ဂျိချန်းဖန်သည် အဓိကနေရာတွင် ခန့်ညားစွာ ထိုင်နေသည်။
သူ၏ ဝတ်စုံစများမှာ လေထဲတွင် လွင့်ပျံနေပြီး သူ၏ ကိုယ်နေဟန်ထားမှာ မတ်မတ်ရှိကာ ထက်မြက်သော မျက်ဝန်းများဖြင့် ခန်းမထဲတွင် ဦးညွှတ်နေကြသော အထက်လမ်းဂိုဏ်းများမှ တပည့်များကို ကြည့်လိုက်သည်။
"အားလုံးပဲ အားနာစရာမလိုပါဘူး၊ ထကြပါ.....”
သူ၏ ကြည်လင်သော အသံမှာ ခန်းမတစ်ခုလုံးတွင် ပဲ့တင်ထပ်သွားလေသည်။
"ဝူး....."
နောက်တစ်ခဏတွင်...
ဂျိချန်းဖန်သည် သူ၏လက်ကို အသာအယာ မြှောက်လိုက်သည်။ မမြင်နိုင်သော စွမ်းအားတစ်ခုမှာ ရုတ်တရက် ထွက်ပေါ်လာပြီး ဦးညွှတ်နေကြသော တပည့်များကို လေထဲမှတစ်ဆင့် အသာအယာ မတင်ပေးလိုက်၏။
ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ ပတ်ဝန်းကျင်ရှိ အထက်လမ်းဂိုဏ်းများမှ ဆရာကြီးများမှာ ချက်ချင်းပင် အံ့အားသင့်သွားကြတော့သည်။ ဂျိချန်းဖန် လှုပ်ရှားလိုက်သည့် အခိုက်အတန့်တွင် သူတို့သည် အလွန်ပင် ကျယ်ပြောနက်ရှိုင်းသော စွမ်းအားတစ်ခုကို ခံစားလိုက်ရပြီး ထိုစွမ်းအားနှင့် နှိုင်းယှဉ်လျှင် သူတို့မှာ ပိုးမွှားလေးများသဖွယ်ပင်...။
ကောင်းကင်ပြာကြီးကို ငေးကြည့်နေရသည့် ပိုးမွှားလေးများအလား ခံစားလိုက်ရခြင်းပင် ဖြစ်ပေသည်.....
"အောမိတောဖော်..."
"မတွေ့ရတာ ဆယ်နှစ်ပဲ ရှိသေးတယ်၊ တာအိုသခင် ဂျိရဲ့ ကျင့်ကြံမှုဟာ ဒီလောက်အထိ မြင့်မားသွားလိမ့်မယ်လို့ ငါ မမျှော်လင့်ထားခဲ့ဘူး..."
ထျန်းယင်းဘုရားကျောင်း၏ ကျောင်းထိုင်ဆရာတော် ပူဟုန်သည် စိတ်လှုပ်ရှားစွာဖြင့် သက်ပြင်းချလိုက်သည်။
သူသည် ဝါကြီးဝါရင့် လူကြီးတစ်ဦး ဖြစ်သော်လည်း ဤအခိုက်အတန့်တွင် မောက်မာစွာ မပြုမူရဲပေ။ ဘာပဲဖြစ်ဖြစ် ဂျိချန်းဖန်၏ ကျင့်ကြံမှုမှာ အထင်အရှားပင် ဖြစ်နေသည် မဟုတ်ပါလား။ ၎င်းအပြင် သူသည် ယခုအခါ ကျင်းယွမ်ကလန်၏ ဂိုဏ်းချုပ် ဖြစ်လာခဲ့ပြီလည်း ဖြစ်သည်။
သူ၏ ကျင့်ကြံမှုနှင့် အဆင့်အတန်းမှာ မည်သူ့ထက်မျှ နိမ့်ကျခြင်း မရှိပေ။ ထို့ကြောင့် ကျောင်းထိုင်ဆရာတော် ပူဟုန်ပင်လျှင် ဂျိချန်းဖန်အား "စီနီယာ" ဟုသာ ခေါ်ဆိုရတော့သည်။
ဤသည်ကို ကြားသောအခါ ဂျိချန်းဖန်သည် အသာအယာ ပြုံးလိုက်ပြီး နှိမ့်ချစွာ ပြန်ပြောလိုက်၏။ "ဂရန်းမာစတာ ပူဟုန်က ကျွန်တော့်ကို အမွှမ်းတင်လွန်းနေပါပြီ.....”
သူတို့၏ စကားပြောသံမှာ ထိုနေရာရှိ လူတိုင်း၏ အာရုံကို ချက်ချင်း ဖမ်းစားလိုက်သည်။
"ဂိုဏ်းချုပ် ဂျိက ဒဏ္ဍာရီလာ ထိုက်ကျင်းအဆင့်ကို တကယ်ပဲ ချိုးဖြတ်နိုင်သွားပြီလား.........."
ပတ်ဝန်းကျင်ရှိ လူအုပ်ကြီးမှာ စိတ်လှုပ်ရှားစွာဖြင့် ဆွေးနွေးနေကြသည်။
နတ်ဘုရားနယ်မြေတွင် ဂျိချန်းဖန်သည် ကိုးနှစ်တိုင်တိုင် ကျင့်ကြံခဲ့ပြီး ထိုက်ကျင်းအဆင့်သို့ ရောက်ရှိသွားပြီဟူသော ကောလာဟလများ အမြဲတစေ ထွက်ပေါ်နေခဲ့သည်။ သို့သော် ထိုသတင်းမှာ အစအဆုံး အတည်ပြုနိုင်ခြင်း မရှိခဲ့ပေ။
ဘာပဲဖြစ်ဖြစ် ဂျိချန်းဖန် လှုပ်ရှားသည်ကို မည်သူမျှ မမြင်ဖူးခဲ့ကြသောကြောင့် ဖြစ်သည်။ ထို့ကြောင့် သူတို့မှာ သဘာဝကျစွာပင် မသိရှိနိုင်ခဲ့ကြပေ။
သို့သော်လည်း... ဂရန်းမာစတာ ပူဟုန်၏ စကားကြောင့် သူတို့အားလုံးမှာ ဂျိချန်းဖန်သည် ထိုက်ကျင်းအဆင့်သို့ အမှန်တကယ် ရောက်ရှိသွားပြီဟု တွေးတောလိုက်ကြတော့သည်။ ဂရန်းမာစတာ ပူဟုန်သည်ပင် ရှန်ကျင်း အထွတ်အထိပ် အဆင့်တွင် ရှိနေသူဖြစ်ရာ၊ ဒဏ္ဍာရီလာ ထိုက်ကျင်းအဆင့်မှလွဲ၍ အဘယ်အရာက သူ့ကို ဤမျှအထိ သက်ပြင်းချအောင် ပြုလုပ်နိုင်ပါမည်နည်း။
ရာထူးအပ်နှင်းပွဲမှာ ပြီးဆုံးသွားခဲ့ပြီ ဖြစ်သည်။ ရှေ့ဆက်၍ လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်များစွာ ရှိနေသေးသည်။ ဥပမာအားဖြင့် ဘိုးဘေးသင်္ချိုင်းသို့ သွားရောက်ကာ ဘိုးဘေးများကို ပူဇော်ကန်တော့ခြင်းမျိုးပင် ဖြစ်သည်။
သို့သော် ထိုလုပ်ငန်းစဉ်များသည် ပြင်ပလူများကို ပြသရန် မသင့်တော်ပေ။ အဘယ်ကြောင့်ဆိုသော် ဘိုးဘေးသင်္ချိုင်းမှာ ကျင်းယွမ်ကလန်၏ အရေးအကြီးဆုံး နယ်မြေဖြစ်ပြီး ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်ခြင်းကို တင်းကျပ်စွာ တားမြစ်ထားသောကြောင့် ဖြစ်သည်။
ထို့ကြောင့်... နောက်ဆက်တွဲ လုပ်ငန်းစဉ်များကိုမူ အခမ်းအနား လာရောက်ကြည့်ရှုသူများ ထွက်ခွာသွားသည့်တိုင်အောင် စောင့်ဆိုင်းရမည် ဖြစ်သည်။
"အဟွတ် အဟွတ်..."
ချောင်းဆိုးသံတစ်ခုက လူတိုင်း၏ အာရုံကို ဆွဲဆောင်လိုက်သည်။ အချိန်အတော်ကြာ တိတ်ဆိတ်နေသော ဖန်ရှန်းဂူ၏ ဂူသခင် ယွမ်ယီလန်သည် တောက်ရွှမ်းကို ရုတ်တရက် ကြည့်လိုက်ပြီး ခပ်အေးအေး လေသံဖြင့် ပြောလိုက်၏။
"မိတ်ဆွေ တောက်ရွှမ်း... ကျွန်တော် ဒီတစ်ခေါက် ကျင်းယွမ်ကလန်ကို လာတာက အခမ်းအနားကို လာကြည့်ဖို့ ဖိတ်ကြားခံရလို့တင် မဟုတ်ပါဘူး၊ မိတ်ဆွေနဲ့ ဆွေးနွေးစရာ တခြားကိစ္စလေးတွေ ရှိလို့ပါ..."
ဤစကား ထွက်လာသည်နှင့် တစ်ခွင်လုံး တိတ်ဆိတ်သွားသည်။
တောက်ရွှမ်းသည် မျက်ခုံးပင့်လိုက်မိ၏။ သူ၏ ပါးစပ်ထောင့်မှာလည်း အနည်းငယ် တွန့်သွားရသည်။သူသည် ယွမ်ယီလန်ကို လူအတစ်ယောက်အား ကြည့်သကဲ့သို့ ကြည့်လိုက်သည်။ အမင်္ဂလာရှိလိုက်တာ၊ ငါက အခု ဂိုဏ်းချုပ် မဟုတ်တော့ဘူးလေ၊ မင်းမှာ ဆွေးနွေးစရာ ရှိရင် ဂျိချန်းဖန်ကို မရှာဘဲ ငါ့ဆီ ဘာလာလုပ်တာလဲ..........
အမှန်အတိုင်း ပြောရလျှင်... ယွမ်ယီလန်၏ အပြုအမူမှာ တကယ့်ကို လူအဆန်လှသည်။ ဂျိချန်းဖန်သည် ဂိုဏ်းချုပ် ရာထူးကို ယခုတင် ဆက်ခံလိုက်ခြင်း ဖြစ်သော်လည်း မင်းက ဂိုဏ်းချုပ် ဟောင်းဖြစ်သူ သူ့ထံသို့ လာရောက်ဆွေးနွေးနေသည်မှာ ဘာသဘောလဲ.....
ဘာလဲ..... မင်းက လက်ရှိ ဂိုဏ်းချုပ် အပေါ်မှာ အမြင်တစ်ခုခု ရှိနေလို့လား..... သို့မဟုတ်... မင်းက ကျင်းယွမ်ကလန်၏ ဂိုဏ်းချုပ် ကို အထင်သေးနေတာလား.....
ဪ... ထိုသို့တော့ ပြော၍မရပေ။ ယွမ်ယီလန်သည် ဂျိချန်းဖန်ကို ဂျူနီယာလေးတစ်ယောက်အဖြစ်သာ သဘောထားပြီး အထင်သေးနေခြင်း ဖြစ်သည်။ ထို့အပြင် မကြာသေးမီက ဖန်ရှန်းဂူထဲသို့ ကျူးကျော်ဝင်ရောက်ခဲ့သူမှာ ဤကောင်လေး ဖြစ်နိုင်သည်ဟု သူ သံသယဝင်နေခြင်းကြောင့်လည်း ဖြစ်သည်။
ထို့ကြောင့် သူသည် ဆွေးနွေးစရာရှိလျှင် ဂျိချန်းဖန်ထံသို့ သဘာဝကျစွာပင် သွားလိမ့်မည် မဟုတ်ပေ။ ခေတ္တမျှ ယွီချင်းခန်းမအတွင်း အခြေအနေမှာ တိတ်ဆိတ်သွားရသည်။ လူအများအပြားမှာ စူးစမ်းသော အကြည့်များဖြင့် ကြည့်နေကြသည်။
စင်မြင့်ထက်တွင်မူ... ကျန့်ပူယီနှင့် အခြား တောင်ထိပ်သခင်များမှာ မျက်လုံးများ ကျဉ်းမြောင်းသွားကြသည်။ သူတို့သည် ယွမ်ယီလန် မည်သည့်လှည့်ကွက်များ ထုတ်ဦးမည်ကို တည်ငြိမ်စွာ စောင့်ကြည့်နေကြ၏။
သူတို့သည် အစောပိုင်းက ယွင်ဟိုင်ရင်ပြင်တွင် ယွမ်ယီလန်က ဂျူနီယာလေးကို ပြဿနာရှာခဲ့သည်ကို သိရှိထားကြသဖြင့် ဖန်ရှန်းဂူ၏ ယခုခရီးစဉ်မှာ ရည်ရွယ်ချက်ကောင်းနှင့် လာခြင်းမဟုတ်ကြောင်း ကောင်းစွာ နားလည်ထားကြလေသည်...။
ဂျိချန်းဖန်သည် အဓိကနေရာတွင် တည်ငြိမ်သော အမူအရာဖြင့် ထိုင်နေသည်။ သူ၏ တာအိုဝတ်စုံမှာ လေထဲတွင် လွင့်နေပြီး သူသည် ဘေးနားရှိ ယွမ်ယီလန်ကို လျစ်လျူရှုကာ မျက်လုံးများကိုသာ မှိတ်ထားလိုက်တော့သည်။
ဤသည်ကို မြင်သောအခါ တောက်ရွှမ်းသည် မျက်မှောင်အနည်းငယ် ကြုတ်လိုက်၏။ ဂျိချန်းဖန် စကားမပြောသည်ကို မြင်သောအခါ သူသည် ယွမ်ယီလန်အား ပြန်လည် တုံ့ပြန်ရန်မှတစ်ပါး အခြားမရှိတော့ပေ။ "မိတ်ဆွေ ယွမ်... ကျွန်တော့်ဆီမှာ ဘာများ ဆွေးနွေးစရာ ရှိလို့လဲ သိပါရစေ....."
ယွမ်ယီလန်က အသာအယာ ပြုံးလိုက်သည်။ သူသည် သူ၏နောက်တွင် ရပ်နေသော လီရွှန်ကို ကြည့်လိုက်ပြီး ပြောလိုက်၏။ "ခင်ဗျားတို့ဂိုဏ်းမှာ လုရွယ်ချီ ဆိုတဲ့ တပည့်တစ်ယောက် ရှိတယ်လို့ ကျွန်တော် ကြားထားတယ်....."
ဤစကား ထွက်လာသည်နှင့်... လီရွှန်၏ မျက်နှာမှာ ဝင်းပသွားတော့သည်။ သူသည် ကျောကို အမြန်ပင် ဆန့်လိုက်ပြီး သူ၏ အကြည့်မှာ မလှမ်းမကမ်းသို့ မရည်ရွယ်ဘဲ ရောက်သွားလေသည်...။
သို့သော် သူ မသိလိုက်သည်မှာ... ယွမ်ယီလန်၏ စကားအဆုံးတွင် ဂျိချန်းဖန်သည် မျက်လုံးများကို ချက်ချင်းပင် ဖွင့်လိုက်ခြင်း ဖြစ်သည်။
သူသည် ယွမ်ယီလန်ကို တည်ငြိမ်စွာ လှည့်ကြည့်လိုက်ပြီးနောက် မောက်မာနေသော လီရွှန်ကို ကြည့်လိုက်သည်။ သူ၏ မျက်ဝန်းများထဲတွင် နက်ရှိုင်းသော သတ်ဖြတ်လိုစိတ်များ လက်ခနဲ ဖြစ်သွားတော့သည်။
ဟဲဟဲ..... အချို့လူတွေကတော့ အသက်ရှင်နေရတာကို ငြီးငွေ့ပြီး သေတွင်းကို အတင်းတိုးဝင်နေကြတာပဲလား.....။ အသက်ရှင်နေရတာ မကောင်းဘူးလား.....။ ငါက မင်းကို ငရဲပြည်အထိ လိုက်ပို့ပေးစေချင်နေတာလား..........။
...
ယွီချင်းခန်းမအတွင်း တိတ်ဆိတ်သွားရသည်။ အထက်လမ်းဂိုဏ်းများမှ တပည့်များစွာမှာ ယွမ်ယီလန်သည် လုရွယ်ချီအကြောင်းကို တောက်ရွှမ်းအား အဘယ်ကြောင့် ရုတ်တရက် မေးမြန်းရသနည်းဆိုသည်ကို နားမလည်နိုင်ဘဲ ဇဝေဇဝါ ဖြစ်နေကြသည်။
သူတို့အားလုံးမှာ လုရွယ်ချီအကြောင်းကို ကြားဖူးကြသည်။ သူမသည် ရှောင်ကျူးတောင်ထိပ်၏ ဤမျိုးဆက်တွင် အထူးချွန်ဆုံး တပည့်ဖြစ်ပြီး ဆယ်နှစ်ကျော်မျှသာ ကျင့်ကြံခဲ့သော်လည်း ရှန်ကျင်း နယ်ပယ်သို့ ချိုးဖြတ်ရောက်ရှိနေပြီ ဖြစ်သည်။ သူမသည် ဂျိချန်းဖန်၏ အောက်တွင် မျိုးဆက်သစ်များထဲ၌ နံပါတ်တစ်ဟုပင် ဆိုနိုင်သည်။
ထို့အပြင်... လုရွယ်ချီနှင့် ဂျိချန်းဖန်တို့မှာ နက်နက်ရှိုင်းရှိုင်း ချစ်ကြိုက်နေကြခြင်းကို တစ်ကမ္ဘာလုံးက သိထားကြသည်။ ကောလာဟလများအရ သူတို့နှစ်ဦးမှာ စေ့စပ်ထားကြပြီး မကြာမီတွင် မင်္ဂလာပွဲ ကျင်းပကာ တရားဝင် တာအိုလက်တွဲဖော်များ ဖြစ်လာကြမည်ဟုပင် ဆိုကြသည်။
ဆိုရလျှင်... လုရွယ်ချီသည် သတ်မှတ်ပြီးသား ဂိုဏ်းချုပ်ကတော်ပင် ဖြစ်လေသည်။
မလှမ်းမကမ်းတွင်မူ... လုရွယ်ချီသည် မျက်မှောင်အနည်းငယ် ကြုတ်လိုက်မိသည်။ သူမသည် စင်မြင့်ထက်သို့ မော့ကြည့်လိုက်ပြီး ဤ ဂူသခင် ယွမ်က သူမအကြောင်းကို ဘာကြောင့် မေးရသနည်းဟု တွေးတောနေလေသည်။
တစ်ချိန်တည်းမှာပင်။ နူးညံ့သော အကြည့်တစ်ခုက သူမထံသို့ ရောက်ရှိလာသည်။
စင်မြင့်ထက်ရှိ ဂျိချန်းဖန်က အသာအယာ ခေါင်းငြိမ့်ပြလိုက်ပြီး သူမကို စိတ်ချစေရန် အချက်ပြလိုက်၏။ လုရွယ်ချီ၏ နှလုံးသားမှာ ချက်ချင်းပင် အရည်ပျော်သွားတော့သည်။ ထိုလူငယ်လေးကို ငေးကြည့်နေမိပြီး ဖန်ရှန်းဂူနှင့် ပတ်သက်သမျှ အတွေးများကို ချက်ချင်းပင် ဘေးဖယ်ထားလိုက်သည်။
ဤအခိုက်အတန့်တွင် တောက်ရွှမ်းမှာမူ အနည်းငယ် ဇဝေဇဝါ ဖြစ်နေသည်။ သူသည် ယွမ်ယီလန်၏ နောက်က လီရွှန်ကို ကြည့်လိုက်ပြီး မြေခွေးအိုကြီး တစ်ကောင်ပီပီ တစ်ဖက်လူ၏ ရည်ရွယ်ချက်ကို ချက်ချင်းပင် ရိပ်မိလိုက်တော့သည်။
ပတ်ဝန်းကျင်ရှိ အခြား တောင်ထိပ်သခင်များလည်း ရိပ်မိလိုက်ကြသည်။ ဘာပဲဖြစ်ဖြစ် ဂိုဏ်းကြီးတစ်ခု၏ ဂိုဏ်းချုပ် ဖြစ်သော ယွမ်ယီလန်က အကြောင်းမဲ့သက်သက် အမျိုးသမီးတပည့်တစ်ဦးအကြောင်းကို ဘာကြောင့် မေးရမည်နည်း.....
ဟုတ်ပါသည်၊ ဤအရာအားလုံးထက် ပို၍ အရေးကြီးသော အရာမှာ..... မင်းက ဘယ်သူ့အကြောင်းကို မေးနေတာလဲဆိုတာ မင်းကိုယ်မင်း သိရဲ့လား..........
တောက်ရွှမ်းသည် ဂျိချန်းဖန်ကို တည်ငြိမ်စွာ လှမ်းကြည့်လိုက်သည်။ ဂျိချန်းဖန်မှာ တည်ငြိမ်နေဆဲဖြစ်ပြီး ဘာမှ မပြောသေးသည်ကို သူ တွေ့လိုက်ရ၏။
သို့သော် သူ မသိလိုက်သည်မှာ... အမှန်တကယ်တော့ ဂျိချန်းဖန်သည် သူ၏ စိတ်ထဲတွင် ယွမ်ယီလန်နှင့် လီရွှန်တို့ကို သတ်ရမည့် စာရင်းထဲသို့ ထည့်သွင်းထားပြီးဖြစ်ကြောင်းပင်။
သူတို့ကတော့... ကိုယ့်သေတွင်းကိုယ် တူးနေကြပြီပဲ.....
***