"ရှုး....."
တောက်ပလှသော ဓားအလင်းတန်းတစ်ခု ကောင်းကင်ယံသို့ ထိုးတက်သွားသည်။
ကျင်းယွမ်တောင်တန်းတစ်ခုလုံး အနည်းငယ် တုန်ခါသွားပြီး နောက်တောင်ဘက်မှ ခုနစ်ရောင်ခြည် အလင်းတန်းတစ်ခု ရုတ်တရက် ပေါက်ကွဲထွက်လာကာ ယွီချင်းခန်းမရှိရာသို့ လျင်မြန်စွာ ဦးတည်လာလေသည်။
"ဂျိန်း....."
အဆုံးစမဲ့သော ဓားဝိညာဉ်များ လှိုင်းထလာသည်။
ကောင်းကင်ယံတစ်ခုလုံးသည် ခုနစ်ရောင်ခြည် ဓားဝိညာဉ်များဖြင့် လွှမ်းမိုးသွားပြီး ကောင်းကင်နှင့် မြေပြင်မှာ ထိုတောက်ပသော ဓားအလင်းတန်းကြောင့် နှစ်ခြမ်းကွဲသွားသကဲ့သို့ ထင်မှတ်ရသည်။ အထက်တွင် ကြည်လင်သောစွမ်းအင်၊ အောက်တွင် နောက်ကျိသောစွမ်းအင်တို့ဖြင့်... ခဏချင်းမှာပင် စကြဝဠာတစ်ခုလုံးတွင် ဓားဝိညာဉ်များ ပြည့်နှက်သွားတော့သည်။
"ချွမ်း....."
ကြည်လင်ပြတ်သားသော ဓားသံတစ်ခုမှာ ကျင်းယွမ်ဂိုဏ်းတစ်ခုလုံးတွင် ရုတ်တရက် ပဲ့တင်ထပ်သွားပြီး ကျင့်ကြံသူ မရေမတွက်နိုင်အောင်၏ ဓားများမှာလည်း တုန်ခါလျက် အသံများ ထွက်ပေါ်လာသည်။
ကျူးရှန်း ပေါ်ထွန်းလာလျှင်..... ဓားဟူသမျှ ဦးညွှတ်ရစမြဲ.....
ထုံထျန်းတောင်ထိပ်ပေါ်ရှိ လူတိုင်းမှာ ဤရုတ်တရက် ဖြစ်ပေါ်လာသော မြင်ကွင်းကို သတိထားမိလိုက်ကြပြီး ချက်ချင်းပင် ထိတ်လန့်သွားကြသည်။ အဘယ်ကြောင့်ဆိုသော်... ထိုခုနစ်ရောင်ခြည် အလင်းတန်းမှာ ကျင်းယွမ်ဂိုဏ်း၏ အဖိုးမဖြတ်နိုင်သော ရတနာ..... ကျူးရှန်းဓား ဖြစ်နေသောကြောင့် ဖြစ်သည်.....
"ဘာတွေဖြစ်နေတာလဲ....."
"ဘာလို့ ကျင်းယွမ်ဂိုဏ်းရဲ့ ကျူးရှန်းဓားက ရုတ်တရက် ပေါ်လာရတာလဲ....."
"မိစ္ဆာဂိုဏ်းက လူယုတ်မာတွေ ထပ်ပြီး ကျူးကျော်လာတာလား.........."
ပတ်ဝန်းကျင်ရှိ အထက်လမ်းဂိုဏ်းများမှ လူများမှာ အမျိုးမျိုး ခန့်မှန်းနေကြသည်။ သို့သော် မကြာမီမှာပင်... သူတို့အားလုံး နားလည်သွားကြတော့သည်။
ကျူးရှန်းဓားမှာ အဆုံးစမဲ့သော အလင်းတန်းများကို ထုတ်လွှတ်လိုက်ပြီး လမ်းညွှန်မှုအတိုင်း လေထုကို ခွင်းကာ ယွီချင်းခန်းမ အပြင်ဘက်သို့ ရောက်ရှိလာသည်။
"ဒုန်း....."
လူတိုင်း၏ မျက်မှောက်တွင်...
ကျူးရှန်းဓားမှာ ခန်းမဆောင်ကြီး၏ အလယ်ဗဟိုသို့ တိုက်ရိုက် စိုက်ဝင်သွားတော့သည်။ ဓားမှာ မြေပြင်ထဲသို့ ဆယ်ပုံသုံးပုံခန့် နစ်ဝင်သွားပြီး အံ့အားသင့်ဖွယ်ကောင်းသော ဓားဝိညာဉ်များကို ထုတ်လွှတ်နေရာ ခန်းမထဲရှိ လူများမှာ ထိတ်လန့်တုန်လှုပ်သော အမူအရာများ ဖြစ်ပေါ်လာသည်။
သူတို့ မော့ကြည့်လိုက်သောအခါ... စင်မြင့်ထက်ရှိ လူငယ်မှာ ဖြည်းဖြည်းချင်း ထရပ်လိုက်သည်ကို တွေ့လိုက်ရသည်။
သူသည် လက်များကို နောက်ပစ်ကာ လူအုပ်ကို မျက်နှာမူလျက် မတ်မတ်ရပ်နေသည်။ သူ၏ အမူအရာမှာ တည်ငြိမ်အေးစက်နေပြီး နက်ရှိုင်းသော မျက်ဝန်းများထဲတွင် နက်နဲလှသော ဓားဆန္ဒများ တောက်ပနေရာ သူကိုယ်တိုင်မှာပင် အိမ်မှ ထွက်ပေါ်လာတော့မည့် နတ်ဘုရားဓားတစ်လက်အလား ထင်မှတ်ရပေသည်.....
ခဏချင်းမှာပင် ထိုလူငယ်၏ ပုံရိပ်မှာ ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားသည်။ သူ ပြန်လည်ပေါ်ထွက်လာချိန်တွင် ခန်းမ၏ အလယ်ဗဟိုသို့ ရောက်ရှိနေပြီဖြစ်ပြီး သူ၏ တာအိုဝတ်စုံမှာ လေမတိုက်ဘဲ လွင့်ပျံနေသည်။
ဂျိချန်းဖန်သည် လူတိုင်း၏ ရှေ့တွင် ကျူးရှန်းဓားကို ဖြည်းဖြည်းချင်း ဆုပ်ကိုင်လိုက်သည်။
ခဏချင်းမှာပင် မမြင်နိုင်သော ဓားသံတစ်ခု ပေါက်ကွဲထွက်လာတော့သည်။ ဤအခိုက်အတန့်တွင် ပတ်ဝန်းကျင်ရှိ လူတိုင်းမှာ စိတ်လှုပ်ရှားသွားကြသည်။
အထက်လမ်းဂိုဏ်းများမှ ဆရာကြီးများမှာ ထိုင်မနေနိုင်ကြတော့ဘဲ အားလုံး မတ်တတ်ရပ်ကာ ခန်းမအလယ်ရှိ ဂိုဏ်းချုပ် ငယ်လေးကို ရှော့ ရနေသော အမူအရာများဖြင့် ကြည့်နေကြသည်။
သူက တကယ်ပဲ ယွမ်ယီလန်ကို သတ်ဖို့ ကြံရွယ်နေတာလား..... သူ တကယ်ပဲ ယွမ်ယီလန်ကို သတ်တော့မှာလား..........
လူငယ်ဘဝတွင် အားသာချက်များ ရှိသည်..... မောက်မာမှု၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုနှင့် တက်ကြွသော စိတ်ဓာတ်တို့မှာ လူငယ်များအတွက်သာ သီးသန့် ဖြစ်သည်။
မင်း ငါ့ကို ရန်စသလား..... ဒါဆိုရင် မင်း သေရမယ်..... ကောင်းကင်နဲ့ မြေပြင်မှာ မင်းကို ကယ်နိုင်တဲ့သူ တစ်ယောက်မှ မရှိစေရဘူး.....
လူအုပ်ထဲတွင် လုရွယ်ချီ၏ ကြည်လင်သော အကြည့်မှာ ခန်းမအလယ်ရှိ လူငယ်ကို ငေးကြည့်နေသည်။ သူမ၏ အမူအရာမှာ စိတ်လှုပ်ရှားနေပြီး သူမ၏ အပြစ်ပြောစရာမရှိသော လှပသော မျက်နှာပေါ်တွင် လှပသော အပြုံးတစ်ခု ပေါ်ထွက်လာလေသည်...။
သူမ သိသည်... ဂျိချန်းဖန်သည် သူမအတွက်ကြောင့် ဤဓားကို ဆုပ်ကိုင်လိုက်ခြင်း ဖြစ်သည်။
ပြင်းထန်လှသော အငွေ့အသက်တစ်ခု ခန်းမအတွင်း ပေါက်ကွဲထွက်လာသည်။ အနီးနားတွင် ရှိနေသူများမှာ ထို စွမ်းအင်ဖိအားကြောင့် အသက်ပင် မရှူနိုင်ဘဲ ထိတ်လန့်တုန်လှုပ်စွာဖြင့် ရှေ့သို့ ကြည့်နေကြသည်...။
ထို ဂိုဏ်းချုပ် ငယ်လေးမှာ ကျူးရှန်းကို ကိုင်စွဲကာ ယွမ်ယီလန်ကို အေးစက်စွာ ကြည့်ပြီး အလွန်အေးစက်သော လေသံဖြင့် ပြောလိုက်သည်ကို တွေ့လိုက်ရ၏။
"ငါက ထုံထျန်းတောင်ထိပ်ရဲ့ ဝေဟင်ပျံသန်းမှု ကန့်သတ်ချက်ကို ဖယ်ရှားပေးထားပြီးပြီ ယွမ်ယီလန်..."
"ထွက်လာခဲ့ပြီး ငါ့ရဲ့ ဓားတစ်ချက်ကို ခံယူစမ်း....."
စကားအဆုံးတွင်... ဂျိချန်းဖန်သည် ယွီချင်းခန်းမထဲမှ ပျောက်ကွယ်သွားတော့သည်။
ခဏမျှ လူတိုင်း၏ အကြည့်မှာ ယွမ်ယီလန်ထံသို့ ရောက်ရှိသွားသည်။ သူတို့၏ မျက်လုံးထဲတွင် လှောင်ပြောင်မှုများ ပါဝင်နေသော်လည်း အများစုမှာ ပွဲကြည့်လိုသည့် အမူအရာများသာ ဖြစ်သည်။
ရွေးချယ်စရာ မရှိပေ။ ဖန်ရှန်းဂူက လူတွေကို ဘယ်သူက ကိုယ့်သေတွင်းကိုယ် တူးခိုင်းလို့လဲ..... ကိုယ်တိုင် ဖိတ်ခေါ်တဲ့ ဘေးဒုက္ခက ကောင်းကင်က ပေးတဲ့ ဘေးထက် ပိုပြီး ခံရခက်သည်။
ဤအခိုက်အတန့်တွင် ယွမ်ယီလန်၏ မျက်နှာမှာ အလွန်ပင် မှောင်မိုက်နေသည်။ သူ၏ ဝတ်စုံအောက်မှ လက်များမှာ တင်းတင်းဆုပ်ထားပြီး အကြည့်မှာလည်း ကြောက်မက်ဖွယ် ကောင်းနေသည်။ သူ တုံ့ဆိုင်းနေသော်လည်း... လူအများ၏ အကြည့်များကြောင့် သူ ရှေ့သို့ ခြေတစ်လှမ်း တိုးလိုက်သည်။
အနီရောင်ဝတ်စုံမှာ လျှပ်စီးအလား ပျောက်ကွယ်သွားသည်။ ယွမ်ယီလန်သည် ယွီချင်းခန်းမထဲမှ ထွက်ခွာသွားပြီ ဖြစ်သည်။
တစ်ချိန်တည်းမှာပင် ကျင်းယွမ်ဂိုဏ်း၏ အကြီးအကဲများနှင့် ဂိုဏ်းချုပ် တပည့်များမှာလည်း စနစ်တကျ ရှိစေရန်အတွက် ယွီချင်းခန်းမထဲမှ အမြန်ဆုံး ထွက်ခွာသွားကြသည်။
ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ အခြားသော အထက်လမ်းဂိုဏ်းများမှ ဆရာကြီးများလည်း အနောက်မှ ထပ်ကြပ်မကွာ လိုက်သွားကြတော့သည်။ ဟုတ်ပါသည်၊ သူတို့အားလုံးမှာ ဖန်ရှန်းဂူက လူများကို လျစ်လျူရှုထားရန် တညီတညွတ်တည်း ဆုံးဖြတ်ထားကြသည်။
ခဏချင်းမှာပင် ခန်းမထဲတွင် ဖန်ရှန်းဂူမှ တပည့်များသာ ကျန်ရစ်ခဲ့တော့သည်။ သူတို့သည် တစ်ယောက်ကိုတစ်ယောက် ဇဝေဇဝါဖြင့် ကြည့်နေကြပြီး နောက်ဆုံးတွင် လီရွှန်ကိုသာ လှည့်ကြည့်လိုက်ကြသည်...။
ဘာပဲဖြစ်ဖြစ် လီရွှန်က သူတို့ရဲ့ စီနီယာအကို မဟုတ်ပါလား။
ကြည့်လိုက်သောအခါ... လီရွှန်သည် မြေပြင်ပေါ်တွင် ဒူးထောက်လျက် တစ်ကိုယ်လုံး တုန်ရီနေသည်။ သူ၏ ဂျူနီယာညီလေးများ၏ အကြည့်အောက်တွင် သူ၏ မျက်နှာမှာ နီမြန်းနေပြီး ပြန်ထရန် အစွမ်းကုန် ကြိုးစားနေသော်လည်း အချည်းနှီးသာ ဖြစ်သည်...။
အဘယ်ကြောင့်ဆိုသော် ပြင်းထန်လှသော ဓားဆန္ဒတစ်ခုက သူ၏ ခန္ဓာကိုယ်ကို လွှမ်းခြုံထားပြီး သူ၏ အရိုးများကို အဆက်မပြတ် ဖိနှိပ်နေသောကြောင့် ဖြစ်သည်။ ထို့ကြောင့် သူသည် ဒူးထောက်လျက်သားသာ ရှိနေနိုင်သည်။
...
ထုံထျန်းတောင်ထိပ်၏ အထက်တွင်...
တစ်ကိုယ်တော် ကျင့်ကြံသူ အများအပြားမှာ ဘာဖြစ်နေမှန်း မသိကြပေ။ သူတို့အချင်းချင်း ဆွေးနွေးနေကြစဉ်မှာပင်... ယွီချင်းခန်းမထဲမှ လူအုပ်ကြီး အလုအယက် ထွက်လာသည်ကို မြင်လိုက်ရသည်။ ထို့နောက်တွင်မူ...
ကောင်းကင်ယံတွင် အလင်းတန်း နှစ်ခု ရုတ်တရက် ပေါ်ထွက်လာသည်။ အလင်းတန်းတစ်ခုမှာ ခုနစ်ရောင်ခြည်များ တောက်ပနေပြီး သူ၏ အငွေ့အသက်မှာ သက်တန့်တစ်ခုအလား ကောင်းကင်သို့ ထိုးတက်နေကာ ပြောင်မြောက်လှသော ဓားဆန္ဒများ ပေါက်ကွဲထွက်နေသည်။
အခြား အလင်းတန်းတစ်ခုမှာမူ အလွန်ပင် ပူပြင်းလှသည်။ ခဏမျှ ပတ်ဝန်းကျင်ရှိ လူအုပ်ကြီးမှာ ထိတ်လန့်သွားကြသည်။
"ဒါက ကျင်းယွမ်ဂိုဏ်းရဲ့ ဂိုဏ်းချုပ် ဂျိနဲ့ ဖန်ရှန်းဂူရဲ့ ဂူသခင် ယွမ် မဟုတ်လား..... ဘာတွေဖြစ်နေတာလဲ..... ဘာလို့ ရုတ်တရက် တိုက်ခိုက်နေကြတာလဲ.........."
ဤစကား ထွက်လာသည်နှင့် တစ်ခွင်လုံး တုန်လှုပ်သွားတော့သည်။ ကျင်းယွမ်ဂိုဏ်း တပည့်တစ်ဦးက နှာခေါင်းရှုံ့ကာ အေးစက်စွာ ရှင်းပြလိုက်သည်။ "ဖန်ရှန်းဂူက လူတွေက ကိုယ့်သေတွင်းကိုယ် တူးနေကြတာလေ၊ သူတို့ သေဖို့ လမ်းစ ရှာတွေ့သွားပြီ..."
လူအုပ်ကြီးမှာ ဆူညံသွားတော့သည်။ အခြေအနေမှာ အထက်လမ်းဂိုဏ်းများမှ ဆရာကြီးများပင် ထိန်းချုပ်၍ မရနိုင်တော့ပေ။ တစ်စုံတစ်ယောက်၏ ရှင်းပြချက်ကြောင့် ထိုနေရာရှိ လူတိုင်းမှာ ဘာဖြစ်ခဲ့သည်ကို နားလည်သွားကြသည်။
"တောက်....."
"ဖန်ရှန်းဂူက လူတွေက တကယ်ပဲ သေချင်နေတာလား..."
လူအုပ်ကြီးမှာ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။ သူတို့၏ ဂိုဏ်းချုပ် အသစ် စတက်ရုံရှိသေးသည်၊ ဖန်ရှန်းဂူက မျက်နှာမပေးရုံတင်မကဘဲ ဒီလောက်အထိ မဆင်မခြင် လုပ်ရဲသည်လား..........
သူတို့က တကယ်ပဲ ထိုက်ကျင်းအဆင့်ကို ချိုးဖြတ်နိုင်တာက အံ့သြစရာလို့ ထင်နေကြတာလား.....
ရောက်ရှိနေသူအားလုံး မော့ကြည့်လိုက်ကြရာ ကောင်းကင်ယံတွင် ရင်ဆိုင်နေကြသော ပုံရိပ်နှစ်ခုကို တွေ့လိုက်ရသည်။ မမြင်နိုင်သော ဖိအားများ ကျဆင်းလာရာ လူတိုင်းမှာ ခံရခက်သွားကြသည်...။
"ဝူး....."
တောက်ရွှမ်းသည် သူ၏လက်ကို အသာအယာ မြှောက်လိုက်သည်။
ထိုက်ကျင်းအဆင့်၏ အငွေ့အသက်မှာ တိုက်ရိုက် ပြန့်နှံ့သွားပြီး ဂျိချန်းဖန်နှင့် တစ်ဖက်လူထံမှ ဖိအားများကို တားဆီးပေးလိုက်ရာ လူတိုင်းမှာ အသက်ရှူ ချောင်သွားကြတော့သည်...။
ဂျိချန်းဖန်သည် ကျူးရှန်းကို ကိုင်စွဲထားသည်။
သူသည် လက်များကို နောက်ပစ်ကာ ကောင်းကင်ယံတွင် ရပ်တန့်နေသည်။ သူ၏ တာအိုဝတ်စုံမှာ လွင့်ပျံနေပြီး သူ၏ ကိုယ်နေဟန်ထားမှာ မတ်မတ်ရှိကာ မျက်ဝန်းများမှာလည်း တောက်ပနေသည်။ ထက်မြက်လှသော ဓားဆန္ဒမှာ ကောင်းကင်သို့ ထိုးတက်နေပြီး သူ၏ အငွေ့အသက်မှာလည်း သက်တန့်တစ်ခုအလား...
"ဂျူနီယာလေး..... မင်းက ငါ့ရဲ့ရှေ့မှာ ဒီလောက်အထိ မောက်မာရဲတယ်ပေါ့.........." ယွမ်ယီလန်၏ အနီရောင်ဝတ်စုံမှာ တလွင့်လွင့် ဖြစ်နေပြီး သူသည် ဂျိချန်းဖန်ကို ကြောက်မက်ဖွယ် အကြည့်ဖြင့် ကြည့်နေသည်။
"ဟက်....."
ဂျိချန်းဖန်က လှောင်ပြောင်လိုက်သည်။
သူသည် ယွမ်ယီလန်ကို အေးစက်စွာ ကြည့်လိုက်ပြီး သူ၏ဓားကို ဖြည်းဖြည်းချင်း မြှောက်ကာ စကားတစ်ခွန်းတည်းသာ ပြန်ပြောလိုက်၏။
"ဒီဓားတစ်ချက် ပြီးသွားရင်..."
"မင်း တစ်ခုကို နားလည်သွားလိမ့်မယ်....."
"ထိုက်ကျင်းအဆင့် ဆိုတာ ငါ့ကိုတွေ့ဖို့ ဝင်ပေါက်အဆင့်ပဲ ရှိသေးတာ....."
***