"ကျဲခယ် အဖွဲ့က တကယ်ကို မောက်မာတာပဲ။ စုကျဲက ပိုတောင် မောက်မာသေးတယ်။ သူ့ကို အရှေ့တောင်အာရှရဲ့ ဇာဘုရင် ၊ ကြီးမြတ်တဲ့ အာဏာရှင်လို့ ခေါ်ကြတာ အံ့ဩစရာ မရှိတော့ပါဘူး”
သုံ့ပန်းများ ပြသနေသည့် မြင်ကွင်းကို ကြည့်ရင်း ဂျီအိုဗန်နီက စုကျဲကို စိတ်ထဲမှ မကျေမနပ် ရေရွတ်လိုက်မိသည်။ ၂၁ ရာစုသို့ ရောက်နေပြီဖြစ်သော်လည်း ကျဲခယ်အဖွဲ့က သုံ့ပန်းများကို လမ်းလျှောက်ပြသည့် ပဒေသရာဇ်ခေတ်က အလေ့အကျင့်များကို လုပ်ဆောင်နေခြင်းကို သူ မနှစ်မြို့ပေ။
အကယ်၍ ဤနေရာတွင်သာ မင်မင်းဆက်က ဝူမင် တံခါးကြီး ရှိနေမည်ဆိုလျှင် စုကျဲသည် ရန်သူ့ခေါင်းဆောင်ကို ထိုတံခါးဝတွင် ကွပ်မျက်ပြပြီး တခြားသူများ ကြောက်ရွံ့သွားအောင် လုပ်ပြဦးမည်မှာ သေချာသည်ဟု ဂျီအိုဗန်နီ တွေးလိုက်မိသည်။
ထိုသို့ မကျေမနပ် တွေးနေသော်လည်း သုံ့ပန်းပြသပွဲ၏ အကျိုးသက်ရောက်မှုက အလွန် ထိရောက်ကြောင်း ဂျီအိုဗန်နီ ဝန်ခံရပေမည်။ နေရာရှိ လူအားလုံးသည် စိတ်အားထက်သန်နေကြပြီး အိန္ဒိယ သုံ့ပန်းများကို လှောင်ပြောင်ရယ်မောကာ ဓာတ်ပုံရိုက်နေကြသည်။ ထို့ကြောင့် ပြည်သူများ၏ ကျဲခယ်အဖွဲ့အပေါ် ထောက်ခံအားပေးမှုမှာ သိသိသာသာ မြင့်တက်လာမည်မှာ မြေကြီးလက်ခတ် မလွဲပေ။
ဂျီအိုဗန်နီသည် လူအုပ်ကြီးကို ကြည့်လိုက်ပြီးနောက် ခမ်းနားထည်ဝါသော မျိုစင်္ကြာ အတန်းအစား ရေနက်ပိုင်း ခရူဇာစစ်သင်္ဘောကြီးများကို ကြည့်ရန် မှန်ပြောင်းကို ကောက်ကိုင်လိုက်သည်။ ကျဲခယ်အဖွဲ့၏ လုပ်ရပ်များမှာ မည်မျှပင် ဆိုးရွားသည်ဖြစ်စေ၊ အနောက်နိုင်ငံများက သူတို့ကို ကမ္ဘာကြီး၏ ကင်ဆာအကျိတ်ဟု သတ်မှတ်သည်ဖြစ်စေ၊ သူတို့တွင် မောက်မာခွင့် ရှိကြောင်းကိုတော့ ဂျီအိုဗန်နီ ငြင်းကွယ်၍ မရပေ။
မျိုစင်္ကြာ အတန်းအစား ခရူဇာစစ်သင်္ဘောကြီးများကို ကြည့်ရုံဖြင့် အချက်အချို့ကို နားလည်နိုင်သည်။ စစ်သင်္ဘောများသည် ပြင်ပပျက်စီးမှု အနည်းငယ်မျှပင် မရှိဘဲ အကောင်းပကတိအတိုင်း ရှိနေ၏။
အနောက်တိုင်း မီဒီယာများက ကျဲခယ်အဖွဲ့သည် ချုံခိုတိုက်ခိုက်မှုကြောင့်သာ အိန္ဒိယရေတပ်ကို ချေမှုန်းနိုင်ခဲ့ခြင်းဖြစ်သည်ဟု ဝါဒဖြန့်ခဲ့သော်လည်း စစ်သင်္ဘောများတွင် ထိခိုက်မှု မရှိခြင်းက ကျဲခယ်အဖွဲ့၏ ရေတပ်အင်အားမှာ အိန္ဒိယထက် အပြတ်အသတ် သာလွန်နေကြောင်း ဖော်ပြနေသည်။ သို့မဟုတ်ပါက ဤကဲ့သို့သော အခြေအနေမျိုး လုံးဝ မဖြစ်နိုင်ပေ။
"ဒီကောင် ဘယ်လောက်ကြာကြာ ဆက်ပြီး ရမ်းကားနေဦးမလဲ မသိဘူး”
ဆိပ်ခံတံတားတွင် တောင်ကြီးတစ်တောင်လို ခန့်ညားစွာ ရပ်တည်နေသော ဧရာဝတီ စစ်သင်္ဘောကြီးကို ကြည့်ရင်း ဂျီအိုဗန်နီက သက်ပြင်းချလိုက်သည်။ ကျဲခယ်အဖွဲ့သည် ယခုအခါ အရှေ့တောင်အာရှတွင် ရပ်တန့်၍ မရတော့သော အုပ်စုကြီး တစ်ခု ဖြစ်လာလေပြီ။
သို့သော် အမေရိကန်၏ လေယာဉ်တင်သင်္ဘော တိုက်ခိုက်ရေးအုပ်စုက ကျဲခယ်အုပ်စုကို လာရောက် ပိတ်ဆို့ရန် မဖြစ်နိုင်သည်ကိုလည်း သူ သိနေသည်။ အမှန်တကယ်တော့ အမေရိကန် လေယာဉ်တင်သင်္ဘော တိုက်ခိုက်ရေးအုပ်စုက လာလို့ မရတာ မဟုတ်ဘဲ မလာရဲတာ ဆိုသည့် အချက်ကိုမူ ဂျီအိုဗန်နီက သိသိကြီးနှင့် လျစ်လျူရှုထားလိုက်သည်။
ကျဲခယ်အဖွဲ့၏ သုံ့ပန်းပြသပွဲ ပြီးဆုံးသွားသောအခါ နိုင်ငံအသီးသီးမှ မီဒီယာများက ကျဲခယ်ကို ကြမ်းတမ်းသည် ၊ ရိုင်းစိုင်းသည် ၊ ရက်စက်ကြမ်းကြုတ်သည် စသော အသုံးအနှုန်းမျိုးစုံဖြင့် သတင်းရေးသား ဖော်ပြခဲ့ကြသည်။ သို့သော် အချက်တစ်ချက်မှာမူ အငြင်းပွားဖွယ်မရှိ ထင်ရှားနေသည်။
မည်သူမျှ ကျဲခယ်အဖွဲ့၏ ရေကြောင်းအင်အားကို လျစ်လျူမရှုနိုင်သလို လျစ်လျူရှုရန်လည်း မဝံ့ရဲကြတော့ပေ။ အိန္ဒိယနိုင်ငံ၏ ပင်မ ရေတပ်တပ်ဖွဲ့ ပျက်သုဉ်းသွားခြင်းသည် ကျဲခယ်အဖွဲ့ ရေတပ်၏ အင်အားကြီးမားလာမှုကို သက်သေပြလိုက်ခြင်းပင် ဖြစ်သည်။
သမိုင်းတွင် စပိန်၏ ပြိုင်ဘက်ကင်း အာမာဒါ ရေတပ်စုကို ဖျက်ဆီးခဲ့ခြင်းက ဗြိတိန် တော်ဝင်ရေတပ်၏ ကျော်ကြားမှုကို တည်ဆောက်ပေးခဲ့ပြီး နေမဝင်အင်ပါယာ ခေတ်ကို စတင်စေခဲ့သည်။ ဆူရှီးမား ရေလက်ကြားတွင် ရုရှား ဇာဘုရင်အင်ပါယာ ရေတပ်စုကို အကြီးအကျယ် အနိုင်ရမှုက ဂျပန်နိုင်ငံကို အင်အားကြီးနိုင်ငံများစာရင်းသို့ ဝင်ရောက်ခွင့်ရစေခဲ့သည်။
ဂျပန်နိုင်ငံ၏ ပူးပေါင်းရေတပ်စုအား ပစိဖိတ်သမုဒ္ဒရာထဲတွင် မြုပ်နှံခံရခြင်းကလည်း အမေရိကန်ကို ယနေ့တိုင် ကမ္ဘာ့ရေကြောင်းအာဏာရှင် ဖြစ်လာစေခဲ့သည်။
ယခုအခါ ကျဲခယ်အဖွဲ့၏ အလှည့်သို့ ရောက်ရှိလာပြီ ဖြစ်သည်။ အိန္ဒိယနိုင်ငံ၏ ကိုယ်ပိုင်ရေတပ် အရိုးစုများဖြင့် ကျဲခယ်အဖွဲ့ ရေတပ်၏ ကြောက်မက်ဖွယ်ကောင်းသော ဩဇာအာဏာကို တည်ဆောက်ပေးခဲ့သည်။ အရှေ့တောင်အာရှ၊ ဘင်္ဂလားပင်လယ်အော်နှင့် အိန္ဒိယသမုဒ္ဒရာတို့တွင် ရေကြောင်းအင်အားကြီး နိုင်ငံသစ် တစ်ခုသည် ထွန်းလင်းလာသော နေမင်းကြီးကဲ့သို့ ခွန်အားနှင့် ရည်မှန်းချက်များ အပြည့်အဝဖြင့် ပေါ်ထွက်လာနေပြီ ဖြစ်လေတော့သည်။
……………………
နံနက်ခင်း ခပ်စောစော အချိန်…
မလေးရှားနိုင်ငံ၏ နယ်စပ်တစ်လျှောက်တွင် လေးလံလှသော တင့်ကားဘီးခွေများ၏ မြေပြင်နှင့် ပွတ်တိုက်သံများမှာ ဟိန်းဟောက် ပဲ့တင်ထပ်နေပါသည်။ မလေးရှား နယ်စပ်ကင်းစခန်းတွင် တပ်စွဲထားသော စစ်သားများသည် ထိုထူးခြားသော ဆူညံသံများကြောင့် အပြင်သို့ ထွက်ကြည့်လိုက်ကြရာ သူတို့၏ မျက်လုံးများပင် ပြူးထွက်မတတ် ဖြစ်သွားစေမည့် မြင်ကွင်းတစ်ခုကို ထိတ်လန့်ဖွယ် တွေ့မြင်လိုက်ရသည်။
ထောင်ပေါင်းများစွာသော သံချပ်ကာယာဉ်များသည် ဧရာမ သံမဏိ ရေစီးကြောင်းကြီးတစ်ခုအလား တရဟော စီးဆင်းလာနေခြင်း ဖြစ်သည်။ တင့်ကားများသည် မြေပြင်ကို တုန်ခါစေသည် အထိ မောင်းနှင်လာကြပြီး နှင်းရည်များ စိုရွှဲနေသော ပေါင်းပင်များကို သူတို့၏ သံမဏိဘီးခွေများ အောက်တွင် အမှုန့်ဖြစ်သွားအောင် ကြိတ်ချေပစ်လိုက်ကြသည်။
သံချပ်ကာယာဉ်များပေါ်တွင် တပ်ဆင်ထားသော စက်သေနတ်များနှင့် တင့်ကားဖျက် ဒုံးကျည်များသည် နံနက်ခင်း နေရောင်အောက်တွင် ပြောင်လက် တောက်ပနေပေသည်။
စစ်ကြောင်းကြီး၏ နောက်တွင်မူ လက်နက်အပြည့်အစုံ တပ်ဆင်ထားသော စစ်သားများကို တင်ဆောင်လာသည့် ကားများ၊ ရိက္ခာနှင့် ထောက်ပံ့ရေးပစ္စည်း အမြောက်အမြားကို တင်ဆောင်လာသည့် ကုန်တင်ကားကြီးများက တန်းစီ၍ လိုက်ပါလာကြသည်။ ၎င်းတို့အထဲတွင် အထင်ရှားဆုံးနှင့် အရှိန်အဝါ အကြီးမားဆုံးမှာ ဆယ့်နှစ်မီတာခန့် မြင့်မားသော ပင့်ကူ ပင်မ တိုက်ပွဲဝင် စက်ရုပ်များပင် ဖြစ်ကြသည်။
၎င်းတို့သည် အခြားသော သံချပ်ကာယာဉ်များအားလုံးထက် များစွာ ပိုမို မြင့်မားကာ သံမဏိ ရေစီးကြောင်းကြီးထဲတွင် ထီးထီးကြီး ရပ်တည်နေကြသည်။ သူတို့၏ အနက်ရောင် ၂၀၃ မီလီမီတာ အမြောက်ပြောင်းဝများနှင့် ဖြူကောင်၏ ဆူးများကဲ့သို့ ထောင်ထနေသော စက်သေနတ်များ၊ အော်တို အမြောက်များမှာ မြင်တွေ့ရသူ မည်သူ့ကိုမဆို အလိုအလျောက် သွေးပျက် ထိတ်လန့်သွားစေရန် လုံလောက်လှပါသည်။
ဧရာမ သံမဏိ စစ်ကြောင်းကြီးတွင် ခြေလျင်တပ်မများ၊ သံချပ်ကာ တပ်မများ၊ စက်မှုတပ်ဆင် ပေါင်းစပ်တပ်မဟာများနှင့် စက်ရုပ် တိုက်ခိုက်ရေး တပ်မဟာများ ပါဝင်ပြီး စုစုပေါင်း အင်အားမှာ တစ်သိန်းကျော်မျှ ရှိလေသည်။ ယခု မြင်တွေ့နေရသည်မှာ ရှေ့ပြေးတပ်မများသာ ဖြစ်သော်လည်း သံမဏိ ရေစီးကြောင်းကြီး တစ်ခုလုံးမှာ ကီလိုမီတာ ဒါဇင်ပေါင်းများစွာ ရှည်လျားကာ ခမ်းနား ကြီးကျယ်လှသော စစ်အင်အားပြပွဲကြီးတစ်ခုအလား ထင်မှတ်ရပေသည်။
ဤကဲ့သို့သော တပ်ဖွဲ့တစ်ခုတည်းနှင့်ပင် ကမ္ဘာပေါ်ရှိ နိုင်ငံအများစုကို ရှင်းလင်းပစ်နိုင်သည်ဟု ပြောလျှင်ပင် ချဲ့ကားရာ မရောက်နိုင်ပေ။ ထို့ကြောင့် ဤမျှ ထိတ်လန့်ဖွယ်ကောင်းသော မြင်ကွင်းကို မြင်လိုက်ရသောအခါ မလေးရှား နယ်စပ်ကင်းစခန်းမှ စစ်သားများသည် လုံးဝ ဆွံ့အကာ အကြောက်တရားများ ဖုံးလွှမ်းသွားကြတော့သည်။
"ကျဲခယ် အဖွဲ့က တိုက်ခိုက်လာပြီဟေ့"
"မြန်မြန်... နောက်တန်းကို အကြောင်းကြား အာ... မဟုတ်သေးဘူး... မဟုတ်ဘူး... ငါတို့ အရင်ထွက်ပြေးမှ ရမယ်၊ မဟုတ်ရင် နောက်ကျသွားလိမ့်မယ်"
"ဘာလို့ ငေးကြည့်နေကြတာလဲ... ပြေးကြလေ"
မလေးရှား စစ်သားများသည် အမြီးအနင်းခံရသော ကြောင်များကဲ့သို့ ထိတ်လန့်တုန်လှုပ်နေသော မျက်လုံးများဖြင့် လှည့်ကာ ကင်းစခန်းတွင် ရပ်ထားသော ကားများဆီသို့ အပြေးအလွှား သွားရောက်ပြီး ဆုတ်ခွာ ထွက်ပြေးရန် အလုအယက် ကြိုးစားကြတော့၏။ ထိုမျှကြီးမားသော စစ်တပ်ကြီးကို စစ်သား ဒါဇင်အနည်းငယ်လောက်နှင့် မည်သို့မျှ မတားဆီးနိုင်သည်ကို သူတို့ ကောင်းစွာ သိထားကြသည်။ သူတို့တွင် အနစ်နာခံလိုသော မျိုးချစ်စိတ်ဓာတ်ထက် အသက်ရှင်လိုစိတ်က ပိုမို ကြီးစိုးနေပြီး ထွက်ပြေးခြင်းကသာ သူတို့၏ ပထမဆုံး ရွေးချယ်မှု ဖြစ်လာခဲ့သည်။
"နေဦး... အားလုံး ရပ်လိုက်စမ်း မင်းတို့က ဘာလို့ ထွက်ပြေးနေကြတာလဲ။ ကျဲခယ် အဖွဲ့က ငါတို့ကို လာတိုက်တာ မဟုတ်ဘူး”
ထိုအချိန်တွင် ကင်းစခန်းမှ အရာရှိဖြစ်သူသည် ဖုန်းခေါ်ဆိုမှုတစ်ခုကို လက်ခံရရှိပြီးနောက် အပြေးအလွှား ထွက်လာကာ စစ်သားများကို တားဆီးလိုက်ပါသည်။
"နယ်စပ်ဂိတ်ပေါက်တွေကို ဖွင့်ပေးပြီး ကျဲခယ် အဖွဲ့ရဲ့ စစ်သားတွေကို ဝင်ခွင့်ပြုဖို့ စစ်ဘက် အထက်ပိုင်းက အမိန့်ပေးထားတဲ့ သတင်းကို အခုလေးတင် လက်ခံရရှိတယ်။ မလေးရှားနဲ့ ကျဲခယ် အဖွဲ့က အခု မဟာဗျူဟာမြောက် မဟာမိတ်တွေ ဖြစ်သွားပြီ။ သူတို့က ငါတို့ရဲ့ ပြည်တွင်းရေး တည်ငြိမ်ဖို့ အတွက် ကူညီပေးဖို့ ရောက်လာတာ”
အရာရှိက အခြေအနေကို အမြန်ရှင်းပြလိုက်ရသည်။ အကြောင်းမှာ သူသာ မြန်မြန်မတားဆီးလျှင် သူ၏ စစ်သားများအားလုံး ထွက်ပြေးသွားကြမည်ဖြစ်ပြီး သူလည်း မျက်နှာပျက်ရမည် ဖြစ်သောကြောင့်ပင်။
"အာ"
"ဘာလို့ စောစောက မပြောတာလဲဗျာ”
"ငါ သိသားပဲ။ သူတို့ ခွင့်ပြုချက် ရထားလို့သာ ဒီလောက် ကြီးကြီးကျယ်ကျယ် လုပ်ရဲတာကိုး"
ထိုစကားကို ကြားလိုက်ရချိန်တွင်မှ မလေးရှား စစ်သားများအားလုံး စိတ်အေးကာ သက်ပြင်း ချနိုင်ကြတော့သည်။ သူတို့၏ စိုးရိမ်ပူပန်မှုများ လွင့်စင်သွားပြီးနောက် အရာရှိ၏ စီစဉ်မှုအောက်တွင် ကျဲခယ်အဖွဲ့၏ စစ်တပ်ကို ကြိုဆိုရန် အတွက် ဂုဏ်ပြုတပ်ဖွဲ့များကဲ့သို့ ရိုင်ဖယ်သေနတ်များကို ကိုင်ဆောင်လျက် လမ်းတစ်ဖက် တစ်ချက်စီတွင် စနစ်တကျ တန်းစီလိုက်ကြသည်။
မကြာမီတွင်ပင် သံချပ်ကာယာဉ်များသည် သူတို့ရှေ့မှ ဝုန်းခနဲ ဖြတ်မောင်းသွားကြပါသည်။ ဘီးခွေများကြောင့် လွင့်စင်လာသော ဖုန်မှုန့်များက သူတို့၏ ယူနီဖောင်းပေါ်တွင် ပေကျံသွားသော်လည်း မည်သည့် ညည်းညူမှုမျှ မရှိကြဘဲ သံချပ်ကာယာဉ်များကို အံ့ဩ ကြောက်ရွံ့စွာဖြင့်သာ ငေးကြည့်နေကြသည်။
ပင့်ကူ ပင်မ တိုက်ပွဲဝင် စက်ရုပ် ဖြတ်လျှောက်သွားသောအခါ စက်ရုပ်၏ ကျောပေါ်တွင် ထိုင်နေပြီး ဇီဝပင့်ကူ ဝတ်စုံကို ဝတ်ဆင်ထားသော မျိုးဗီဇ စစ်သည်က သူတို့ကို တစ်ချက် ဝေ့ကြည့်လိုက်ပါသည်။ ထိုအကြည့်တစ်ချက်ကပင် မလေးရှား စစ်သားများကို အထိန်းအကွပ်မဲ့စွာ တုန်ယင်သွားစေပြီး ငရဲတံခါးဝကို ဖြတ်လျှောက်သွားရသကဲ့သို့ ခံစားလိုက်ရသည်။
ဤအခိုက်အတန့်တွင် သူတို့က ကျဲခယ်အဖွဲ့နှင့် စစ်မတိုက်ရသည့်အတွက် ကျေးဇူးတင်နေမိကြ၏။ သို့မဟုတ်ပါက သူတို့နိုင်ငံ၏ စစ်အင်အားဖြင့် ဤမျှ အစွမ်းထက်သော သံမဏိစစ်တပ်ကြီးကို မည်သို့မျှ ယှဉ်ပြိုင်နိုင်မည် မဟုတ်ပေ။
ကျဲခယ် အဖွဲ့၏ သံမဏိ ရေစီးကြောင်းကြီးသည် နယ်စပ်ကို ဖြတ်ကျော်ကာ မတ်လ ၂၂ ရက်နေ့တွင် မလေးရှားနိုင်ငံ အတွင်းသို့ ခမ်းနားကြီးကျယ်စွာ ဝင်ရောက်လာခဲ့လေသည်။ မလေးရှားဘက်မှ မည်သည့် တားဆီးမှု သို့မဟုတ် ခုခံမှုမျှ မပြုလုပ်ခဲ့ဘဲ ကျဲခယ် အဖွဲ့၏ စစ်တပ်ကို ၎င်း၏ နယ်မြေအတွင်း လွတ်လပ်စွာ လှုပ်ရှားခွင့် ပြုထားခဲ့သည်။
မလေးရှား ပြည်တွင်းနှင့် ပြင်ပတွင် လူထုအမြင်များ ထကြွလာချိန်တွင် မလေးရှား သမ္မတ ဒါတူဟောက်က ပြင်ပသို့ ရှင်းလင်းပြောကြားရန် တက်ကြွစွာ ထွက်ပေါ်လာခဲ့လေသည်။
"ကျွန်တော်တို့ မလေးရှားက ကျဲခယ် အဖွဲ့နဲ့ မဟာဗျူဟာမြောက် မဟာမိတ် ဖွဲ့လိုက်ပါပြီ။ ကုန်သွယ်ရေး၊ စစ်ရေးနဲ့ နိုင်ငံရေးတွေမှာ အလွန် နီးကပ်တဲ့ ဆက်ဆံရေး တည်ဆောက်သွားမှာပါ။ ဒါကြောင့် အခု ကျဲခယ် အဖွဲ့ ဝင်ရောက်လာတာက ကျွန်တော်တို့ နိုင်ငံရဲ့ ဖိတ်ကြားချက်အရ ဖြစ်ပြီး နောင်မှာလည်း ကျွန်တော်တို့ နိုင်ငံရဲ့ စစ်ရေးဖွံ့ဖြိုးတိုးတက်မှုကို ပိုမိုကောင်းမွန်စွာ လမ်းညွှန်ကူညီပေးဖို့ အတွက် ကျဲခယ် အဖွဲ့က ကျွန်တော်တို့ နိုင်ငံမှာ တပ်စွဲထားမှာ ဖြစ်ပါတယ်”
ဒါတူဟောက်၏ ကြေညာချက်က မျှော်လင့်ထားသည့်အတိုင်း ပြည်တွင်းပြည်ပတွင် ကြီးမားသော ဂယက်ရိုက်ခတ်မှုကို ဖြစ်ပေါ်စေခဲ့လေသည်။ သူ၏ ရပ်တည်ချက်က မလေးရှားသည် ကျဲခယ် အဖွဲ့ဘက်သို့ တရားဝင် ရပ်တည်လိုက်ပြီဖြစ်ကြောင်း အပြည့်အဝ ပြသနေသောကြောင့်ပင် ဖြစ်သည်။
ထို့အပြင် ဤသည်မှာ သာမန် ယိမ်းယိုင်မှုမျိုး မဟုတ်ဘဲ မိမိနိုင်ငံ နယ်နိမိတ်အတွင်းသို့ နိုင်ငံခြား စစ်တပ် အမြောက်အမြားကို ဖိတ်ခေါ်ခြင်းဖြစ်ရာ မလေးရှားသည် ကျဲခယ် အဖွဲ့ထံ လုံးဝ လက်နက်ချ အညံ့ခံကာ ပူးပေါင်းလိုက်ပြီဖြစ်ကြောင်းကို ရည်ညွှန်းနေခြင်း ဖြစ်သည်။
ပြင်ပမှ ဝေဖန်မှုများ ပြင်းထန်သလို မလေးရှား ပြည်တွင်း၌လည်း ဆန့်ကျင်မှုများက ပို၍ပင် ကြီးမားလှသည်။ သတင်းကြားပြီးနောက် နေရာအနှံ့အပြားတွင် ဆန္ဒပြမှုများနှင့် ကန့်ကွက်ပွဲများ ပေါ်ပေါက်လာခဲ့သည်။
***