စုရီ၏ စိန်ခေါ်မှုသည် ပေါ့ပါးအေးဆေးလှ သော်လည်း ငြင်းပယ်မရသော အာဏာစက်များ ပါဝင်နေသည်။ ပတ်ဝန်းကျင်တစ်ခုလုံး ခဏမျှ တိတ်ဆိတ်သွားပြီး လူအုပ်ကြီးခမျာ အသက်ရှူရန်ပင် မေ့လျော့ကုန်၏။
“ ငါ အရင်ဆုံး စမ်းသပ်ပါရစေ။ ”
အဆုံး၌ ပန်းချီဆရာသည် ကျန်သုံးယောက်ဘက်သို့ လှည့်၍ ပြောကြား လိုက်လေသည်။ သူ့မျက်ဝန်းများတွင် နတ်အလင်းများ ဖျတ်ခနဲလက်သွား၏။
ဖြူလွလွ ဝတ်စုံကို ဝတ်ဆင်ထားပြီး ချောမောခန့်ညားလှသော သူ့ပုံစံမှာ အလွန်ပင် ကျော့ရှင်းလေသည်။ သို့သော် စကားပြောချိန်၌ အရှိန်အဝါမှာ ရုတ်ချည်း ပြောင်းလဲသွား၏။
“ ဝှစ် ... ။ ”
ကောင်းကင်ယံတစ်ခုလုံး ပြင်းထန်စွာ တုန်ခါသွားသည်။ နတ်ဘုရားအလင်းတန်းများ ပြန့်ကားကာ ပန်းချီဆရာရှေ့တွင် ရေဆေး ပန်းချီကားတစ်ချပ်အဖြစ် ပြောင်းလဲကုန်၏။
ထိုပန်းချီကားအတွင်းတွင် တာအိုဥပဒေနိယာမများဖြင့် ဖူးပွင့်လုနီးပါး ကြာပန်းများ အသက်ဝင်လာသည်။
အသက်ရှူကျပ်ဖွယ်ကောင်းသော ဖိအားလှိုင်းကြီးသည် ဟာရီကိန်းမုန်တိုင်းကဲ့သို့ ပတ်ဝန်းကျင်အနှံ့ ပြန့်နှံ့သွားချေပြီ။
“ သူ့ရဲ့အခြေခံအုတ်မြစ်နဲ့ အရှိန်အဝါဟာ ရှေးခေတ်က စံနှုန်းတွေနဲ့ တိုင်းတာရင်တောင် ထိပ်တန်းအဆင့်ပဲ ... ကျင့်ကြံမှုအဆင့်တူဆိုရင် လူတစ်သောင်းမှာ တစ်ယောက်တောင် သူ့ကို ယှဉ်နိုင်ဖို့ ခဲယဉ်းပါလိမ့်မယ်။ ”
ရှေးဟောင်းဂိုဏ်းများမှ သေလွန်ဝိညာဉ်အချို့သည် အံ့အားသင့်စွာ ရေရွတ်လိုက်ကြသည်။
သူတို့သည် မသေခင်တွင် ကောင်းကင်ဘုံနယ်ပယ် ထိပ်တန်းပညာရှင်များ ဖြစ်ခဲ့ကြရာ ပန်းချီဆရာ၏ နတ်ဝိညာဉ် အဆင့် အုတ်မြစ်မှာ မယုံနိုင်လောက်အောင် ခိုင်မာမှန်း ကြည့်ရုံဖြင့် သိနိုင်လေသည်။
သူသည် သာမန် နတ်ဝိညာဉ်အဆင့် သေလွန်ဝိညာဉ်များထက် ကျော်လွန်နေပြီ ဖြစ်၏။
“ ဒါက ဖြစ်သင့်ပါတယ် အခုခေတ်မှာ ပထမဆုံး နတ်ဝိညာဉ်အဆင့် တက်လှမ်းနိုင်တဲ့ သူတွေဟာ တုံ့ယွီအဆင့်မှာ နှစ်ပေါင်းများစွာ ...
... ပိတ်မိနေခဲ့ကြတဲ့လူတွေပဲ သူတို့ရဲ့အုတ်မြစ်က အထွတ်အထိပ်မှာ ဘာလို့ မခိုင်မာဘဲ နေမလဲ။ ”
အခြားသော ရှေးဟောင်းမျိုးဆက်မှ သေလွန်ဝိညာဉ်အိုကြီးတစ်ကောင်မှ ဝင်ရောက် မှတ်ချက်ပေးသည်။
“ ဒါ့ပြင် သူတို့ဟာ ဒီနေ့ခေတ်အခါမှာ အထွတ်အထိပ် ပညာရှင်တွေချည်းပဲ သူတို့ရဲ့ ပါရမီနဲ့ အခြေခံဟာ သာမန်လူတွေထက် အများကြီး သာလွန်တယ် ...
... သူတို့သာ ရှေးခေတ်မှာ မွေးဖွားခဲ့ရင် နတ်ဝိညာဉ်အဆင့်အတွက် လွယ်လင့်တကူ တက်လှမ်းနိုင်မှာ သေချာတယ် သူတို့က ခေတ်မှားပြီး မွေးလာခဲ့သူတွေပါ ...
... အခု အခွင့်အရေး ရောက်လာတော့ သူတို့ရဲ့အစွမ်းအစတွေကို အပြည့်အဝ ထုတ်ပြ လာနိုင်တာ သဘာဝပါပဲ။ ”
လူတိုင်း၏ အကြည့်များသည် ပန်းချီဆရာထံသို့ စုပြုံရောက်ရှိသွားလေသည်။ သူသည် နတ်ဝိညာဉ်အဆင့်သို့ ယခုမှခြေချနိုင်ခဲ့ သော်လည်း သေလွန်ဝိညာဉ်များ၏ အထင်ကြီးမှုကိုပင် ရရှိသွား၏။
“ တစ်ချိန်က မင်းလိုလူက ငါ့ရှေ့ကိုတောင် ထွက်မလာရဲခဲ့ဘူး အခုတော့ နတ်ဝိညာဉ်အဆင့် တက်ရောက်လာနိုင်တာနဲ့ပဲ ငါ့ကိုအရင်ဆုံး စိန်ခေါ်ရဲနေပြီ ... ကောင်းပြီ မင်းတို့အားလုံး ဘာလို့ တစ်ခါတည်း မလာကြတာလဲ။ ”
စုရီက တံငါသည်၊ တျန်ကျောက်နှင့် ရန်ထောင်လင်ထံ လှည့်ကြည့်ကာ မေးမြန်း၏။
“ ဘာလို့ အလျင်လိုနေတာလဲ မင်းကိုသတ်ချင်နေတာမို့ တစ်ဆင့်ချင်းစီ သွားကြတာ အကောင်းဆုံးပါပဲ။ ”
တံငါသည်မှ ပြန်ဖြေသည်။ ပန်းချီဆရာက မျက်မှောင်ကြုတ်သွား၏။
“ ဟားဟားဟား ... ကောင်းပြီ ... ဒီနေ့ ငါတို့ရဲ့တွေ့ဆုံမှုဟာ သေခြင်းတရားနဲ့ ထာဝရ ခွဲခွာရလိမ့်မယ် ... မင်း ဘယ်လိုပုံစံနဲ့ သေချင်လဲပြောပါ။ ”
စုရီက ရယ်မောလျက် ပန်းချီဆရာကို မေးမြန်းလိုက်သည်။ ပန်းချီဆရာမှ ပြန်မဖြေဘဲ တိုက်ရိုက်ပင် စတင်တိုက်ခိုက်လိုက်တော့၏။
“ သွား ... ။ ”
သူ့ရှေ့တွင် ပျံဝဲနေခဲ့သော ပန်းချီကားချပ်ကြီးသည် လေထဲပျံတက်သွားပြီး စုရီထံသို့ ရွေ့လျားသွားလေသည်။
ပန်းချီကားအတွင်းမှ ကြာပန်းများသည် တိတ်တဆိတ် ဖူးပွင့်လာကြသည်။ နတ်ဝိညာဉ် အဆင့် ဥပဒေနိယာမများသည် ထိုပွင့်ချပ်များ၌ ရစ်ခွေစီးဆင်းနေ၏။
ယင်းကြောင့် ကြာပန်းများသည် အလွန်အမင်းလှပသကဲ့သို့ အလွန်အမင်းလည်း အန္တရာယ်များလှလေသည်။
ကြည့်ရှုနေသူများအကြားတွင် နတ်ဝိညာဉ်အဆင့် ရှေးဟောင်းဝိညာဉ်များစွာ ရှိနေပြီး သူတို့သည်ပင် ဤမြင်ကွင်းကြောင့် ကျောရိုးထဲစိမ့်တက်လာကြ၏။
ထိုစွမ်းအားသည် သူတို့အတွက်ပင် သေစေနိုင်သည့် အန္တရာယ်ကြီး ဖြစ်နေချေပြီ။ ပန်းချီဆရာသည် အနည်းငယ်မျှ သက်ညှာခြင်း မရှိခဲ့ဘဲ အရက်စက်ဆုံးတိုက်ခိုက်မှုကို ထုတ်လွှတ်လာခြင်းဖြစ်၏။
“ ခရစ် ... ။ ”
ပန်းချီကား၏ အစွမ်းကြောင့် ကောင်းကင်ကြီးအက်ကွဲကာ တောက်ပသော နတ်ဘုရားအလင်းတန်းများ အရပ်မျက်နှာ အသီးသီးသို့ ဖုံးလွှမ်းသွားသည်။
စုရီကမူ ရှောင်တိမ်းခြင်း မရှိချေ။ လေထဲသို့ခြေတစ်လှမ်း လှမ်းတက်ခဲ့ပြီးနောက် လက်ချောင်းများကို ဓားအဖြစ် ခုတ်ပိုင်း ချလိုက်သည်။
“ ရွှပ် ... ။ ”
“ ဝုန်း ... ။ ”
တောက်ပသော ဓားအလင်းတစ်ချက် ဖျတ်ခနဲပေါ်လာကာ ထိုပန်းချီကားချပ်ကြီးကို အစိတ်စိတ်အမွှာမွှာ ဖြစ်သွားစေခဲ့၏။
“ ဟားဟားဟား ... တာအိုကွမ်ကျူး ... မင်းထောင်ချောက်ထဲရောက်သွားပြီ ငါ့ရဲ့ နိဗ္ဗာန် ဝိညာဉ်ဥပဒေစည်းမျဉ်းတွေက ဒီလောက် မရိုးရှင်းပါဘူး။ ”
ပန်းချီဆရာက ရယ်မောလိုက်သည်။ စကားသံနှင့်အတူ ပျက်စီးသွားသော ပန်းချီကား အတွင်းမှ ကြာပန်းပွင့်ချပ်များသည် စုရီကို လုံးဝ ဖုံးလွှမ်းလာတော့၏။
ပွင့်ချပ်များသည် နူးညံ့လှပသော်လည်း ပြင်းထန်သော အဖျက်စွမ်းအင်များပါရှိနေသည့် လျှပ်စီးဥပဒေများအဖြစ် ပြောင်းလဲသွားသည်။
ထိုကဲ့သို့သော လျှပ်စီးဥပဒေပွင့်ချပ် ထောင်ပေါင်းများစွာတို့ တစ်ပြိုင်နက်တည်း ကျဆင်းလာခြင်းသည် နတ်ဝိညာဉ်အဆင့် သေလွန်ဝိညာဉ်ကိုပင် အမှုန့်ချေနိုင်၏။
“ ဒါပဲလား ... ။ ”
သို့သော် စုရီမှ ပြုံးလျက် ထူးခြားသော ဥပဒေတစ်ခုကို ထုတ်ဖော်သိုင်းခြုံလိုက်သည်။ လျှပ်စီးဥပဒေများမှာ ထိုအလင်းဖြင့် ထိမှန်ကာ ပျောက်ကွယ်သွားတော့၏။
“ ဟမ့် ... ။ ”
ပန်းချီဆရာ၏ အပြုံးမှာ ရုတ်ချည်း အေးခဲသွားသော်လည်း တွန့်ဆုတ်ခြင်းကင်းစွာ ချက်ချင်း ထပ်မံ တိုက်ခိုက်လိုက်ပြန်သည်။
နတ်အလင်းများသည် ကောင်းကင်သို့ ထိုးတက်သွားပြီး နဂါးငွေ့တန်းကြယ်စင်စုကြီး တစ်ခုအဖြစ် ပြောင်းလဲလာသည်။
ထိုနဂါးငွေ့တန်းသည် လက်တစ်ကမ်းသို့ ရောက်ရှိလာသည့်အလား နိမ့်ဆင်းလာခဲ့သဖြင့် လူတိုင်းအသက်ရှူကြပ်သွားရ၏။
“ ချိုးဖြတ် ... ။ ”
သို့သော် ခဏအကြာတွင် ထက်ရှသော ဓားအလင်းတစ်ချက် လေထဲတွင် ကွေးညွတ်စွာ ပေါ်ထွက်လာပြီး နဂါးငွေ့တန်းကြီးကို ပိုင်းဖြတ်ကာ ပန်းချီဆရာထံသို့ တိုးဝင်သွားတော့သည်။
“ စုစည်းစမ်း ... ။ ”
ယင်းကြောင့် ပန်းချီဆရာ၏အသံမှာ နွေဦးမိုးကြိုးပစ်သံကြီးကဲ့သို့ ဟိန်းထွက်လာပြီး နဂါးငွေ့တန်းကြီးကို နတ်တောင်တစ်လုံးအဖြစ် ချက်ချင်း ပြောင်းလဲလိုက်ရ၏။
သူ ရေးဆွဲနေသည့် ပန်းချီကားတိုင်းသည် မယုံနိုင်လောက်အောင် ကြောက်စရာကောင်းပြီး အသက်ဝင်လှသော ကြယ်အဆင့်ဥပဒေများ လိုက်ပါနေသည်။
ယင်းကြောင့် ထည်ဝါမှုနှင့် ခမ်းနားမှုသည် ပတ်ဝန်းကျင်မှ ကြည့်ရှုသူများကို အသက်ရှူမှား စေကုန်၏။
သို့သော် ထိုသို့ကြည့်ရှုသူများကို အမှန်တကယ် တုန်လှုပ်စေခဲ့သည်မှာ စုရီ၏ တိုက်ပွဲဝင်စွမ်းအားပေပင်။
သူ့ထံမှ ဓားတစ်ချက်သည် ခမ်းနားကြီးကျယ်လှသော ပန်းချီကားတိုင်းကို အလွဘ်အတူ ဖြေရှင်းနိုင်နေ၏။ ယခုတွင်လည်း ရှေးဦးနတ်တောင်ကြီးသည် တို့ဖူးတစ်တုံးကဲ့သို့ လွယ်ကူစွာ ပိုင်းဖြတ်ခြင်းခံလိုက်ရတော့သည်။
ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ နိဗ္ဗာန်ဝိညာဉ်ဥပဒေပါသော နတ်တောင်ကြီးမှာ အစိတ်စိတ်အမွှာမွှာ ကွဲထွက်သွားခဲ့၏။
ပန်းချီဆရာသည် နတ်ဘုရားတစ်ပါးမှ နတ်တောင်ကြီးတစ်လုံးနှင့် ပေါက်ချလိုက်သည့် အလား ပြင်းစွာသော စွမ်းအားကြီးတစ်ခု ကျရောက်လာသည်ကို ခံစားလိုက်ရသည်။
ချက်ချင်းပင် နောက်ထပ် ပန်းချီကားတစ်ချပ်ဖြင့် ထိပ်တိုက်ရင်ဆိုင်လိုက် သော်လည်း သွေးနှင့် စွမ်းအင်များသည် ပွက်ပွက်ဆူလာတော့၏။
ထိုစဉ် စုရီသည် လေထုအလယ် ပျံတက်လာပြီး ထပ်မံတိုက်ခိုက်လာပြန်သည်။ ရဲရင်လွန်းသော တိုက်ပွဲဝင်ပုံစံကြောင့် သေလွန် ဝိညာဉ်အိုကြီးများမှာ အထင်ကြီးကုန်၏။
လူအုပ်ထဲမှ အချို့သည် နတ်ဘုရားပန်းပဲရုံတိုက်ပွဲတွင် စုရီတိုက်ပွဲဝင် ပုံစံကို ကြားထားဖူး၏။ သို့သော် ယခုကဲ့သို့ မျက်မြင်ကြုံတွေ့သောအခါ အံ့အားမသင့်ဘဲ မနေနိုင်တော့ချေ။
တိမ်တိုက်များ ကွဲထွက်သွားပြီး အရာအားလုံး တုန်ခါသွား၏။ ပြင်းထန်လှသော တိုက်ပွဲကြီးသည် ကောင်းကင်တွင် ဆက်လက် ဖြစ်ပွားနေတော့သည်။
ပန်းချီဆရာသည် နတ်အလင်းများ ရစ်သိုင်းလျက် ကောင်းကင်နှင့် မြေကြီးကြား၌ မှင်ရောင်များဖြန့်ကျက်ထားကာ အမျိုးမျိုးသော ပန်းချီကားများကို ပုံဖော်ဖန်တီးနေ၏။
ထိုပန်းချီကားများထဲတွင် မိုးကြိုးများ၊ မီးလျှံများ၊ ပြင်းထန်သော ရေစီးကြောင်းများ၊ တောင်တန်းများ၊ မြစ်ပြင်များ၊ ငှက်များနှင့် နတ်ဆိုးသတ္တဝါများ အစရှိသည့် ဖြစ်စဉ်များ ပါဝင်ချေ၏။
စုရီ၏ တိုက်ခိုက်မှုများမှာမူ အလွန်အမင်းရိုးရှင်းချေပြီ။ လက်ချောင်းများကို ဓားသဖွယ်အသုံးပြုကာ ပန်းချီကားချပ်များကို တစ်ချပ်ပြီးတစ်ချပ် ဖျက်ဆီးနေခဲ့သည်။
ပန်းချီဆရာတစ်ယောက် မျက်နှာတွင် အလွန်တည်ကြည် လေးနက်သွားပြီး ထပ်မံ၍ တွန့်ဆုတ်မနေဝံ့တော့ဘဲ သူ့လက်နက်ကို ထုတ်ယူလိုက်တော့၏။
ဤသည်မှာ သစ်သားအကိုင်းအခက် တစ်ခုနှင့်တူသော မီးခိုးရောင်စုတ်တံတစ်ချောင်း ပေပင်။ လက်ကောက်ဝတ်လှုပ်ခါလိုက်သည်နှင့် စုတ်တံ၏အဖျားမှ မှင်များစီးကျလာသည်။
ကောင်းကင်ယံ၌ ကြီးမားသော အက်ကြောင်းတစ်ခုပွင့်လာပြီး တောက်ပသော မိုးကြိုးများ ဝုန်းဒိုင်းကျဲလာတော့၏။
စုရီ မျက်ဝန်းများက အနည်းငယ် မှေးစင်းသွားသည်။ လက်သီးများဝှေ့ယမ်းကာ ထိပ်တိုက်ရင်ဆိုင်လိုက်သော်လည်း နောက်သို့ ယိမ်းယိုင်ဆုတ်ခွာပေးလိုက်ရ၏။
အကျိုးဆက်အနေဖြင့် လက်ချောင်းများ ဒဏ်ရာရရှိလာကာ ညာဘက်လက်ဖဝါးပြင်တွင် သွေးချင်းချင်း နီသွားတော့သည်။
လူတိုင်း အံ့အားသင့်သွားကြ၏။ ပန်းချီဆရာက စိတ်အားတက်ကြွလာပြီးနောက်၊
“ တာအိုကွမ်ကျူး မင်းရဲ့ဓားကို ဆွဲပါ။ ”
-ဟု အော်ဟစ်လိုက်၏။
ရှေးဟောင်းသစ်ပင်ကြီး၏ အကိုင်းအခက်နှင့်ဆင်တူသော စုတ်တံသည် ကောင်းကင်နှင့်မြေကြီးကြား ဥပဒေများကို ဆွဲယူကာ အစွမ်းပြနေသည်။
“ ဂျိန်း ... ။ ”
မိုးကြိုးမုန်တိုင်းများ ပြည့်နှက်နေသည့် မည်းမှောင်သောတိမ်တိုက်ကြီးများ ရုတ်ချည်း ဆိုက်ရောက်လာ၏။ ဤသည်မှာ ကောင်းကင် နှိမ်နင်းရေး စုတ်တံဖြစ်သည်။
၎င်းကို ကောင်းကင်ဘုံနယ်ပယ်၏ မြေကမ္ဘာရတနာဖြစ်သော မိုးကြိုးသစ်သားဖြင့် ပြုလုပ်ထားခြင်းဖြစ်၏။ ကောင်းကင်ဘုံကိုးပါးရှိ လျှပ်စီးဥပဒေများကို ဆင့်ခေါ်နိုင်သည်။
“ မင်းလိုလူကို ကိုင်တွယ်ဖို့ ငါ့ဓားကို မလိုအပ်ဘူး။ ”
စုရီက လက်ကိုဝှေ့ယမ်းကာ ဝင်စားခြင်းဥပဒေကို အသုံးပြုလိုက်ရာ သူ၏ သွေးချင်းချင်းနီနေသော ညာဘက်လက်သည် ချက်ချင်းပင် မူလအတိုင်း ပြန်လည် ကောင်းမွန်သွားခဲ့သည်။
သ်ည့နောက် တည်နေရာ ရွေ့ပြောင်းလိုက်သည့်အလား ဖေးကွမ်ဥပဒေကို (အလင်းပျံသန်းခြင်းနိယာမ) အသုံးပြု၍ ပန်းချီဆရာကို ခုတ်ပိုင်းချလိုက်သည်။
“ ဝူး ... ။ ”
ကောင်းကင်ကြီးတစ်ခုလုံး တုန်ခါလျက် မိုးကြိုးများကျဆင်းလာပြီး လျှပ်စီးဥပဒေသည် ဖွေးခနဲလင်းလက်ကာ သူ့ဓားကို ထိပ်တိုက် ရင်ဆိုင်လာတော့၏။
ဓားအလင်းမှာ ပျက်ပြယ်သွားပြီး ထိုမိုးကြိုးလျှပ်စီးများက စုရီထံသို့ ဆက်လက် ကျဆင်းလာသည်။ စုရီမှ ရှောင်တိမ်းခြင်း မရှိချေ။
လက်သီးကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်လိုက်ပြီး နတ်ဘုရားတစ်ပါးမှ နတ်ဗုံကို တီးခတ်လိုက်သကဲ့သို့ ပြန်လည်ထိုးနှက်၏။
လျှပ်စစ်ရေတံခွန်ကြီးသည် ချက်ချင်းပေါက်ကွဲထွက်သွားကာ လက်သီးသည် ဓားအလင်းအဖြစ် ပြန့်ကားလာ၏။
ဤတစ်ကြိမ်တွင် အရာခပ်သိမ်း ဖျက်သိမ်းခြင်း ဥပဒေကို အသုံးပြုထားသည်။ လေထုခမျာ ပုံပျက်နေသဖြင့် ပန်းချီဆရာ၏ မျက်နှာမှာ သိသိသာသာ ပြောင်းလဲသွား၏။
ချက်ချင်းပင် ကောင်းကင်နှိမ်နင်းရေး စုတ်တံကိုအလျင်အမြန်ဝှေ့ယမ်းလျက် အလင်း လှိုင်းများအပေါ် ပယ်ဖျက်လိုက်ရသည်။
“ လာဦးမယ် ... ။ ”
သို့သော် သူ့တိုက်ခိုက်မှု မစတင်နိုင်ခင် စုရီသည် ထပ်မံရောက်ရှိလာ၏။ လက်သီးသည် အာရုဏ်ဦးအလင်းကဲ့သို့ တောက်ပနေသည်။
ထိုလက်သီး ကျရောက်လာသည့်အခါ ကောင်းကင်ကြီးပြိုကျလာသကဲ့သို့ ထင်မှားပြီး လက်သီးမရောက်ခင် ပေတစ်သောင်းဧရိယာ အတွင်း လေဟာနယ်ပြိုကျကုန်၏။
ပန်းချီဆရာတစ်ယောက် ကျောရိုးထဲ အေးစက်သွားသည်။ ကောင်းကင်နှိမ်နင်းရေး စုတ်တံဖြင့် အစွမ်းကုန်ခုခံလိုက်ရ၏။
ကောင်းကင်ယံထက်တွင် လျှပ်စီးမိုးကြိုးများသည် ကမ္ဘာပျက်ကပ်ကြီး ကျဆင်းလာသကဲ့သို့ ဝုန်းဒိုင်းကျဲလာ၏။
သို့သော် ခဏအကြာတွင် ထိုမိုးကြိုးလျှပ်စစ်ရေတံခွန်ကြီးသည် ပြိုကွဲသွား တော့သည်။
လက်သီးတစ်လုံးသည် အလွန်အမင်း ပြင်းထန်ကြမ်းတမ်းလှချေပြီ။ ဝါးပင်များအပေါ် ပုဆိန်ဖြင့် ခုတ်ပိုင်းပစ်သကဲ့သို့ ဖြစ်စဉ်များကို ဖြတ်တောက်လျက် ပန်းချီဆရာ၏ ကောင်းကင် နှိမ်နင်းရေး စုတ်တံပေါ်သို့ ရက်စက်စွာ ကျရောက်လာခဲ့သည်။
“ ဘန်း ... ။ ”
အစွမ်းထက်လှသော စုတ်တံကြီးမှာ ပြင်းထန်စွာတုန်ခါသွားပြီး အဆုံးတွင်စုရီ၏ လက်သီးကို မတားဆီးနိုင်တော့ချေ။ ရလာဒ် အနေဖြင့် ပန်းချီဆရာလက်ထဲမှ လွင့်ထွက် သွားလေသည်။
“ ဘုန်း ... ။ ”
ယင်းသည် အဆုံးသတ် မဟုတ်ခဲ့ဘဲ လက်သီးစွမ်းအားမှာ ပန်းချီဆရာရင်ဘတ်ပေါ် ပြင်းစွာ ကျရောက်သွားခဲ့သည်။
“ ဘောင်း ဘောင်း ... ။ ”
ခန္ဓာကိုယ်ပေါ်ရှိ ခုခံရေးရတနာများနှင့် ဥပဒေအတားအဆီးအလွှာများမှာ ပြင်းထန်စွာ ကွဲထွက်သွားတော့၏။
ပန်းချီဆရာခမျာ အဝေးသို့ လွင့်စင်သွားတော့သည်။ လူတိုင်း ပါးစပ် အဟောင်းသား ဖြစ်ကုန်၏။
လက်သီးတစ်ချက်သည် ကောင်းကင်နှင့် မြေကြီးကြား အတားအဆီးမဲ့သော စိတ်ဆန္ဒများ ပါရှိနေချေပြီ။ ပြင်းထန်လှ၏။
ရှေးဟောင်းဂိုဏ်းများမှ သေလွန်ဝိညာဉ်အိုကြီးများနှင့် ကျိုးဟန်ရှန်း၊ ကျန့်ထျန်းချွမ်တို့ကဲ့သို့သော ယနေ့ခေတ် အဖိုးကြီးများသည်ပင် အသက်ရှူရန် မော့လျော့ကုန်ကြသည်။
အစမှအဆုံး စုရီသည် လက်ဗလာဖြင့် တိုက်ပွဲဝင်ခဲ့သည်။ ပန်းချီဆရာမှ လက်နက်ကို အသုံးပြုသော်လည်း နှိမ်နင်းခံနေရဆဲပေပင်။
ဤသည်မှာ သူတို့အားလုံး၏ မျှော်လင့်ချက်များကို လုံးဝကျော်လွန်နေသည်။ ရက်စက်ပြီး ပြင်းထန်လွန်းချေ၏။
“ ဘယ်လောက် ရက်စက်လိုက်တဲ့ လက်သီးလဲ။ ”
***