ဦးခေါင်းပြတ်တောက်သွားသော နက်သာနဂါးကြီးသည် ကျောက်ရုပ်အဖြစ် ပြောင်းလဲသွားစေသည့် မှော်ပညာတစ်ခုခုဖြင့် အတိုက်ခံလိုက်ရသည့်နှယ် ဟင်းလင်းပြင်အပြင်ဘက်ဝယ် လှုပ်ရှားမှုကင်းမဲ့လျက် တောင့်တင်းသွားချေသည်။
သို့ရာတွင် ပြတ်တောက်သွားသော လည်ပင်းမှသည် တောက်ပသော ခရမ်းရောင်အလင်းတန်းများ ပန်းထွက်လာကာ ယင်းအလင်းရောင်မှာ တစ်စထက်တစ်စ ပိုမိုပြင်းထန်လာခဲ့ပေသည်။
နက်သာနဂါး၏ ဦးခေါင်းအား ဖြတ်တောက်ရာ၌ အောင်မြင်မှုရလိုက်သည်နှင့် တစ်ပြိုင်နက် ဝမ်ချန်သည် ကျောချမ်းဖွယ်ရာ အန္တရာယ်အငွေ့အသက်ကို ရုတ်တရက် ခံစားလိုက်ရ၏။
သူသည် အချိန်ဆွဲမနေတော့ဘဲ စစ်နတ်ဘုရား မက်ကာကို နောက်သို့ အမြန်ဆုံး ဆုတ်ခွာစေလိုက်ပြီး အင်ဂျင်လေးလုံး၏ စွမ်းအင်ကို အမြင့်ဆုံးအဆင့်အထိ မြှင့်တင်လိုက်တော့သည်။
ထိုစဉ်အတောအတွင်း နက်သာနဂါး၏ ပတ်ပတ်လည်၌ ရှိနေကြသော နက်သာစစ်သင်္ဘောများနှင့် ဂိုးစ်တိုက်လေယာဉ်များသည်လည်း ကမ္ဘာပျက်တော့မည့်အလား အရပ်မျက်နှာအသီးသီးသို့ ထွက်ပြေးကြရာ အချို့မှာ အချင်းချင်းပင် တိုက်မိကုန်ကြ၏။
အင်ပါယာစစ်တပ်မှ လေယာဉ်မှူးများသည်လည်း ထိုအန္တရာယ်ကို ကြိုတင်သိရှိလိုက်ကြသဖြင့် အစုလိုက်အပြုံလိုက် နောက်သို့ ဆုတ်ခွာသွားကြလေသည်။
စက္ကန့်အနည်းငယ်မျှသာ ကြာလိုက်သော် ဦးခေါင်းမရှိသော နက်သာနဂါး၏ တစ်ကိုယ်လုံးမှ ခရမ်းရောင်အလင်းတန်းများ ပန်းထွက်လာပြီးနောက် လုံးဝပေါက်ကွဲသွားတော့သည်။
ထိုအာကာသဟင်းလင်းပြင်ကြီးသည် တန်ချိန် ဘီလီယံတစ်ရာရှိသော နျူကလီးယားဗုံးတစ်လုံး ပေါက်ကွဲသွားသည့်နှယ် ဖြစ်သွားပြီး ပေါက်ကွဲမှုမှ ထွက်ပေါ်လာသော လှိုင်းလုံးကြီးများသည် ဆုတ်ခွာနေကြသည့် နှစ်ဖက်စလုံးကို အဓိပ္ပာယ်မဲ့စွာ ရိုက်ခတ်သွားကာ ပြင်းထန်သော စွမ်းအင်မုန်တိုင်းကြီးအတွင်းသို့ ဝါးမြိုပစ်လိုက်လေတော့သည်။
ဝမ်ချန်သည် အလျှင်အမြန် တုံ့ပြန်နိုင်ခဲ့ပြီး အဝေးဆုံးသို့ အမြန်ဆုံး ဆုတ်ခွာနိုင်ခဲ့သဖြင့် နက်သာနဂါး ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင် ပေါက်ကွဲသွားခြင်း၏ ပထမလှိုင်းဒဏ်မှ လွတ်မြောက်ခဲ့ပေသည်။
စွမ်းအင်ဂယက်များ၏ ရိုက်ခတ်မှုကို ခံခဲ့ရသော်လည်း အားအင်စက်ကွင်းဒိုင်းကာကြောင့် သူသည် အန္တရာယ်ကင်းစွာ ကြံ့ကြံ့ခံနိုင်ခဲ့၏။
သို့သော်လည်း သူ၏ ရဲဘော်ရဲဘက်များစွာမှာမူ အသက်ဆုံးရှုံးခဲ့ကြရသည်။
ယင်းမှာ မရှောင်လွှဲနိုင်သော အခြေအနေတစ်ရပ်ပင် ဖြစ်ပေရာသတည်း။
နက်သာနဂါး ကျဆုံးသွားခြင်းနှင့်အတူ စစ်မြေပြင်အခြေအနေမှာ အင်ပါယာစစ်တပ်ဘက်သို့ ပိုမိုသာလွန်လာခဲ့သည်။
ဝမ်ချန်သည် အခွင့်ကောင်းကို အရယူကာ 'ကြယ်အလင်း' ယာဉ်ပျံ၏ မောင်းနှင်ခန်းအတွင်းသို့ ပြန်လည်ဝင်ရောက်ခဲ့၏။
စစ်နတ်ဘုရား မက်ကာတွင် ဒုံးကျည်များ ကုန်ခမ်းနေပြီဖြစ်သလို သင်္ဘောဖျက်ဓားသွားမှာလည်း ပျက်စီးနေသဖြင့် ပြန်လည်ဖြည့်တင်းရန်နှင့် အသစ်လဲလှယ်ရန် လိုအပ်နေခြင်းပင်။
အစောပိုင်းက ပြင်းထန်သော တိုက်ပွဲကြောင့် 'ကြယ်အလင်း' ယာဉ်ပျံသည်လည်း အတော်အတန် ထိခိုက်မှုရှိခဲ့ပြီး စွမ်းအင်နှင့် ကာကွယ်ရေးစနစ်မှာ ၂၅ ရာခိုင်နှုန်းကျော် ကျဆင်းသွားခဲ့သော်လည်း ဖျက်သင်္ဘောများနှင့် အစောင့်အရှောက်သင်္ဘောများ၏ အကူအညီဖြင့် နက်သာစစ်တပ်အပေါ်သို့ ပြင်းထန်သော ပစ်ခတ်မှုများကို ဆက်လက်ပြုလုပ်နေဆဲ ဖြစ်သည်။
သံမဏိကျား ကြယ်စုတန်း၏ အာကာသခံတပ်၌ တိုက်တန်အဆင့် စစ်သင်္ဘောများ တပ်စွဲထားခြင်းမရှိသဖြင့် ခံတပ်ရှိ အမြောက်ကြီးအချို့မှလွဲလျှင် ယင်းယာဉ်ပျံ၏ ပစ်ခတ်နိုင်စွမ်းမှာ အင်အားအကောင်းဆုံးပင် ဖြစ်ပေသည်။
လက်နက်ခဲယမ်းများကို ခဏတာ ဖြည့်တင်းပြီးနောက် ဝမ်ချန်သည် စစ်နတ်ဘုရား မက်ကာကို မောင်းနှင်ကာ ကျယ်ပြောလှသော အာကာသဟင်းလင်းပြင်ဆီသို့ တစ်ဖန် ပြန်လည်ဝင်ရောက်ခဲ့ပြန်သည်။
ဤအချိန်တွင် တိုက်ပွဲမှာ အင်ပါယာစစ်တပ်ဘက်သို့ လုံးဝတိမ်းစောင်းသွားခဲ့ပြီ ဖြစ်သည်။
နက်သာနဂါး ပျက်စီးသွားခြင်းသည် နက်သာစစ်တပ်အတွက် ကြီးမားသော ထိုးနှက်ချက်ဖြစ်စေခဲ့ပြီး နဂါးကြီး ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင် ပေါက်ကွဲသွားမှုကြောင့် သူ၏ အပေါင်းအပါ အင်အားစုအမြောက်အမြားကိုလည်း ချောက်ကမ်းပါးအတွင်းသို့ ဆွဲခေါ်သွားသကဲ့သို့ ဖြစ်သွားခဲ့၏။
နက်သာစစ်တပ်၏ ထိခိုက်ကျဆုံးမှုမှာ သုံးပုံတစ်ပုံကျော်သွားခဲ့ပြီး အစောပိုင်းက လွှတ်တင်ခဲ့သော ဂိုးစ်တိုက်လေယာဉ်များ၏ ထက်ဝက်မှာလည်း ပစ်ချခြင်း ခံလိုက်ရလေရာ အာကာသခံတပ်ကို ဖျက်ဆီးပြီး ကြယ်တံခါးကို သိမ်းပိုက်နိုင်ရန် ဝေးစွ၊ နောက်ပြန်ဆုတ်နိုင်ရန်ပင် မသေချာတော့ချေ။
နက်သာမျိုးနွယ်စုတို့သည်လည်း ကြောက်ရွံ့တတ်သော စိတ်နှလုံးရှိကြသည့် သတ္တဝါများပင် ဖြစ်ပေရာ၊ ရှုံးနိမ့်တော့မည်ကို သိရှိလိုက်ကြသောအခါ ကြယ်တံခါးရှိရာသို့ အုပ်စုလိုက် ဆုတ်ခွာသွားကြပြီး အာကာသကူးပြောင်းမှု ပြုလုပ်ကာ ထွက်ပြေးရန် ကြိုးပမ်းကြတော့သည်။
သို့ရာတွင် အသာစီးရနေသော အင်ပါယာစစ်တပ်သည် ထိုအကြွင်းအကျန်များကို လွယ်လွယ်နှင့် လွှတ်ပေးရန် အစီအစဉ်မရှိခဲ့ပေ။
ထို့ကြောင့် ပြင်းထန်သော လိုက်လံတိုက်ခိုက်မှုကြီးမှာ စတင်လာတော့သည်။
နက်သာစစ်သင်္ဘောများ၏ အာကာသကူးပြောင်းမှုမှာ ပြင်ဆင်ချိန်လိုအပ်ပြီး နှောင့်ယှက်ခံရပါက ပျက်ပြယ်သွားတတ်သဖြင့် အင်ပါယာစစ်တပ်၏ ရေယာဉ်စုနှစ်စုသည် ကြယ်တံခါးဧရိယာသို့ အာကာသတော်ပီဒို အမြောက်အမြားကို ပစ်လွှတ်လိုက်ကြ၏။
"တော်ပီဒို"ဆိုသည်မှာ ရေအောက်တွင် ကိုယ်ပိုင်အရှိန်ဖြင့် သွားလာနိုင်ပြီး ရန်သူ့သင်္ဘော သို့မဟုတ် ရေငုပ်သင်္ဘောများကို ပစ်ခတ်ဖျက်ဆီးရန် အသုံးပြုသည့် ရေအောက် ပဲ့ထိန်းဒုံးကျည် တစ်မျိုးဖြစ်သည်။
ထိုစွမ်းအားပြင်းသော အာကာသတော်ပီဒိုများသည် နက်သာစစ်သင်္ဘောများကို တိုက်ရိုက်ပစ်မှတ်ထားခြင်း မဟုတ်ဘဲ ပေါက်ကွဲမှုများမှတစ်ဆင့် ကြယ်တံခါး၏ ဟင်းလင်းပြင်တည်ငြိမ်မှုကို နှောင့်ယှက်ကာ အာကာသကူးပြောင်းမှုကို ဟန့်တားရန်သာ ဖြစ်သည်။
ယင်းဗျူဟာမှာ ထိရောက်မှုရှိခဲ့ပေရာ အကာအကွယ်အောက်မှ အာကာသကူးပြောင်း လွတ်မြောက်သွားနိုင်သည့် နက်သာစစ်သင်္ဘောမှာ အနည်းငယ်မျှသာ ရှိခဲ့ပြီး အများစုမှာမူ အင်ပါယာရေယာဉ်စု၏ ဝိုင်းရံပိတ်ဆို့မှုအတွင်း ကျဆုံးသွားခဲ့ကြရသည်။
အချို့သော နက်သာစစ်သင်္ဘောများသည် သံမဏိကျား ကြယ်စုတန်းအတွင်းသို့ အတင်းတိုးဝင်ကာ ဂြိုဟ်များ၏ အကာအကွယ်ကို ယူ၍ ထွက်ပြေးရန် ကြိုးစားခဲ့ကြသော်လည်း အင်ပါယာစစ်တပ်က ထိုသို့လုပ်ဆောင်မည်ကို ကြိုတင်တွက်ဆထားပြီး ဖြစ်သည့်အတွက် တစ်စင်းမကျန် အကုန်အစင် နစ်မြုပ်အောင် တိုက်ခိုက်ခဲ့လေသည်။
ကြယ်တံခါးကို ဝိုင်းရံပိတ်ဆို့သော ဤတိုက်ပွဲသည် တစ်နာရီအကြာတွင် ပြီးဆုံးသွားခဲ့၏။
ဝမ်ချန်သည် 'ကြယ်အလင်း' ယာဉ်ပျံဆီသို့ ပြန်လည်ရောက်ရှိလာခဲ့သည်။
သူသည် စစ်နတ်ဘုရား မက်ကာကို ပြုပြင်ထိန်းသိမ်းရန်အတွက် သင်္ဘော၏ ထောက်ပို့ဝန်ထမ်းများထံ အပ်နှံခဲ့ပြီးနောက် အထက်ခန်းမဆောင်ကြီးသို့ တက်လာခဲ့၏။
နက်သာစစ်တပ်တစ်ခုလုံးကို ချေမှုန်းနိုင်ခဲ့သည့် ကြီးမားသော အောင်ပွဲကြီးကို ရရှိခဲ့သော်လည်း 'ကြယ်အလင်း' ယာဉ်ပျံပေါ်ရှိ ဝန်ထမ်းများ၏ မျက်နှာတွင်မူ အပြုံးအရိပ်အယောင်များ သိပ်မရှိကြချေ။
အကြောင်းမှာ ဤတိုက်ပွဲတွင် သတ္တမမြောက် လျင်မြန်တုံ့ပြန်ရေး တပ်ဖွဲ့၏ ထိခိုက်ကျဆုံးမှုမှာ အလွန်တရာ ကြီးမားလွန်းခဲ့သောကြောင့် ဖြစ်သည်။
ဝမ်ချန်သည် ဂုဏ်သိက္ခာရှင် မှူးမတ်တစ်ဦး ဖြစ်သလို နဂါးမြင်းတပ် လေယာဉ်မှူးတစ်ဦးလည်း ဖြစ်သည့်အတွက် တိုက်ပွဲဆိုင်ရာ အချက်အလက်များကို ကြည့်ရှုခွင့် အာဏာရှိပေသည်။
ထို့ကြောင့် ဆုံးရှုံးမှုအခြေအနေကို သိရှိနိုင်ရန်မှာ သူ့အတွက် မခဲယဉ်းခဲ့ပေ။
ဤကြယ်တံခါးတိုက်ပွဲတွင် ဝေးလံသောအရပ်မှ လာခဲ့ရသည့် သတ္တမမြောက် လျင်မြန်တုံ့ပြန်ရေး တပ်ဖွဲ့သည် ဖျက်သင်္ဘောငါးစင်းနှင့် အစောင့်အရှောက်သင်္ဘော ၃၇ စင်း ဆုံးရှုံးခဲ့ရပြီး ထိုးစစ်ဆင်သင်္ဘောပေါင်း ရာနှင့်ချီ၍ ပျက်စီးခဲ့ရသည်။
လက်နက်တပ်ဆင်ထားသော မက်ကာများမှာမူ ထိခိုက်ပျက်စီးမှု အရေအတွက်မှာ လေးဂဏန်းအထိ ရှိခဲ့၏။
လူအင်အား ထိခိုက်ကျဆုံးမှုစာရင်းကို အတိအကျ မသိရသေးသော်လည်း အနည်းဆုံး လူပေါင်း ခုနစ်သောင်းခန့်မှာ စတေးခံခဲ့ရလိမ့်မည်ဟု ခန့်မှန်းရပေသည်။
'ကြယ်အလင်း' ယာဉ်ပျံမှာမူ အတော်အတန် နဂိုအတိုင်း ရှိနေသေးသော်လည်း ၎င်း၏ လေယာဉ်မှူးများစွာမှာမူ ပြန်မလာနိုင်တော့ချေ။
သင်္ဘောပေါ်ရှိ ဝန်ထမ်းအချို့လည်း ထိခိုက်ကျဆုံးမှု ရှိခဲ့သည်။
ထိုကဲ့သို့သော အခြေအနေမျိုးတွင် အောင်ပွဲရသည်ဆိုသော်ငြား အဘယ်သို့ ပျော်ရွှင်နိုင်ပါအံ့နည်း။
ဝမ်ချန်သည် သူ၏ အခန်းအတွင်း၌ ခဏတာ အနားယူပြီးနောက် သူ၏ တိုက်ပွဲအချက်အလက်များကို ကွန်ရက်ပေါ်သို့ တင်လိုက်သည်။
အင်ပါယာစစ်တပ်၏ မက်ကာတိုင်းတွင် တိုက်ပွဲဝင်စွမ်းဆောင်ရည်များကို တိကျစွာ မှတ်တမ်းတင်နိုင်သည့် ကိရိယာများ တပ်ဆင်ထားပြီး ဖြစ်ပေသည်။
ယင်းမှာ စစ်မှုထမ်းကောင်း တံဆိပ်များ ချီးမြှင့်ရန်အတွက် ဖြစ်၏။
ဝမ်ချန်၏ အကြီးမားဆုံး အောင်မြင်မှုမှာ နက်သာနဂါးကြီးကို နှိမ်နင်းနိုင်ခဲ့ခြင်းပင် ဖြစ်ပြီး နက်သာမျိုးနွယ်စု၏ အစွမ်းထက်ဆုံး လက်နက်ကို ဖျက်ဆီးနိုင်ခဲ့ခြင်းမှာ သူတစ်ဦးတည်း၏ စွမ်းဆောင်ချက်မဟုတ်သော်ငြား သူ၏ ပါဝင်မှုမှာ ၆၀ မှ ၇၀ ရာခိုင်နှုန်းအထိ ရှိခဲ့သည်မှာ သေချာပေသည်။
ဤအောင်မြင်မှုတစ်ခုတည်းဖြင့်ပင် ဝမ်ချန်အား ဗိုလ်မှူးအဆင့်မှ ဒုတိယဗိုလ်မှူးကြီးအဆင့်သို့ ရာထူးတိုးမြှင့်ရန် လုံလောက်နေပြီ ဖြစ်သည်။
သူပစ်ချခဲ့သော ဂိုးစ်တိုက်လေယာဉ်များနှင့် နက်သာစစ်သင်္ဘောများကိုပါ ထည့်သွင်းတွက်ချက်မည်ဆိုလျှင် ရာထူးနှစ်ဆင့် တိုးမြှင့်ခံရမည်မှာလည်း မလွဲဧကန် ဖြစ်တန်ရာ၏။
သို့သော်လည်း ဝမ်ချန်သည် ထိုအရာများအပေါ်၌ အလွန်အမင်း စိတ်ဝင်စားခြင်း မရှိခဲ့ပေ။
နာရီအနည်းငယ် ကြာပြီးနောက် ပြန်လည်စုဖွဲ့ထားသော သတ္တမမြောက် လျင်မြန်တုံ့ပြန်ရေး တပ်ဖွဲ့သည် ကယ်ဆယ်ရေးလုပ်ငန်းများကို အဆုံးသတ်ကာ အာကာသခံတပ် အခြေစိုက်စခန်းအတွင်းသို့ ဆိုက်ကပ်လိုက်ကြသည်။
တိုက်ပွဲမှာ ပြီးဆုံးသွားပြီ ဖြစ်သော်လည်း ရေယာဉ်များနှင့် လူအင်အား ပြန်လည်ဖြည့်တင်းခြင်း အပါအဝင် နောက်ဆက်တွဲ လုပ်ဆောင်စရာများစွာ ကျန်ရှိနေသေးသည်။
သို့သော် ထိုကိစ္စရပ်များသည် ဝမ်ချန်နှင့် မသက်ဆိုင်သလို ခခံတပ်စခန်းအတွင်း၌လည်း အကျဉ်းချခံထားရသကဲ့သို့ မနေလိုသဖြင့် သူသည် ယာယီခွင့်ရက် လျှောက်ထားလိုက်လေသည်
ထိုလျှောက်ထားချက်မှာ ထိုနေ့မှာပင် ခွင့်ပြုချက် ရရှိခဲ့ပေသည်။
ထို့ကြောင့် ဝမ်ချန်သည် အာကာသခံတပ်မှ ထွက်ခွာခဲ့ပြီး သံမဏိကျား ဂြိုဟ်၏ မြို့တော်ဖြစ်သော 'ခြင်္သေ့နှလုံးသားမြို့' သို့ အပန်းဖြေခရီး ထွက်ခဲ့တော့သည်။
သံမဏိကျား ဂြိုဟ်မှာ ထူးခြားသော လူနေထိုင်ရာ ဂြိုဟ်တစ်လုံးဖြစ်ပြီး ကုန်းမြေဧရိယာမှာ ၇၅ ရာခိုင်နှုန်းရှိကာ ယင်း၏ ၇၅ ရာခိုင်နှုန်းမှာလည်း သဲကန္တာရများနှင့် သံချေးတက်နေသော ကုန်းမြင့်ဒေသများ ဖြစ်ကြသဖြင့် လူနေထိုင်နိုင်သော ဧရိယာမှာ အလွန်ကျဉ်းမြောင်းပေသည်။
သို့ရာတွင် သံမဏိကျား ဂြိုဟ်၏ သတ္တုသယံဇာတများမှာမူ အလွန်တရာ ကြွယ်ဝလှပြီး ယခုအချိန်အထိ သိရှိထားသော သတ္တုရိုင်းများ၏ ၉၈ ရာခိုင်နှုန်းကျော်ကို ဤဂြိုဟ်ပေါ်၌ တွေ့ရှိနိုင်ကာ အချို့သော အဖိုးတန်သတ္တုရိုင်းများမှာလည်း အရည်အသွေး ကောင်းမွန်လှပေသည်။
ထို့ကြောင့် အင်ပါယာသည် သံမဏိကျား ဂြိုဟ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လူအင်အားနှင့် အရင်းအမြစ်များကို အမြောက်အမြား ရင်းနှီးမြှုပ်နှံခဲ့ရာ ဂြိုဟ်၏ စီးပွားရေးမှာ အလွန်တရာ တိုးတက်ထွန်းကားလာခဲ့သည်။
သံမဏိကျား ဂြိုဟ်၏ လူဦးရေမှာ သန်းပေါင်း နှစ်ထောင်မျှသာ ရှိပြီး ၎င်းတို့မှာ မြို့ကြီးပေါင်း ဒါဇင်အနည်းငယ်အတွင်း၌သာ စုပြုံနေထိုင်ကြရာ 'ခြင်္သေ့နှလုံးသားမြို့' တစ်ခုတည်း၌ပင် လူဦးရေ သန်း ၃၀၀ ကျော် ရှိနေပေသည်။
ထိုမျှလောက်သော လူဦးရေမှာ ကျဉ်းမြောင်းသော နေရာတစ်ခု၌ စုပြုံနေထိုင်ကြရသဖြင့် ပြည့်ကျပ်နေခြင်းမှာ မလွဲဧကန်ဖြစ်ပြီး အဆောက်အအုံများ၏ အရွယ်အစားနှင့် သိပ်သည်းဆမှာလည်း ဝမ်ချန် တစ်ခါမျှ မမြင်ဖူးလောက်အောင် ကြီးမားလှပေသည်။
'ခြင်္သေ့နှလုံးသားမြို့' သည် စစ်မှန်သော အနာဂတ်ဆန်လှသည့် ဆိုက်ဘာပန့်ခ် မြို့တော်ကြီး တစ်ခုပေတည်း။
***