ဤလောကသည် ထင်မှတ်ထားသည်ထက် ပို၍ နက်နဲလှပေစွ။
ချင်ချင်၏ ရုတ်ခြည်းပြောင်းလဲသွားသော ရုပ်သွင်ကို ကြည့်ကာ ဝမ်ချန်တစ်ယောက် နက္ခတ်တာရာ ပင်လယ်ပြင်၏ လောကအပေါ် မိမိ၏ အမြင်နှင့် နားလည်မှုတို့မှာ လုံလောက်မှု မရှိသေးကြောင်း ကောင်းစွာ သဘောပေါက်သွားတော့သည်။
သို့သော် ယင်းကလည်း အဆန်းတကြယ်တော့ မဟုတ်ပေ။
နက္ခတ်တာရာ ပင်လယ်ပြင်သည် ကျယ်ပြောလှသော လောကကြီးဖြစ်ရာ လူတစ်ယောက်အနေဖြင့် ထာဝရအသက်ကို ရရှိထားစေဦးတော့၊ ယင်းလောကကြီးတစ်ခုလုံးကို အကုန်အစင် စူးစမ်းလေ့လာရန်မှာ မဖြစ်နိုင်သလောက်ပင်။
ဝမ်ချန်မှာမူ ဤနက္ခတ်တာရာ ပင်လယ်ပြင်သို့ ရောက်ရှိလာခဲ့သည်မှာ နှစ်နှစ်၊ သုံးနှစ်မျှသာ ရှိသေးသည် မဟုတ်လော။
၎င်းအပြင် သောင်းကျန်းနေသော ချင်ချင်သည် မိမိအား အန္တရာယ်ပေးနိုင်လိမ့်မည်ဟူသော အကြံမှာ အိမ်မက်တစ်ခုမျှသာ ဖြစ်ချေသည်။
သူသည် လက်ပါးစေတစ်စုကို ခေါ်ဆောင်ထားသော်လည်း ဝမ်ချန်အတွက်မူ အရေးတယူ ပြုဖွယ်ရာ မဟုတ်ပေ။
နိုက်ကလပ် ခန်းမကြီးအတွင်း၌ အရိပ်အယောင်တို့သည် တစ္ဆေတမျှ ပေါ်ထွက်လာကြကုန်၏။ ၎င်းတို့မှာ ချင်ချင်ကဲ့သို့ပင် ဝံပုလွေလူသားများ ဖြစ်ကြပြီး သွေးဆာနေသော ရဲရဲနီသည့် မျက်လုံးများဖြင့် ဝမ်ချန်ထံသို့ မဆင်မခြင် ပြေးဝင်လာကြတော့သည်။
ထိုဝံပုလွေလူသားတို့၏ ကြံ့ခိုင်မှု၊ ခွန်အားနှင့် အလျင်နှုန်းတို့မှာ B-အဆင့်၊ သို့မဟုတ် A-အဆင့် စစ်သည်တော်များ၏ အဆင့်အတန်းသို့ ရောက်ရှိနေကြပြီး ဆိတ်ငြိမ်ကျဉ်းမြောင်းသော ဤနေရာ၌ ၎င်းတို့ ထုတ်ဖော်လိုက်သော တိုက်ခိုက်ရေးစွမ်းအားမှာ ကြောက်မက်ဖွယ် ကောင်းလှပေသည်။
သို့သော်လည်း ကံဆိုးသည်မှာ ၎င်းတို့၏ ရန်သူမှာ ဝမ်ချန် ဖြစ်နေခြင်းပင်။
ဝံပုလွေလူသား ဒါဇင်ပေါင်းများစွာ၏ အဆက်မပြတ် တိုက်ခိုက်မှုများအား ဝမ်ချန်သည် ရှောင်တိမ်းခြင်းမပြုဘဲ တည်ငြိမ်စွာ ရပ်တန့်နေလျက် လမ်းကြောင်းဆုံရာ၌ လက်သီးတစ်ချက် ပစ်သွင်းလိုက်လေသည်။
“ဘုန်း...”
ပြေးဝင်လာသော ဝံပုလွေလူသားတစ်ဦးမှာ သူ၏လက်သီးရှိန်ကြောင့် လေထုထဲ၌ပင် ပေါက်ကွဲထွက်သွားတော့သည်။
ဝမ်ချန်၏ ထိုလက်သီးချက်တွင် ဝိညာဉ်စွမ်းအင် အစအနမျှပင် ပါဝင်ခြင်းမရှိဘဲ မိမိ၏ ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှု သက်သက်ကိုသာ အားပြုထားခြင်း ဖြစ်သော်လည်း ယင်း၏ ပြင်းအားမှာ ဗုံးအပြင်းစား တစ်လုံး၏ ပေါက်ကွဲအားနှင့် မခြားပေ။
ထိုဝံပုလွေလူသားမှာ ဝမ်ချန်၏ လက်သီးချက်ကို အရှိန်အကုန် ခံလိုက်ရသည်ဖြစ်ရာ ခန္ဓာကိုယ် ပေါက်ကွဲထွက်သွားရခြင်းမှာ ရှောင်လွှဲ၍ မရနိုင်သော ကံကြမ္မာပင် ဖြစ်ချေသည်။
“ဘုန်း... ဘုန်း... ဘုန်း...”
ဝမ်ချန်သည် တည်ငြိမ်အေးဆေးစွာဖြင့် မိမိ၏ လက်သီးများကို တစ်လှည့်စီ လွှဲယမ်းလိုက်ရာ လက်သီးချက်တိုင်းတွင် ထောင်နှင့်ချီသော ခွန်အားများ ပါဝင်နေပြီး ပြေးဝင်လာသော ဝံပုလွေလူသားများကို တစ်ယောက်ပြီးတစ်ယောက် ထိမှန်လေတော့သည်။
သူ့ပတ်ဝန်းကျင်၌ သွေးမြူတိမ်တိုက်များ ပွင့်အန်ထွက်လာကုန်၏။
ခဏတာမျှ ကြာပြီးနောက်တွင် မြေပြင်ထက်၌ သွေးညွန်များ ဖုံးလွှမ်းသွားပြီး မည်သည့် ဝံပုလွေလူသားမျှ မရှိတော့ပေ။
မတ်တပ်ရပ်နိုင်ရန် ရုန်းကန်နေရသော ချင်ချင်မှ လွဲ၍ပင်။
သို့ရာတွင် ယခုအခါ၌ ဝံပုလွေခေါင်းဆောင်၏ မျက်လုံးများမှာ အသိဉာဏ်ကင်းမဲ့လျက် ယခင်က ရှိခဲ့ဖူးသော ကြမ်းကြုတ်မှုနှင့် ရူးသွပ်မှုတို့မှာ ကွယ်ပျောက်ကာ မိန်းမောတွေဝေနေသော အကြည့်တို့သာ ကျန်ရှိတော့သည်။
သူ၏ ရင်ထဲ၌လည်း မျှော်လင့်ချက် ကင်းမဲ့ခြင်းတို့ဖြင့် ပြည့်နှက်နေလေပြီ။
ဝမ်ချန်သည် အလွန်အမင်း သန်မာလွန်းလှသဖြင့် လူသားတစ်ယောက်၏ အဆင့်အတန်းထက် ကျော်လွန်နေပြီး သူ၏ ယခင် ယုံကြည်ချက်အားလုံးကို လုံးဝပြောင်းလဲသွားစေခဲ့သည်။
သူ၏ စိတ်ဓာတ်မှာလည်း ပြင်းထန်စွာ တုန်လှုပ်ချောက်ချားသွားရချေပြီ။
ဝမ်ချန်သည် လက်ကို ဆန့်ထုတ်ကာ ဆွဲယူလိုက်ရာ ချင်ချင်သည် လေထုထဲမှတစ်ဆင့် သူ၏ ရှေ့မှောက်သို့ ပြင်းထန်စွာ ကျဆင်းလာတော့သည်။
ချင်ချင်မှာ ရုန်းကန်ရန် အားအင်ပင် မရှိတော့ဘဲ လေဖြတ်နေသော ခွေးသေတစ်ကောင်ကဲ့သို့ မည်သည့် ခုခံမှုမျှ မပြုနိုင်တော့ပေ။
ဝမ်ချန်က “မင်းမှာ ဘာနောက်ဆုံးစကား ပြောစရာရှိသေးလဲ” ဟု တည်ငြိမ်စွာ မေးမြန်းလိုက်၏။
ထိုစကားကို ကြားသောအခါ ချင်ချင်သည် တုန်တုန်ရင်ရင်ဖြင့် “ငါ့ မိသားစုကိုတော့ ချန်ထားပေးလို့ ရမလား၊ သူတို့က အပြစ်မရှိပါဘူး” ဟု အသံအက်အက်ဖြင့် တောင်းပန်လေသည်။
စကားပြောနေစဉ်မှာပင် သူ၏ ကိုယ်ပိုင်အချက်အလက်စက်ကို ချွတ်ယူကာ ခဲယဉ်းစွာ မြှောက်ပြလျက် “ငါ့ အကောင့်ကိုလည်း ဖွင့်ပေးထားပါတယ်၊ အထဲမှာရှိတဲ့ ကြယ်တာရာသုံးငွေ အားလုံးက မင်းအပိုင်ပါ” ဟု ဆို၏။
ဝမ်ချန်သည် ယင်းကို လက်မခံဘဲ “အောက်ထပ်မှာ ဘာရှိလဲ” ဟု ထပ်မံ မေးမြန်းလိုက်ပြန်သည်။
“ဟက်...”
ချင်ချင်သည် ခါးသီးစွာ ရယ်မောလိုက်၏။
သူသည် ပြန်လည်ဖြေကြားခြင်း မပြုတော့ဘဲ သူ၏ ပါးစပ်၊ နှာခေါင်း၊ မျက်လုံးနှင့် နားများမှ သွေးမည်းများ စီးကျလာကာ အသက်လိပ်ပြာမှာလည်း လျင်မြန်စွာ ချုပ်ငြိမ်းသွားတော့သည်။
သူသည် မိမိဘာသာ အဆုံးစီရင်သွားခဲ့ခြင်းပင်။
မြေပြင်ပေါ်၌ လဲလျောင်းနေသော ချင်ချင်၏ ပုံသဏ္ဌာန်မှာ လူထက် ဝံပုလွေနှင့် ပို၍ တူနေတော့သည်။
ဝမ်ချန်သည် ခဏမျှ စဉ်းစားပြီးနောက် သူ၏ လက်ထဲမှ ကိုယ်ပိုင်အချက်အလက်စက်ကို ယူလိုက်သည်။
ချင်ချင်သည် လိမ်ညာခဲ့ခြင်း မဟုတ်ပေ၊ သူ၏ အကောင့်အား ငွေလွှဲပြောင်းနိုင်ရန် အမှန်တကယ်ပင် ဖွင့်ပေးထားခဲ့သည်။
ဝမ်ချန်က စစ်ဆေးကြည့်လိုက်ရာ အထဲ၌ ကြယ်တာရာသုံးငွေ သန်းခုနစ်ဆယ်ကျော် ရှိနေသည်ကို တွေ့ရ၏။
သို့သော် သူသည် ထိုငွေများကို မိမိ၏ အကောင့်ထဲသို့ လွှဲပြောင်းယူခြင်း မပြုဘဲ ‘ဟိုလီလိုက် ပရဟိတအသင်း’ သို့ အကုန်အစင် လှူဒါန်းလိုက်လေသည်။
ဟိုလီလိုက် ပရဟိတအသင်းသည် အင်ပါယာ၏ အကြီးဆုံးသော ပရဟိတအဖွဲ့အစည်းဖြစ်ပြီး လက်ရှိ ဧကရီက ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ကာ သူမသည်ပင် ဟိုလီလိုက် ဘုရားကျောင်း၏ မြင့်မြတ်သော မိခင်ကြီးအဖြစ်လည်း တာဝန်ယူထားရာ ပြည်သူများကြား၌ အလွန်ပင် ကျော်ကြားလှပေသည်။
သူမ၏ စီမံခန့်ခွဲမှုအောက်တွင် ထိုပရဟိတအသင်းမှာ ချီးကျူးဂုဏ်ပြုဖွယ်ရာ အဖွဲ့အစည်းတစ်ခု ဖြစ်လာပြီး အင်ပါယာ၏ အောက်ခြေလူတန်းစား ပြည်သူအမြောက်အမြားကို ကူညီပေးနိုင်ခဲ့သည်။
သို့ဖြစ်ရာ ဤကဲ့သို့ ညစ်ပေသော ငွေကြေးများကို ဝမ်ချန်အနေဖြင့် မိမိဘာသာ သိမ်းဆည်းထားခြင်းထက် ဟိုလီလိုက် ပရဟိတအသင်းသို့ လှူဒါန်းခြင်းက ပို၍ပင် အဓိပ္ပာယ်ရှိလှပေသည်။
ယခုအခါတွင် သူသည် ဤမျှလောက်သော ငွေအနည်းငယ်ကို ပမာမပြုတော့ချေ။
“ဂျွတ်...”
ငွေလွှဲပြောင်းခြင်း လုပ်ငန်းစဉ် ပြီးဆုံးသွားသည်နှင့် ဝမ်ချန်သည် ထိုကိုယ်ပိုင်အချက်အလက်စက်ကို အစိတ်စိတ်အမြွှာမြွှာ ကြေမွသွားအောင် ချေဖျက်လိုက်တော့သည်။
တစ်ချိန်တည်းမှာပင် သူ၏ ခြေထောက်အောက်ရှိ ကြမ်းပြင်သည် တိတ်ဆိတ်စွာပင် ကွဲအက်သွားပြီး မြေအောက်နက်နဲရာသို့ နိမ့်ဆင်းသွားလေ၏။
ဝမ်ချန်သည်လည်း ထိုနိမ့်ဆင်းသွားသော နေရာအတိုင်း လိုက်ပါသွားခဲ့သည်။
သူသည် မိမိ၏ အစွမ်းထက်လှသော စိတ်အာရုံစွမ်းအားကို အသုံးပြု၍ လမ်းဖွင့်လျက် မီတာတစ်ရာခန့်အထိ ဆင်းသက်ခဲ့ပြီးနောက် လျှို့ဝှက်သော လမ်းကြောင်းတစ်ခုပေါ်သို့ ရောက်ရှိသွားသည်။
ဝမ်ချန်သည် သူ၏ စိတ်အာရုံစွမ်းအားကို ဖြန့်ကျက်ကာ ပတ်ဝန်းကျင်ကို စစ်ဆေးလျက် ရှေ့သို့ ဆက်လက် လှမ်းတက်ခဲ့၏။
ဤလျှို့ဝှက်လမ်းကြောင်း၌ ထောင်ချောက်များစွာ ဆင်ထားသော်လည်း ဝမ်ချန်၏ စိတ်အာရုံစွမ်းအားဖြင့် စစ်ဆေးမှုအောက်တွင်မူ ယင်းတို့ကို အလွယ်တကူ ရှာဖွေတွေ့ရှိကာ တစ်ခုချင်းစီကို ရှင်းလင်းဖယ်ရှားနိုင်ခဲ့သည်။
နောက်ဆုံး၌မူ သူသည် မြေအောက်ဂူတစ်ခုသို့ ရောက်ရှိသွားလေတော့သည်။
ဤနေရာမှာ ချင်ချင်က အသက်ပေး၍ လျှို့ဝှက်ထားလိုသော အရာရှိရာ နေရာဖြစ်သည်မှာ မြေကြီးလက်ခတ်မလွဲပင်။
မြင့်မားလှသော ယဇ်ပလ္လင်တစ်ခုမှာ ဝမ်ချန်၏ မြင်ကွင်းထဲသို့ ဝင်ရောက်လာ၏။
ထိုယဇ်ပလ္လင်ပေါ်တွင် ဝံပုလွေခေါင်း၊ ခြင်္သေ့ကိုယ်ထည်၊ လင်းယုန်ခြေသည်းများ၊ မြွေနှင့်တူသော လက်မောင်းများနှင့် အတောင်ပံများ ပါရှိသည့် ကြေးညိုရောင် လက်ရှစ်ဖက်ပါ နတ်ဘုရားရုပ်တုကြီး တစ်ခု စိုက်ထူထားပြီး ယင်းမှာ အချိန်မရွေး အသက်ဝင်လာနိုင်သကဲ့သို့ အလွန်ပင် လက်ရာမြောက်လှပေသည်။
ဝမ်ချန်က ထိုရုပ်တုကို ကြည့်လိုက်သောအခါ ရုပ်တု၏ မှောင်မိုက်နေသော မျက်လုံးများကလည်း သူ့အား အေးစက်စွာဖြင့် ပြန်လည် စိုက်ကြည့်နေကြ၏။
ဝမ်ချန်၏ နားထဲ၌ တိုးတိုးသဲ့သဲ့ ရေရွတ်သံများ ပဲ့တင်ထပ်လာပြီး ယင်းမှာ နီးကပ်နေသကဲ့သို့ ရှိသော်လည်း ကောင်းကင်ယံ အပြင်ဘက်မှ လာနေသကဲ့သို့ပင် ဖြစ်ကာ သူ၏ ဦးနှောက်အတွင်းသို့ အတင်းအဓမ္မ ထိုးဖောက်ဝင်ရောက်ရန် ကြိုးစားနေလေသည်။
ထိုအသံများသည် ဝမ်ချန် တစ်ခါမျှ မကြားဖူးသော ဘာသာစကားဖြင့် ပြောဆိုနေခြင်း ဖြစ်သော်လည်း သူကမူ ယင်း၏ အဓိပ္ပာယ်ကို နားလည်နေချေသည်။
“ငါ့ကို ဦးညွှတ်လော့၊ ငါ့ကို ယုံကြည်လော့၊ ငါ့ကို ကိုးကွယ်လော့၊ သို့ဆိုလျှင် မင်းအား ဘယ်သူမျှ မယှဉ်နိုင်တဲ့ အစွမ်းသတ္တိတွေကို ငါ ပေးသနားမယ်...”
စိတ်ဝင်စားစရာ ကောင်းလှပေစွ။
ဝမ်ချန်သည် ‘နက်သာမျက်လုံး’ ကို မရည်ရွယ်ဘဲ ပြန်လည် အမှတ်ရမိသွားသည်။
သို့သော်လည်း နက်သာမျက်လုံး၏ စိတ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုနှင့် ဖြားယောင်းသွေးဆောင်မှုတို့မှာ ဤလက်ရှစ်ဖက်ပါ နတ်ဘုရားရုပ်တုနှင့် ယှဉ်လျှင် အဝေးကြီးပင် လိုသေးတော့သည်။
ဤရုပ်တု၏ စွမ်းအားမှာ ဝမ်ချန်၏ ပြင်ပ စိတ်အာရုံ အတားအဆီးများကိုပင် ထိုးဖောက်ကာ သူ၏ အသိဉာဏ်ပင်လယ်ကိုပါ တိုက်ခိုက်လာနိုင်စွမ်း ရှိပေသည်။
ထိုစဉ် သူ၏ အသိဉာဏ်ပင်လယ်အတွင်းရှိ ရှေးဟောင်းတာအိုကျောက်တိုင်သည် လင်းလက်တောက်ပလာပြီး ကျူးကျော်ဝင်ရောက်လာသော စိတ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုများကို ချက်ချင်းပင် ရှင်းလင်းပစ်လိုက်လေတော့သည်။
ထိုရှေးဟောင်းတာအိုကျောက်တိုင်က မလှုပ်ရှားခဲ့လျှင်ပင် ဝမ်ချန်အနေဖြင့် မိမိ၏ ပြင်းထန်လှသော စိတ်ဓာတ်ခွန်အားဖြင့် ဤတိုက်ခိုက်မှုကို ခုခံနိုင်စွမ်း ရှိပေသည်။
ထိုသို့ ကျူးကျော်ဝင်ရောက်လာသော စိတ်ဝိညာဉ်စွမ်းအားများ ပျက်ပြယ်သွားသည်နှင့် ယဇ်ပလ္လင်ပေါ်ရှိ လက်ရှစ်ဖက်ပါ နတ်ဘုရားရုပ်တုမှ အနက်ရောင်အလင်းတန်းများ ရုတ်တုရက် ပေါ်ထွက်လာပြီး မရေမတွက်နိုင်သော အနက်ရောင် အမျှင်တန်းများ ချက်ချင်းပင် ဖြစ်ပေါ်လာတော့သည်။
မကောင်းဆိုးဝါး အရှိန်အဝါတို့သည် ထိုဂူအတွင်း၌ ပြည့်နှက်သွားပြီး မီးအလင်းရောင်များကိုပင် ဖုံးလွှမ်းသွားစေခဲ့၏။
ဤမြင်ကွင်းကို မြင်သောအခါ ဝမ်ချန်သည် သူ၏ စူးရှသော မျက်လုံးများဖြင့် ကြည့်လိုက်ပြီး ‘နတ်ဆိုးသတ်ကွန်ရက်’ ကို ထုတ်ဖော်လိုက်လေသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် ထိုနတ်ဆိုးသတ်ကွန်ရက်သည် ဧရာမ ပိုက်ကွန်ကြီးတစ်ခုအဖြစ် ပြောင်းလဲသွားပြီး ယဇ်ပလ္လင်တစ်ခုလုံးနှင့် လက်ရှစ်ဖက်ပါ နတ်ဘုရားရုပ်တုကြီးကိုပါ လွှမ်းခြုံထားလိုက်တော့သည်။
“စီ......”
နားကွဲမတတ် စူးရှသောအသံများ ထွက်ပေါ်လာပြီး ပိုက်ကွန်အတွင်း ပိတ်မိနေသော လက်ရှစ်ဖက်ပါ ရုပ်တုမှာ ပြင်းထန်စွာ တုန်ခါလျက် ထွက်ပေါ်နေသော အနက်ရောင် အမျှင်တန်းများဖြင့် နတ်ဆိုးသတ်ကွန်ရက်ကို ဆွဲဖြဲရန် အသည်းအသန် ကြိုးပမ်းနေတော့သည်။
သို့သော်လည်း နတ်ဆိုးသတ်ကွန်ရက်မှာ ပြတ်တောက်သွားခြင်း မရှိဘဲ တဖြည်းဖြည်းနှင့် ပို၍ ကျုံ့လာကာ လက်ရှစ်ဖက်ပါ ရုပ်တုမှ ထွက်ပေါ်နေသော မကောင်းဆိုးဝါး စွမ်းအားအားလုံးကို ၎င်း၏ အနှစ်သာရအထိ ဝါးမြိုပစ်လိုက်လေသည်။
ယဇ်ပလ္လင်ပေါ်ရှိ ဤလက်ရှစ်ဖက်ပါ နတ်ဘုရားရုပ်တုမှာ အမှန်တကယ်ပင် အစွမ်းထက်လှသော မကောင်းဆိုးဝါး အရာတစ်ခု ဖြစ်သည်မှာ သံသယဖြစ်ဖွယ် မရှိပေ။
ယင်း၏ မကောင်းဆိုးဝါး စွမ်းအားမှာ အင်အားပြင်းလှသော နျူကလီးယားဗုံး တစ်လုံးနှင့်ပင် နှိုင်းယှဉ်နိုင်ပြီး အကယ်၍သာ ဤစွမ်းအားများကို အပြည့်အဝ ထုတ်လွှတ်လိုက်မည်ဆိုပါက ခြင်္သေ့နှလုံးသားမြို့ တစ်မြို့လုံးမှာ ပြင်းထန်သော သက်ရောက်မှုများကို ခံစားရမည် ဖြစ်သည်။
သို့သော် ယင်းမှာ နတ်ဆိုးသတ်ကွန်ရက်ကို ပိုင်ဆိုင်ထားသော ဝမ်ချန်နှင့် ကံဆိုးစွာ ဆုံတွေ့ခဲ့ရခြင်းပင် ဖြစ်ချေသည်။
နတ်ဆိုးသတ်ကွန်ရက်သည် မကောင်းဆိုးဝါး အားလုံး၏ ရန်သူတော်ဖြစ်ရာ ဤလောကထဲ၌ပင် ယင်း၏ တန်ခိုးအာနုဘော်မှာ အနည်းငယ်မျှ လျော့ပါးသွားခြင်း မရှိပေ။
ဤမြင့်မြတ်သော လက်နက်၏ အဆက်မပြတ် တိုက်စားမှုအောက်တွင် လက်ရှစ်ဖက်ပါ နတ်ဘုရားရုပ်တုမှာ ကြက်သွန်နီတစ်လုံးကဲ့သို့ အလွှာလိုက် အလွှာလိုက် ခွာချခြင်း ခံလိုက်ရပြီး နတ်ဆိုးသတ်ကွန်ရက်အတွက် အာဟာရနှင့် အခြေခံအုတ်မြစ်တစ်ခုအဖြစ်သို့ ပြောင်းလဲသွားရလေတော့သတည်း။
***