“ နှမြောစရာပဲ ... အဲ့ဒီရတနာက အက်ကွဲနေတယ် ဓမ္မအဆုံးခေတ်မှာ ကပ်ဘေး သင့်ခဲ့ပုံရတယ်။ ”
တစ်စုံတစ်ယောက်မှ ရတနာ၏ မျက်နှာပြင်ပေါ်ရှိ လောင်ကျွမ်းရာများစွာနှင့် ပျက်စီးမှုများကို သတိပြုမိသွားလေသည်။
သို့သော် ထိုသို့ပျက်စီးနေသည့်တိုင် ၎င်းထွက်ပေါ်လာသည့်အချိန်တွင်မူ လူတိုင်းကို ထိတ်လန့်သွားစေရန် လုံလောက်ခဲ့၏။
“ ဖိနှိမ် ... ။ ”
တာအိုတံဆိပ်တုံးသည် စုရီပေါ်သို့ ပြိုကျလာသည်။ နတ်အလင်းများမှာ ရေတံခွန် တစ်ခုပမာ စီးဆင်းလျက် ပုံရိပ်ယောင်ကမ္ဘာကြီး သုံးထောင်ကို ပေါ်ထွက်လာစေခဲ့၏။
ဖိအားသည် ပြင်းထန်လွန်းသဖြင့် ကြည့်ရှုနေသော နတ်ဝိညာဉ်အဆင့် သေလွန် ဝိညာဉ်များပင် သူတို့၏ကျင့်ကြံမှုများကို အသက်သွင်းကာ ခုခံလိုက်ရ၏။
“ ဟမ့် ... ။ ”
စုရီမှ သေမျိုးနယ်ပယ်ဓားကို ဝှေ့ယမ်းလျက်ဖြင့် တံဆိပ်တုံး၏ ဖိအားအပေါ် ထိပ်တိုက်ရင်ဆိုင်တော့သည်။
ကြီးကျယ်ခမ်းနားလှသော ဓားတစ်လက်သည် ရောင်ဝါများဖွင့်ချကာ ပုံရိပ်ယောင်ကမ္ဘာအတွင်းသို့ ပြေးဝင်သွား လေသည်။
“ ဘန်း ... ။ ”
ပေါက်ကွဲမှုနှင့်အတူ စုရီခမျာ နောက်သို့ ခြေလှမ်းများစွာ ယိမ်းယိုင်သွားခဲ့၏။ သို့သော် အသက်ရှူရန် အချိန်မရှိသေးချေ။
“ ဝူး ... ။”
“ မင်းသေလိုက်တော့ ... ။ ”
ကျိုးပဲ့နေသော ဓားတစ်လက်သည် လေထုကိုဆုတ်ဖြဲလျက် ဆင်းသက်နေပြီဖြစ်၏။ ဤသည်မှာ နှစ်ပေခန့်ရှည်သော သံချေးနှင့် သွေးများ စွန်းထင်းနေသည့် တျန်ကျောက်၏ ဓားဖြစ်ချေပြီ။
“ ကလန် ... ကလန် ... ။ ”
စုရီမှ ဓားဖြင့် တုန့်ပြန်ပယ်ဖျက်သည်။ လေထုအလယ်တွင် သတ္တုချင်းတိုက်မိသံများ ဆူညံသွားတော့၏။ ကောင်းကင်တခွင် သွေးချင်းချင်း နီသွားလေသည်။
“ ချွင် ... ။ ”
စုရီတစ်ယောက် ပခုံးမှသွေးများ ပန်းထွက်လျက် ဆုတ်ခွာလိုက်ရ၏။ ဤဓားကျိုး စွမ်းအားသည် ပြင်းထန်လွန်းချေပြီ။
“ ဒါက ... အင်မော်တယ် သွေးသောက်ဓားပဲ။ ”
ရှေးဟောင်းမျိုးရိုးထံမှ သေလွန်ဝိညာဉ်အိုကြီးတစ်ဦးက အံ့အားသင့်စွာ ရေရွတ်လိုက်သည်။
ရှေးခေတ်တွင် အင်မော်တယ်များသည် သေမျိုးလောကသို့ ဆင်းသက်ပြီး စစ်မှန်သော နတ်ဝိညာဉ်ရတနာများဖန်တီးကြ၏။
ဤသွေးသောက် အင်မော်တယ် သွေးသောက်ဓားသည် ထိုခေတ်ကနာမည်ကြီး တားမြစ်ရတနာပေပင်။
၎င်းကို ပြိုင်ဘက်ကင်းသော မိစ္ဆာအင်မော်တယ်တစ်ပါးမှ သွန်းလုပ်ခဲ့ပြီး သူ့ ပြိုင်ဘက်များ၏ သွေးများကိုစုဆောင်းကာ ဖန်တီးခဲ့ခြင်းဖြစ်၏။
“ နှိမ်နင်းစမ်း ... ။ ”
“ ပိုင်းဖြတ်လိုက် ... ။ ”
တံငါသည်က မြေကမ္ဘာနတ်ဘုရားများ တံဆိပ်တုံးကိုထိန်းချုပ်၍ တိုက်ခိုက်လိုက်သည်။ တျန်ကျောက်သည်လည်း ကျိုးပဲ့နေသော ဓားဖြင့် အဆက်မပြတ် လိုက်ပါလာ၏။
“ ဟားဟားဟား ... ကောင်းတယ် အရမ်းကောင်းတယ်။ ”
စုရီတစ်ယောက် ဖိအားများအနည်းငယ် ခံစားလိုက်ရသဖြင့် အလွန်ဝမ်းမြောက်သွားပြီး တိုက်ပွဲဝင်ဆန္ဒများ ပြည့်လျှံလာခဲ့၏။
“ ဝုန်း ... ။ ”
သူ၏အရှိန်အဝါမှာ ရုတ်ချည်း ပြောင်းလဲသွားကာ အထိန်းအကွပ်မဲ့လှသော အမူအရာဖြင့် ဓားကိုထိုးညွှန်လိုက်သည်။
အသက်တရှိုက်စာအတွင်း သေမျိုးနယ်ပယ်ဓားအတွင်းမှ ရှုပ်ထွေးသော စွမ်းအားများ ပေါက်ကွဲထွက်လာ၏။
“ ရွှပ် ... ။ ”
ယင်းသည် နေမင်းကြီးအလား စူးရှတောက်ပနေကာ ပြိုင်ဘက်နှစ်ယောက်၏ ပူးပေါင်းတိုက်ခိုက်မှုကို ထိုးဖောက်ပစ်သည်။
ထိုအချိန်တွင် ပန်းချီဆရာနှင့် ရန်ထောင်လင်သည် အရပ်မျက်နှာခွဲလျက်ဖြင့် တိုက်ပွဲအတွင်း ဝင်ရောက်လာပြီဖြစ်၏။
ပန်းချီဆရာသည် အနက်ရောင် ကျောက်စိမ်းပေတံတစ်ချောင်းကို ပြောင်းလဲ ကိုင်ဆောင်ထားချေပြီ။ ပေတံသည် နတ်တောင်အလား လေထဲသို့ ပျံတက်သွားပြီး အရှိန်အဟုန်ပြင်းစွာ ကျဆင်းသွား၏။
ဤသည်မှာ အင်မော်တယ်တောင်တန်း ကျောက်စိမ်းပေတံ ဖြစ်လေသည်။ စစ်မှန်သော နတ်ဝိညာဉ်အဆင့် လက်နက် မဟုတ်သော်မှ အထွတ်အထိပ် ရတနာတစ်ပါးပေပင်။
“ သွား ... ။ ”
“ ခရစ် ... ။ ”
တစ်ဖက်တွင် ရန်ထောင်လင်သည် ကြေးဝါရောင် ဓားသေတ္တာတစ်လုံးကို ထုတ်ကာ ရိုက်ချလာ၏။ ထိုဓားသေတ္တာကျဆင်းလာသည့် အခါ လေဟာနယ်သည် စက္ကူတစ်ချပ်ပမာ အလွယ်တကူ အက်ကွဲနေခဲ့သည်။ ၎င်းသည် အတိုင်းအဆမရှိ ပြင်းထန်လှ၏။
စုရီမှ သေမျိုးနယ်ပယ်ဓားကို အသုံးပြု၍ ပြန်လည် တိုက်ခိုက်လိုက်သော်လည်း ၎င်းသည် သဘာဝအတိုင်း ကျော်လွှား၍မရသော အတားအဆီးကြီးတစ်ခုကို ကြုံလာ၏။
ကောင်းကင်မှ ပြုတ်ကျလာသော ဓားသေတ္တာကို အနည်းငယ်မျှပင် ရွေ့လျား သွားအောင် မလုပ်နိုင်ခဲ့ချေ။
“ ဒါက ဘယ်လိုရတနာမျိုးလဲ။ ”
ကြည့်ရှုနေသူ အများအပြားသည် မျက်ခုံးပင့်ကုန်၏။ သူတို့သည် ထိုကြေးဝါရောင် ဓားသေတ္တာ၏မူလကို မသိကြချေ။
သို့တိုင် ထိုဓားသေတ္တာ ကျဆင်းလာသည့် အဟုတ်သည် နတ်ဘုရားတစ်ပါးမှ နတ်တောင် တစ်လုံးဖြင့် ရိုက်နှက်လာသည့်အလား ကြောက်စရာကောင်းနေချေပြီ။
ကောင်းကင်အောက်တွင် ပေသုံးသောင်းခန့်ရှိသော ဧရိယာကြီးတစ်ခုလုံး ဖရိုဖရဲဖြစ်သွားခဲ့ရ၏။
ပြိုင်ဘက်ကင်း လက်နက်များသည် အထွတ်အထိပ်စွမ်းအားများကို ထုတ်လွှတ်နေ သဖြင့် လေထုသည် အဖျက်စွမ်းအင်များဖြင့် ပြည့်နှက်နေခဲ့သည်။
ကောင်းကင်နှင့် မြေကြီးတုန်ခါလျက် နေနှင့်လ၏အလင်းရောင်များ ကွယ်ပျောက်ကုန် တော့၏။
လက်ရှိခေတ်၏ အကြီးအကျယ်ဆုံးသော ဂိုဏ်းကြီးလေးဂိုဏ်းမှ ခေါင်းဆောင်များသည် သေစေလိုသောဆန္ဒများဖြင့် ပြိုက်ဘက်ကို သတ်ရန်ကြိုးစားနေခြင်းဖြစ်သည်။
ထို့ကြောင့် မျက်စိတမှိတ်အတွင်း စုရီခန္ဓာကိုယ်ပေါ်တွင် ပြင်းစွာသောဒဏ်ရာများ ဖြစ်ပေါ်လာခဲ့၏။ အဝတ်အစားများ စုတ်ပြဲကာ သွေးများ စီးကျနေသည်။ အစမှအဆုံးတိုင် ပထမဆုံးအကြိမ်အဖြစ် ဒဏ်ရာများ ရရှိလာခြင်းဖြစ်၏။
တိုက်ပွဲများ ဆက်လက်ဖြစ်ပွား လာသည်နှင့်အမျှ စုရီ၏ဒဏ်ရာများသည် ပိုမို များပြားလာခဲ့သည်။ ဝတ်လုံအနှံ့တွင် သွေးများ စွန်းထင်းလျက် ချက်ချင်း အန္တရာယ်များသော အခြေအနေသို့ ဆိုက်ရောက်ကုန်၏။
“ တကယ်ပဲ ဒီလိုလူတစ်ယောက်သာ သေဆုံးခဲ့ရင် သမိုင်းတစ်လျှောက်လုံးမှာ အစွမ်း အထက်ဆုံးနဲ့ အတောက်ပဆုံး ပါရမီရှင် တစ်ယောက်ကို ဆုံးရှုံးလိုက်ရတာနဲ့ အတူတူပါပဲ နှမျောစရာ ကောင်းလိုက်တာ။ ”
ကျိုးဟန်ရှန်းက သက်ပြင်းချကာ ညည်းတွားလိုက်သည်။ သေလွန်ဝိညာဉ်များ၏ အမူအရာများမှာမူ အမျိုးမျိုး ကွဲပြားနေ၏။
အချို့သည် လှောင်ပြုံးပြုံးနေကြပြီး အချို့သည် သနားကရုဏာသက်ဟန်ဖြင့် စုရီကို ကြည့်နေကြတော့သည်။
သို့သော် တစ်ဖက်တွင်မူ စုရီ၏ပြိုင်ဘက်များသည် အနည်းငယ်မျှပင် မပေါ့ဆရဲကြချေ။ ဆန့်ကျင်ဘက်အနေဖြင့် သူတို့သည် ပို၍ပင်လေးနက်လာသည်။
တိုက်ခိုက်မှုများကို မြန်ဆန်ပြီး ပိုမိုပြင်းထန်သည်အထိ ထုတ်ဖော်လာကြ၏။ ဤနှစ်များအတွင်း သူတို့သည် စုရီနှင့် အကြိမ် ပေါင်းများစွာ တိုက်ခိုက်ခဲ့ဖူးသည်။
ထို့ကြောင့် သူတို့ပြိုင်ဘက်သည် မည်မျှ ကြောက်စရာကောင်းကြောင်း သိရှိထားကြ၏။ လုံးဝ မပေါ့ဆဝံ့ချေ။
“ တာအိုကွမ်ကျိုး မင်းရဲ့ဝှက်ဖဲတွေကို ထုတ်သင့်ပြီမဟုတ်လား။ ”
တျန်ကျောက်က အော်ဟစ်လိုက်သည်။ စုရီက ပြုံး၏။
“ မလုံလောက်သေးဘူး။ ”
ဤသို့ပေါ့ပါးသော စကားသည် သူတို့လေးဦးကို နှုတ်ခမ်းများတုန်ယင်သွားစေ တော့၏။ လေးယောက်သည် အချင်းချင်း ပြန်၍ ကြည့်လိုက်ကာ သတ်ဖြတ်လိုသော ရည်ရွယ်ချက်များ ပေါက်ကြားလာသည်။
“ သတ် ... ။ ”
အဆုံး၌ ဆုတ်ခွာရာလမ်းစကိုပင် မချန်တော့ဘဲ အသက်စွန့်ကာ တိုက်ခိုက်လာ လိုက်ကြတော့သည်။
ဤသို့ပြင်းထန်လှသော တိုက်ခိုက်မှု အောက်တွင် စုရီသည်လည်း ဒဏ်ရာများ ပို၍ ပို၍ ဆိုးရွားလာခဲ့၏။ စုရီ၌ဒဏ်ရာများရရှိလေ ရန်ထောင်လေးတို့ လေးဦးသည် ပို၍ သတိထားလေဖြစ်နေခဲ့သည်။
“ ကွမ်ကျိုး ... မင်းရဲ့ခန္ဓာကိုယ်ဟာ အကြာကြီးတောင့်ခံနိုင်တော့မှာ မဟုတ်ဘူး ဘာလို့ ဝှက်ဖဲကို ထုတ်မပြရတာလဲ။ ”
ရန်ထောင်လင်မှ အော်ဟစ်လိုက်၏။
“ ဟမ့် ... အချိန်တွေဒီလောက် ကြာနေတာတောင် မင်းတို့ငါ့ကိုမသတ်နိုင်တာ ဘာတွေအလျင်လိုနေတာလဲ။ ”
စုရီက လှောင်ပြုံးဖြင့် ပြန်ဖြေသည်။ သို့သော်သူ့အကြည့်များသည် လူအုပ်ကြီးထံ ရောက်ရှိသွားချိန်၌ စိတ်ကူးပြောင်းသွားကာ၊
“ ကောင်းပြီ ... ကျန်တဲ့လူတွေကို ငါအကြာကြီး စောင့်ခိုင်းထားလို့ မဖြစ်ဘူး ငါတို့ ရလာဒ်ကို ဆုံးဖြတ်ဖို့အချိန်ကျပြီ။ ”
-ဟု ပြောကြားလိုက်တော့၏။
သူ့စကားကြောင့် တိုက်ပွဲထံအဝေးမှ စောင့်ကြည့်နေသော သေလွန်ဝိညာဉ်များသည် မျက်မှောင်ကြုတ်ကုန်သည်။ သူတို့သည် စုရီ၌ ဒဏ်ရာများရရှိနေသဖြင့် စိတ်လှုပ်ရှားလာခဲ့၏။ ဤနည်းဖြင့် အခွင့်အရေးကို ရယူနိုင်ပေမည်။
“ ကဲ ... ပန်းချီဆရာ၊ မင်းကနေ အရင်စလိုက်ရအောင်။ ”
စကားဆုံးသည်နှင့် သေမျိုးနယ်ပယ်ဓားမှ နီလာရောင်အလင်းများ ပေါက်ကွဲထွက်လာပြီး ပန်းချီဆရာ၏ အနက်ရောင် ကျောက်စိမ်း ပေတံကို ထိမှန်သွားလေသည်။
“ ကလန် ... ။ ”
“ ဝုန်း ... ။”
အနက်ရောင်ကျောက်စိမ်းပေတံခမျာ တုန်ခါမြည်ကြွေးလျက် ချက်ချင်းလွင့်စဉ်သွား တော့၏။
“ မကောင်းတော့ဘူး ... ။ ”
“ စွပ် ... ။ ”
ယင်းသည် အဆုံးသတ် မဟုတ်ချေ။ ဓားဖျားသည် ရပ်တန့်ခြင်းမရှိဘဲ ပန်းချီဆရာ ရင်ဘတ်ထံ ထိုးဖောက်သွားလေသည်။
“ အား ... ။ ”
ထက်ရှသောဓားအစွန်းသည် အခြားတစ်ဖက်မှနေပြီး ဖောက်ထွက်သွားကာ ချက်ချင်း သွေးများပန်းထွက်လာတော့၏။ ပန်းချီဆရာ၏ နာကျင်စွာ အော်ဟစ်သံကြီး မချိမဆန့်ပဲ့တင်ထပ်လာခဲ့ချေပြီ။
***