“ သွား ... ။ ”
စုရီသည် တွန့်ဆုတ်မနေတော့ဘဲ သေမျိုးနယ်ပယ်ဓားကိုဆွဲထုတ်ကာ ပိုက်ကွန်ထံ ဖျပ်ခနဲခုတ်ပိုင်းချလိုက်တော့၏။
“ ချွင် ... ချွင် ... ။ ”
ဓားမြည်သံသည် နက်ရှိုင်းပြီး ဟိန်းထွက်လာကာ နက်မှောင်သည့် နီလာရောင် ဓားလှိုင်းများကဲ့သို့ ရှုပ်ထွေးသော ဥပဒေ စွမ်းအားများ ပြေးထွက်သွားလေသည်။
မီးသလင်းရောင် နဂါးများသည် တဘောင်းဘောင်းဖြင့် ပြတ်တောက်သွားကာ ပိုက်ကွန်အဖြစ် ပြန်လည်ကျုံ့ဝင်သွား၏။
စုရီတစ်ယောက် ဘေးကင်းစွာ ဆုတ်ခွာနိုင်လိုက်သည်။ ဤတိုက်ခိုက်မှုများမှာ မျက်စိတမှိတ်အတွင်း ဖြစ်ပွားခဲ့ခြင်းပေပင်။
သို့သော် အလွန်ပင် အန္တရာယ်များ လှသောကြောင့် တိုက်ခိုက်မှုပေါင်းများစွာကို နှစ်ဦးနှစ်ဖက် ဖလှယ်ပြီးဖြစ်ခဲ့သည်။
ကြည့်ရှုနေသူများမှာ အံ့အားသင့်ကုန်၏။ နတ်ဝိညာဉ်အဆင့် သေလွန်ဝိညာဉ်များသည်ပင် ဤလူလေးယောက်ပေါင်း တိုက်ခိုက်မှုအောက်မှ အန္တရာယ်ကင်းစွာ ဆုတ်ခွာရန် မလွယ်ချေ။
သို့သော် စုရီမှာမူ တိုက်ကွက်တိုင်းကို ချိုးဖျက်ကာ ဆုတ်ခွာနိုင်၏။ ယင်းသည် သူတို့ စိတ်ကူးများထက် ကျော်လွန်နေချေပြီ။
“ ကောင်းပြီ ... အခု သေရှင်တိုက်ပွဲကို ဆင်နွှဲလိုက်ရအောင်။ ”
တျန်ကျောက်က သက်ပြင်းချလျက် လက်ချောင်းများကို တောက်ထုတ်လိုက်သည်။ သူ့ရှေ့ရှိ ဓားဆေးပြားသည် တောက်ပသော ရွှေရောင်အလင်းများ ပေါက်ကွဲလာ၏။
ထိုအလင်းသည် ပြိုင်ဘက်ကင်းသော ဓားတစ်လက်ပုံသဏ္ဍန် ဖွဲ့စည်းသွားလေသည်။ ကောင်းချီးမင်္ဂလာ အလင်းခြည်မျှင်များသည် တိမ်မြူများပမာ ဖြာကျနေ၏။
“ ဝှစ် ... ။ ”
ဤအချိန်တွင် ပန်းချီဆရာသည် သူ၏ ‘ကောင်းကင်နှိမ်နင်းရေးစုတ်တံ’ကို ဝှေ့ယမ်းပြီး ပန်းချီကားတစ်ချပ်ရေးဆွဲလိုက်သည်။
“ တုံ တုံ တုံ ... ။ ”
ရန်ထောင်လင်နှင့် တံငါသည်လည်း နောက်ကျန်ရစ်မနေချေ။ ငွေရောင်ဗုံသံများနှင့် အတူ မီးနဂါးများ ထပ်မံထုတ်လွှတ်လာသည်။
ဤကဲ့သို့သော အစွမ်းထက်သည့် ဖြစ်စဉ်များကိုမြင်သော်မှ စုရီသည်တုန်လှုပ်ခြင်း အနည်းငယ်မျှ မပြချေ။
“ ဟား ဟား ဟား ... ။ ”
ဆန့်ကျင်ဘက်အနေဖြင့် ခေါင်းမော့ ရယ်မောလိုက်ကာ ဆံပင်များ လွင့်မျောသွား စေခဲ့သည်။ ဤသည်မှာ အထိန်းအကွပ် မဲ့လွန်းချေ၏။
“ ကောင်းတယ် ... အရမ်းကောင်းတယ် လာကြ။ ”
“ ချွင် ချွင် ချွင် ... ။ ”
သေမျိုးနယ်ပယ်ဓားထံမှ စိတ်အားထက်သန်စွာဖြင့် မြည်သံများထွက်ကာ ကောင်းကင်နှင့် မြေကြီးကို ရောင်ဝါနှင့် ချိတ်ဆက်ပစ်လိုက်သည်။
သည့်နောက် ရှေ့သို့ တိုးဝင်လျက် ဓားကိုဝှေ့ယမ်းပစ်တော့၏။ ကောင်းကင်ကြီး တုန်ခါလျက် ထူးခြားသော ဥပဒေစည်းမျဉ်း တစ်ခုပြေးထွက်လာခဲ့သည်။
ဗုံသံ၊ ဓားသံ၊ ပန်းချီဆွဲသံနှင့် ဧရာမ ပိုက်ကွန်ကြီးသည် လေထဲတွင် ၎င်းဥပဒေဖြင့် ရူးသွပ်စွာတိုက်မိကုန်၏။
“ ဝုန်း ... ။ ”
“ ဘန်း ... ။ ”
ဤသည်မှာ အလွန်ပင် ရှုပ်ထွေးဆူညံလှလေသည်။ နတ်အလင်းများမှာ မျက်စိကျိန်းစေလောက်အောင် တောက်ပ၏။
“ ဒီလူက လေးယောက်နဲ့ တစ်ယောက် တိုက်နေရတာတောင် ဒီလောက်အထိ တောင့်ခံ နေနိုင်တာလား အစွမ်းထက်လွန်းပါတယ်။ ”
သေလွန်ဝိညာဉ်များက ထိတ်လန့် တုန်လှုပ်လာကြပြီး သံသယများဝင်လာကြ တော့သည်။ ဤမတိုင်မီသူတို့သည် စုရီထံမှ အကျိုးအမြတ်များရယူရန် စိတ်ကူးဖြင့် ရောက်ရှိလာခြင်းဖြစ်၏။
သို့သော် သူတို့မျက်စိရှေ့တွင် ဖြစ်ပျက်နေသောတိုက်ပွဲမှာမူ ထင်ထားသလို လုံးဝဖြစ်မနေချေ။
“ ဒါပေမယ့် နှမြောစရာပဲ ... သူ ဘယ်လောက်ပဲကောင်းကင်ကို ဆန့်ကျင်တဲ့ အရည်အချင်းရှိနေပါစေ ဒီနေ့အသက်ရှင်လျက် ထွက်သွားနိုင်တော့မှာ မဟုတ်ဘူး။ ”
ကျန့်ထျန်းချွမ်က အေးစက်စွာ မှတ်ချက်ပေးလိုက်သည်။ ထိုစဉ်ကောင်းကင် တုန်ခါသွားစေသော တိုက်ခိုက်မှုကြီးတစ်ခု ထပ်မံထွက်ပေါ်လာပြန်၏။
ရန်ထောင်လင်တစ်ယောက် ပြင်းထန်သောပေါက်ကွဲမှုကြီး၌ နောက်သို့ လွင့်စဉ်သွားရသည်။ ငွေရောင်ဗုံကြီးခမျာ လေထုအလယ် နှစ်ပိုင်းပြတ်သွား၏။
နှုတ်ခမ်းထောင့်မှ သွေးများ စီးကျလျက် ဝမ်းနည်းမှု အရိပ်အယောင်များ ထင်ဟပ်လာ ခဲ့သည်။ ထိုစဉ် စုရီသည် သူ့ကိုလျစ်လျူရှုပြီး ကျန်သုံးဦးထံလှည့်သွားတော့၏။
“ ဘန်း ဘန်း ဘန်း ။ ”
များမကြာခင် ပန်းချီဆရာ၏ ပန်းချီကားချပ်သည် ဆက်တိုက်ဆိုသလို အစိတ်စိတ်အမွှာမွှာ ပေါက်ကွဲသွားသည်။
အကျိုးဆက်အနေဖြင့် ပန်းချီဆရာခမျာ နောက်သို့ လွင့်ထွက်သွားခဲ့ရ၏။ ဆံပင်ရှည်များ ဖရိုဖရဲဖြစ်လျက် သူ့ပုံစံသည် အလွန်ပင် သနားစရာ ကောင်းနေသည်။
“ ပေါက်ကွဲ ... ။ ”
“ ရွှပ် ... ။ ”
ထိုအချိန်တွင် ဓားအလင်းတစ်လက်သည် မီးနဂါးပိုက်ကွန်ကြီးကို အပေါက်ကြီး ဖြစ်သွား စေတော့၏။
“ သောက်ကျိုးနည်း ကြမ်းလိုက်တာ။ ”
တံငါသည်မှ အော်ဟစ်လိုက်သည်။ ဤရတနာကို ရရှိရန် သူ့အတွက်မလွယ်ကူချေ။ ယခုမူ အကြီးအကျယ်ပျက်စီးသွားရချေပြီ။ နှမျောစရာပေပင်။
တစ်ချိန်တည်းမှာပင် နားစည်ကွဲမတတ် ပြင်းထန်လှသော ထိခိုက်မှုအသံကြီးတစ်သံ ထွက်ပေါ်လာပြန်သည်။
တျန်ကျောက်၏ ဓားဆေးပြားမှ ဖန်တီးထားသော ပြိုင်ဘက်ကင်းဓားကြီးသည် စုရီနှင့် သုံးပေအကွာ၌ ပျက်ပြယ်နေ၏။
ဓားဆေးပြားသည်လည်း ယခင် တောက်ပမှုသည် အလင်းများမှိန်ဖျော့သွားကာ သေးငယ်သော အက်ကြောင်းများ ပေါ်လာခဲ့သည်။
ရလာဒ်အနေဖြင့် တျန်ကျောက်ခမျာ ယိမ်းယိုင်ဆုတ်ခွာသွားပြီး မျက်နှာတွင်နာကျင်မှု အရိပ်အယောင်များ ပြသလာ၏။
သူ့တာအိုဆံထုံးသည်လည်း ပြေလျော့သွားကာ ရှည်လျားလှသော ဆံပင် ဖြူဖြူများ လွင့်ပျံနေတော့သည်။
မျက်စိတမှိတ်အတွင်း နတ်ဝိညာဉ်အဆင့် ရတနာအချို့ဖျက်ဆီးကာ ပြိုင်ဘက်လေးဦးကို ဆုတ်ခွာသွားစေနိုင်ခဲ့၏။
ဤရလာဒ်သည် ရပ်ကြည့်နေသော လူအုပ်ကြီးကို အလွန်အမင်း အံ့အားသင့်ကာ ဦးရေပြားများ ထုံကျဉ် သွားစေတော့သည်။
ကောင်းကင်ယံအောက်တွင် ဖုန်မှုန့်များစွာနှင့် မီးခိုးများ တဖြည်းဖြည်း လွင့်ပါးသွားခဲ့သည်။
ပြန့်ကျဲတောက်ပနေသော နတ်အလင်းများသည် မီးရှူးမီးပန်းများကဲ့သို့ ပြန်လည်မှိန်ဖျော့သွားကြ၏။
စုရီ၏ ကျောက်စိမ်းရောင်ဝတ်စုံသည် လေထဲတွင်လွင့်ပျံနေပြီး လက်ထဲတွင်တချွင်ချွင် မည်နေသော သေမျိုးနယ်ပယ်ဓားကို ကိုင်ဆောင်ထားလေသည်။
သူ့ခန္ဓာကိုယ်သည် ထိုနေရာတွင်ရပ်နေပြီး ဖုန်မှုန့်တစ်စက်မျှမတင်နိုင်ဘဲ ဆံပင်တစ်ပင်ပင် ဖရိုဖရဲမဖြစ်ခဲ့ချေ။
၎င်းနှင့် ဆန့်ကျင်ဘက်အနေဖြင့် တံငါသည်၊ပန်းချီဆရာ၊တျန်ကျောက်နှင့် ရန်ထောင်လင်တို့သည် ဒဏ်ရာများစွာ ရရှိကုန်ကြ၏။ သနားစရာပေပင်။
ပတ်ဝန်းကျင် တစ်ခုလုံး သေမင်းတမန် တိတ်ဆိတ်သွားပြီး ရပ်ကြည့်နေသောလူအုပ်မှ ပါးစပ်အဟောင်းသား ဖြစ်ကုန်၏။
လေးယောက်သား တစ်ပြိုင်နက်တည်း တိုက်ခိုက်နေသည့်တိုင် နယ်ပယ်ဘုရင်အဆင့် စုရီကို မချိုးနှိမ်နိုင်ကြသေးချေ။ ဤမြင်ကွင်းမှာ အဝေးမှ ကြည့်နေကြသော သေလွန်ဝိညာဉ်များ ကိုပင် မှင်သပ်သွားစေသည်။
“ နတ်ဝိညာဉ်အဆင့်ကို ရောက်ရင် မင်းကိုအနိုင်ယူနိုင်မယ်လို့ ငါ ထင်ထားခဲ့တာ ... ဘယ်သူထင်မှာလဲ ငါတို့က မင်းထက်အများကြီး နိမ့်ကျနေသေးတယ်ဆိုတာကို ... ။ ”
တျန်ကျောက်မှ ရေရွတ်လျက် သူ့မျက်နှာတွင် ခါးသီးမှုနှင့် စိတ်ပျက်မှုများ ထွက်ပေါ်လာခဲ့သည်။
ရန်ထောင်လင်က နှုတ်ခမ်းထောင့်မှ သွေးများကိုသုတ်ကာ သက်ပြင်းချလိုက်ပြီး ပန်းချီဆရာမှာမူ အုံ့မှိုင်းနေတော့သည်။
တျန်ကျောက် ပြောသည်မှာ မှန်၏။ အကယ်၍သာ တစ်ဦးချင်းတရားမျှတသော ပြိုင်ပွဲသာလျှင်ဆိုသော် သူတို့ရှုံးနိမ့်ချေပြီ။
တစ်နည်းအားဖြင့်ဆိုရသော် သူတို့လေးယောက်သည် နှစ်ပေါင်းများစွာတိုင် စောင့်စားမျှော်လင့်ခဲ့ရသော နတ်ဝိညာဉ် အဆင့် တက်လှမ်းနိုင်ခဲ့သော်မှ စုရီကို မယှဉ်နိုင်ချေ။
ဤသည်မှာ သူတို့အတွက် အလွန်ကြီးမားသော ထိုးနှက်ချက်ကြီးပေပင်။ ပန်းချီဆရာမှ လက်မခံနိုင်ဟန်ဖြင့်၊
“ သူက ဝင်စားခြင်းဥပဒေစွမ်းအားကို နားလည်နိုင်တာမို့ပါ ငါတို့သာအဲ့ဒီစွမ်းအားကို ပိုင်ရင်လည်း ဒီလိုအစွမ်းထက်နိုင်ပါတယ်။ ”
-ဟု အံကြိတ်ကာ ငြင်းဆန်၏။ စုရီက မနေနိုင်ဘဲ လှောင်ပြုံးပြုံးလိုက်သည်။
“ ငါ့ကို အနိုင်မယူနိုင်တာနဲ့ပဲ ညည်းတွားနေတာလား ... ပန်းချီဆရာ မင်းက အရင်အတိုင်း အသုံးမကျတုန်းပါပဲ။ ”
“ ဟမ့် ... ငါပြောတာ ဘာမှားနေလို့လဲ ဒီကမ္ဘာကြီးကိုကြည့်လိုက်စမ်းပါ ဝင်စားခြင်းမှာ နှစ်ကြိမ်ပြန်လည်ကျင့်ကြံခဲ့တဲ့သူ ဘယ်သူရှိလဲ ရှေးခေတ်ကနေ ယနေ့ခေတ်အထိ မင်းသာ ဝင်စားပြီး နှစ်ကြိမ်ကျင့်ကြံခဲ့တာ။ ”
“ တိတ်စမ်း ... မင်း အရှက်ကွဲရတာ မလုံလောက်သေးဘူးလား။ ”
ပန်းချီဆရာက တုန့်ပြန်လျက် စကားဆက်ပြောရန် ပြင်နေစဉ် တျန်ကျောက်မှ လှည့်ကာ အော်ငေါက်လာ၏။ ရန်ထောင်လင်မှ စိတ်ပျက်သွားပြီး၊
“ ပန်းချီဆရာ ... မင်းအမှန်ကို ဝင်ခံသင့်ပြီလို့မထင်ဘူးလား တကယ်လို့ သူသာ ဝင်စားဖို့ မရွေးချယ်ခဲ့ရင် နတ်ဝိညာဉ်အဆင့်ကို ဘယ်သူအရင်ဆုံး ရောက်သွားမယ်လို့ ထင်သလဲ ငါတို့သာ ကျင့်ကြံမှုအဆင့်ချင်းတူရင် မင်းက လောကသခင်ကို တကယ်ပဲ ယှဉ်နိုင်မယ်လို့ ယုံကြည်နေတာလား။ ”
-ဟု ဝင်ရောက်ပြောကြားလိုက်သည်။
သူတို့စကားဝိုင်းကို လျှို့ဝှက်ထားခြင်း မရှိသောကြောင့် နားထောင်နေသည့်လူအုပ်မှာ သက်ပြင်းချကုန်တော့၏။
ရန်ထောင်လင်တို့သုံးဦး ပြောသလိုပင် ပန်းချီဆရာ၏အကျင့်စရိုက်သည် တကယ်ပင် မေးခွန်းထုတ်စရာဖြစ်နေသည်။ လေးယောက် တစ်ယောက် တိုက်နေရသည်ကိုပင် ရှက်ရွံ့ပုံမပြချေ။
“ ငါတို့က သေခြင်းနဲ့ရှင်ခြင်းကို ဆုံးဖြတ်နေကြတာပဲ မင်းတို့ဖုံးကွယ်ထားစရာ မလိုပါဘူး ... ဝှက်ဖဲတွေကို ထုတ်လိုက်ပါ။ ”
စုရီက စိတ်မရှည်တော့ဘဲ ဝိုင်အိုးကိုထုတ်ကာ မော့သောက်လျက်ဖြင့် ပြောကြားလိုက်သည်။
ပြိုင်ဘက်များ၏ ကျင့်ကြံမှုသည် အစွမ်းထက်လှပြီး သူ့ကိုအံ့အားသင့်စရာများစွာ ပေးစွမ်းချေ၏။
တျန်ကျောက်နှင့် ကျန်လူများသည် အချင်းချင်းပြန်ကြည့်လျက် မျက်နှာများတွင် ပြတ်သားမှုများ ပေါ်လာခဲ့သည်။
တံငါသည်က အသက်ပြင်းပြင်းရှူ လိုက်ပြီးနောက် ရှေးဟောင်း တာအိုတံဆိပ်တုံး တစ်တုံးကို ထုတ်ယူလိုက်သည်။ တံဆိပ်ပေါ်၌ ‘မြေကမ္ဘာနတ်ဘုရားများ’ဟူသော အမည်ကို ရေးထွင်းထားချေပြီ။
နတ်အလင်းများသည် တံဆိပ် ပတ်ပတ်လည်လည်တွင် လှည့်ပတ်နေပြီး ကောင်းကင်နှင့် မြေကြီးကို တုန်ခါစေနေ၏။
“ အဲ့ဒီလူက တကယ်ပဲ မြေကမ္ဘာနတ်ဘုရားများ တံဆိပ်တုံးကို ရထားတာလား။ ”
အဝေးမှ ရှေးဟောင်းမျိုးနွယ်ဝင် သေလွန်ဝိညာဉ်များမှာ အံ့အားသင့်သွားသည်။ သူတို့သည် ဤရတနာအပေါ် ကောင်းကောင်း သိထားချေပြီ။
ရှေးခေတ် အထွတ်အထိပ် ရတနာများဖြစ်သော မဟာတာအိုတံဆိပ်တုံး ကိုးပါးအနက်မှတစ်ပါး ဖြစ်၏။
၎င်းကို နတ်ဘုရားတစ်ပါးမှ သွန်းလုပ်ခဲ့သည်ဟူသော ကောလာဟလများ ရှိနေပြီး နတ်ဝိညာဉ်အဆင့် မည်သူမဆို သွားရည်ကျရလောက်သည့် ရတနာပေပင်။
***