နှိုင်းယှဉ်ဖွယ်ရာမရှိသော အလင်းတန်းတို့ကို ဆောင်ကြဉ်းလျက် ရှည်လျားလှသော စစ်သင်္ဘော၏ ဓားသွားသည် နက်မှောင်သော သင်္ဘောကိုယ်ထည်အား ပြင်းထန်စွာ ပိုင်းဖြတ်လိုက်ချေသည်။
အဆိုပါ နက်သာ စစ်သင်္ဘော ၏ မျက်နှာပြင်ကို ထူထဲလှသော အကြေးခွံများဖြင့် ဖုံးအုပ်ထားရာ ယင်း၏ ခုခံကာကွယ်နိုင်စွမ်းမှာ အင်ပါယာ၏ အာကာသစစ်သင်္ဘော များတွင် အသုံးပြုသည့် စူပါသတ္တုစပ် သံချပ်ကာများထက်ပင် အားမနည်းလှပေ။
သို့သော်လည်း တောက်ပလှသော ဓားသွားရှေ့မှောက်၌မူ အလွယ်တကူပင် ပွင့်ထွက်သွားရလေသည်။
သင်္ဘောအတွင်းပိုင်း၌ ပျားအုံသဖွယ် စီတန်းနေသော သလင်းကျောက်များဖြင့် ပြည့်နှက်နေသည်ကို မြင်တွေ့ရ၏။
ထိုခဏ၌ပင် ဝမ်ချန်သည် ‘စစ်နတ်ဘုရား မက်ကာ’ ကို ထိန်းချုပ်ကာ ‘ပါတီကယ်’ အမြောက် ကို အမြင့်သို့ မြှောက်မ၍ ပွင့်ထွက်သွားသော အက်ကြောင်းအတွင်းသို့ ပြောင်းဝကို ထိုးသွင်းလိုက်ပြီးနောက် မဆိုင်းမတွပင် ခလုတ်ကို ဆွဲညှစ်လိုက်တော့သည်။
ဝုန်း...။
ပြင်းထန်လှသော ပါတီကယ် အလင်းတန်းသည် သလင်းကျောက်များကို ရက်ရက်စက်စက် ထိုးဖောက်သွားပြီး တစ်ဖက်သား၏ ဂြိုဟ်သိမ်းသင်္ဘောအတွင်းပိုင်းသို့ နက်ရှိုင်းစွာ ထွင်းဖောက်ဝင်ရောက်သွားကာ ပြင်းထန်သော ပေါက်ကွဲမှုကို ဖြစ်ပေါ်စေခဲ့၏။
ဝမ်ချန်သည်လည်း နက်သာစစ်သင်္ဘော၏ ကိုယ်တိုင်ဖျက်ဆီးမှုမှ ထွက်ပေါ်လာသော ပေါက်ကွဲမှုလှိုင်းဒဏ် မသင့်စေရန်အတွက် နောက်သို့ ချက်ချင်းပင် ဆုတ်ခွာလိုက်ရလေသည်။
တစ်ချိန်တည်းမှာပင် သူ၏ အနီးကပ်ကာကွယ်ရေး လေဆာအမြောက်များကိုလည်း အဆက်မပြတ် ပစ်ခတ်လျက် မိမိနောက်သို့ လိုက်ပါလာသော ‘ဂိုးစ်တိုက်လေယာဉ်’ အချို့ကို ပစ်ချလိုက်သေး၏။
ထိုသို့ဖြင့် အတွင်းပိုင်းမှ ပေါက်ကွဲနေသော နက်သာစစ်သင်္ဘောသည် အမြောက်ဆံများ ထပ်မံထိမှန်ကာ တစ်စစီဖြစ်သွားပြီး ဟင်းလင်းပြင်အတွင်းသို့ အပိုင်းအစများစွာ လွင့်စင်သွားတော့သည်။
ဝမ်ချန်သည် အထက်သို့ ပျံတက်လိုက်သောအခါ သူ၏ မြင်ကွင်းမှာ ရုတ်ချည်းပင် ကြည်လင်သွားခဲ့၏။ သူ၏ ရှေ့မှောက်၌ မီးလျှံများ တောက်လောင်နေသည့် ဧရာမဂြိုဟ်ကြီးတစ်လုံး ပေါ်ပေါက်လာချေပြီ။
ယင်းမှာ မီးလျှံဂြိုဟ်ပင်။
ဤဂြိုဟ်သည် မီးလျှံကြယ်စုတန်း အတွင်းရှိ သက်ရှိများ မှီတင်းနေထိုင်နိုင်သော တစ်ခုတည်းသော ဂြိုဟ်ဖြစ်သော်လည်း၊ အင်ပါယာ ရှာဖွေရေးအဖွဲ့က ပထမဆုံး စတင်တွေ့ရှိချိန်တွင် ယင်း၌ရှိသော သက်ရှိများမှာ အလွန်ပင် ရှေးကျလွန်းလှပြီး အသိဉာဏ်ရှိသော သတ္တဝါဟူ၍ မရှိသေးပေ။
ထို့အပြင် မီးလျှံဂြိုဟ်၏ ပတ်ဝန်းကျင် အခြေအနေမှာလည်း ကြမ်းတမ်းခက်ထန်လှသည့်အပြင် ရေနှင့် အောက်ဆီဂျင် ရှားပါးမှု၊ မကြာခဏဆိုသလို မီးတောင်များ ပေါက်ကွဲမှုတို့ကြောင့် အင်ပါယာအနေဖြင့် ပြုပြင်ပြောင်းလဲရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ရင်းနှီးမြှုပ်နှံရန် ဆန္ဒမရှိဘဲ ပိုင်ဆိုင်ကြောင်းသာ ကြေညာထားခဲ့ခြင်း ဖြစ်သည်။
သို့သော်လည်း ကျူးကျော်ဝင်ရောက်လာသော နက်သာမျိုးနွယ်စုတို့က ယင်းကို သိမ်းပိုက်လိုက်သည့်အချိန်မှစ၍ မီးလျှံဂြိုဟ်၏ အခြေအနေမှာ ယခင်နှင့် မတူတော့ပေ။
ယခုအခါ ဂြိုဟ်မျက်နှာပြင်၏ လေးပုံတစ်ပုံခန့်မှာ ထူးဆန်းသော အနက်ရောင်နှင့် ခရမ်းရောင် ရောယှက်နေသည့် အရာဝတ္ထုများဖြင့် ဖုံးလွှမ်းနေပြီး ဧရာမ အကျိတ်ခဲကြီးတစ်ခု စွဲကပ်နေသကဲ့သို့ ရှိနေလေတော့သည်။
မိုင်ပေါင်း သိန်းနှင့်ချီ၍ ဝေးကွာသော နေရာမှပင် ဝမ်ချန်အနေဖြင့် နက်သာတို့၏ အခြေစိုက်စခန်းကို ရှင်းလင်းစွာ မြင်တွေ့နေရသည်
အင်ပါယာနှင့် နက်သာမျိုးနွယ်စုတို့အကြား ဖြစ်ပွားခဲ့သော စစ်ပွဲမှာ နှစ်ပေါင်း ရာနှင့်ချီ၍ ကြာမြင့်ခဲ့ပြီ ဖြစ်သော်လည်း နက်သာတို့၏ အခြေစိုက်စခန်းများအကြောင်းကိုမူ အတွင်းကျကျ စူးစမ်းလေ့လာနိုင်သူ မရှိသလောက်ပင် ဖြစ်ရာ ယင်းတို့နှင့် ပတ်သက်သော သိရှိမှုမှာ ယနေ့တိုင် အပေါ်ယံမျှသာ ရှိနေသေး၏။
မီးလျှံကြယ်စုတန်း တည်ရှိရာ
ကြယ်တာရာနယ်မြေအတွင်းသို့ စတင်ဝင်ရောက်ကတည်းက မဟာမိတ်စစ်တပ်သည် နက်သာစစ်တပ် သုံးခု၏ ကြားဖြတ်တိုက်ခိုက်မှုကို ခံခဲ့ရသည်။
နက်သာမျိုးနွယ်စုဘက်မှ အင်ပါယာ၏ ထိုမျှလောက် လျင်မြန်ပြင်းထန်လှသော တန်ပြန်ထိုးစစ်ကို ကြိုတင်ခန့်မှန်းနိုင်ခြင်း မရှိခဲ့ဘဲ အငိုက်မိသွားခဲ့ပုံရ၏။
စစ်တပ်သုံးခုမှာ တစ်ခုပြီးတစ်ခု စစ်ကူပေးရန် ကြိုးစားခဲ့ကြသော်လည်း အသာစီးရနေသော မဟာမိတ်တပ်၏ လက်ချက်ဖြင့် တစ်ဖွဲ့ချင်းစီ ချေမှုန်းခံခဲ့ရလေသည်။
အကျဆုံးများပြားလာပြီးနောက်မှသာ နက်သာစစ်တပ်သည် သတိဝင်လာကာ အင်အားအားလုံးကို မီးလျှံဂြိုဟ်အား ကာကွယ်ရန်အတွက် ပြန်လည်ရုပ်သိမ်းသွားခဲ့တော့သည်။
သို့ရာတွင် မဟာမိတ်စပ်တပ်သည် ရန်သူအား အသက်ရှူချိန် မပေးဘဲ နောက်ဆုံးတိုက်ပွဲကို ချက်ချင်းပင် ဆင်နွှဲလေတော့၏။
တိုက်ပွဲ စတင်ခဲ့သည်မှာ ဆယ်နာရီခန့် ရှိခဲ့ပြီဖြစ်ပြီး ပြင်းထန်လှသော တိုက်ပွဲများအတွင်း အင်ပါယာဘက်မှ တိုက်တန်အဆင့် စစ်သင်္ဘော တစ်စင်း အပြင်းအထန် ပျက်စီးခဲ့ရကာ အမြန်ဖျက်သင်္ဘော ငါးစင်းနှင့် စစ်သင်္ဘောငယ် ရာပေါင်းများစွာ နစ်မြုပ်ဆုံးရှုံးခဲ့ရသည်။
ထိုသို့သော ပေးဆပ်မှုများဖြင့် နောက်ဆုံးတွင် နက်သာတို့၏ အခြေစိုက်စခန်းကို တိုက်ခိုက်ရန် လမ်းစကို ဖွင့်လှစ်နိုင်ခဲ့ချေပြီ။
ထိုခဏ၌ပင် ‘တော်ဝင်ဂုဏ်သိက္ခာရှင်’ စစ်သင်္ဘော သည် အစောင့်အရှောက် သင်္ဘောများကြားမှ ထွက်ခွာလာကာ စစ်ဦးစီးတပ်စု၏ ရှေ့ဆုံးသို့ ရောက်ရှိလာခဲ့၏။ ယင်း၏ သင်္ဘောဦးပိုင်းမှ တောက်ပသော အလင်းတန်းများ ထွက်ပေါ်လာလေသည်။
ယင်းမှာ ‘တော်ဝင်ဂုဏ်သိက္ခာရှင်’ စစ်သင်္ဘောတွင် တပ်ဆင်ထားသော ‘ဂြိုဟ်ဖျက်အမြောက် ပင် ဖြစ်တော့သည်။
ဂြိုဟ်ဖျက်အမြောက်သည် အင်ပါယာ စစ်အင်အား၏ အထွတ်အထိပ် လက်နက်ဆန်းဖြစ်ပြီး တိုက်တန်အဆင့် စစ်သင်္ဘောများနှင့် အာကာသခံတပ်များတွင်သာ တပ်ဆင်နိုင်ရာ၊ ယင်း၏ စွမ်းအားမှာ ထိတ်လန့်ဖွယ်ရာ ကောင်းလှပြီး အလတ်စားနှင့် အငယ်စား ဂြိုဟ်တစ်လုံးကို တစ်ချက်တည်းဖြင့် အမှုန့်ချေပစ်နိုင်သော စွမ်းအားရှိပေသည်။
အမှန်စင်စစ် မီးလျှံဂြိုဟ်သည် ဧရာမဂြိုဟ်ကြီးအမျိုးအစားတွင် ပါဝင်သဖြင့် ယင်းကို လုံးဝ ဖျက်ဆီးပစ်ရန်အတွက်မူ တိုက်တန်သင်္ဘော ငါးစင်းတို့က အကြိမ်ကြိမ် ပေါင်းစပ်ပစ်ခတ်ရန် လိုအပ်ပေလိမ့်မည်။
သို့သော်လည်း အင်ပါယာအနေဖြင့် အလွန်တရာ အရေးကြီးသည့် အခြေအနေမျိုးမှလွဲ၍ မိမိတို့ ပိုင်နက်အတွင်းရှိ အလတ်စားနှင့် အကြီးစား ဂြိုဟ်များကို ဖျက်ဆီးပစ်လေ့မရှိပေ။
အကြောင်းမှာ ဂြိုဟ်တစ်လုံး ပျက်စီးသွားခြင်းသည် ကြယ်စုတန်းတစ်ခုလုံး၏ လည်ပတ်မှုကို ဟန့်တားနှောင့်ယှက်နိုင်သည့်အပြင် အနီးနားရှိ ကြယ်တာရာနယ်မြေများကိုပါ ခန့်မှန်းရခက်သော ဆိုးကျိုးများ သက်ရောက်စေနိုင်သောကြောင့် ဖြစ်သည်။
ထိုသို့သော နာကျင်ဖွယ်ရာ သင်ခန်းစာမျိုးကိုလည်း အင်ပါယာအနေဖြင့် ယခင်က ကြုံတွေ့ခဲ့ဖူးလေသည်။
ထို့အပြင် ဂြိုဟ်ဖျက်အမြောက်ကို တစ်ကြိမ်ပစ်ခတ်တိုင်း ယင်းအမြောက်နှင့် တိုက်တန်စစ်သင်္ဘော၏ တည်ဆောက်ပုံကိုပါ ထိခိုက်ပျက်စီးစေနိုင်ရာ ယင်းပျက်စီးမှုမှာ ပြန်လည်ပြုပြင်၍ မရနိုင်သောကြောင့် ပေးဆပ်ရသည့် တန်ဖိုးမှာ အလွန်ပင် ကြီးမားလှပေသည်။
သို့ရာတွင် နက်သာတို့၏ အခြေစိုက်စခန်းနှင့် ရင်ဆိုင်နေရချိန်၌မူ ‘တော်ဝင်ဂုဏ်သိက္ခာရှင်’ စစ်သင်္ဘောသည် ထိုအချက်များကို ဂရုမထားတော့ဘဲ ဂြိုဟ်ဖျက်အမြောက်ကို အားသွင်းရန်အတွက် ဗဟိုစွမ်းအင် မီးဖိုမှ စွမ်းအားများကို အပြည့်အဝ ထုတ်လွှတ်လိုက်တော့သည်။
ပုံမှန်အားဖြင့် ဂြိုဟ်ဖျက်အမြောက်အား အပြည့်အဝ အားသွင်းရန်အတွက် ၁၅ မိနစ်မှ မိနစ် ၃၀ ခန့်အထိ ကြာမြင့်တတ်၏။ ‘တော်ဝင်ဂုဏ်သိက္ခာရှင်’ သည် အဆင့်မြင့်ဆုံး နည်းပညာများ တပ်ဆင်ထားသော်လည်း အားသွင်းချိန်မှာ ၁၅ မိနစ်ထက် လျော့နည်း၍ မရနိုင်ပေ။
တစ်ဖက်တွင်လည်း နက်သာစစ်တပ်သည် မိမိတို့ထံ ကျရောက်တော့မည့် ဘေးအန္တရာယ်ကို သိရှိနားလည်ဟန်ရှိရာ အခြေစိုက်စခန်းမှ စစ်သင်္ဘောငယ်ပေါင်းများစွာနှင့် ‘ဂိုးစ်တိုက်လေယာဉ်’ များ ပျံတက်လာပြီး မဟာမိတ်တပ်စုထံသို့ အတင်းအဓမ္မ ထိုးဖောက်ဝင်ရောက်လာကြတော့သည်။
ထို့မျှမက ဧရာမ ရန်သူ့အသိုက်အမြုံကြီးမှ ခရမ်းရောင်အလင်းတန်းများ ထွက်ပေါ်လာကာ မိမိကိုယ်ကိုယ် ပြန်လည်ဖုံးအုပ်လိုက်သည်ကို မြင်တွေ့ရ၏။
ယင်းမှာ နက်သာတို့၏ အခြေစိုက်စခန်းမှ ထုတ်လွှတ်လိုက်သော စွမ်းအင်ကွင်းပြင် ကာကွယ်ရေးဒိုင်း ပင် ဖြစ်ချေသည်
နက်သာစစ်တပ်၏ သည်းကြီးမဲကြီး တန်ပြန်တိုက်ခိုက်မှုကို ရင်ဆိုင်ရန်အတွက် မဟာမိတ်တပ်စုမှ စစ်သင်္ဘောအကြီးအငယ်များကလည်း ချက်ချင်းပင် အမြောက်များကို ဖွင့်လှစ်လိုက်ရာ အစွမ်းထက် ပါတီကယ် အလင်းတန်းများသည် ဟင်းလင်းပြင်ကို ဖြတ်သန်းသွားပြီး ရန်သူ့သင်္ဘောများကို တစ်စင်းပြီးတစ်စင်း ပေါက်ကွဲသွားစေသည်မှာ ရှုမငြီးစရာ မြင်ကွင်းတစ်ခုပင် ဖြစ်တော့သည်။
နက်သာစစ်တပ်သည် အကျအဆုံး များပြားလှသော်လည်း နောက်သို့ ဆုတ်ခွာခြင်းမရှိဘဲ ‘တော်ဝင်ဂုဏ်သိက္ခာရှင်’ စစ်သင်္ဘောကိုသာ ပစ်မှတ်ထား၍ တိုက်ခိုက်နေကြလေသည်။
သို့သော်လည်း ‘တော်ဝင်ဂုဏ်သိက္ခာရှင်’ မှာမူ လှိုင်းတံပိုးထန်လှသော ပင်လယ်ပြင်အလယ်ရှိ ကျောက်ဆောင်ကြီးတစ်ခုပမာ မုန်တိုင်းမည်မျှပင် ပြင်းထန်ပါစေ၊ မိမိ၏ ခိုင်မာလှသော ခုခံကာကွယ်မှုနှင့် စစ်သင်္ဘောများ၏ ဝန်းရံစောင့်ရှောက်မှုတို့အောက်၌ပင် အစွမ်းထက် အမြောက်ကြီး၏ အားသွင်းခြင်းကို အောင်မြင်စွာ ပြီးမြောက်စေခဲ့၏။
၁၅ မိနစ်ခန့် ကြာမြင့်ပြီးနောက်တွင် ‘တော်ဝင်ဂုဏ်သိက္ခာရှင်’ စစ်သင်္ဘော၏ ဦးပိုင်းမှ အလွန်ထူထဲလှသော စွမ်းအင်အလင်းတန်းကြီး တစ်ခု ထွက်ပေါ်လာကာ လမ်းတွင် ပိတ်ဆို့နေသော ရန်သူ့သင်္ဘောအားလုံးကို ရေငွေ့ပျံသွားစေပြီး မီးလျှံဂြိုဟ်၏ လေထုကို ထွင်းဖောက်လျက် နက်သာတို့၏ အခြေစိုက်စခန်းဆီသို့ ကျရောက်သွားတော့သည်။
ထိုကမ္ဘာပျက်မတတ် တုန်လှုပ်ဖွယ်ရာ အခိုက်အတန့်သည် အာကာသစစ်မြေပြင်တစ်ခုလုံးကို မှင်တက်သွားစေခဲ့၏။
သို့သော်လည်း ‘ဂုဏ်သိက္ခာရှင်’စစ်င်္ဘော မှ ပစ်လွှတ်လိုက်သော ဖျက်ဆီးမှု စွမ်းအင်တန်းသည် နက်သာတို့၏ အခြေစိုက်စခန်းနှင့် ထိတွေ့မိသည်နှင့် တစ်ပြိုင်နက် ရုတ်ချည်းပင် တစစီကွဲကြေကာ တိတ်ဆိတ်စွာ ပျောက်ကွယ်သွားခဲ့ရာ နက်သာတို့၏ ကာကွယ်ရေးဒိုင်းကို ထွင်းဖောက်နိုင်ခြင်း မရှိခဲ့ပေ။
သို့ရာတွင် မကြာမီမှာပင် နောက်ထပ် တိုက်တန်စစ်သင်္ဘော နှစ်စင်းသည် ရှေ့သို့ တိုးထွက်လာပြီး ၎င်းတို့၏ ဂြိုဟ်ဖျက်အမြောက်များကို နက်သာအခြေစိုက်စခန်းဆီသို့ ပစ်ခတ်လိုက်ပြန်သည်။
‘တော်ဝင်ဂုဏ်သိက္ခာရှင်’စစ်သင်္ဘော က လူတိုင်း၏ အာရုံကို ဆွဲဆောင်ထားစဉ်တွင် အဆိုပါ စစ်သင်္ဘောနှစ်စင်းသည်လည်း အားသွင်းခြင်းကို ပြီးမြောက်ခဲ့ခြင်း ဖြစ်ပေရာ တစ်မိနစ်ခန့်သာ ခြား၍ ရန်သူ့အပေါ်သို့ ပြင်းထန်သော ထိုးနှက်ချက်များကို သွန်းလောင်းလိုက်တော့သည်။
နက်သာတို့၏ အခြေစိုက်စခန်းရှိ ကာကွယ်ရေးဒိုင်းသည် ဒုတိယအကြိမ် ထိုးနှက်ချက်ကို ကြံ့ကြံ့ခံနိုင်ခဲ့သော်လည်း အပြင်ဘက်ရှိ အလင်းတန်းများမှာမူ ပြင်းထန်စွာ တုန်ခါသွားပြီး သိသိသာသာပင် မှိန်ဖျော့သွားခဲ့၏။
တတိယအကြိမ် ပစ်ခတ်မှု ကျရောက်လာသောအခါတွင်မူ ထိုကာကွယ်ရေး အလွှာကြီးမှာ တစ်စစီ ပျက်စီးသွားလေတော့သည်။
တစ်ချိန်တည်းမှာပင် မဟာမိတ်တပ်စုရှိ အမြန်ဖျက်သင်္ဘောများ၊ ဖျက်သင်္ဘောများနှင့် အစောင့်အရှောက် သင်္ဘောပေါင်းများစွာမှ ဒုံးကျည်ပေါင်း သောင်းနှင့်ချီ၍ ပစ်လွှတ်လိုက်ကြ၏။
အာကာသဒုံးကျည်များ၏ အရှိန်မှာ အမြောက်ကြီးများ၏ စွမ်းအင်တန်းများလောက် မမြန်ဆန်သော်လည်း မိုင်ပေါင်း သောင်းနှင့်ချီသော အကွာအဝေးကိုမူ မိနစ်အနည်းငယ်အတွင်း ရောက်ရှိနိုင်ပေသည်။
ထိုမျှလောက်သော အချိန်တိုလေးအတွင်း၌မူ နက်သာတို့အနေဖြင့် ၎င်းတို့၏ ကာကွယ်ရေးဒိုင်းကို ပြန်လည် တည်ဆောက်ရန် မဖြစ်နိုင်တော့ပေ။
ရန်သူ့လေယာဉ်များက မည်မျှပင် ကြားဖြတ်ဟန့်တားရန် ကြိုးစားစေကာမူ ဒုံးကျည်အမြောက်အမြားသည် ကောင်းကင်ယံမှ ကျဆင်းလာကာ နက်သာတို့၏ အခြေစိုက်စခန်းပေါ်တွင် ပေါက်ကွဲကုန်တော့သည်။
ဆက်လက်၍ တိုက်တန်အဆင့် စစ်သင်္ဘောများ အပါအဝင် အင်ပါယာ၏ စစ်သင်္ဘောအသီးသီးတို့သည် အနီးကပ် ချဉ်းကပ်လာကာ အမြောက်များဖြင့် ဗုံးမိုးရွာချကြလေတော့သည်။
နက်သာတို့၏ အခြေစိုက်စခန်းအတွက်မူ နိဂုံးချုပ်ချိန်သို့ ရောက်ရှိခဲ့လေပြီ။