ခရမ်းရောင်တိမ်တောင်ထက်တွင် တိုက်ပွဲမစတင်မီမှာပင် လောကသခင်ဝင်စားသူ အစွမ်းအစမှာ မည်မျှအထိရှိသနည်းဟူသော မေးခွန်းကို လူအများသိရှိလိုခဲ့ကြသည်။
တစ်ဆက်တည်းမှာပင် ရှေးခေတ်နှင့် ခေတ်သစ်အင်အားစုများပါ တူညီသော အဖြေ တစ်ခုကို ခန့်မှန်းထားနိုင်၏။
ယင်းသည် စုရီတစ်ယောက် အစောပိုင်းနတ်ဝိညာဉ်အဆင့် ကျွမ်းကျင်သူနှင့် ရင်ဆိုင်နိုင်သည်ဟူ၍ ဖြစ်သည်။
တစ်ဦးချင်းစီ တိုက်ခိုက်မည်ဆိုပါက ပန်းချီဆရာတို့နှင့် လက်ရည်တူနိုင်ပေမည်။ ဤသည်မှာ နတ်ဘုရားပန်းပဲရုံ တိုက်ပွဲအပြီး တွက်ချက်ထားသည့် အဖြေဖြစ်၏။
သို့သော် ယခုအခါတွင် ပန်းချီဆရာခမျာ လက်သီးတစ်ချက်ဖြင့် လွင့်ထွက်သွားစေခဲ့၏။ ယင်းသည် သူတို့၏မှန်းဆချက် အကြီးအကျယ် မှားယွင်းသွားကြောင်း ပြသနေသည်။
နှစ်လအတွင်း ဝင်စားသူ၏အစွမ်းမှာ ယခင်ထက်များစွာပင် မြင့်တက်နေပြီဖြစ်သည်။ ဤအမှန်တရားက ကြည့်ရှုသူအားလုံး၏ နှလုံးသားကို တုန်လှုပ်သွားစေ၏။
“ ဝေါ့ ... ။ ”
ပန်းချီဆရာသည် လေထုအလယ် ရပ်တန့်နိုင်လိုက်သော်လည်း သွေးတစ်လုတ် အန်လိုက်ရသဖြင့် အဖြူရောင်ဝတ်စုံပေါ်တွင် အနီရောင်များစွန်းထင်းသွားသည်။
မျက်နှာတပြင် ဖြူဖျော့နေပြီး မျက်ဝန်းများတွင်ထိတ်လန့်ခြင်းနှင့် ဇဝေဇဝါ ဖြစ်ခြင်းများ ပြည့်နှက်နေ၏။ သူသည်လည်း မိမိ၏ ခန့်မှန်းချက် မှားယွင်းသွားကြောင်း သိလိုက်ရှိလိုက်တော့သည်။
“ မင်းတို့ လေးယောက်ထဲမှာ မင်းရဲ့ စိတ်ဓာတ်က တခြားသူတွေထက် နိမ့်ကျပြီး အရည်အချင်းမှာလည်း အညံ့ဖျင်းဆုံးပဲ။ ”
စုရီက လေထုအလယ်ရပ်ကာ မှတ်ချက်စကားဆိုလိုက်သည်။ သူ့ခန္ဓာကိုယ်၌ ထက်ရှသော ဓားရောင်ဝါလွှမ်းခြုံနေပြီး လျစ်လျူရှုသော အသွင်ပြသနေ၏။
“ ဝှစ် ... ။ ”
သူ့စကားသံသည် လေထဲတွင် ပဲ့တင်ထပ်နေစဉ်မှာတင် အလင်းတန်းပမာ ရှေ့သို့ပြေးဝင်လိုက်ပြီး ပန်းချီဆရာကို ထပ်မံထိုးနှက်တော့သည်။
“ လူတိုင်း ပူးပေါင်းတိုက်ရအောင်။”
တံငါသည်၊ တျန်ကျောက်နှင့် ရန်ထောင်လင်သည် ပန်းချီဆရာအခြေအနေ မဟန်တော့ကြောင်း သိရှိလိုက်၏။
ရန်ထောင်လင်က ဦးဆောင်၍ လေထဲလှမ်းတက်လာသည်။ သူ့ခန္ဓာကိုယ်မှ ထိတ်လန့်ဖွယ်ကောင်းသော ရောင်ဝါများ တောက်ပလာ၏။
တစ်ဆက်တည်းမှာပင် သူ့အထက်ကောင်းကင်တွင် ငွေအလင်းများ တဖျပ်ဖျပ်လက်နေသည့် ဧရာမကြီးတစ်လုံး ပေါ်လာ၏။ ဤသည်မှာ နတ်ဝိညာဉ်အဆင့် ရတနာတစ်ပါးပေပင်။
“ ဂျိန်း ... ။ ”
၎င်းပေါ်လာချိန်တွင် ကောင်းကင်နှင့် မြေကြီးကြား မိုးခြိမ်းသံများ ပဲ့တင် ထပ်သွား၏။ လက်သီးကို ဗုံတီးရိုက်တံအဖြစ် အသုံးပြုကာ ချက်ချင်းထုနှက်လာချေသည်။
“ တုံ ... တုံ ... တုံ ... ။ ”
မျက်စိဖြင့် မြင်နိုင်လောက်သည်အထိ ငွေရောင်အသံလှိုင်းများ စုရီထံသို့ တရဟော ပြေးဝင်သွားတော့၏။
ပေသုံးသောင်း ဧရိယာအတွင်း ထိုအသံလှိုင်းသွားရာ လမ်းကြောင်းပေါ်တွင် လေဟာနယ်သည် အစိတ်စိတ်အမွှာမွှာ ပေါက်ကွဲနေခဲ့သည်။
မည်သည့်အရာမှ မတားဆီးနိုင်ချေ။ ကြည့်ရှုနေသူများမှာ အံ့အားသင့်သွားကြသည်။ ဗုံသံသည် တာအိုအခင်တစ်ပါးမှ လောကကြီးကို တရားဟောကြားနေသကဲ့သို့ ပေပင်။
“ ရွှပ် ... ။ ”
ရှေ့သို့လှမ်းတက်ကာ ပန်းချီဆရာထံ ဦးတည်နေသောစုရီသည် တုန့်ဆိုင်းခြင်းမရှိ လက်သီးတစ်ချက်ကို ပစ်လွှတ်လိုက်၏။
သို့သော် ရွှေရောင်ဓားအလင်းတန်း တစ်ချက်သည် ထိုငွေရောင်အသံလှိုင်းထက်ပင် ပိုမိုမြန်ဆန်စွာ စုရီထံရောက်ရှိလာခဲ့သည်။
ဤသည်မှာ ကျန်ကျောက်၏ တိုက်ခိုက်မှုပေပင်။ ယင်းကြောင့် စုရီထံပါးမှ ပစ်လွှတ်လိုက်သော ဓားအလင်းသည် ထိုရွှေဓား အလင်းကို တိုက်ရိုက်ရင်ဆိုင်လိုက်ရ၏။
“ ဝုန်း ... ။ ”
ဓားနှင့် ဓားအလင်းလက်သီးထိမှန်ကာ စုရီခြေလှမ်းများ အနည်းငယ်ယိမ်းယိုင်သွား၏။ ထိုစဉ် ငွေရောင်အသံလှိုင်းကြီးသည်လည်း နှင်းတောင်ပြိုကျလာသကဲ့သို့ ကျရောက်လာတော့သည်။
ထို့ကြောင့် ပန်းချီဆရာနောက်သို့ လိုက်လံတိုက်ခိုက်ရန် စိတ်ကူးကို ခေတ္တမျှ ဖျက်သိမ်းကာ အသံလှိုင်းထံလှည့်ကာ လက်သီးဖြင့် ထိုးနှက်လိုက်၏။
လက်သီးချက်သည် ကျယ်ပြောလှသော ငွေရောင်အသံလှိုင်း ပင်လယ်ပြင်ကို ချက်ချင်း ပေါက်ကွဲထွက်သွားစေသည်။
ပေါက်ကွဲမှုအပြီး အင်အားကြီးမားသော အဖျက်စွမ်းအင်လှိုင်းများမှာ အရပ်ရပ်သို့ပြန့်ကျဲ သွားတော့၏။
ပန်းချီဆရာသည် ဤအခွင့်အရေးကို အသုံးချ၍ ဆုတ်ခွာလွတ်မြောက်သွားခဲ့သည်။ ရန်ထောင်လင်၊ တျန်ကျောက်နှင့် တံငါသည်မှာ လေထုအလယ်သို့ ရောက်ရှိလာပြီဖြစ်၏။
တံငါသည်သည် မီးနဂါးများဖြင့် ရက်လုပ်ထားသော ဧရာမပိုက်ကွန်ကြီးတစ်ခု ကိုင်ထား၏။ မီးနဂါးများမှာ အကြေးခွံများနှင့် ချွန်ထက်လှသော လက်သည်းများ ပါရှိသည်အထိ အသက်ဝင်ချေပြီ။
အချင်းချင်း ရစ်ပတ်နေကြပြီး ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါများ ထုတ်လွှတ်နေကြသည်။ နတ်ဝိညာဉ်အဆင့် ‘မီးနဂါးပိုက်ကွန်’ပေပင်။
တျန်ကျောက် ရှေ့တွင်မူ ဓားဆေးပြားတစ်ပြားပျံဝဲနေပြီး ၎င်းထံမှ ရွှေရောင် ဓားအလင်းများ ရေတံခွန်ကြီးပမာ စီးဆင်းနေသည်။
ထိုဓားအလင်းသည် အဆုံးမရှိသော စွမ်းအားများဖြင့် စုစည်းထားသကဲ့သို့ ရှိနေပြီး အရှိန်အဝါမှာ ထက်ရှချေ၏။
ယင်းသည်လည်း ‘ရွှေဒြပ်စင် ဓားဆေးပြား’ဖြစ်ပြီး နတ်ဝိညာဉ်အဆင့်ရှိ ရတနာတစ်ခုပေပင်။
ရန်ထောင်လင်မှာမူ အထူး ပြောစရာမလိုတော့ချေ။ ငွေရောင်ဗုံကြီးကို ထိန်းချုပ်လျက်ရပ်တန့်နေသည်။
နတ်ဝိညာဉ်အဆင့်ရှိ ထိပ်တန်းပညာရှင်သုံးဦး အတူတိုက်ပွဲဝင်သည့် အခါ ကြည့်ရှုသူများအကြား စိတ်လှုပ်ရှား ကုန်တော့သည်။
“ မင်းတို့ ဒီနှစ်တွေအတွင်းမှာ တော်တော်လေး အသုံးဝင်တဲ့ ရတနာတွေ စုဆောင်းထားနိုင်ခဲ့တာ ငါ မသိလိုက်ဘူး။ ”
စုရီက ဆိုသည်။
“ ငါတို့မှာ ဝှက်ဖဲမရှိဘဲနဲ့ မင်းလို ဉာဏ်ကြီးရှင်တစ်ယောက်ကို ဘယ်လိုလုပ်ပြီး စိန်ခေါ်ဝံ့မှာလဲ။ ”
တံငါသည်မှ တုန့်ပြန်၏။
“ မင်းရဲ့ ဓားကို ထုတ်သင့်ပြီ။ ”
တျန်ကျောက်က အကြံပြုသည်။
“ ဟားဟားဟား ... ဒါက မင်းတို့ ငါ့ရဲ့ဓားကိုထုတ်လောက်အောင် အရည်အချင်း ရှိ၊မရှိအပေါ်မှာပဲ မူတည်ပါတယ်။ ”
“ ကောင်းပြီ ... ။ ”
ရန်ထောင်လင်က ခေါင်းညိတ်လျက် လက်သီးများဖြင့် ငွေရောင်ဗုံကို အဆက်မပြတ် ထုနှက်လိုက်တော့သည်။
“ တုံ တုံ တုံ။ ”
ငွေရောင်အသံလှိုင်းများသည် ပေတစ်ရာခန့်ရှိသော တာအိုဓားတစ်လက် အသွင် ဖွဲ့စည်းလာသည်။
“ ဝှီး ... ။ ”
၎င်းသည် ကောင်းကင်ယံကို တုန်ခါသွားစေလျက် အဟုန်ဖြင့် လေထဲတွင် ပြင်းစွာ ခုတ်ပိုင်းလာတော့၏။
ထိုအတောအတွင်း တျန်ကျောက် သည်လည်း ပျံဝဲနေခဲ့သောဓားဆေးပြားကို အသာအယာ တောက်ထုတ်လိုက်သည်။
ရွှေရောင် ဓားအလင်းများသည် ရုတ်တရက်ရွာသွန်းလာသော မိုးရေစက်များ ပမာ ကောင်းကင်မှ ကျဆင်းလာတော့၏။
တံငါသည်အတွက်မူ အဝေးတွင် ရပ်လျက်ဖြင့် မီးလျှံပိုက်ကွန်ကြီးကို ဖြန့်ခင်းကာ အခွင့်အရေးကို စောင့်ဆိုင်းနေသည်။
သူသည် စုရီနှင့် ပန်းချီဆရာတို့၏ တိုက်ပွဲကိုအသေးစိတ် စောင့်ကြည့်ထားသဖြင့် တစ်ဖက်လူ မည်မျှအစွမ်းထက်ကြောင်း သိရှိထားချေ၏။
“ ဖျက်ဆီးပစ် ... ။ ”
သို့သော် စုရီသည် လက်ဗလာဖြင့်ပင် လေထဲသို့ ထိုးနှက်လိုက်သည်။ ရန်ထောင်လင် ကဲ့သို့ပင် ဗုံသံကြီးထွက်ပေါ်လာ၏။
“ တုံ တုံ တုံ ... ။ ”
ကောင်းကင်နှင့် မြေကြီးသည် စုရီလက်တွင်ဗုံတစ်လုံးဖြစ်ပြီး သူ့ဓားတာအိုမှာ ဗုံရိုက်တံဖြစ်ချေ၏။
အသံလှိုင်းများ အချင်းချင်း ရိုက်ခတ်သွားပြီးနောက် ဧရာမတုန်ခါမှုလှိုင်းများ ပြန့်နှံ့သွားတော့သည်။
ကောင်းကင်ကြီး အက်ကွဲကာ ကြောက်မက်ဖွယ်ကောင်းသော ပေါက်ကွဲမှုကြီး ဖြစ်ပေါ်လာ၏။ ရန်ထောင်လင်တစ်ယောက် ပေတစ်သိန်းခန့်မြင့်မားသော လှိုင်းလုံးကြီးကို ရင်ဆိုင်လိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။
ငွေရောင်ဗုံကြီးသည်ပင် ပြင်းထန်စွာ တုန်ခါသွားပြီး သူ့ထိန်းချုပ်မှုမှလွတ်မြောက် လုနီးပါးဖြစ်လာ၏။
“ ဖျပ် ဖျပ် ဖျပ် ... ။ ”
ထို့ကြောင့် ချက်ချင်း ဆုတ်ခွာလျက် သက်ရောက်လာသော လက်သီးလှိုင်းများအပေါ် လျော့ကျသွားအောင် လုပ်ဆောင်လိုက်ရသည်။
နောက်သို့ ဆုတ်ခွာလိုက်သည့် ခြေလှမ်းတိုင်းတွင် လေဟာနယ်ပြိုကျနေခဲ့ပြီး ကောင်းကင်၌ အပေါက်ကြီးပေါ်လာ၏။
ကိုးလှမ်းခန့် ဆုတ်ခွာပြီးနောက်မှသာ ရပ်တန့်နိုင်သည်။ သူကိုယ်တိုင်ပင် မသိလိုက်ဘဲ အမူအရာမှာ များစွာလေးနက်သွားတော့၏။ ကြောက်စရာကောင်းသော တိုက်ပွဲဝင် စွမ်းအားပေပင်။
ထိုအတောအတွင်း စုရီသည် အင်္ကျီလက်များကို လေထဲဝှေ့ယမ်းလိုက်သည်။ ထက်ရှသော ဓားအလင်းတစ်လက် ပြေးထွက် လာပြီးနောက် ရွှေဓားအလင်းများကို လုံးဝ ချေမှုန်းပစ်လိုက်တော့၏။
“ ဘန်း ... ဘန်း ... ။ ”
လေထုအလယ် ပေါက်ကွဲသံများ ညံကုန်သည်။ တျန်ကျောက်ခမျာ ရင်ထဲတွင် တဒိတ်ဒိတ်ခုန်ပြီး အသက်ရှူမှားသွား၏။
“ စိတ်တောင်မကူးနဲ့ ... ။ ”
ကံကောင်းထောက်မစွာဖြင့် ဘေးမှ တံငါသည်သည်ပိုက်ကွန်ဖြင့်ပစ်ကာ စုရီအပေါ် ဟန့်တားပေးသွားလေသည်။
မီးနဂါးများသည် ကောင်းကင်ထက်မှ ခုန်ဆင်းပြီးနောက် စုရီအပေါ် ဖုံးလွှမ်းကုန်၏။ ဤသည်မှာ မီးဥပဒေစည်းမျဉ်းများဖြင့် ဖန်တီးထားခြင်းပေပင်။
၎င်းမီးနဂါးများသည် ဖန်သားကဲ့သို့ ကြည်လင်ကာ နတ်ရွှေများပမာ တလက်လက် တောက်ပနေခဲ့၏။
စုရီသည်ပင် မျက်မှောင်ကြုတ်သွားသည်။ အကယ်၍ ဤပိုက်ကွန်ဖြင့်သာ ဖမ်းဆီးခြင်းကို ခံလိုက်သော် ကျင့်ကြံမှုလောင်မြိုက် ကုန်ဆုံးသွားနိုင်၏။
သူ့အစွမ်းအစများ မည်မျှပင် ထက်မြက်စေကာမူ လက်ကိုတုတ်နှောင်ခံရ သကဲ့သို့ ဖြစ်သွားနိုင်ပေမည်။
“ ကောင်းပြီ ... မင်းတို့ရဲ့ဆန္ဒအတိုင်း ငါ့ရဲ့ဓားကို မြင်အောင်ပြပါရစေ။ ”
***