ထူဖုန်းပူ၏ စကားသံ အဆုံးတွင် အမေရိကန် ရေတပ်ဗိုလ်ချုပ် နာဝင်းသည် ချက်ချင်း ဆဲရေး တိုင်းထွာတော့သည်။
"လခွီးပဲ... မင်းတို့ ကျဲခယ် အဖွဲ့က ရမ်းကားရဲရင် မင်းတို့ ဖင်ကို ကန်ထုတ်ပစ်မယ်”
"ဒါဆိုရင် စောင့်ကြည့်ကြတာပေါ့”
သင်္ဘောအုပ်ကပ္ပတိန် ထူဖုန်းပူက ယင်းစကားကို ပြောပြီးချိန်တွင် ဧရာဝတီ၏ အနောက်တွင် ဖျက်သင်္ဘော အချို့နှင့် သယ်ယူပို့ဆောင်ရေး သင်္ဘောများနှင့် တင့်ကားတင် ကုန်းရေနှစ်သွယ်သုံး သင်္ဘောများ ပေါ်ထွက်လာသည်။
ဧရာဝတီသည် ၎င်း၏ အင်အားကို ဖုံးကွယ်ထားရန် မကြိုးစားတော့ပေ။ ၎င်း၏ သင်္ဘောဦးပိုင်းရှိ ၂၀၃ မီလီမီတာ စည်နှစ်ပြွန်ပါ ရေတပ်အမြောက်ကြီး ထောင်တက်လာပြီး အမြောက်ပြောင်းဝများက ချန်ဂီ ရေတပ်စခန်းဆီသို့ ချိန်ရွယ်ထားကာ ခရုစ်ဒုံးကျည် အမြောက်အမြားသည်လည်း အသင့် အနေအထားတွင် ရှိနေပြီ ဖြစ်သည်။
ပစ်ခတ်ရန် အမိန့်ပေးလိုက်သည်နှင့် တစ်ပြိုင်နက် ချန်ဂီ ရေတပ်စခန်းသည် မျက်စိတစ်မှိတ်အတွင်း အပျက်အစီးပုံကြီး တစ်ခု အဖြစ် ပြောင်းလဲသွားနိုင်သည်။
သယ်ယူပို့ဆောင်ရေး သင်္ဘောများနှင့် တင့်ကားတင် ကုန်းရေနှစ်သွယ်သုံး သင်္ဘောများက ချန်ဂီ ရေတပ်စခန်းဆီသို့ အရှိန်တင်လာကြသည်။
သယ်ယူပို့ဆောင်ရေး သင်္ဘောများပေါ်မှ လေအိတ်ဖောင်း သင်္ဘောများကို ချပေးလိုက်ပြီး တစ်စီးစီတွင် လက်နက် အပြည့်အစုံနှင့် ကျည်အစစ်များ တပ်ဆင်ထားသော ကျဲခယ် အဖွဲ့၏ စစ်သားများ လိုက်ပါလာကြသည်။
လေအိတ်ဖောင်း သင်္ဘောများ ကမ်းစပ်သို့ အရှိန်ဖြင့် ရောက်ရှိလာသည်နှင့် ကျဲခယ် အဖွဲ့ စစ်သားများ တစ်ယောက်ပြီး တစ်ယောက် ခုန်ဆင်းလာကြပြီး သူတို့၏ သေနတ်များဖြင့် တိုက်ပွဲဝင် ပုံစံများကို လျင်မြန်စွာ ဖွဲ့စည်းကာ ချန်ဂီ ရေတပ်စခန်းဆီသို့ ချီတက်လာကြသည်။
တင့်ကားတင် ကုန်းရေနှစ်သွယ်သုံး သင်္ဘောတစ်စင်းက ချန်ဂီ ရေတပ်စခန်း၏ တောင်ဘက် ကမ်းခြေဆီသို့ ချဉ်းကပ်လာသည်။ ကမ်းစပ်သို့ နီးကပ်လာသည်နှင့် ထိုသင်္ဘောက ၎င်း၏ ရှေ့ဘက် တံခါးကို တိုက်ရိုက် ဖွင့်ချလိုက်သည်။
ဘန်း…
ဧရာမ သံမဏိ စက်ယန္တရားကြီးတစ်ခု ပင်လယ်ထဲသို့ ကျဆင်းသွားသည်။ ၎င်းမှာ ပင့်ကူ ပင်မ တိုက်ပွဲဝင် စက်ရုပ်ပင် ဖြစ်သည်။
ပင့်ကူ ပင်မ တိုက်ပွဲဝင် စက်ရုပ်များ တစ်စီးပြီး တစ်စီး ရေထဲသို့ ဆင်းသက်လာကြသည်။
ဤနေရာတွင် ရေအနက်က သုံးမီတာ ရှိပြီး အကြီးစား ပင်မ တိုက်ပွဲဝင် တင့်ကားတစ်စီးကို လုံးဝ နစ်မြုပ်သွားစေရန် လုံလောက်သည်။ သို့သော် ၁၂ မီတာ မြင့်မားသော ပင့်ကူ ပင်မ တိုက်ပွဲဝင် စက်ရုပ်အတွက်မူ ဤနေရာရှိ ပင်လယ်ရေသည် ဒူးလောက်ပင် မရှိပေ။
ပင့်ကူ ပင်မ တိုက်ပွဲဝင် စက်ရုပ်များသည် ၎င်းတို့၏ သတ္တုခြေတံရှည် ရှစ်ချောင်း လှုပ်ရှားကာ ရေထဲတွင် အဆက်မပြတ် လျှောက်လှမ်းလာပြီး ကမ်းခြေပေါ်သို့ တက်ရောက်လာသည်။
တင့်ကားတင် ကုန်းရေနှစ်သွယ်သုံး သင်္ဘောသည် စက်ရုပ် တပ်ခွဲတစ်ခုကို သယ်ဆောင်လာခြင်းဖြစ်ပြီး စုစုပေါင်း ပင့်ကူ ပင်မ တိုက်ပွဲဝင် စက်ရုပ် ၁၀ စီး ပါဝင်ကာ ပင့်ကူ ပင်မ တိုက်ပွဲဝင် စက်ရုပ် တစ်စီးစီ၏ ကျောပေါ်တွင် မျိုးဗီဇ စစ်သည် နှစ်ယောက်စီ ပါရှိသည်။
ကျဲခယ်အဖွဲ့က သူတို့၏ တပ်ဖွဲ့များကို နေရာချထားချိန် အတွင်း ချန်ဂီ ရေတပ်စခန်းရှိ အမေရိကန် စစ်သားများတွင် တိုက်ခိုက်ရန် အခွင့်အရေးများ အမှန်တကယ် ရှိခဲ့သည်။ အကြောင်းမှာ သယ်ယူပို့ဆောင်ရေး သင်္ဘောများနှင့် ကုန်းရေနှစ်သွယ်သုံး သင်္ဘောများသည် ကမ်းတက်ချိန်တွင် အလွန် အားနည်းသောကြောင့်ပင်။
သို့သော် အနီးအနားတွင် ဧရာဝတီက ကြောက်မက်ဖွယ် ကောင်းလောက်အောင် စောင့်ကြည့်နေသဖြင့် သူတို့ဘက်မှ မည်သည့် လှုပ်ရှားမှုကိုမျှ မလုပ်ရဲကြချေ။
ရေတပ်ဗိုလ်ချုပ် နာဝင်း၏ မျက်နှာမှာမူ ပြာနှမ်းနေလေပြီ။ အင်ဒို-ပစိဖိတ် ကွပ်ကဲမှု ဌာနချုပ်သို့ သူ၏ သတင်းပို့ချက်က တုံ့ပြန်မှု မရရှိသေးသလို သူကိုယ်တိုင်ကလည်း တိုက်ခိုက်ရန် အမိန့်မပေးရဲပေ။
အကြောင်းမှာ ဤအခိုက်အတန့်တွင် နှစ်ဖက်စလုံးကြားရှိ အင်အား ကွာဟချက်ကို သူ ရှင်းလင်းစွာ သိနေသောကြောင့်ပင်။
အကယ်၍ သူက ပစ်ခတ်ရန် အမိန့်ပေးလိုက်ပါက နိုင်ငံနှစ်ခုကြား စစ်ပွဲကို ချက်ချင်း စတင်သလို ဖြစ်သွားနိုင်ပြီး ချန်ဂီ ရေတပ်စခန်း ဖျက်ဆီးခံရမည် ဖြစ်ကာ ရေတပ်ဗိုလ်ချုပ် တစ်ယောက်ဖြစ်သော သူသည်လည်း ထောင်ကျခြင်း သို့မဟုတ် တိုက်ပွဲတွင် ကျဆုံးခြင်းများ အလွန် ဖြစ်နိုင်ချေများသည်။
ရေတပ်ဗိုလ်ချုပ် နာဝင်း၏ အကျပ်ရိုက်နေမှုကြားတွင် ပင့်ကူ ပင်မ တိုက်ပွဲဝင် စက်ရုပ်များအားလုံး ကမ်းပေါ်သို့ တက်ရောက်လာပြီ ဖြစ်သည်။
သူတို့၏ အနက်ရောင် ၂၀၃ မီလီမီတာ အမြောက်ပြောင်းဝများနှင့် အော်တို စက်သေနတ်များက ချန်ဂီ ရေတပ်စခန်းရှိ အမေရိကန် စစ်သားများကို အကြီးအကျယ် ထိတ်လန့်သွားစေသည်။
အမေရိကန် စစ်သားများသည် သူတို့လက်ထဲရှိ ရိုင်ဖယ်များကို ကြည့်လိုက်၊ ရှေ့သို့ ပြေးဝင်လာသော တန်တစ်ရာကျော်လေးသည့် ပင့်ကူ ပင်မ တိုက်ပွဲဝင် စက်ရုပ်များကို ကြည့်လိုက်ဖြင့် သူတို့အားလုံး တံတွေးမြိုချကာ နောက်သို့ တစ်လှမ်းချင်း ဆုတ်သွားကြသည်။
ဤအခိုက်အတန့်တွင် စင်ကာပူသည် အဘယ်ကြောင့် နှစ်ရက်အတွင်း လုံးဝ ချေမှုန်းခံလိုက်ရသနည်း ဆိုသည်ကို သူတို့ ရုတ်တရက် နားလည်သွားကြသည်။ ဤကဲ့သို့သော တိုက်ပွဲဝင် စက်ရုပ်များသည် လူသားတို့၏ စွမ်းအားဖြင့် ရင်ဆိုင်နိုင်သော အရာများ မဟုတ်ကြချေ။
"ခေါင်းပေါ် လက်တင်ပြီး ဆောင့်ကြောင့်ထိုင်လိုက်”
"ခေါင်းပေါ် လက်တင်ပြီး ဆောင့်ကြောင့်ထိုင်လို့ ပြောနေတယ်လေ။ လူစကား နားမလည်ဘူးလား”
"ခုခံချင်သေးတာလား။ မှတ်လောက်သားလောက် မဖြစ်သေးဘူး မဟုတ်လား”
မကြာမီ ကျဲခယ် စစ်သားများသည် ချန်ဂီ ရေတပ်စခန်းအတွင်းသို့ တစ်ယောက်ပြီး တစ်ယောက် ဝင်ရောက်လာကာ အမေရိကန် စစ်သားများကို လက်နက်ဖြုတ်သိမ်းပြီး ဖမ်းဆီးကြတော့သည်။ အချို့သော အမေရိကန် စစ်သားများမှာ အာခံချင်သေးသော ရုပ်ပေါက်နေသော်လည်း ရိုင်ဖယ်ဒင်ဖြင့် အချက်အနည်းငယ် အရိုက်ခံရပြီးနောက် နောက်ဆုံးတွင် နာခံသွားကြသည်။
ကျဲခယ် အဖွဲ့ စစ်သားများ၏ နှိပ်စက်ခြင်းနှင့် ရှင်းလင်းခြင်း ခံရမည်ကို ကြောက်ရွံ့သဖြင့် အပြင် ထွက်ရန် မဝံ့မရဲ ဖြစ်ကာ အဆောက်အအုံများအတွင်း ပုန်းအောင်းပြီး ကျဲခယ် အဖွဲ့ စစ်သားများနှင့် တူတူပုန်းတမ်း ကစားနေသူများလည်း ရှိသည်။ ဤအချိန်တွင် မျိုးဗီဇ စစ်သည်များ ပေါ်ထွက်လာသည်။
ကင်းထောက် အမျိုးအစား မျိုးဗီဇ စစ်သည်များရှေ့တွင် အမေရိကန် စစ်သားများမှာ ပုန်းခိုစရာ နေရာမရှိတော့ပေ။
"ထွက်ခဲ့စမ်း”
မျိုးဗီဇ စစ်သည်တစ်ယောက်က အခန်းထဲသို့ မျက်ရည်ယိုဗုံး တစ်လုံး ပစ်သွင်းလိုက်သည်။ ခဏအကြာတွင် အခန်းထဲမှ ချောင်းဆိုးသံများနှင့်အတူ ဖတ်ခ် ၊ ရှစ်တ်နှင့် ဆန်းအော့ဖ်အာဘစ်ချ် ကဲ့သို့သော အမေရိကန် ဆဲရေးတိုင်းထွာသံများ ထွက်ပေါ်လာသည်။
ပြီးလျှင် အမေရိကန် စစ်သား ခုနစ်ယောက် ရှစ်ယောက်ခန့် အခန်းထဲမှ ကစဉ့်ကလျား ထွက်လာကြသည်။ အမေရိကန်စစ်သား တစ်ယောက် ထွက်လာတိုင်း မျိုးဗီဇ စစ်သည်က တုံ့ဆိုင်းမှု မရှိဘဲ ပါးနှစ်ချက် ရိုက်ကာ မြေကြီးပေါ် လဲကျသွားအောင် လုပ်ပစ်လိုက်သည်။
ဇီဝ သံချပ်ကာများ ဖုံးလွှမ်းနေပြီး ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါများ ထုတ်လွှတ်နေသည့် မျိုးဗီဇ စစ်သည်များကို ရင်ဆိုင်ရသောအခါ အမေရိကန် စစ်သားများမှာ ဒေါသထွက်နေသော်လည်း စကားတစ်ခွန်းပင် ဝင်မပြောရဲဘဲ သူတို့၏ မျက်နှာများမှာ ဒေါသကြောင့် ခရမ်းရောင် သန်းလာတော့သည်။
ကားဖြင့် ထွက်ပြေးရန် ကြိုးစားသော အမေရိကန် စစ်သားများလည်း ရှိသော်လည်း သူတို့ကို လိုက်လံ ဖမ်းဆီးသူများမှာ ပင့်ကူ ပင်မ တိုက်ပွဲဝင် စက်ရုပ်များ ဖြစ်နေသည်။
ဟမ်းဗီး ကားတစ်စီးထဲတွင် အမေရိကန် စစ်သား အချို့ ထိုင်နေပြီး ကျဲခယ် အဖွဲ့က သူတို့ကို မဖမ်းမိမီ စခန်းထဲမှ လွတ်မြောက်ရန် လီဗာကို နင်းထားကြသည်။
ထွက်ပြေးပြီးနောက် ဘယ်ကိုသွားရမည်နည်း ဆိုသည်ကိုတော့ သူတို့ မသိကြပေ။ စင်ကာပူ တစ်ခုလုံးသည် ယခုအခါ ကျဲခယ် အဖွဲ့၏ ဩဇာလွှမ်းမိုးမှု နယ်ပယ်အတွင်း ရောက်ရှိနေပြီ ဖြစ်သည်။
သူတို့သည် ကျဲခယ် အဖွဲ့၏ သုံ့ပန်းများအဖြစ် အလွယ်တကူ အဖမ်းမခံလိုကြခြင်းကြောင့်သာ ယခုလို မိုက်ရူးရဲဆန်စွာ ထွက်ပြေးဖို့ ကြိုးစားနေကြခြင်းပင်…။
သူတို့ ချန်ဂီ ရေတပ်စခန်း၏ တံခါးပေါက်သို့ ရောက်ကာ ထွက်ပြေးလွတ်မြောက်တော့မည့် ဆဲဆဲတွင် အဝေးမှ ရေနွေးအိုး ဆူပွက်နေသကဲ့သို့ ရှည်လျားပြီး စူးရှသော လေချွန်သံတစ်ခု ထွက်ပေါ်လာသည်။
ဘုန်း…
ပြင်းထန်သော ပေါက်ကွဲသံကြီး ထွက်ပေါ်လာသည်။ ၎င်းမှာ ပင့်ကူ ပင်မ တိုက်ပွဲဝင် စက်ရုပ်၏ ၂၀၃ မီလီမီတာ ပင်မအမြောက်ဖြင့် ပစ်ခတ်လိုက်ခြင်းပင်။
ပစ်ခတ်မှုကြောင့် ချန်ဂီ ရေတပ်စခန်း၏ အဝင်တံခါးပေါက်ကြီးမှာ ပျက်စီးသွားပြီး ၎င်း၏ နေရာတွင် ဗုံးကျင်းကြီး တစ်ခု ပေါ်လာကာ ထွက်ပေါက်ကို ပိတ်ဆို့သွားစေသည်။
ပေါက်ကွဲမှုလှိုင်းကြောင့် ဟမ်းဗီးကားလည်း တိမ်းမှောက်သွားပြီး ၎င်း၏ ဘီးလေးဘီးက လေထဲတွင် လည်ပတ်နေကာ ပက်လက်လန်နေသော လိပ်တစ်ကောင်ကဲ့သို့ အတော်လေး ရယ်စရာ ကောင်းနေသည်။
ကားထဲရှိ အချို့လူများ၏ ခေါင်းမှ သွေးများ ယိုစီးနေပြီး အချို့မှာ အရိုးများ ကျိုးကုန်ကာ နာကျင်မှု အနည်းအကျဉ်းတော့ ခံစားလိုက်ရသည်။
ဟမ်းဗီးကားထဲရှိ အမေရိကန် စစ်သားများ ကစဉ့်ကလျား တွားသွားထွက်လာသောအခါ သူတို့ကို စောင့်ကြိုနေသည်မှာ အနီးကပ် ရောက်ရှိနေသော ပင့်ကူ ပင်မ တိုက်ပွဲဝင် စက်ရုပ်တစ်စီး ဖြစ်ပြီး ၎င်း၏ ၃၀ မီလီမီတာ အော်တိုအမြောက် နှစ်လက်က သူတို့ကို ချိန်ရွယ်ထားကာ သူတို့ကို ရုပ်ပျက်ဆင်းပျက် အလောင်း အပိုင်းအစများအဖြစ် ပြောင်းလဲပစ်ရန် အသင့်ဖြစ်နေသည်။
"မ... မပစ်ပါနဲ့။ ကျွန်တော်တို့ ခင်ဗျားတို့နောက် လိုက်ခဲ့ပါ့မယ်။ ကျွန်တော်တို့ မပြေးတော့ပါဘူး။ နောက် ဘယ်တော့မှ မပြေးတော့ပါဘူး”
အနှီ မြင်ကွင်းကို မြင်လိုက်ရသောအခါ ဤအမေရိကန် စစ်သားများ အားလုံး သူတို့၏ ခြေထောက်များ အားပျော့သွားသလို ခံစားလိုက်ရသည်။ ထွက်ပြေးရန် မျှော်လင့်ချက် မရှိတော့သည်ကို မြင်သောအခါ သူတို့သည် စိတ်ပျက်လက်ပျက်ဖြင့် လက်မြှောက်ရုံသာ တတ်နိုင်တော့ပြီး ပင့်ကူ ပင်မ တိုက်ပွဲဝင် စက်ရုပ်က သူတို့ကို ပင်မစခန်းဆီသို့ ပြန်လည် ခေါ်ဆောင်သွားလေသည်။
***