ကျဲခယ် အဖွဲ့ လှုပ်ရှားလာချိန်တွင်တော့ မိုးကြိုးပစ်သကဲ့သို့ အင်အားအပြည့်ဖြင့် လှုပ်ရှားလာခဲ့သည်။
မိစ္ဆာငှက် တိုက်လေယာဉ် အုပ်စုများ ပျံတက်သွားပြီး မလေးရှား ရေလက်ကြားကို ဖြတ်ကျော်ကာ စင်ကာပူ၏ လေတပ်နှင့် အရင်ဆုံး စတင် တိုက်ခိုက်ကြသည်။
မျှော်လင့်ထားသည့်အတိုင်းပင် ကျဲခယ် အဖွဲ့၏ လေတပ်သည် ပိုမိုများပြားသော တိုက်လေယာဉ် အရေအတွက်နှင့် သာလွန်သော စွမ်းဆောင်ရည်များဖြင့် လေကြောင်းတိုက်ပွဲတွင် လျင်မြန်စွာ အသာစီးရသွားပြီး စင်ကာပူထံမှ လေကြောင်းစိုးမိုးမှုကို တဖြည်းဖြည်း လုယူနိုင်ခဲ့သည်။
မြေပြင်တွင်လည်း ကျဲခယ် အဖွဲ့၏ အမှတ် ၅ အကြီးစား သံချပ်ကာ ပေါင်းစပ်တပ်မဟာ၊ အမှတ် ၄၂ ခြေလျင်တပ်မကြီး၊ အမှတ် ၅၉ တောင်ပေါ်တပ်မဟာ၊ အမှတ် ၁ စက်ရုပ်တိုက်ခိုက်ရေး တပ်မဟာနှင့် သက်ဆိုင်ရာ သီးခြား အင်ဂျင်နီယာ၊ အမြောက်နှင့် ကြည်းတပ် လေကြောင်းတပ်ရင်းများ ပါဝင်သော စုစုပေါင်း အင်အား သုံးသောင်းခန့်သည် စင်ကာပူ-မလေးရှား တံတားမှတစ်ဆင့် စင်ကာပူအတွင်းသို့ မည်သို့မျှ ဖုံးကွယ်ခြင်း မရှိဘဲ ခမ်းနားထည်ဝါစွာ ချီတက်ဝင်ရောက်လာကြသည်။
ရှေ့ပြေးတပ်မှာ အမှတ် ၁ စက်ရုပ်တိုက်ခိုက်ရေးတပ်မဟာ ဖြစ်သည်။ ကျဲခယ် အဖွဲ့၏ ကုန်းမြေပေါ်ရှိ အကြီးစား သံချပ်ကာ လက်ရွေးစင် တပ်ဖွဲ့အနေဖြင့် ရန်သူ့ ခံစစ်မျဉ်းများကို ထိုးဖောက်ရန် တာဝန် ပေးအပ်ခံရပြီး စင်ကာပူသို့ ပထမဆုံး ဝင်ရောက်သော ကျဲခယ် အဖွဲ့၏ တပ်ဖွဲ့များ ဖြစ်လာကြသည်။
"တပ်မှူးစုက ကျွန်တော်တို့ကို ပေးထားတဲ့ တာဝန်ကတော့ သုံးရက်အတွင်း တိုက်ပွဲကို အဆုံးသတ်ဖို့ပဲ”
အမှတ် ၁ စက်ရုပ်တိုက်ခိုက်ရေးတပ်မဟာမှူး ဟောင်ကွမ်သည် စင်ကာပူ-မလေးရှား တံတားပေါ်ရှိ စစ်တပ်နှစ်ခု၏ ရှည်လျားသော တန်းစီနေမှုများကို ကြည့်ရင်း ပြောလိုက်သည်။ တစ်ခုမှာ စင်ကာပူသို့ ဝင်ရောက်လာသော ကျဲခယ် အဖွဲ့ စစ်တပ်ဖြစ်ပြီး သူတို့၏ စစ်ဝတ်စုံများမှာ သေသပ်ခန့်ညားကာ ခြေလှမ်းများက ခိုင်မာပြီး အားပါလှသည်။
အခြားတစ်ခုမှာ စင်ကာပူမှ ဆုတ်ခွာလာသော မလေးရှား စစ်တပ်ဖြစ်ပြီး ဖိုသီဖတ်သီ ပုံစံများဖြင့် အများအပြားမှာ ဒဏ်ရာများကို သွေးစွန်းနေသော ပတ်တီးများ စည်းထားကြသည်။
တပ်ဖွဲ့နှစ်ခုသည် စင်ကာပူ-မလေးရှား တံတားပေါ်တွင် ဖြတ်သန်းသွားကြရာ တစ်ဖွဲ့က စိတ်ဓာတ် ခွန်အားများ ကောင်းကင်အထိ ထိုးတက်နေပြီး အခြားတစ်ဖွဲ့မှာမူ စိတ်ပျက်အားငယ်နေကာ စစ်တပ်ကြား ခြားနားချက်ကို ကွက်ကွက်ကွင်းကွင်း ပြသနေသည်။
ကျဲခယ် အဖွဲ့၏ စစ်သားများကို မြင်သောအခါ မလေးရှား စစ်သားများ၏ မျက်လုံးများတွင် အားကျမှုများ ပြည့်နှက်သွားကြပေသည်။
ဟောင်ကွမ်၏ ဘေးတွင် ရပ်နေသူမှာ အမှတ် ၁ စက်ရုပ်တိုက်ခိုက်ရေးတပ်မဟာ၏ သံမဏိ တပ်ရင်းမှူး ဖြစ်သလို စက်ရုပ်တိုက်ခိုက်ရေး တပ်မဟာ၏ လက်ရွေးစင် စက်ရုပ်မောင်းသူလည်း ဖြစ်သော ဗိုလ်ချုပ် ဟောင်ကူယွီ ဖြစ်သည်။
တိုက်လေယာဉ်များတွင် လက်ရွေးစင် လေသူရဲများ ရှိပြီး တင့်ကားများတွင် လက်ရွေးစင် အမှုထမ်းများ ရှိသကဲ့သို့ ဗိုလ်ချုပ် ဟောင်ကူယွီ၏ တိုက်ပွဲ မှတ်တမ်းသည် အမှတ် ၁ စက်ရုပ်တိုက်ခိုက်ရေး တပ်မဟာတွင် အကောင်းဆုံး ဖြစ်သည်။
"တပ်မဟာမှူး... သုံးရက်ဆိုတာ အရမ်းကြာမနေဘူးလား”
ဗိုလ်ချုပ် ဟောင်ကူယွီက ရယ်မောလိုက်သည်။ ဤသည်မှာ သူက မောက်မာလွန်း၍ မဟုတ်ဘဲ စင်ကာပူက တကယ်ကို သေးငယ်လွန်းသော နေရာလေးတစ်ခု ဖြစ်သောကြောင့်ပင်…။
"သုံ့ပန်းတွေ ဖမ်းရတာကလည်း အချိန်ယူရသေးတယ်လေ”
ဟောင်ကွမ်က အကြည့်လွှဲကာ ဗိုလ်ချုပ် ဟောင်ကူယွီ၏ ပခုံးကို ပုတ်လိုက်သည် - "သွားတော့... စစ်ဆင်ရေးက အခု တရားဝင် စတင်ပြီ”
"အိုကေ အဖေ... ဒီတစ်ခါ စင်ကာပူမြို့ထဲကို ကျွန်တော် အရင်ဆုံး ဝင်ပြီး အဖေ့အတွက် ဂုဏ်ယူစရာ အောင်ပွဲတွေ ယူလာခဲ့မယ်”
ဗိုလ်ချုပ် ဟောင်ကူယွီက ပြုံးဖြဲဖြဲလုပ်ကာ အနီးရှိ a-180 ပင့်ကူ ပင်မ တိုက်ပွဲဝင် စက်ရုပ်ပေါ်သို့ လျင်မြန်စွာ တက်သွားပြီး မောင်းသူ နေရာသို့ လျှောဆင်းသွားသည်။
"ဒီကောင်လေး... အလုပ်ချိန်မှာ ငါ့ကို ရာထူးနဲ့ပဲ ခေါ်ပါလို့ ပြောထားတာကို”
ဟောင်ကွမ်က ရယ်မောရင်း ကျိန်ဆဲလိုက်သည်။ စက်ရုပ်ကြီး အဝေးသို့ ပျောက်ကွယ်သွားသည်ကို ကြည့်ပြီးနောက် အနီးရှိ စစ်ဦးစီးအရာရှိ အချို့ကို ပြုံးကာ ပြောလိုက်သည်။
"ငါတို့လည်း သွားကြစို့။ တပ်မှူးစုဆီ သတင်းကောင်း မြန်မြန် ပို့ပေးနိုင်အောင် လုပ်ကြတာပေါ့”
ဧပြီလ ၁၅ ရက်နေ့။
ကျဲခယ် အဖွဲ့က စင်ကာပူကို စစ်ကြေညာပြီး စင်ကာပူသို့ တပ်များ တရားဝင် စေလွှတ်သည့် နေ့မှာပင် ကျဲခယ် အဖွဲ့၏ စစ်တပ်သည် စင်ကာပူ စစ်တပ်နှင့် လျင်မြန်စွာ ထိပ်တိုက်တွေ့ဆုံခဲ့သည်။
အကြောင်းမှာ စင်ကာပူသည် တကယ်ကို သေးငယ်လွန်းပြီး စတုရန်း ကီလိုမီတာ ရာဂဏန်းမျှသာ ရှိသဖြင့် ထောင့်ချိုး တစ်ခု ကွေ့လိုက်ရုံဖြင့် လူတစ်ယောက်နှင့် အလွယ်တကူ ဝင်တိုက်နိုင်လောက်သောကြောင့်ပင်။
ကျန်းဟွာ သဘာဝ ပန်းခြံအနီးတွင် ဖရိုဖရဲ ဆုတ်ခွာလာသော မလေးရှား စစ်တပ်သည် စင်ကာပူ၏ အမှတ် ၁ ပေါင်းစပ်တပ်မကြီး၏ လိုက်လံ တိုက်ခိုက်မှုအောက်တွင် အသက်လု ထွက်ပြေးနေကြသည်။
စင်ကာပူ စစ်တပ်ကို ပေါင်းစပ် တပ်မကြီး ၃ ခု (တပ်မကြီး တစ်ခုစီတွင် ခြေလျင်တပ်မဟာ ၂ ခု၊ စက်မှုတပ်ဆင် တပ်မဟာ ၁ ခု၊ ကင်းထောက်တပ်ရင်း ၁ ရင်း၊ အမြောက်တပ်ရင်း ၁ ရင်း၊ လေယာဉ်ပစ် အမြောက်တပ်ရင်း ၁ ရင်းနှင့် အင်ဂျင်နီယာ တပ်ရင်း ၁ ရင်း ပါဝင်သည်) နှင့် ခြေလျင်တပ်မဟာ ၃ ခု၊ စက်မှုတပ်ဆင် တပ်မဟာ ၁ ခု ပါဝင်သော အမြန် တုံ့ပြန်ရေး တပ်မကြီး ၁ ခုတို့ဖြင့် ဖွဲ့စည်းထားသည်။
သူတို့ရှေ့တွင် ပေါ်လာသော အမှတ် ၁ ပေါင်းစပ်တပ်မကြီးသည် စင်ကာပူ၏ အဓိက ပုံမှန်စစ်တပ် ဖြစ်ပြီး အင်အား တစ်သောင်းကျော်သာ ရှိသည်။
"သတ်… ဒီမလေးရှားကောင်တွေ အကုန်လုံးကို သတ်ပစ်"
"သူတို့ကို လွှတ်မပေးနဲ့ လိုက်"
"အောင်ပွဲက ကြီးမြတ်တဲ့ စင်ကာပူအတွက်ပဲ တိုက်ဟေ့"
စင်ကာပူ၏ အမှတ် ၁ ပေါင်းစပ်တပ်မကြီး၏ စိတ်ဓာတ်ခွန်အားများ အလွန် မြင့်မားနေသည်။ မလေးရှား စစ်တပ်နှင့် တိုက်ပွဲများတွင် သူတို့သည် ခိုင်မာသော ယုံကြည်မှုများကို တည်ဆောက်နိုင်ခဲ့ကြပြီ ဖြစ်သည်။
"တပ်မမှူး... ကျွန်တော်တို့ ရှေ့ဆက်တိုးလို့ မရတော့ဘူး။ ကျဲခယ် အဖွဲ့ရဲ့ စစ်တပ်က ကျွန်တော်တို့ နယ်မြေထဲ ဝင်လာပြီ။ တကယ်လို့ ကျွန်တော်တို့ ဆက်သွားရင် ကျဲခယ် အဖွဲ့နဲ့ ထိပ်တိုက်တွေ့ဖို့ အလားအလာ အရမ်းများတယ်”
အမှတ် ၁ ပေါင်းစပ်တပ်မကြီး၏ တပ်မမှူး ဝမ်ရွှေချွန်းက လိုက်လံ သတ်ဖြတ်ရန် အမိန့်ပေးနေစဉ် သူ၏ စစ်ဦးစီးအရာရှိက ကွဲလွဲသော ထင်မြင်ချက် တစ်ခုကို တင်ပြလာသည်။
"မလေးရှားရဲ့ အမှတ် ၃ ခြေလျင်တပ်မဟာက ရှေ့နားလေးမှာတင်။ သူတို့ကို ဒီအတိုင်း ထွက်ပြေးခွင့် ပေးလိုက်တော့မလို့လား”
ဝမ်ရွှေချွန်းက ထွက်ပြေးနေသော မလေးရှား စစ်သားများကို ကြည့်လိုက်သည်။ လေကြောင်း တိုက်ခိုက်မှုများတွင် မလေးရှား စစ်တပ်၏ သယ်ယူပို့ဆောင်ရေး ယာဉ်အများစု ပျက်စီးသွားခဲ့သဖြင့် ခြေလျင်စစ်သားများသာ ခြေကျင် ထွက်ပြေးနေကြရသည်။
သူတို့၏ အမှတ် ၁ ပေါင်းစပ်တပ်မကြီးတွင် စက်ယန္တရား ယာဉ်အမြောက်အမြား ရှိပြီး သူတို့၏ အမြန်နှုန်းဖြင့် ဆိုလျှင် မလေးရှား၏ အမှတ် ၃ ခြေလျင်တပ်မဟာကို လျင်မြန်စွာ ဝန်းရံကာ လုံးဝ ချေမှုန်းပစ်နိုင်လေသည်။
"ဒါပေမဲ့..."
စစ်ဦးစီးအရာရှိက ထပ်မံ ပြောဆိုရန် ကြိုးစားသော်လည်း ဝမ်ရွှေချွန်းက သူ့ကို ကြားဖြတ် ပြောလိုက်သည်။
"တော်တော့။ ဆက်ပြီး လိုက်။ ကျဲခယ် အဖွဲ့ ရောက်လာရင်တောင် ငါတို့ မတိုက်နိုင်တာမှ မဟုတ်တာ။ ငါတို့ စစ်သားတွေရဲ့ စိတ်ဓာတ်တွေ ဘယ်လောက် မြင့်မားနေလဲဆိုတာ ကြည့်လိုက်ဦး။ ရန်သူက ဘယ်လောက်ပဲ အားကောင်းနေပါစေ သူတို့ရှေ့မှာတော့ ကြောက်စရာ မလိုပါဘူး”
ဝမ်ရွှေချွန်းက ဂုဏ်ယူဝင့်ကြွားစွာ ပြောလိုက်သည်။ မကြာသေးမီက မလေးရှားအပေါ် ဆက်တိုက် အောင်ပွဲများ ရရှိခဲ့သောကြောင့် ဝမ်ရွှေချွန်းသည် စင်ကာပူ ပြည်သူအများစုကဲ့သို့ပင် ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်းနေသည့် အခြေအနေသို့ ရောက်နေလေသည်။
ဤသည်ကို အရပ်စကားဖြင့် ပြောရလျှင် အားနည်းတဲ့သူတွေကို အနိုင်ကျင့်လွန်း အားကြီးပြီး ကိုယ့်ကိုယ်ကိုယ် တကယ်ပဲ ဆရာကြီးလို့ ထင်နေခြင်းပင် ဖြစ်သည်။
ဝမ်ရွှေချွန်း၏ အမိန့်ပေးမှုအောက်တွင် စင်ကာပူ စစ်သားများသည် ပိုမို စိတ်အားထက်သန်စွာဖြင့် လိုက်လံ တိုက်ခိုက်ကြတော့သည်။
နာရီဝက်အကြာ… သစ်တောအုပ်တစ်ခု အနီးတွင် ဖြစ်သည်။
ဂျွတ် ဂျွတ်
ဖရိုဖရဲ ထွက်ပြေးနေသော မလေးရှား စစ်ပြေးများသည် အနီးရှိ သစ်တောအုပ်ထဲမှ ကြီးမားသော သစ်ပင်ကြီးများ ကျိုးပဲ့သွားသကဲ့သို့ လှုပ်ရှားမှု အသံများကို ရုတ်တရက် ကြားလိုက်ရပြီး သစ်တောအုပ်ထဲမှ ငှက်အုပ်ကြီးများ လေထဲသို့ ပျံတက်လာကာ အဆက်မပြတ် အော်ဟစ်နေပြီး အောက်သို့ ပြန်မဆင်းဝံ့အောင် ဖြစ်နေကြသည်။
မလေးရှား စစ်သားများသာမက စင်ကာပူ စစ်တပ်လည်း ရှုပ်ထွေးသွားပြီး သူတို့၏ အကြည့်များသည် သစ်တောအုပ်ဆီသို့ အလိုအလျောက် ရောက်ရှိသွားကြသည်။
ထို့နောက် မေးရိုးပြုတ်ကျမတတ် မြင်ကွင်းတစ်ခုကို သူတို့ မြင်တွေ့လိုက်ရသည်။
စိမ်းလန်းစိုပြေနေသော သစ်ပင်ကြီး တစ်ပင်သည် တဖြည်းဖြည်း လဲကျသွားပြီး ၎င်း၏ သိပ်သည်းသော သစ်ရွက်များ လေထဲတွင် လွင့်မျောနေကာ မရေမတွက်နိုင်သော သစ်ကိုင်းများ ကျိုးပဲ့သံများ ထွက်ပေါ်လာသည်။ လဲကျသွားသော သစ်ပင်ကြီး၏ နောက်ကွယ်မှနေ၍ ၁၂ မီတာ မြင့်မားသော သတ္တု မိစ္ဆာကြီး တစ်ကောင် ထွက်ပေါ်လာသည်။
လေးထပ်တိုက် အဆောက်အအုံတစ်လုံးစာနှင့် ညီမျှသော ၎င်း၏ ဧရာမ ၁၂ မီတာ အမြင့်ရှိ ခန္ဓာကိုယ် အထက်တွင် ၂၀၃ မီလီမီတာ အမြောက်ကြီး တစ်လက်၊ ၃၀ မီလီမီတာ အော်တိုအမြောက် နှစ်လက်၊ ၂၀ မီလီမီတာ အော်တိုအမြောက် လေးလက်နှင့် ၁၂.၇ မီလီမီတာ စက်သေနတ်ကြီး ရှစ်လက် တပ်ဆင်ထားသည်။ ပစ်ခတ်နိုင်သည့် လက်နက် အရေအတွက်ကပင် လူတစ်ယောက်ကို ကြက်သီး ထသွားစေရန် လုံလောက်နေသည်။
ဖရိုဖရဲဖြစ်နေသော မလေးရှား စစ်သားများဖြစ်စေ၊ စင်ကာပူ စစ်သားများဖြစ်စေ ပင့်ကူ ပင်မ တိုက်ပွဲဝင် စက်ရုပ်ကို မြင်သူတိုင်း သူတို့၏ ကျောရိုးတစ်လျှောက် စိမ့်တက်သွားသလို ခံစားလိုက်ရပြီး သူတို့၏ ရင်ထဲတွင် အကြောက်တရားများ ပေါ်ထွက်လာတော့သည်။
၎င်းသည် လူသားများက ကျားနှင့် ခြင်္သေ့ကဲ့သို့သော အစွမ်းထက် အသားစား သတ္တဝါများကို ပထမဆုံး အကြိမ် မြင်တွေ့လိုက်ရသကဲ့သို့ပင်။ ပင့်ကူ ပင်မ တိုက်ပွဲဝင် စက်ရုပ်၏ ပုံရိပ်သည် ပြိုင်ဘက်ကင်း စိတ်ပိုင်းဆိုင်ရာ ခြိမ်းခြောက်မှုကို ယူဆောင်လာပေးသည်။
စင်ကာပူ စစ်သားများကို ပိုမို ထိတ်လန့်သွားစေသည်မှာ ပထမဆုံး ပင့်ကူ ပင်မ တိုက်ပွဲဝင် စက်ရုပ် ပေါ်လာခြင်းသည် အစပြုမှု တစ်ခုသာ ဖြစ်နေခြင်းပင်။
မကြာမီ သစ်ပင်များ ပြိုလဲသံများနှင့်အတူ...
ဒုတိယမြောက်... တတိယမြောက်... စတုတ္ထမြောက်...
မိုးထိမတတ် မြင့်မားသော ပင့်ကူ ပင်မ တိုက်ပွဲဝင် စက်ရုပ်များသည် တစ်စီးပြီး တစ်စီး သစ်ပင်များကို တွန်းလှဲကာ သူတို့၏ သတ္တုခြေတံရှည် ရှစ်ချောင်းဖြင့် ချုံပုတ်များနှင့် ပေါင်းပင်များကို ဖြတ်ကျော်လျက် စင်ကာပူ အမှတ် ၁ ပေါင်းစပ်တပ်မကြီး၏ အမြင်အာရုံထဲသို့ ဝင်ရောက်လာကြသည်။ အမှတ် ၁ စက်ရုပ်တိုက်ခိုက်ရေးတပ်မဟာ တစ်ခုလုံးရှိ ပင့်ကူ ပင်မ တိုက်ပွဲဝင် စက်ရုပ် ၁၃၄ စီးစလုံး နေရာယူပြီး ဖြစ်သွားသည်။
ပင့်ကူ ပင်မ တိုက်ပွဲဝင် စက်ရုပ်များ၏ အထက်တွင် သံမဏိ တပ်ရင်းမှ မျိုးဗီဇ စစ်သည်များကလည်း တိုက်ပွဲဝင်ရန် အသင့်အနေအထားဖြင့် ရှိနေကြသည်။
ကျဲခယ် အဖွဲ့၏ အမှတ် ၁ စက်ရုပ်တိုက်ခိုက်ရေးတပ်မဟာသည် စင်ကာပူ စစ်တပ်နှင့် ပထမဆုံး အကြိမ် ထိပ်တိုက် တွေ့ဆုံလေပြီ။
"တပ်ဖွဲ့အားလုံး... လွတ်လပ်စွာ အမဲလိုက်ခွင့် ပြုတယ်”
တပ်မဟာမှူး ဟောင်ကွမ်က ရေဒီယို လိုင်းမှတစ်ဆင့် တိုက်ပွဲဝင် အမိန့်ကို ထုတ်ပြန်လိုက်သည်။
နောက်တစ်စက္ကန့်တွင် ပင့်ကူ ပင်မ တိုက်ပွဲဝင် စက်ရုပ်များသည် လှောင်အိမ်ထဲမှ လွတ်ထွက်လာသော ကျားများကဲ့သို့ တစ်စီးပြီး တစ်စီး အရှိန်တင်လာကာ လမ်းလျှောက်နေသည့် ပုံစံမှနေ၍ ပြေးလွှားနေသော ပုံစံသို့ ချက်ချင်း ကူးပြောင်းသွားကြသည်။ သူတို့၏ သတ္တုခြေတံရှည် ရှစ်ချောင်းသည် တောင်များကို ဖြတ်ကျော်ကာ တောင်ကြောများကို ဖြတ်သန်းသွားကြပြီး တင့်ကားများထက် များစွာ ပိုမို ရွေ့လျားနိုင်စွမ်း ရှိကာ လျင်မြန် သွက်လက်လှသည်။
***