ဘုန်း ဘုန်း ဘုန်း
ပင့်ကူစက်ရုပ် ရှေ့တိုးလာသည်နှင့်အမျှ ၎င်း၏ ကျောပေါ်ရှိ ၂၀၃ မီလီမီတာ အမြောက်များကလည်း စတင် ပစ်ခတ်ကြသည်။
စင်ကာပူ၏ Leopard 2 ပင်မ တိုက်ပွဲဝင် တင့်ကားတစ်စီး တိုက်ရိုက် ထိမှန်သွားပြီး ကီလိုဂရမ် တစ်ရာအလေးချိန်ရှိသော အမြောက်ကျည်သည် ချက်ချင်း ပေါက်ကွဲသွားသည်။
ကမ္ဘာပေါ်ရှိ အဆင့်အမြင့်ဆုံး တင့်ကားများထဲမှ တစ်ခုဖြစ်သော Leopard 2 ပင်လျှင် ၂၀၃ မီလီမီတာ အမြောက်ကြီးရှေ့တွင် စက္ကူခွံတစ်ခုကဲ့သို့ အလွယ်တကူ ပျက်စီးသွားရသည်။
ကြောက်မက်ဖွယ် ပေါက်ကွဲမှုက Leopard 2 တင့်ကားကို သံတိုသံစ အပုံကြီးတစ်ခုအဖြစ် တွန့်လိမ်သွားစေပြီး မရေမတွက်နိုင်သော ကျိုးပဲ့နေသော အစိတ်အပိုင်းများသည် သေမင်း၏ တံစဉ်ကဲ့သို့ ဘေးပတ်လည်ရှိ စင်ကာပူ စစ်သားများကို ရိတ်သိမ်းပစ်လိုက်ရာ မြေပြင်ပေါ်တွင် ဒဏ်ရာများကို ကိုင်လျက် အော်ဟစ်နေသော စင်ကာပူ စစ်သားများ ပြန့်ကျဲသွားတော့သည်။
၂၀၃ မီလီမီတာ ပင်မအမြောက်ကြီး၏ စွမ်းအားသည် ၁၅၅ မီလီမီတာ တွဲဆွဲအမြောက်ထက် များစွာ သာလွန်သည်။ တစ်ချက်ပစ်လိုက်ရုံဖြင့် တင့်ကားတစ်စီးမှာ အစိတ်စိတ် အမွှာမွှာ ပြိုကွဲသွားနိုင်ပြီး ၎င်း၏ အပျက်အစီးများသည် ခြေလျင်စစ်သား လူအုပ်ကြီးထဲသို့ ကျရောက်လျှင် ဆင့်ပွား ဒဏ်ရာရစေပေသည်။
စက်သေနတ်များနှင့် အော်တိုအမြောက်များကလည်း စတင် ပစ်ခတ်လာသောအခါ ပင့်ကူ ပင်မ တိုက်ပွဲဝင် စက်ရုပ်သည် ရွေ့လျား လက်နက်ကြီး စခန်း တစ်ခု အဖြစ် ပြောင်းလဲသွားကာ ၎င်း၏ သတ်ဖြတ်မှုများကို စတင်တော့သည်။
ပင့်ကူ ပင်မ တိုက်ပွဲဝင် စက်ရုပ်များနှင့် လိုက်ပါလာသော မျိုးဗီဇ စစ်သည်များသည်လည်း တစ်ယောက်ပြီး တစ်ယောက် ဆင်းသက်လာကာ ပင့်ကူ ပင်မ တိုက်ပွဲဝင် စက်ရုပ်များနှင့် ပူးပေါင်း လုပ်ဆောင်ကြရာ တိုက်ပွဲ ဖြစ်စဉ်ကို ပိုမို အရှိန်မြှင့်ပေးလိုက်သည်။
ဗိုလ်ချုပ် ဟောင်ကူယွီသည် သူ၏ a-180 ပင့်ကူစက်ရုပ်ကို မောင်းနှင်ကာ တိုက်ပွဲမြေပြင်တစ်လျှောက် ချီတက်သွားပြီး သူ၏ အနောက်တွင် အလောင်းကောင်များနှင့် ယာဉ်အပျက်အစီးများကိုသာ ချန်ရစ်ခဲ့သည်။
စင်ကာပူ စစ်တပ်၏ တင့်ကားများမှ ပစ်ခတ်သော သံချပ်ကာဖောက် ကျည်များသည် ပင့်ကူ ပင်မ တိုက်ပွဲဝင် စက်ရုပ်၏ ထူထဲသော သံချပ်ကာနှင့် ဇီဝ သံချပ်ကာပြားများကို ဖောက်ထွင်းနိုင်စွမ်း လုံးဝ မရှိကြချေ။
ခြေလျင်တပ်များ၏ တင့်ကားဖျက် ပစ်ခတ်နိုင်မှုများကိုလည်း မျိုးဗီဇ စစ်သည်များက ရက်စက်စွာ နှိမ်နင်းလိုက်မည် ဖြစ်ရာ ဗိုလ်ချုပ် ဟောင်ကူယွီကို အဟန့်အတားမရှိ ရှေ့ဆက်နိုင်စေသည်။ အလွန် တိုတောင်းသော အချိန်အတွင်းမှာပင် သူသည် စင်ကာပူ အမှတ် ၁ ပေါင်းစပ်တပ်မကြီးကို တိုက်ရိုက် ထိုးဖောက်သွားကာ တင့်ကား ၅ စီးနှင့် သံချပ်ကာယာဉ် ၁၃ စီးကို ဖျက်ဆီးပစ်ခဲ့ပြီး ခြေလျင်စစ်သား ၂၀၀ ကျော်ကို သေဆုံးဒဏ်ရာရစေခဲ့သည်။
ဤသည်မှာ ဗိုလ်ချုပ် ဟောင်ကူယွီ တစ်ဦးတည်း၏ အောင်မြင်မှုသာ ဖြစ်ပြီး အခြားသော ပင့်ကူ ပင်မ တိုက်ပွဲဝင် စက်ရုပ်များ၏ တိုက်ပွဲဝင် ရလဒ်တို့ မပါဝင်သေးချေ။
မျှော်လင့်ထားသည့်အတိုင်းပင် မိနစ်ပိုင်း အတွင်း၌ စင်ကာပူ၏ တပ်ဖွဲ့များသည် တိုက်ရိုက် ပြိုကွဲသွားတော့သည်။
အကယ်၍ မလေးရှားကို တိုက်ခိုက်နေသော စင်ကာပူ စစ်တပ်သည် ဝံပုလွေတစ်ကောင်ကို တိုက်ခိုက်နေသော ကျားတစ်ကောင်နှင့် တူသည်ဆိုပါက စင်ကာပူကို တိုက်ခိုက်နေသော ကျဲခယ် အဖွဲ့သည် ကျားတစ်ကောင်ကို တိုက်ခိုက်နေသော ဒိုင်နိုဆောကြီးနှင့် တူလေသည်။ သူတို့သည် လုံးဝ အဆင့်ချင်း မတူညီကြပေ။
“လက်နက်ချပါတယ်”
“ကျွန်တော့်ကို မပစ်ပါနဲ့… လက်နက် ချပါတော့မယ်”
စင်ကာပူ စစ်သားများသည် တစ်ယောက်ပြီး တစ်ယောက် အော်ဟစ်ကာ နေရာတွင်ပင် လက်နက်ချ အညံ့ခံခြင်း သို့မဟုတ် ချက်ချင်း အသတ်ခံလိုက်ရခြင်းများ ဖြစ်ပေါ်နေပြီး အမှတ် ၁ စက်ရုပ်တိုက်ခိုက်ရေး တပ်မဟာရှေ့တွင် လုံးဝ အားကိုးရာမဲ့ ဖြစ်နေကြသည်။
မလေးရှား စစ်တပ်ကို တိုက်ခိုက်ခြင်းမှ ရရှိလာသော သူတို့၏ ယုံကြည်မှုဆိုသည်မှာ ကျဲခယ် အဖွဲ့ကို တကယ်တမ်း ရင်ဆိုင်ရချိန်တွင် လုံးဝ တန်ဖိုးမရှိကြောင်း သက်သေပြလိုက်ပြီ ဖြစ်သည်။
"လက်နက်ချ... တစ်တပ်လုံး လက်နက်ချ”
ဝမ်ရွှေချွန်း၏ ကျောပြင်တစ်ခုလုံး ချွေးများဖြင့် ရွှဲနစ်နေသည်။ တိုက်ပွဲမြေပြင်ရှိ တစ်ဖက်သတ် သတ်ဖြတ်မှုကြီးကို ကြည့်ရင်း မိမိကိုယ်ကို ပါးရိုက်ချင်စိတ်များ ပေါက်လာကာ ဤအမိန့်ကို ခက်ခက်ခဲခဲ ထုတ်ပြန်လိုက်ရသည်။
မူလက သူ၏ စစ်တပ်သည် ကျဲခယ် အဖွဲ့နှင့် ယှဉ်ပြိုင်နိုင်စွမ်း ရှိသည်ဟု သူ ထင်ခဲ့သော်လည်း တကယ်တမ်း ကျဲခယ် အဖွဲ့နှင့် ထိပ်တိုက်တွေ့သောအခါ သူ၏ အတွေးများက မည်မျှ ရိုးအလွန်းခဲ့ကြောင်း သူ သဘောပေါက်သွားခဲ့သည်။
ပင့်ကူ ပင်မ တိုက်ပွဲဝင် စက်ရုပ်၏ ရက်စက်ပြီး ထိတ်လန့်ဖွယ်ကောင်းသော ပစ်ခတ်နိုင်စွမ်း၊ ၎င်း၏ ဖျက်ဆီး၍ မရနိုင်လောက်အောင် ခိုင်မာသော သံချပ်ကာ၊ ၎င်း၏ သွက်လက်သော တိုက်ပွဲမြေပြင် လှုပ်ရှားနိုင်စွမ်းတို့နှင့် မျိုးဗီဇ စစ်သည်များ၏ ပူးပေါင်းဆောင်ရွက်မှုတို့ ပေါင်းစပ်လိုက်သောအခါ ကုန်းမြေပေါ်တွင် လုံးဝ ယှဉ်ပြိုင်၍ မရသော တပ်ဖွဲ့ကြီး တစ်ခု ပေါ်လာတော့သည်။ ထိုကဲ့သို့ တပ်ဖွဲ့မျိုးသည် စိတ်ဆန္ဒနှင့် စိတ်ဓာတ်ခွန်အားတို့ဖြင့် ယှဉ်ပြိုင်နိုင်သော အရာမျိုး လုံးဝ မဟုတ်ပေ။
စင်ကာပူ စစ်သားများသည် တစ်ယောက်ပြီး တစ်ယောက် သူတို့၏ လက်နက်များကို အမြန် ပစ်ချကာ မြေပြင်တွင် ဒူးထောက်ပြီး ပြင်သစ် စစ်တပ် အလေးပြုသကဲ့သို့ လက်နှစ်ဖက်ကို မြှောက်လျက် ကျဲခယ် အဖွဲ့ထံ လက်နက်ချ အညံ့ခံကြတော့သည်။ သူတို့က တစ်စက္ကန့်လောက် နောက်ကျသွားလျှင်ပင် သေဆုံးစာရင်းထဲ ပါသွားမည်ကို အလွန်အမင်း ထိတ်လန့်နေကြသည်။
မလေးရှား စစ်ပြေးများမှာမူ လုံးဝ ဆွံ့အသွားကြသည်။ သူတို့ကို ခွေးရူးများကဲ့သို့ လိုက်လံ တိုက်ခိုက်ခဲ့သော စင်ကာပူ စစ်တပ်သည် ကျဲခယ် အဖွဲ့ရှေ့တွင် အားနည်းပြီး အားကိုးရာမဲ့ ဖြစ်နေကာ မျက်စိတစ်မှိတ်အတွင်းမှာပင် လုံးဝ ဝါးမြိုခံလိုက်ရသည် မဟုတ်ပါလား…။
ဤသည်မှာ စင်ကာပူ စစ်သားများ အားနည်းသည်ဟု လုံးဝ မဆိုလိုပေ။ အကယ်၍ စင်ကာပူစစ်တပ်သာ တကယ် အားနည်းပါက သူတို့အား ဤမျှ အထိနာအောင် လုပ်နိုင်မည် မဟုတ်ချေ။
ကျဲခယ် အဖွဲ့က အလွန်အမင်း အားကောင်းလွန်းသောကြောင့် တိုက်ပွဲကို ဤမျှ လွယ်ကူသွားစေခြင်း ဖြစ်သည်ဟုသာ ဆိုရမည်။
အလောင်းများ ပြန့်ကျဲနေသော တိုက်ပွဲမြေပြင်ကို ကြည့်ရင်း မလေးရှား စစ်သား အများအပြားသည် အကြောက်တရားများကို ခံစားလိုက်ရသည်။
ကံကောင်းစွာဖြင့် သူတို့ မလေးရှားက ကျဲခယ်အဖွဲံထံ စောစောစီးစီး လက်နက်ချခဲ့၍သာ တော်တော့သည်။ သို့မဟုတ်ပါက ယနေ့ စင်ကာပူ စစ်တပ်၏ ကံကြမ္မာသည် သူတို့ မလေးရှား စစ်တပ်ပေါ်သို့ ကျရောက်လာမည် ဖြစ်သည်။
ပင့်ကူ ပင်မ တိုက်ပွဲဝင် စက်ရုပ်များကို ရင်ဆိုင်ခဲ့ရပါက သူတို့ မည်မျှ ဆိုးရွားသော အခြေအနေအထိ အသတ်ခံရမည်ကို စိတ်ကူးကြည့်၍ပင် မရနိုင်ပေ။
"မင်းတို့ တပ်မှူးက ဘယ်သူလဲ။ ဒီသုံ့ပန်းတွေကို မင်းတို့ စောင့်ကြပ်ထားဖို့ တာဝန်ပေးတယ်”
ဟောင်ကွမ်က မလေးရှား စစ်ပြေးများကို အသုံးချကာ စင်ကာပူ အမှတ် ၁ ပေါင်းစပ်တပ်မကြီးမှ သုံ့ပန်းများကို စောင့်ကြပ်ရန် အမိန့်ပေးလိုက်ပြီးနောက် စင်ကာပူ တပ်ဖွဲ့ဝင် တစ်သောင်းကို ချေမှုန်းရသည်မှာ ပြောစရာပင် မလိုလောက်အောင် သေးငယ်သော ကိစ္စလေးတစ်ခုလို သဘောထားကာ သူ၏ အဖွဲ့ကို ဆက်လက် ဦးဆောင်သွားလေသည်။
အမှတ် ၁ စက်ရုပ်တိုက်ခိုက်ရေး တပ်မဟာသည် ထက်မြက်သော ဓားတစ်လက်ကဲ့သို့ပင်။ စင်ကာပူ၏ နယ်မြေထဲသို့ ထိုးခွင်းသွားတော့သည်။
နောက်ဆက်တွဲ တိုက်ပွဲများတွင် စင်ကာပူ စစ်သားများ မည်သို့ပင် ခုခံစေကာမူ အမှတ် ၁ စက်ရုပ်တိုက်ခိုက်ရေး တပ်မဟာ ရှေ့ရှိ မည်သည့် ရန်သူမဆို ပင့်ကူ ပင်မ တိုက်ပွဲဝင် စက်ရုပ်များ၏ အလွယ်တကူ ထိုးဖောက်မှုကို ခံရမည်သာ ဖြစ်သည်။
စင်ကာပူ နယ်မြေထဲသို့ ဝင်ရောက်လာသည့် အချိန်မှစ၍ ၁၁ နာရီအတွင်းမှာပင် အမှတ် ၁ စက်ရုပ်တိုက်ခိုက်ရေး တပ်မဟာသည် စင်ကာပူနယ်မြေကို အလယ်ဗဟိုမှ တိုက်ရိုက် ဖြတ်တောက်သွားခဲ့ပြီး စင်ကာပူရှိ မလေးရှား ရေလက်ကြားမှနေ၍ တောင်ဘက်ရှိ မလက္ကာ ရေလက်ကြားအထိ တစ်ဟုန်ထိုး ချီတက်နိုင်ခဲ့သည်။
အကယ်၍ သုံ့ပန်း ကိစ္စရပ်များကို ဖြေရှင်းရန် အချိန် မလိုအပ်ခဲ့ပါက အမှတ် ၁ စက်ရုပ်တိုက်ခိုက်ရေး တပ်မဟာ၏ ချီတက်မှု အမြန်နှုန်းသည် ဤထက်ပင် ပိုမို မြန်ဆန်နေဦးမည် ဖြစ်သည်။
အမှတ် ၁ စက်ရုပ်တိုက်ခိုက်ရေးတပ်မဟာ၏ ထိုးဖောက်မှု အမြန်နှုန်းက မြန်ဆန်လွန်းသောကြောင့် စင်ကာပူ၏ နောက်တန်း ထောက်ပံ့ရေး တပ်ဖွဲ့များနှင့် ခဲယမ်းမီးကျောက် တိုက်များသည် နေရာ ပြောင်းရွှေ့ရန် အချိန်မရခဲ့သလို ခုခံရန်လည်း မတတ်နိုင်ခဲ့ပေ။ တိုက်ပွဲမြေပြင် တစ်ခုလုံးသည် ကျဲခယ် အဖွဲ့ကြောင့် ကစဉ့်ကလျား ဖြစ်သွားခဲ့ရသည်။
စင်ကာပူ စစ်တပ်သည် အမှတ် ၁ စက်ရုပ်တိုက်ခိုက်ရေးတပ်မဟာကို မတားဆီးနိုင်ခဲ့ပေ။ ယခင်က နေရာချထားသော သူတို့၏ တပ်ဖွဲ့များသည် ဆက်သွယ်ရေး အပိုင်းပိုင်း ပြတ်တောက်သွားပြီးနောက် အခြား ကျဲခယ် အဖွဲ့ စစ်တပ်များ၏ တစ်ဖွဲ့ချင်းစီ ချေမှုန်းခံလိုက်ရသည်။
စင်ကာပူ စစ်တပ်တွင် ပုံမှန်အင်အား ငါးသောင်းနှင့် စုဆောင်းထားသော အရံအင်အားများ ၁သိန်း စုစုပေါင်း စစ်သား တစ်သိန်းခွဲ ရှိပြီး ၎င်းသည် အတော်အတန် များပြားသော အရေအတွက်ဟု ထင်ရသည်။
သို့သော်လည်း ကျဲခယ် အဖွဲ့က စစ်ကြေညာပြီးနောက် နှစ်ရက်အတွင်းမှာပင် စင်ကာပူ၏ ခုခံနိုင်သော စစ်ရေးအင်အားစု အားလုံး အမြစ်ပြုတ်သွား၏။ စစ်သားများသည် သေလျှင်သေ ၊ မသေလျှင်လည်း လက်နက်ချ အညံ့ခံခြင်းများ ပြုလုပ်သွားကြသည်။
စင်ကာပူက အမှန်ပင် သေးငယ်လွန်းပြီး ၎င်းတို့တွင် မဟာဗျူဟာမြောက် ကြားခံနယ်မြေ လုံးဝ မရှိပေ။ အကယ်၍ သူတို့ ရှုံးနိမ့်သွားပါက ဆုတ်ခွာစရာ နေရာမရှိသလို ထွက်ပြေးစရာ နေရာလည်း မရှိပေ။
ထို့ကြောင့် သူတို့သည် ကျဲခယ် အဖွဲ့နှင့် ထိပ်တိုက် ရင်ဆိုင်ရုံသာ တတ်နိုင်တော့သည်။ သို့သော် သူတို့သည် ကျဲခယ် အဖွဲ့၏ သံမဏိ လက်သီးကို မယှဉ်ပြိုင်နိုင်ပေ။ အမှတ် ၁ စက်ရုပ်တိုက်ခိုက်ရေး တပ်မဟာ၏ တစ်ကြိမ် တိုက်ခိုက်မှုကပင် သူတို့ကို ကျိုးပဲ့သွားစေနိုင်သည်။
ကျဲခယ် အဖွဲ့သည် လျှပ်တစ်ပြက် ထိုးစစ်ဆင် နည်းဗျူဟာကို အသုံးပြုခဲ့၏။ အမှတ် ၁ စက်ရုပ်တိုက်ခိုက်ရေး တပ်မဟာက စင်ကာပူ စစ်တပ်၏ ခံစစ်မျဉ်းများကို ထိုးဖောက်ကာ စင်ကာပူ စစ်တပ်ကို အထီးကျန် တပ်ဖွဲ့များအဖြစ် အပိုင်းပိုင်း ခွဲပစ်လိုက်ပြီးနောက် တစ်ဖွဲ့ချင်းစီ ရှင်းလင်းပစ်ခဲ့သည်။ စတုရန်း ကီလိုမီတာ ရာဂဏန်းမျှသာရှိသော စင်ကာပူကဲ့သို့ နိုင်ငံငယ်တွင် အနှီ နည်းဗျူဟာကို အသုံးပြုခြင်းသည် ခြင်ကို အမြောက်နဲ့ပစ် သကဲ့သို့ ဖြစ်နေကြောင်း သက်သေ ပြလိုက်သည်။
ဤမျှ သေးငယ်သော နယ်မြေလေး အတွက် ကျဲခယ် အဖွဲ့၏ စစ်တပ်သည် သွေးပူလေ့ကျင့်ခန်း လုပ်ရုံလေးဖြင့်ပင် တိုက်ပွဲ ပြီးဆုံးသွားကြောင်း ကြေညာနိုင်ခဲ့ပြီး အလွန် လွယ်ကူကာ သာယာလှပေသည်။
စင်ကာပူ စစ်တပ်၏ ပင်မ တပ်ဖွဲ့ကြီး ချေမှုန်းခံလိုက်ရသောအခါ စင်ကာပူ မြို့တော်သည်လည်း ကျဲခယ် အဖွဲ့၏ သံမဏိ ခွာသံများကို ကြိုဆိုလိုက်ရတော့သည်။
စင်ကာပူ မြို့တော်သည် ကမ္ဘာ့အကြီးဆုံး ဆိပ်ကမ်းများထဲမှ တစ်ခုဖြစ်ပြီး အရေးပါသော နိုင်ငံတကာ ဘဏ္ဍာရေး ဗဟိုဌာနတစ်ခု ဖြစ်သည်။ ၎င်း၏ မြို့ပြ အခြေခံ အဆောက်အအုံများသည် ကမ္ဘာပေါ်တွင် ပထမအဆင့် ရှိပြီး ဥယျာဉ်မြို့တော် ဟူသော ဂုဏ်ပုဒ်ကို ရရှိထားသည်။
စင်ကာပူ မြို့တော်တွင် လူဦးရေ သန်းပေါင်းများစွာ နေထိုင်ကြပြီး စင်ကာပူ လူဦးရေ၏ ကိုးဆယ်ရာခိုင်နှုန်း နီးပါးသည် စင်ကာပူ မြို့တော်တွင် စုစည်းနေကြသည်။
ဧပြီလ ၁၇ ရက်နေ့တွင် အမှတ် ၁ စက်ရုပ်တိုက်ခိုက်ရေးတပ်မဟာသည် မြို့တံခါးဝသို့ ရောက်ရှိနေပြီ ဖြစ်ပြီး မြို့ထဲသို့ တိုက်ရိုက် ဝင်ရောက်လာကြသည်။
ပင့်ကူ ပင်မ တိုက်ပွဲဝင် စက်ရုပ်များသည် စင်ကာပူ နိုင်ငံသားများ၏ နာကြည်းပြီး အားကိုးရာမဲ့သော အကြည့်များအောက်တွင် သူတို့၏ အစည်ကားဆုံးသော မြို့တော်ထဲသို့ တစ်စီးပြီး တစ်စီး နင်းခြေ ဝင်ရောက်လာကြသည်။
သို့သော် သူတို့ မည်မျှပင် မလိုလားစေကာမူ ထိတ်လန့်ဖွယ်ကောင်းသော ပင့်ကူ ပင်မ တိုက်ပွဲဝင် စက်ရုပ်များနှင့် အန္တရာယ်ရှိသော မျက်လုံးများရှိသည့် မျိုးဗီဇ စစ်သည်များကို ရင်ဆိုင်ရသောအခါ ဤ စင်ကာပူ နိုင်ငံသားများသည် သူတို့၏ မလိုလားမှု အားလုံးကို ရင်တွင်း၌သာ နက်ရှိုင်းစွာ မြှုပ်နှံထားရုံသာ တတ်နိုင်တော့သည်။
အကြောင်းမှာ သူတို့၏ စင်ကာပူ အဆင့်မြင့် အရာရှိများပင် ကျဲခယ် အဖွဲ့၏ ခမ်းနားသော စစ်တပ်ကြီး ဝင်ရောက်လာမှုကို စင်ကာပူ မြို့အဝင်ဝတွင် ပြုံးရွှင်သော မျက်နှာများဖြင့် ကြိုဆိုနေသောကြောင့်ပင်…။
ကျဲခယ် အဖွဲ့က လှုပ်ရှားစရာပင် မလိုလိုက်ပေ။ စင်ကာပူ၏ အဆင့်မြင့် အရာရှိများသည် သူတို့ဘာသာ သူတို့ နယ်မြေသန့်ရှင်းရေးကို အပြီးသတ် လုပ်ဆောင်ပြီးသား ဖြစ်သည်။
အမေရိကန် လိုလားသော ပြောရေးဆိုခွင့်ရှိသူများသည် ဖြုတ်ချခံရပြီး ယခုအခါ စင်ကာပူနိုင်ငံတွင် ကျဲခယ် အဖွဲ့ဘက်သို့ ရပ်တည်သူများသာ ကျန်ရစ်ခဲ့တော့သည်။
ဧရာမ စစ်တပ်ကြီးသည် စင်ကာပူ မြို့တော်အတွင်းသို့ အဆက်မပြတ် ဝင်ရောက်လာသည်။ တင့်ကား ဘီးခွေများသည် လမ်းမများပေါ်တွင် လှိမ့်ဝင်လာပြီး သူတို့၏ တန်ဆယ်ဂဏန်းရှိသော အလေးချိန်များက လမ်းမျက်နှာပြင်ကို ကြိတ်ချေနေသည်။
ခြေလှမ်းကျဲကျဲ လျှောက်လာသော စစ်သားများသည် သူတို့၏ သံမဏိ ရိုင်ဖယ်များကို ကိုင်ထားကြပြီး သူတို့၏ သံမဏိ ဦးထုပ်များသည် နေရောင်အောက်တွင် တောက်ပနေကာ လမ်းမများတစ်လျှောက် သေသပ်သော ပုံစံများဖြင့် ချီတက်လာကြရာ သူတို့၏ ညီညာသော ခြေသံများသည် အားပါပြီး စည်းချက်ကျလှသည်။
လက်နက်တပ် ရဟတ်ယာဉ်များသည် မိုးမျှော်တိုက်များကြားတွင် ပျံသန်းကာ ကျဲခယ် အဖွဲ့ ရောက်ရှိလာကြောင်း ကြေညာသည့် လက်ကမ်းစာစောင်များကို ကြဲချနေကြသည်။
a-180 ပင့်ကူ ပင်မ တိုက်ပွဲဝင် စက်ရုပ်က စင်ကာပူ ပါလီမန် အဆောက်အအုံပေါ်တွင် ကျဲခယ် အဖွဲ့၏ နိုင်ငံတော်အလံကို စိုက်ထူလိုက်ချိန်တွင် အခြေအနေမှာ အထွတ်အထိပ်သို့ ရောက်ရှိသွားသည်။
ထို့နောက် ဟောင်ကွမ်က ကျဲခယ် အဖွဲ့ကိုယ်စား စင်ကာပူ သမ္မတ၏ အကြွင်းမဲ့ လက်နက်ချ အညံ့ခံလွှာကို လက်ခံ ရယူလိုက်ပြီး မရေမတွက်နိုင်သော မီဒီယာ သတင်းထောက်များ၏ လင်းလက်နေသော ကင်မရာမီးရောင်များအောက်တွင် စစ်ပွဲပြီးဆုံးခြင်းကို ကြေညာလိုက်၏။
***