကြလေတော့သည်။
နက်သာမျိုးနွယ်စု၏ အာကာသစစ်သင်္ဘောများသည် အင်ပါယာ စစ်သင်္ဘောများနှင့် ပုံပန်းသဏ္ဌာန် ကွဲပြားရုံသာမက လက်နက်စနစ်ချင်းလည်း မတူညီကြပေ။ ယင်းတို့ ပစ်ခတ်လိုက်သော လျှပ်စစ်သံလိုက် ပလတ်စမာတန်းများမှာ အင်ပါယာ၏ အစွမ်းထက် အိုင်းယွန်းအမြောက်များကဲ့သို့ပင် ပြင်းထန်လှပေသည်။
သတ္တမမြောက် လျင်မြန်တုံ့ပြန်ရေးတပ်ဖွဲ့၏ အစောင့်အရှောက်သင်္ဘော နောက်ဆုံးသုံးစင်းမှာ တပြိုင်နက်တည်း ထိမှန်သွားခဲ့ပြီး၊ ယင်းတို့၏ စွမ်းအင်ဒိုင်းကာများနှင့် ပလတ်စမာတန်းများ ပြင်းထန်စွာ ရိုက်ခတ်မိရာမှ ထွက်ပေါ်လာသော လျှပ်စစ်မီးပွားများမှာ ကီလိုမီတာ ပေါင်းသောင်းချီသော နေရာမှပင် အထင်အရှား မြင်တွေ့နေရတော့သည်။
အဆိုပါ သင်္ဘောများမှာ အစွမ်းကုန် ရှောင်တိမ်းနေကြသော်လည်း နက်သာစစ်သင်္ဘောများ၏ တရစပ် လိုက်လံတိုက်ခိုက်မှုအောက်တွင် စွမ်းအင်ဒိုင်းကာများမှာ တစ်စစ အားနည်းလာကာ ပျက်စီးလုနီးပါး အခြေအနေသို့ ဆိုက်ရောက်လာခဲ့ရရှာသည်။
ထိုအချိန်တွင် ကံကောင်းထောက်မစွာဖြင့် သတ္တမမြောက် လျင်မြန်တုံ့ပြန်ရေးတပ်ဖွဲ့၏ အလံတင်စစ်သင်္ဘောဖြစ်သော 'ကြယ်အလင်း မှာ အရေးပေါ် ကွေ့ဝိုက်ခြင်း ပြီးဆုံးသွားကာ၊ ၎င်း၏ ဧရာမ ပင်မအမြောက် ၁၂ လက်ဖြင့် အကျပ်အတည်း ဆိုက်နေသော အစောင့်အရှောက်သင်္ဘောများကို အကာအကွယ်ပေးရန် စတင်ပစ်ခတ်လေတော့သည်။
တစ်ချိန်တည်းမှာပင် အာကာသခံတပ်၏ ပင်မအမြောက်ကြီးမှာလည်း စွမ်းအင်ဖြည့်တင်းမှု ပြီးဆုံးသွားပြီ ဖြစ်ရာ ဖျက်ဆီးလိုသော အရှိန်အဝါတို့ဖြင့် ဟိန်းဟောက် မြည်ဟည်းသွားတော့၏။
ယင်းအတောအတွင်း နံပါတ် (၁) ကြယ်တံခါး တစ်ဝိုက်တွင် ပေါ်ထွက်လာသော နက်သာစစ်သင်္ဘော အရေအတွက်မှာ တစ်ထောင်ထက်ပင် ကျော်လွန်သွားခဲ့ပြီ ဖြစ်ပြီး၊ ထိုစစ်သင်္ဘောအုပ်စု၏ နောက်ကွယ်တွင်မူ ကြီးမားလှသော အရိပ်အာဝါသ သုံးခုကလည်း အာကာသခုန်ကူးမှုဖြင့် လိုက်ပါလာကြလေသည်။
ယင်းတို့ကား အခြားမဟုတ်၊ နက်သာမျိုးနွယ်စု၏ အကြောက်ရဆုံးသော စစ်လက်နက်များ ဖြစ်ကြသည့် 'နက်သာနဂါး' များပင် ဖြစ်ပေတော့သည်။
နှစ်ဖက်တိုက်ပွဲမှာ အစပျိုးလိုက်သည်နှင့် ပြင်းထန်သော အခြေအနေသို့ ဆိုက်ရောက်သွားခဲ့ပြီး ကြယ်တံခါး တစ်ဝိုက်မှာလည်း ဆူပွက်နေသော အိုးတစ်လုံးနှယ် မီးဟုန်းဟုန်း တောက်နေခဲ့လေပြီ။
"ငါး၊ လေး၊ သုံး၊ နှစ်၊ တစ်"
"လွှတ်တင်"
နားထဲတွင် ကြားလိုက်ရသော အီလက်ထရောနစ် အချက်ပေးသံနှင့်အတူ ဝမ်ချန် မောင်းနှင်သော 'စစ်နတ်ဘုရား မက်ကာ' မှာ 'ကြယ်အလင်း' စစ်သင်္ဘော၏ လွှတ်တင်ခန်းမှ တရဟုန်ထိုး ထွက်ခွာကာ အာကာသ ဟင်းလင်းပြင်ထဲသို့ ပျံသန်းဝင်ရောက်သွားလေတော့သည်။
သတ္တမမြောက် လျင်မြန်တုံ့ပြန်ရေးတပ်ဖွဲ့၏ အလံတင်သင်္ဘော 'ကြယ်အလင်း' မှာ တိုင်တန်အဆင့် စစ်သင်္ဘောကြီးများ ပြီးလျှင် ဒုတိယမြောက် အကြီးမားဆုံး သင်္ဘောဖြစ်သည့်အတိုင်း၊ တိုက်ပွဲစတင်သည်နှင့် နက်သာစစ်တပ်၏ ပစ်မှတ်ထားခြင်းကို ခံခဲ့ရလေသည်။
နက်သာစစ်သင်္ဘောများ၏ လျှပ်စစ်ပလတ်စမာတန်းများဖြင့် အဆက်မပြတ် အပစ်ခံနေရရုံသာမက ရန်သူ့ဘက်မှ 'ဂိုစ်ဖိုက်တာ'မြောက်မြားစွာကိုလည်း လွှတ်တင်လိုက်ပြီ ဖြစ်သည်။
အဆိုပါ ဂိုစ်ဖိုက်တာများမှာ နက်သာစစ်တပ်၏ အခြေခံ တိုက်ခိုက်ရေး ယာဉ်များ ဖြစ်ကြပြီး၊ နက်သာမျိုးနွယ်စုဝင် စစ်သည်တစ်ဦးချင်းစီမှ မောင်းနှင်ကာ အင်ပါယာ၏ မက်ကာများကို ကြားဖြတ်တိုက်ခိုက်ရန်နှင့် စစ်သင်္ဘောများပေါ်သို့ အတင်းအဓမ္မ တက်ရောက်တိုက်ခိုက်ရန် အသုံးပြုကြခြင်း ဖြစ်ပေသည်။
ထူးဆန်းသော ပုံသဏ္ဌာန်ရှိသည့် ယင်းယာဉ်ငယ်များမှာ အနီးကပ် ဟင်းလင်းပြင်ခုန်ကူးမှု ပြုလုပ်နိုင်စွမ်းရှိရာ အင်ပါယာ စစ်သင်္ဘောများ၏ စွမ်းအင်ဒိုင်းကာများကို ဖောက်ထွက်ကာ သင်္ဘောကိုယ်ထည်ပေါ်သို့ ကပ်တွဲနိုင်ကြလေသည်။
ထိုသို့ ကပ်တွဲမိသည်နှင့် အထဲတွင် ပါလာသော 'နက်သာမျိုးနွယ်စုဝင် အမဲလိုက်မုဆိုးသမား' များမှာ သင်္ဘောအတွင်းသို့ ကျူးကျော်ဝင်ရောက်ရန် ကြိုးစားကြတော့၏။
အဆိုးရွားဆုံးမှာမူ နက်သာစစ်တပ်သည် ဂိုစ်ဖိုက်တာပေါင်း သောင်းနှင့်ချီ၍ တစ်ပြိုင်နက်တည်း လွှတ်တင်လေ့ရှိခြင်းကြောင့် အလွန်တရာပင် ထိတ်လန့်ဖွယ် ကောင်းလှပေသည်။
ထိုအခြေအနေတွင် သတ္တမမြောက် လျင်မြန်တုံ့ပြန်ရေးတပ်ဖွဲ့၏ ပြန်လည်တုံ့ပြန်မှုမှာမူ သူတို့၏ 'တိုက်ခိုက်ရေး မက်ကာ' အားလုံးကို လွှတ်တင်လိုက်ခြင်းပင် ဖြစ်သည်။
မက်ကာများနှင့် တိုက်လေယာဉ်ငယ်များ အကြား တိုက်ပွဲမှာမူ အင်ပါယာနှင့် နက်သာမျိုးနွယ်စုတို့အကြား ရာစုနှစ်ပေါင်းများစွာ ကြာအောင် တိုက်ခိုက်လာခဲ့သော စစ်ပွဲသမိုင်းတွင် မရှိမဖြစ် ပါဝင်နေကျ တိုက်ပွဲပုံစံတစ်ခု ဖြစ်ချေသည်။
အင်ပါယာစစ်တပ်မှ မက်ကာမောင်းနှင်သူ တစ်ဦးဖြစ်သည့် ဝမ်ချန်မှာမူ၊ အခြားသူများနှင့်မတူဘဲ အလွန်ပင် ထူးခြားသူ ဖြစ်၏။ သူသည် မည်သည့် တပ်စုကိုမျှ အမိန့်မပေးသလို မည်သူ့နောက်သို့မျှလည်း လိုက်ပါခြင်း မရှိဘဲ တစ်ကိုယ်တော် လှုပ်ရှားရန်သာ ဆုံးဖြတ်ခဲ့လေသည်။
အကြောင်းမူကား ဝမ်ချန်သည် သတ္တမမြောက် လျင်မြန်တုံ့ပြန်ရေးတပ်ဖွဲ့၏ တိုက်ခိုက်ရေး အစီအစဉ်အရ 'အင်ပါယာ နဂါးမြင်းတပ်' မှ အဖွဲ့ဝင် တစ်ဦး ဖြစ်နေခြင်းကြောင့်ပင်။
အင်ပါယာ နဂါးမြင်းတပ်သားများမှာ၊ စစ်သင်္ဘောအုပ်စုအတွင်း အလွန်အရေးကြီးပြီး ထူးခြားသော နေရာတွင် ရှိကြသည့် အထူးချွန်ဆုံးသော လေယာဉ်မှူးများ ဖြစ်ကြသည်။
စစ်မြေပြင်တွင် သူတို့၏ တာဝန်မှာ ရန်သူ့ခေါင်းဆောင်များနှင့် ထူးချွန်သော လေယာဉ်မှူးများကို လုပ်ကြံခြင်း၊ ရန်သူ့သင်္ဘောများကို သိမ်းပိုက်ခြင်း၊ တပ်ဦးမှနေ၍ ထိုးစစ်ဆင်ခြင်းနှင့် မိမိတို့၏ တပ်မှူးများနှင့် စစ်သင်္ဘောများကို အကာအကွယ်ပေးခြင်းတို့ပင် ဖြစ်ပေရာ၊ ထိုတာဝန်မှာ ဝမ်ချန်အတွက်မူ အသင့်တော်ဆုံး ဖြစ်နေတော့သည်။
သူသည် 'စစ်နတ်ဘုရား မက်ကာ' ကို မောင်းနှင်ကာ ဒုံးကျည်များ တပ်ဆင်ထားသော တောင်ပံများကို ဖြန့်ကျက်ရင်း၊ ထောင်ပေါင်းများစွာသော ဂိုစ်ဖိုက်တာများရှိရာသို့ ပျံသန်းသွားရင်း သူ၏ စိတ်အာရုံစွမ်းအားကိုလည်း အဆုံးမဲ့ ဟင်းလင်းပြင်ထဲသို့ ဖြန့်ကြက်လိုက်လေတော့သည်။
စစ်နတ်ဘုရား မက်ကာမှာ ဝမ်ချန်၏ အစွမ်းထက်ဆုံးသော စစ်လက်နက်ဖြစ်ပြီး၊ စိတ်အာရုံစွမ်းအားမှာမူ သူ၏ အစွမ်းထက်ဆုံးသော ကိုယ်ပိုင်အရည်အချင်း ဖြစ်ပေသည်။
ထိုနှစ်ခုကို တိုက်ပွဲတွင် ပေါင်းစပ်အသုံးပြုခြင်းမှာ ဝမ်ချန် အသည်းအသန် လေ့ကျင့်နေသော အတတ်ပညာပင် ဖြစ်ချေတော့၏။
"ပစ်မှတ် သတ်မှတ်ပြီးပြီ ပစ်မှတ် သတ်မှတ်ပြီးပြီ"
မျက်မှောက်ရှိ ဖန်သားပြင်ပေါ်တွင် အနီရောင် အစက်လေးများ တဖျတ်ဖျတ် ပေါ်လာပြီး မက်ကာ၏ ရေဒါစနစ်မှာ ပစ်မှတ် ၃၆ ခုကို တစ်ပြိုင်နက်တည်း သတ်မှတ်လိုက်လေသည်။
ဝမ်ချန်သည် တွေဝေမနေဘဲ မောင်းခလုတ်ကို ချက်ချင်း ဆွဲညှစ်လိုက်တော့၏။
ဝူး... ဝူး... ဝူး
စစ်နတ်ဘုရား မက်ကာပေါ်တွင် တပ်ဆင်ထားသော ဒုံးကျည်ငယ်များအားလုံး ပစ်လွှတ်လိုက်ပြီ ဖြစ်ရာ၊ အပြာရောင် မီးလျှံတန်းများမှာ ဟင်းလင်းပြင်ထဲတွင် ကောက်ကွေးစွာ ပျံသန်းသွားရင်း ဂိုစ်ဖိုက်တာများကို အရပ်မျက်နှာ အသီးသီးမှ ကြားဖြတ်တိုက်ခိုက်ကြလေသည်။
ထို့နောက်တွင် ဝမ်ချန်သည် သူ၏ မက်ကာကို ညာဘက်သို့ လှည့်ထုတ်လိုက်ကာ ၁၈၀ မီလီမီတာ အမှုန်အမြောက်ကြီးဖြင့် သေမင်းတမန် မီးလျှံများကို ပစ်လွှတ်လိုက်ပြန်ရာ၊ ကီလိုမီတာ ထောင်ပေါင်းများစွာ ဝေးကွာသော နေရာရှိ ဂိုစ်ဖိုက်တာ တစ်စင်းမှာ အမှုန့်အမွှားများအဖြစ်သို့ ပြောင်းလဲသွားရရှာတော့သည်။
အာကာသထဲတွင် ထိုမျှလောက်သော အကွာအဝေးမှာ လက်ချင်းထိလုနီးပါး အနီးကပ် တိုက်ပွဲဝင်နေခြင်းနှင့်ပင် တူလှပေသည်။
ရန်သူ့ယာဉ်ကို ဖျက်ဆီးလိုက်သည့် ခဏမှာပင် ဝမ်ချန်သည် သူ၏ ပျံသန်းမှု လမ်းကြောင်းကို ချက်ချင်း ပြောင်းလဲလိုက်သဖြင့် သူ့ထံသို့ ဦးတည်လာသော လျှပ်စစ်ပလတ်စမာတန်းများကို ကံကောင်းထောက်မစွာဖြင့် ရှောင်တိမ်းနိုင်ခဲ့လေသည်။
ဂိုစ်ဖိုက်တာများတွင် တပ်ဆင်ထားသော ပလတ်စမာ အမြောက်များမှာလည်း အင်ပါယာ၏ အမှုန်အမြောက်များကဲ့သို့ပင် အလွန်တရာ သေကျေစေနိုင်သည် မဟုတ်လော။
ဝမ်ချန်သည် ရန်သူ့တိုက်ခိုက်မှုများကို ရှောင်တိမ်းရင်း စည်းချက်ကျကျ ပြန်လည်ပစ်ခတ်နေခဲ့သည်။ သူ၏ စစ်နတ်ဘုရား မက်ကာမှာမူ ဟင်းလင်းပြင်ကို ဖြတ်ကျော်နေသော ပလတ်စမာတန်းများအကြားတွင် ခုန်ကူးရှောင်တိမ်းရင်း ရန်သူ့တုံ့ပြန်မှုများကို အမြဲတစေ သီသီလေး လွတ်မြောက်နေခဲ့လေသည်။
ဝမ်ချန်၏ ပစ်ချက်တိုင်းမှာလည်း လွဲချော်သွားခြင်း မရှိပေ။ ရန်သူ့ဂိုစ်ဖိုက်တာများကလည်း အရှိန်အဟုန်ဖြင့် ရှောင်တိမ်းနေကြသော်လည်း၊ ဝမ်ချန်၏ အမှုန်အမြောက်မှာမူ သူတို့၏ ရွေ့လျားမှုကို ကြိုတင်တွက်ဆထားသည့်အလား တစ်စင်းပြီးတစ်စင်း တိကျစွာ ထိမှန်ဖျက်ဆီးနေတော့သည်။
မိနစ်အနည်းငယ်အတွင်းမှာပင် ဝမ်ချန် ဖျက်ဆီးလိုက်သော နက်သာစစ်ယာဉ် အရေအတွက်မှာ အစင်းသုံးဆယ်ထက်ပင် ကျော်လွန်သွားခဲ့ချေပြီ။
ထိုအချိန်တွင် သတ္တမမြောက် လျင်မြန်တုံ့ပြန်ရေးတပ်ဖွဲ့မှ လွှတ်တင်လိုက်သော မက်ကာ တပ်ခွဲများမှာလည်း မိမိတို့ထက် အဆပေါင်းများစွာ များပြားလှသော နက်သာယာဉ်များနှင့် စတင်ထိတွေ့ တိုက်ခိုက်နေကြပြီ ဖြစ်ရာ နှစ်ဖက်စလုံးမှာ ရောထွေးရှုပ်ယှက်ခတ်နေတော့သည်။
ဝမ်ချန်မှာမူ ရန်သူတို့၏ အဓိက အာရုံစိုက်ခြင်းကို ခံလိုက်ရပြီး နက်သာစစ်ယာဉ် အစင်းပေါင်း မြောက်မြားစွာ၏ ဝိုင်းရံပိတ်ဆို့ခြင်းကို ခံလိုက်ရလေသည်။ ထိုအခိုက်အတန့်၌ ဝမ်ချန်သည် သူ၏ 'စစ်သင်္ဘော ဖျက်ဓား' ကို ဆွဲထုတ်လိုက်လေတော့သတည်း။
***