ယွီချင်းခန်းမအတွင်း...
အထက်လမ်းဂိုဏ်းမှ လူအားလုံး ဤနေရာသို့ ပြန်လည်ရောက်ရှိလာကြပြီ ဖြစ်သည်။
သူတို့သည် စုဝေးကာ စကားစမြည်ပြောဆိုခြင်းနှင့် တာအို ဆွေးနွေးခြင်းများ ပြုလုပ်ကြနေသည်။
၎င်းတွင် ကျင်းယွမ်ဂိုဏ်းမှ တောင်ထိပ်သခင် အမျိုးမျိုးနှင့် ဂိုဏ်းအသီးသီးမှ ထူးချွန်သော တပည့်များလည်း ပါဝင်နေကြသည်။
ဤအခိုက်အတန့်တွင် အထက်လမ်းဂိုဏ်းမှ လူများစွာသည် ဂျိချန်းဖန်နှင့် လာရောက်စကားပြောကြရာ သူကလည်း အားလုံးကို ပြုံးရွှင်စွာ ပြန်လည်နှုတ်ဆက်ပြီး လူတိုင်းကို အလေးထားကြောင်း မျက်နှာသာ ပေးလိုက်သည်။
ဘာပဲဖြစ်ဖြစ် ဤလူများသည် အနာဂတ်တွင် တစ်ယောက်နှင့်တစ်ယောက် ထိတွေ့ဆက်ဆံရဦးမည် မဟုတ်ပါလား။
ကြိုတင်မိတ်ဆက်ထားခြင်းမှာလည်း သင့်တော်လှပေသည်။
နေဝင်ပျိုးပြ အချိန်ရောက်သည်အထိ...
ဤခမ်းနားလှသော တာအိုဆွေးနွေးပွဲမှာ ဖြည်းဖြည်းချင်း ပြီးဆုံးသွားတော့သည်။
အထက်လမ်းဂိုဏ်းမှ လူများစွာသည် နှုတ်ဆက်ရန် ထရပ်ကြပြီး သူတို့၏ တပည့်များကို ဦးဆောင်ကာ ကျင်းယွမ်ဂိုဏ်းမှ ထွက်ခွာသွားကြသည်...။
ထျန်းယင်းဘုရားကျောင်းမှ လူများသည်လည်း ချွင်းချက်မဟုတ်ပေ။
သို့သော် သူတို့ ထွက်ခွာတော့မည့်ဆဲဆဲတွင်...
ဂျိချန်းဖန်က သူတို့ကို ရပ်တန့်ရန် ရုတ်တရက် လှမ်းပြောလိုက်သည်။
"ကျောင်းထိုင်ဆရာတော် ပူဟုန်... ခဏလောက် နေပါဦး.....”
ဤစကား ထွက်လာသည်နှင့်တစ်ပြိုင်နက်...
ထျန်းယင်းဘုရားကျောင်းမှ လူများမှာ အနည်းငယ် တုံ့ဆိုင်းသွားကြသည်။
သူတို့ကို ဦးဆောင်လာသော ကျောင်းထိုင်ဆရာတော် ပူဟုန်သည် ဇဝေဇဝါဖြင့် လှည့်ကြည့်လိုက်ပြီး လက်ဝါးနှစ်ဖက်ကို စိကာ "အောမိတောဖော်... ဂိုဏ်းချုပ် ဂျိက ဘာကြောင့် ဒီရဟန်းကို ရပ်ခိုင်းရတာလဲဆိုတာ သိပါရစေ.........." ဟု ခပ်တိုးတိုး မေးလိုက်၏။
ဂျိချန်းဖန်က ခဏမျှ စဉ်းစားလိုက်ပြီး "နောက်ရက်အနည်းငယ်အတွင်းမှာ ကျွန်တော်ကိုယ်တိုင် လင်းကျင်းယွီကို ခေါ်ပြီး လွန်ခဲ့တဲ့ ဆယ့်ငါးနှစ်က ကံကြမ္မာအကြွေးတွေကို ဖြေရှင်းဖို့ ထျန်းယင်းဘုရားကျောင်းကို လာခဲ့ပါ့မယ်" ဟု ပြောလိုက်သည်။
ဤစကား ထွက်လာသည်နှင့်...
ပတ်ဝန်းကျင်ရှိ လူအုပ်ကြီးမှာ အနည်းငယ် မှင်တက်သွားကြသည်။
လင်းကျင်းယွီသည် ခန်းမ၏ ဘေးတွင် ဓားအရှည်ကို ကိုင်ကာ ခေါင်းငုံ့လျက် တိတ်ဆိတ်စွာ ရပ်နေသည်။ သူသည် စကားတစ်ခွန်းမှ မပြောပေ။
ဆယ်နှစ် ကြာပြီးနောက်...
သူသည် အချို့သောအရာများကို လက်လွှတ်ရန် အဆင်သင့် ဖြစ်နေပြီ ဖြစ်သည်။
သို့သော် လက်လွှတ်လိုက်သည်ဆိုသော်လည်း...
အတွင်းစိတ်ထဲမှ ကံကြမ္မာအကြွေးများကိုတော့ ဖြေရှင်းရန် လိုအပ်သေးသည် မဟုတ်ပါလား.....
"အောမိတောဖော်..... အပြစ်ပါပဲ၊ အပြစ်ပါပဲ....." ကျောင်းထိုင်ဆရာတော် ပူဟုန်သည် တရားစာများကို ခပ်တိုးတိုး ရွတ်ဆိုလိုက်သည်။ သူ၏ အမူအရာမှာ နောင်တရနေဟန် ပေါ်သော်လည်း စိတ်သက်သာရာ ရသွားသည့် အသွင်လည်း ရှိနေ၏။
ဤ ကံကြမ္မာအကြွေးကိုသာ... ဖြေရှင်းနိုင်မည်ဆိုပါက...
၎င်းမှာ အကောင်းဆုံး ဖြစ်လိမ့်မည်မှာ သဘာဝကျလှပေသည်။
"ဒါဆိုရင်တော့ ဒီရဟန်းက ဂိုဏ်းချုပ် ဂျိ ရောက်လာမှာကို ထျန်းယင်းဘုရားကျောင်းမှာ တိတ်တဆိတ် စောင့်ကြိုနေပါ့မယ်" ဟု ကျောင်းထိုင်ဆရာတော် ပူဟုန်က အနည်းငယ် ဦးညွှတ်ကာ ပြောလိုက်သည်။
ဂျိချန်းဖန်သည် လူအများရှေ့တွင် ဤ ကံကြမ္မာအကြွေးကို ဖြေရှင်းလိုခြင်းမှာ အမှန်တကယ်တော့ ထျန်းယင်းဘုရားကျောင်းကို မျက်နှာသာ ပေးလိုက်ခြင်းပင် ဖြစ်သည်။ အစောပိုင်းက သူတို့အတွက် ကျောင်းထိုင်ဆရာတော်က ရှေ့ထွက်ပြောပေးခဲ့ခြင်းကြောင့်လည်း ဖြစ်နိုင်သည်...။
အမှန်တကယ်တွင်မူ ထိုသို့မဟုတ်ပေ။
ဂျိချန်းဖန်သည် ထျန်းယင်းဘုရားကျောင်းမှ ကောင်းကင်ကျမ်းကိုသာ စိတ်ဝင်စားခြင်း ဖြစ်သည်။
သေချာသည်မှာ...ကျောင်းထိုင်ဆရာတော် ပူဟုန်၏ စေတနာကိုလည်း... သူက ငြင်းပယ်ရန် မရွေးချယ်ခဲ့ပေ။
မကြာမီမှာပင်...
ယွီချင်းခန်းမအတွင်း စုဝေးနေသော အထက်လမ်းဂိုဏ်းမှ လူအားလုံး ထွက်ခွာသွားကြပြီး ခန်းမထဲတွင် ကျင်းယွမ်ဂိုဏ်းမှ တောင်ထိပ်သခင်များနှင့် ထူးချွန်သော တပည့်များသာ ကျန်ရစ်တော့သည်...။
မှောင်ရီမပျိုးမီ...
ဂိုဏ်းချုပ်ဟောင်း ဖြစ်သူ တောက်ရွှမ်းသည် ဂိုဏ်းချုပ်ဆက်ခံပွဲ၏ နောက်ဆုံးအပိုင်းကို ပြုလုပ်ရန် လူတိုင်းကို ဘိုးဘေးသင်္ချိုင်း ရှိရာသို့ ခေါ်ဆောင်သွားတော့သည်.....
၎င်းမှာ ကျင်းယွမ်ဂိုဏ်း၏ ဘိုးဘေးဆရာကြီးများအား အမွှေးတိုင် ထွန်းညှိပူဇော်ခြင်းပင် ဖြစ်သည်။
ဤအပိုင်းမှာ အလွန်ပင် လျင်မြန်စွာ ပြီးဆုံးသွားပြီး ထူးခြားသော ဖြစ်ရပ်မျိုး မရှိခဲ့ပေ။
ဝမ်ကျန့်ယီနှင့် ချန်းစုန်းတို့သည် သတင်းကို ကြိုတင်ရရှိထားသဖြင့် ဘိုးဘေးသင်္ချိုင်းမှ ကြိုတင်ထွက်ခွာသွားကြပြီး လမင်းဂူထဲတွင် ပုန်းအောင်းနေကြသည်...။
ဂိုဏ်းချုပ်ဆက်ခံပွဲ၏ နောက်ဆုံးအပိုင်း ပြီးဆုံးသွားသည်နှင့်...
လူတိုင်း ယွီချင်းခန်းမသို့ ပြန်လာကြသည်။
ဂျိချန်းဖန်သည် 'ဂိုဏ်းချုပ်' ရာထူးကို ကိုယ်စားပြုသော နေရာတွင် တည်ငြိမ်စွာ ထိုင်လိုက်သည်။
ဤအခိုက်အတန့်တွင်...
သူသည် စစ်မှန်သော ကျင်းယွမ်ဂိုဏ်း ဂိုဏ်းချုပ် ဖြစ်သွားပြီ ဖြစ်သည်။
ဂျိချန်းဖန်သည် ကောင်းကင်ယံကို တစ်ချက်ကြည့်လိုက်သည်။ သူသည် အရေးကြီးသော ကိစ္စအချို့ကို ဆွေးနွေးရန် မူလက စီစဉ်ထားသော်လည်း ယခုမူ အချိန်မလုံလောက်တော့သည်မှာ ထင်ရှားနေသည်။
သူသည် ခဏမျှ စဉ်းစားလိုက်သည်။
ထို့နောက် ပတ်ဝန်းကျင်ရှိ တောင်ထိပ်သခင်များကို ကြည့်ကာ ခပ်တိုးတိုး ပြောလိုက်၏။ "စီနီယာဦးလေးတို့... အခုဆိုရင် အချိန်လည်း နောက်ကျနေပြီဆိုတော့ အရင်ဆုံး ကိုယ့်တပည့်တွေကို ခေါ်ပြီး အနားယူဖို့ ပြန်ကြပါဦးလား....."
"တခြားကိစ္စတွေကိုတော့ မနက်ဖြန်မှ ဆွေးနွေးကြတာပေါ့.....”
ထိုအရာကို ကြားလိုက်ရသောအခါ...
တောင်ထိပ်သခင်များက သဘောတူကာ ခေါင်းငြိမ့်လိုက်ကြသည်။
သူတို့သည် နေရာမှ ထရပ်ကြပြီး သူတို့၏ တပည့်များကို ခေါ်ကာ ထုံထျန်းတောင်ထိပ်မှ ထွက်ခွာသွားကြတော့သည်။
ဘာပဲဖြစ်ဖြစ် သူတို့သည် တစ်နေကုန် အလုပ်ရှုပ်နေခဲ့ကြသည် မဟုတ်ပါလား။
တစ်နေကုန် ဘာမှမစားရသေးသည့် သူများလည်း ပါသည်။
"ရွယ်ချီ... သွားရအောင်.....” ဂရန်းမာစတာ ရွယ်ယွဲ့က အနောက်ကို အနည်းငယ် လှည့်ကြည့်လိုက်သည်။
သူမ၏ အနောက် မလှမ်းမကမ်းတွင်...
လုရွယ်ချီသည် ဂျိချန်းဖန်ကို မခွဲချင်သကဲ့သို့ ကြည့်နေသည်။ ယနေ့တွင် သူမသည် သူနှင့် စကားပြောရန် အခွင့်အရေး လုံးဝမရခဲ့ပေ။
ဒါကို မြင်လိုက်ရသောအခါ...
ဂျိချန်းဖန်က သူမ၏ အကြည့်ကို ပြန်လည်တုံ့ပြန်လိုက်သည်။
မနက်ဖြန်တွင် တွေ့ဆုံနိုင်သေးကြောင်း၊ အလျင်လိုစရာ မလိုကြောင်း အရိပ်အယောင် ပြလိုက်ခြင်း ဖြစ်သည်.....
ဘာပဲဖြစ်ဖြစ် ယခု သူက ကျင်းယွမ်ဂိုဏ်း ဂိုဏ်းချုပ် ဖြစ်နေပြီဖြစ်ရာ ရှောင်ကျူးတောင်ထိပ်တွင် တိတ်တဆိတ် ဆက်လက်တွေ့ဆုံရန်မှာ မသင့်တော်တော့ပေ။
လုရွယ်ချီသည် နှုတ်ခမ်းကို အနည်းငယ် စေ့လိုက်သည်။
သူမသည် နောက်ဆုံးတွင် ဂရန်းမာစတာ ရွှယ်ယွဲ့နောက်သို့ လိမ္မာပါးနပ်စွာ လိုက်ပါသွားပြီး ထွက်ခွာသွားတော့သည်။
ကျင့်ပင်အာမှာလည်း ထျန်းလင်းအာ၏ ဆွဲခေါ်မှုကြောင့် တာ့ကျူတောင်ထိပ်တွင် ဧည့်သည်အဖြစ် သွားရောက်နေထိုင်ရတော့သည်။
ယွီချင်းခန်းမအတွင်းရှိ လူအားလုံး ထွက်ခွာသွားကြသည်။
ဂိုဏ်းချုပ်ဟောင်း တောက်ရွှမ်းသည်လည်း ဘိုးဘေးသင်္ချိုင်းသို့ သွားကာ ဝမ်ကျန့်ယီတို့နှင့်အတူ အရက်သောက်ခြင်း၊ စစ်တုရင်ကစားခြင်းနှင့် ကြွားလုံးထုတ်ခြင်းများ ပြုလုပ်ရန် ထွက်သွားတော့သည်။
ရုတ်တရက်...
ဗလာကျင်းနေသော ခန်းမကြီးထဲတွင် ဂျိချန်းဖန် တစ်ယောက်တည်းသာ ကျန်ရစ်တော့သည်။
သူသည် ခဏမျှ စဉ်းစားလိုက်ပြီးနောက် နေရာမှ ထရပ်ကာ ယွီချင်းခန်းမမှ ထွက်ခွာလာခဲ့သည်။ သူသည် ရှောင်ပိုင် နေထိုင်ရာ ခြံဝင်းဆီသို့ ဦးတည်လိုက်၏။
"ဂါရဝပြုပါတယ် ဂိုဏ်းချုပ် ....."
လမ်းတစ်လျှောက်တွင် ထုံထျန်းတောင်ထိပ် တပည့်များသည် သူ့ကို မြင်သောအခါ ဦးညွှတ်နှုတ်ဆက်ကြသည်။
ဂျိချန်းဖန်က အသာအယာ ခေါင်းငြိမ့်ပြလိုက်သည်။
သူသည် ရှောင်ပိုင် နေထိုင်ရာ ခြံဝင်းအပြင်ဘက်သို့ ရောက်ရှိလာပြီး တံခါးမခေါက်တော့ဘဲ ခြံဝင်းအတွင်းသို့ တိုက်ရိုက် ကိုယ်ယောင်ဖျောက် ဝင်ရောက်လိုက်သည်။
"ချွင် ....."
အရက်ခွက်မှာ စားပွဲပေါ်သို့ ကျရောက်သွားပြီး...
ကြည်လင်သော အသံတစ်ခု ထွက်ပေါ်လာသည်။
ပတ်ဝန်းကျင်ကို ကြည့်လိုက်လျှင် ဝတ်စုံဖြူနှင့် အမျိုးသမီးတစ်ဦး ကျောက်စားပွဲရှေ့တွင် ပေါ့ပေါ့ပါးပါး ထိုင်နေသည်ကို တွေ့ရသည်။ သူမ၏ ကိုယ်နေဟန်ထားမှာ သွယ်လျလှပပြီး နှင်းကဲ့သို့ ဖြူဖွေးသော ဆံနွယ်များမှာ ပခုံးပေါ်သို့ ဝဲကျနေ၏။ သူမ၏ ဆွဲဆောင်မှုရှိသော မျက်ဝန်းများမှာလည်း အဆုံးစမဲ့သော ဆွဲဆောင်မှုများဖြင့် ပြည့်နှက်နေသည်...။
"ရောက်လာပြီလား....."
ရှောင်ပိုင်က လှည့်ကြည့်ကာ ပြုံးပြလိုက်သည်။
သူမ၏ ပါးပြင်များမှာ အနည်းငယ် နီမြန်းနေပြီး သူမ၏ မျက်ဝန်းများတွင်လည်း အနည်းငယ် မူးယစ်နေသော အရိပ်အယောင်များ ရှိနေသည်။ သူမသည် ဂျိချန်းဖန် ရောက်လာမည်ကို ကြိုတင်သိနေသည့်အလား...
၎င်းကို မြင်လိုက်ရသောအခါ...ဂျိချန်းဖန်သည် မျက်ခုံးအနည်းငယ် ပင့်လိုက်သည်။
သူသည် ရှောင်ပိုင်၏ ဘေးတွင် ပေါ့ပေါ့ပါးပါး ထိုင်လိုက်ပြီးနောက် အရက်ခွက်တစ်ခု ထုတ်ကာ မိမိဘာသာ အပြည့် ငှဲ့လိုက်သည်။
"ငါ့ကို မခေါ်ဘဲ အရက်သောက်နေတာလား....." ဂျိချန်းဖန်က အနည်းငယ် မကျေမနပ် ပြောလိုက်သည်။
"ရှင် အရမ်းအလုပ်ရှုပ်နေတာ မဟုတ်လား ....." ရှောင်ပိုင်က အနည်းငယ် မူနွဲ့စွာ ပြောလိုက်သည်။ သူမ၏ လှပသော မျက်နှာမှာ အနည်းငယ် နီမြန်းနေပြီး သူမ၏ ဆွဲဆောင်မှုရှိသော မျက်ဝန်းများက သူမရှေ့ရှိ လူငယ်လေးကို စိုက်ကြည့်နေ၏။
ဂျိချန်းဖန်သည် အနည်းငယ် မှင်တက်သွားရသည်။
"မင်း မူးနေတာလား....."
"ဟင့်အင်း.....”
ရှောင်ပိုင်က အသာအယာ ခေါင်းခါလိုက်သည်။
သူမသည် အရက်ခွက်ကို မကာ တစ်ကျိုက်တည်း သောက်ချလိုက်သည်။
ထို့နောက် ဂျိချန်းဖန် တုံ့ပြန်ရန် အချိန်မရမီမှာပင်...
သူမသည် ဂျိချန်းဖန်၏ အရက်ခွက်ကို လုယူကာ တိုက်ရိုက် မော့သောက်လိုက်တော့သည်...။
"ဂလု ဂလု ....."
အရက် အချို့မှာ ရှောင်ပိုင်၏ သွယ်လျသော လည်ပင်းမှတစ်ဆင့် စီးကျသွားပြီး သူမ၏ အဝတ်အစားများထဲသို့ စိမ့်ဝင်ကာ ရင်ဘတ်အရှေ့ပိုင်းကို အနည်းငယ် စိုစွတ်သွားစေသည်။
"ဘုန်း ....."
ရှောင်ပိုင်သည် အရက်ခွက်ကို ချလိုက်သည်။
သူမ၏ ပါးပြင်များမှာ ပို၍ နီမြန်းလာသည်။
သူမ၏ ဆွဲဆောင်မှုရှိသော မျက်ဝန်းများမှာလည်း ဝေဝါးသော ဆွဲဆောင်မှုများဖြင့် ပြည့်နှက်နေတော့သည်။
ရှောင်ပိုင်သည် သူမ၏ လက်မောင်းကို ဂျိချန်းဖန်၏ ပခုံးပေါ်သို့ ပေါ့ပေါ့ပါးပါး တင်လိုက်ပြီး ယိမ်းထိုးနေသော သူမ၏ ခန္ဓာကိုယ်ကို သူ့အပေါ်သို့ မှီတွဲလိုက်သည်။ ထို့နောက်...
သူမသည် လက်ကို ဆန့်ထုတ်ကာ ဂျိချန်းဖန်၏ မေးစေ့ကို မော့လိုက်ပြီး နှုတ်ခမ်းကို အနည်းငယ် စေ့ကာ ပြောလိုက်၏။
"ဂျိချန်းဖန်... ကျွန်မ လှတယ်လို့ ရှင် ထင်သလား....."
သူသည် မတတ်သာဘဲ ပြုံးလိုက်ပြီး ရှောင်ပိုင်၏ ယိမ်းထိုးနေသော ခန္ဓာကိုယ်ကို ထိန်းမပေးရင်း အမှန်အတိုင်း ပြောလိုက်၏။ "လှပါတယ်.....”
"ကောင်းပြီ.....”
ရှောင်ပိုင်က ခေါင်းငြိမ့်လိုက်သည်။ သူမသည် ဂျိချန်းဖန်ကို အလွန်လေးနက်စွာ ကြည့်ရင်း တည်ငြိမ်သော လေသံဖြင့် ပြောလိုက်၏။
"ဒါဆိုရင်... ရှင် ကျွန်မကို ချစ်လား....."
"ဒါက ဘာကို ဆိုလိုတာလဲ....." ဂျိချန်းဖန်သည် မျက်ခုံးအနည်းငယ် ပင့်လိုက်သည်။
ရှောင်ပိုင်သည် သူမ၏ ဖြူလွသော လည်ပင်းကို နောက်သို့ ပစ်လိုက်ပြီးနောက် ကိုယ်ကို လှည့်ကာ ဂျိချန်းဖန်၏ ပေါင်ပေါ်သို့ ခွထိုင်လိုက်သည်။ သူမသည် သူမ၏ လက်မောင်းများကို သူ၏လည်ပင်းတွင် ရစ်ပတ်ထားရင်း ပြောလိုက်၏။
"ကြားတဲ့အတိုင်းပဲ....."
ဒါကို ကြားလိုက်ရသောအခါ ဂျိချန်းဖန် တိတ်ဆိတ်သွားရသည်။
သူသည် ရှောင်ပိုင်၏ နှလုံးသားမှာ သူမ၏ အပေါ်ယံ ပုံစံကဲ့သို့ တည်ငြိမ်မနေကြောင်း ခံစားမိသည်။ အဘယ်ကြောင့်ဆိုသော်...
သူမ တုန်ယင်နေသည်ကို သူ ခံစားလိုက်ရသောကြောင့်ပင်။
ဟဲဟဲ ..... လူသစ်လေးပါလား။
"မြန်မြန် ဖြေစမ်းပါ....." ရှောင်ပိုင်က ခပ်ဆိုးဆိုး ပြောလိုက်သည်။
သူမ၏ လှပသော မျက်နှာမှာ အနည်းငယ် နီမြန်းနေပြီး သူမ၏ နှလုံးခုန်သံမှာလည်း မြန်နေသည်။ ဂျိချန်းဖန် ပြောသကဲ့သို့ပင် သူမသည် သူမ၏ အပေါ်ယံ ပုံစံကဲ့သို့ တည်ငြိမ်မနေပေ။ ဆန့်ကျင်ဘက်အနေဖြင့် သူမသည် အလွန်အမင်း ရှက်ရွံ့နေခြင်း ဖြစ်သည်...။
"ငါလည်း မင်းကို ချစ်ပါတယ်.....”
...
***