မကြာမီ ချန်ဂီ ရေတပ်စခန်း တစ်ခုလုံးကို ကျဲခယ် အဖွဲ့က သိမ်းပိုက်လိုက်သည်။အမေရိကန် စစ်သားအားလုံးကို ဖမ်းဆီးပြီး တစ်နေရာတည်းတွင် စုစည်းလိုက်ရာ ရေတွက်ကြည့်သောအခါ ၆၇၇ ယောက် ရှိသည်။
သင်္ဘောအုပ်ကပ္ပတိန် ထူဖုန်းပူ ချန်ဂီ ရေတပ်စခန်းသို့ ရောက်ရှိလာချိန်တွင် အမေရိကန် စစ်သားများကို လုံးဝ ထိန်းချုပ်ထားပြီးသား ဖြစ်သည်။
ဤသည်မှာ မလက္ကာ ရေလက်ကြားကို ထိန်းချုပ်ရန် အမေရိကန်၏ တံတားဦးဖြစ်သော ချန်ဂီ ရေတပ်စခန်းသည် ကျဲခယ် အဖွဲ့၏ လက်ထဲသို့ ကျရောက်သွားပြီဖြစ်ကြောင်း ဆိုလိုခြင်းလည်း ဖြစ်သည်။
"မင်းတို့ နောင်တရလိမ့်မယ်။ မင်းတို့ သေချာပေါက် နောင်တရလိမ့်မယ်”
ရေတပ်ဗိုလ်ချုပ် နာဝင်းကို သင်္ဘောအုပ်ကပ္ပတိန် ထူဖုန်းပူနှင့် သီးသန့် တွေ့ဆုံရန် ခေါ်လာသောအခါ သူတို့ ပထမဆုံး တွေ့ဆုံချိန်၌ပင် ရေတပ်ဗိုလ်ချုပ် နာဝင်းက ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။
သင်္ဘောအုပ်ကပ္ပတိန် ထူဖုန်းပူက နှုတ်ခမ်းတွန့်လိုက်ပြီး မူလက ရေတပ်ဗိုလ်ချုပ် နာဝင်း၏ ထိုင်ခုံ ဖြစ်သော နေရာတွင် အခန့်သား ထိုင်ကာ ရေတပ်ဗိုလ်ချုပ် နာဝင်းကို အထက်စီးမှ ကြည့်လျက် ပြောလိုက်သည်။
"နောင်တ ဟုတ်လား။ ငါတို့က ကိုယ့်မြေပေါ်မှာ ကိုယ် ကြိုက်တာလုပ်နေတာလေ။ မင်းတို့ အမေရိကန် ဝင်ပါဖို့ မလိုပါဘူး”
"ဒါက စင်ကာပူရဲ့ နယ်မြေကွ။ မင်းတို့ရဲ့ ကျဲခယ်နယ်မြေ မဟုတ်ဘူး”
"ဘာများ ကွာခြားလို့လဲ”
သင်္ဘောအုပ်ကပ္ပတိန် ထူဖုန်းပူက ဟက်ခနဲ ရယ်လိုက်သည်။ အကြောင်းမှာ စင်ကာပူက ကျဲခယ် အဖွဲ့ထံ အကြွင်းမဲ့ လက်နက်ချ အညံ့ခံကြောင်း ကြေညာပြီး ဖြစ်ကာ နိုင်ငံခေါင်းဆောင်ပိုင်း တစ်ခုလုံးကလည်း ကျဲခယ် အဖွဲ့ထံ သစ္စာခံပြီး ဖြစ်သောကြောင့်ပင်။
ကျဲခယ် အဖွဲ့ကသာ အလိုရှိပါက အမေရိကန်၏ ချန်ဂီ ရေတပ်စခန်းသည် တရားမဝင်ကြောင်းနှင့် စည်းကမ်းချက်များနှင့် မကိုက်ညီကြောင်း ကြေညာချက် တစ်စောင်ကို စင်ကာပူအား အချိန်မရွေး ထုတ်ပြန်ခိုင်းနိုင်ပြီး ၎င်းသည် ကျဲခယ် အဖွဲ့ ကိုယ်တိုင် ပြောဆိုသည်နှင့် မည်သို့မျှ ခြားနားမည် မဟုတ်ပေ။
"မင်းတို့ ကျဲခယ် အဖွဲ့က စစ်ပွဲတစ်ခု ဖြစ်လာမှာကို တကယ်ပဲ မကြောက်ဘူးလား”
ရေတပ်ဗိုလ်ချုပ် နာဝင်း၏ ရင်ထဲတွင် နာကြည်းမှုများဖြင့် ပြည့်နှက်နေသည်။ အင်ဒို-ပစိဖိတ် ကွပ်ကဲမှု ဌာနချုပ်သို့ ကိစ္စရပ်ကို သတင်းပို့ခဲ့သော်လည်း သူတို့က ဆုံးဖြတ်ချက် ချရန် နှေးကွေးနေပြီး စစ်တိုက်သင့် ၊ မတိုက်သင့် တုံ့ဆိုင်းနေကြပေသည်။ ယင်းကြောင့်လည်း ချန်ဂီ ရေတပ်စခန်းက ယခုလို ရန်သူ့လက်အောက်သို့ ကျခဲ့ရခြင်း ဖြစ်၏။
ကျဲခယ် အဖွဲ့ဆိုတဲ့ လူရိုင်းတွေက သူတို့ အမေရိကန်ဟာ ကမ္ဘာမြေရဲ့ အာဏာရှင်ကြီး ဖြစ်တယ် ဆိုတာကို မသိကြဘူးလား။
ဒီလိုမျိုး သူတို့ကို ရန်စရဲတာလား။ သူတို့က စစ်ပွဲကို ဖိတ်ခေါ်ရမှာ တကယ်ပဲ မကြောက်ကြဘူးလား။
ဤသည်မှာ ရေတပ်ဗိုလ်ချုပ် နာဝင်း နားမလည်နိုင်သော အရာပင် ဖြစ်သည်။
ယခင်က သူသည် အခြားနိုင်ငံများကို အလွယ်တကူ သိမ်းပိုက်နိုင်သည်ဟု ရှုမြင်ခဲ့သော်လည်း ကျဲခယ် အဖွဲ့နှင့် ပတ်သက်လာလျှင်မူ သူတို့ အမေရိကန်ကသာ အားနည်းသူဘက်တွင် ရှိနေသည်ဟု အမြဲတမ်း ခံစားရလေသည်။
"နောင်လာနောက်သားတွေ အတွက် လုံခြုံတဲ့ ပတ်ဝန်းကျင်တစ်ခု ပေးစွမ်းနိုင်ဖို့ စစ်ပွဲဖြစ်ရမယ် ဆိုရင်တောင်မှ တပ်မှူးစုရဲ့ ဦးဆောင်မှုအောက်မှာ ဘယ်အင်အားစုကမှ ငါတို့ကို မတားဆီးနိုင်ဘူး ဆိုတာ ငါတို့ ခိုင်ခိုင်မာမာ ယုံကြည်တယ်”
သင်္ဘောအုပ်ကပ္ပတိန် ထူဖုန်းပူက ခဏရပ်လိုက်ပြီးနောက် စိတ်အားထက်သန်နေသော မျက်လုံးများဖြင့် ပြောလိုက်သည်။
"အရူးကောင်”
ရေတပ်ဗိုလ်ချုပ် နာဝင်းက စိတ်ထဲမှ တီးတိုး ပြောလိုက်သည်။ တစ်ဖက်၌ ဦးနှောက်ဆေးခံထားရသော ဤလူနှင့် အကျိုးသင့်အကြောင်းသင့် ပြော၍ ရမည် မဟုတ်ဟု သူ ခံစားလိုက်ရသည်။
………………..
“ကျဲခယ် အဖွဲ့က ချန်ဂီ ရေတပ်စခန်းကို အတင်းအဓမ္မ သိမ်းပိုက်လိုက်ပြီး ထိုနေရာတွင် တပ်စွဲထားသော အမေရိကန် စစ်သား အားလုံးကို ဖမ်းဆီးလိုက်သည်”
ဤသတင်း ထွက်ပေါ်လာသောအခါ ကမ္ဘာတစ်ဝှမ်းရှိ လူအများ ဆွံ့အသွားကြသည်။
အမေရိကန်သည် အခြားသူများကို အမြဲတမ်း အနိုင်ကျင့် ဗိုလ်ကျလေ့ရှိသူ ဖြစ်သော်လည်း ကျဲခယ် အဖွဲ့ကမူ အမေရိကန်ကိုမှ သီးသန့် ရွေးချယ်ကာ အနိုင်ကျင့်လိုက်လေပြီ။
အခြားနိုင်ငံ တစ်နိုင်ငံ၏ ရေတပ်စခန်းကို သိမ်းပိုက်ခြင်းနှင့် စစ်သားများကို ဖမ်းဆီးခြင်း ကဲ့သို့သော ဖြစ်ရပ်မျိုးသည် မည်သည့် နိုင်ငံအတွက်မဆို အလွန် အလေးအနက်ထားရမည့် သံတမန်ရေးရာ ပြဿနာကြီး တစ်ခု ဖြစ်သည်။ ကမ္ဘာမြေ၏ အာဏာရှင်ကြီး ဖြစ်သော အမေရိကန်အတွက် ဆိုလျှင်တော့ ပြောနေစရာပင် မလိုတော့ပေ။
ဤသည်မှာ အမေရိကန်၏ မျက်နှာကို ဗြောင်ကျကျ ဖြတ်ရိုက်လိုက်ခြင်းပင် ဖြစ်သည်။
အင်ဒို-ပစိဖိတ် ကွပ်ကဲမှု ဌာနချုပ်၏ ရေတပ်ဦးစီးချုပ်သည် သတင်းကို ကြားသောအခါ အတော်လေး ဒေါသထွက်သွားပြီး နောင်တရစိတ် အနည်းငယ်ကိုလည်း ခံစားလိုက်ရသည်။ ကျဲခယ် အဖွဲ့က ဤမျှ ရမ်းကားမည်ကိုသာ ကြိုသိခဲ့လျှင် ချန်ဂီ ရေတပ်စခန်းကို စောစောစီးစီး ဆုတ်ခွာရန် အမိန့်ပေးမိခဲ့ပေမည်။
ဤသည်မှာလည်း အမေရိကန် စစ်တပ်သည် အာဏာရှင်များကဲ့သို့ ပြုမူရန် အသားကျနေပြီး အမြဲတမ်း သူတို့ လုပ်ချင်ရာ လုပ်လေ့ရှိသောကြောင့်ပင်။ စင်ကာပူ သိမ်းပိုက်ခံရပြီမှန်း သိနေသော်လည်း သူတို့သည် ချန်ဂီ ရေတပ်စခန်းတွင် ဆက်နေရန် ကြိုးစားခဲ့ပြီး ထွက်ခွာရန် ငြင်းဆန်ခဲ့ကြသည်။
ရလဒ်အနေဖြင့် ကျဲခယ် အဖွဲ့က သူတို့ကို လုံးဝ မျက်နှာသာမပေးခဲ့ပေ။ သူတို့က မထွက်ခွာချင်မှတော့ အားလုံး အဲဒီမှာပဲ နေခဲ့လိုက်ကြတော့။
ယခု အခြေအနေက အမေရိကန်အတွက် အလွန် အကျပ်ရိုက်စရာ ဖြစ်နေသည်။ ကျဲခယ် အဖွဲ့က ချန်ဂီ ရေတပ်စခန်းကို အတင်းအဓမ္မ သိမ်းပိုက်ပြီး သူတို့၏ အမေရိကန် စစ်သားများကို ဖမ်းဆီးသွားခဲ့ပြီ ဖြစ်သည်။
အကယ်၍ သူတို့က မတုံ့ပြန်လျှင် မျက်နှာပျက်ရမည်။
အကယ်၍ သူတို့၏ တုံ့ပြန်မှုက ပြင်းထန်လွန်းလျှင်လည်း နှစ်ဖက်ကြား စစ်ပွဲကို မီးမွှေးလိုက်သလို ဖြစ်သွားနိုင်သည်။
အခြေအနေ၏ အရေးကြီးမှုနှင့် အထူးသဘောသဘာဝတို့ကြောင့် အင်ဒို-ပစိဖိတ် ကွပ်ကဲမှု ဌာနချုပ်သည် သတင်းကို အိမ်ဖြူတော်သို့ ချက်ချင်း တင်ပြခဲ့သည်။
အိမ်ဖြူတော်တွင်…
ဘုန်း…
ဖုန်းခွက်ကို ကြမ်းပြင်ပေါ်သို့ ပြင်းထန်စွာ ရိုက်ချလိုက်သံ ထွက်ပေါ်လာသည်။ အမေရိကန် သမ္မတ ဂျက်စမင်၏ မျက်နှာမှာ မည်းမှောင်နေပြီး အံတင်းတင်းကြိတ်ကာ ပြောလိုက်သည်။
"ကျဲခယ် အဖွဲ့... မင်းတို့ တော်တော် လွန်သွားပြီ"
အကြောင်းမှာ ယခုလေးတင် သူသည် အင်ဒို-ပစိဖိတ် ကွပ်ကဲမှု ဌာနချုပ်ထံမှ သတင်းကို ဖုန်းဖြင့် လက်ခံရရှိခဲ့သောကြောင့်ပင်။ ကျဲခယ် အဖွဲ့က ချန်ဂီ ရေတပ်စခန်းကို အတင်းအဓမ္မ သိမ်းပိုက်ပြီး အတွင်းရှိ စစ်သား အားလုံးကို ဖမ်းဆီးသွားကြောင်း သတင်းရရှိခဲ့ခြင်း ဖြစ်သည်။
ဖုန်းပြောပြီးသောအခါ သမ္မတ ဂျက်စမင်သည် သူ၏ ဒေါသကို မထိန်းချုပ်နိုင်တော့ဘဲ ဖုန်းကို တစ်စစီ ဖြစ်သွားအောင် ရိုက်ခွဲပစ်လိုက်ခြင်းက သူ မည်မျှ ဒေါသထွက်နေကြောင်းကို ပြသနေသည်။
ကျဲခယ် အဖွဲ့သည် လော့စ်အိန်ဂျလိစ် အိုလံပစ်ပွဲမှစ၍ ယနေ့ စင်ကာပူကို ကျူးကျော် ဝင်ရောက်သည် အထိ သူတို့ကို အကြိမ်ကြိမ် ရန်စခဲ့သည်။ အမြဲတမ်း အမေရိကန်ကသာ ပြဿနာရှာလေ့ရှိသော်လည်း ယခုတော့ ပြောင်းပြန် ဖြစ်သွားခဲ့ပြီ။
ကြမ်းပြင်ပေါ်ရှိ အစိတ်စိတ်အမြွှာမြွှာ ဖြစ်နေသော ဖုန်းကို ခြေထောက်ဖြင့် အချက်အနည်းငယ် နင်းချေပြီးနောက် သမ္မတ ဂျက်စမင်သည် သူ၏ ထိုင်ခုံပေါ်သို့ အရုပ်ကြိုးပြတ် ကျဆင်းသွားပြီး သူ၏ ရင်ဘတ်မှာ ပြင်းထန်စွာ နိမ့်ချည်မြင့်ချည် ဖြစ်နေဆဲပင်။
"ကျဲခယ် အဖွဲ့ရဲ့ လုပ်ရပ်တွေက တကယ်ကို မောက်မာလွန်းတယ်။ ငါတို့ရဲ့ ရေတပ်စခန်းကို သိမ်းပိုက်ရဲတယ်ပေါ့လေ။ သူတို့က သေချင်နေတာပဲ"
ရုံးခန်းထဲတွင် အသံတစ်သံ ထွက်ပေါ်လာသည်။ ဂရေ့စ် ဘွန်း ဟု အမည်ရသော သက်လတ်ပိုင်း အမျိုးသမီး တစ်ဦး ဖြစ်သည်။
သူမသည် အမေရိကန်၏ ဒုတိယမြောက် အမျိုးသမီး ဒုတိယသမ္မတ ဖြစ်ပြီး ဒုတိယသမ္မတ မဖြစ်မီက ဖက်ဒရယ် အရန်ငွေကြေး အဖွဲ့အစည်း၏ အမှုဆောင်ဟောင်း တစ်ဦး ဖြစ်ခဲ့သည်။
CIA အကြီးအကဲ ဂျူဒီယွန်သည်လည်း ရုံးခန်းထဲတွင် ရှိနေသည်။ ဤအခိုက်အတန့်တွင် သူမက ဂရေ့စ်ကို တစ်ချက် ကြည့်လိုက်သည်။
"သမ္မတကြီး... ဒီလောက် ဒေါသထွက်မနေပါနဲ့။ ကျဲခယ် အဖွဲ့က ဒေါသထွက်ဖို့ မတန်ပါဘူး"
ဂျူဒီယွန်က သမ္မတ ဂျက်စမင်အား ထပ်ပြီး ဒေါသမထွက်ရန် နှစ်သိမ့်စကား ပြောကြားလိုက်သည်။
"ဘာလဲ... မင်းကရော အောင့်သက်သက် မဖြစ်ဘူးလား"
သမ္မတ ဂျက်စမင်က စားပွဲပေါ်ရှိ ကော်ဖီကို ယူ၍ တစ်ကျိုက်တည်း မော့သောက်လိုက်သော်လည်း သူ၏ ဒေါသများက ကျန်ရှိနေဆဲပင်။
"အဟမ်း... ကျဲခယ် အဖွဲ့က နောင်ကျရင် ကျွန်မတို့ကို ထပ်ပြီး ဒေါသထွက်အောင် လုပ်စရာတွေ အများကြီး ရှိဦးမယ်လို့ ကျွန်မ ထင်ပါတယ်။ အဲဒီလို ဖြစ်တိုင်းသာ ဒီလောက် ဒေါသထွက်နေမယ် ဆိုရင် ကျွန်မတို့ရဲ့ ကျန်းမာရေးအတွက် မကောင်းပါဘူး။ ကျွန်မတို့ တဖြည်းဖြည်း ကျင့်သားရအောင် နေမှ ရပါမယ်"
ဂျူဒီယွန်က ခါးသီးစွာ ရယ်မောလိုက်သည်။ သူမသည် CIA အကြီးအကဲ မဖြစ်မီ အေးဂျင့် ဘဝကတည်းက ကျဲခယ် အဖွဲ့နှင့် အမြဲတမ်း ဉာဏ်ရည်ချင်း ယှဉ်ပြိုင် တိုက်ခိုက်ခဲ့ရသည်။
ထို့ကြောင့် ကျဲခယ် အဖွဲ့၏ ပြဿနာရှာနိုင်စွမ်းကို သူမ ကောင်းကောင်း သိထားပြီး ဖြစ်သည်။ ကျဲခယ် အဖွဲ့နှင့် ပြဿနာ ဖြစ်တိုင်းသာ ဤမျှ ဒေါသထွက်နေရမည်ဆိုပါက သူမသည် နှလုံးရောဂါဖြင့် ဆေးရုံတက်နေရသည်မှာ ကြာလှပြီ ဖြစ်ပေမည်။
သမ္မတ ဂျက်စမင်၏ စကားများ ဆွံ့အသွားပြီး မပျော်မရွှင်ဖြင့် - "ဒါဆို ငါတို့က ဒေါသကို မျိုချထားရမှာပေါ့"
ကမ္ဘာမြေပေါ်တွင် အင်အားအကြီးဆုံး နိုင်ငံဖြစ်သော အမေရိကန်၏ သမ္မတ တစ်ယောက် အနေဖြင့် သူသည် လက်ရှိ ကမ္ဘာပေါ်၌ ဩဇာအာဏာ အကြီးမားဆုံး လူတစ်ယောက်ဟု ပြောလျှင် ချဲ့ကားရာ မရောက်ဘူးဟု ထင်ခဲ့သည်။
သို့သော် သမ္မတ ရာထူးသို့ တက်လာပြီးနောက်ပိုင်း ကျဲခယ် အဖွဲ့၏ အကြိမ်ကြိမ် ရန်စမှုများကို ရင်ဆိုင်ခဲ့ရသည်။ အခြား နိုင်ငံခြားရေးရာ ပြဿနာများကို ဖြေရှင်းရ၍ သူ ခံစားရသော ဒေါသသည် ကျဲခယ် အဖွဲ့က သူ့အား ပေးစွမ်းသော ဒေါသ၏ တစ်ရာခိုင်နှုန်းပင် မရှိချေ။
"ဘာပဲဖြစ်ဖြစ်... လေယာဉ်တင်သင်္ဘောတွေ အဲဒီဒေသကို ချဉ်းကပ်ဖို့က အခု အရမ်း အန္တရာယ် များနေတယ်။ အဲဒီ လက်နက်တိုက် ခရူဇာစစ်သင်္ဘောတွေရဲ့ တည်နေရာကိုလည်း အတိအကျ သိရဖို့ မလွယ်တဲ့ အခြေအနေ ဆိုတော့ စစ်ပွဲကို စဖို့ မလွယ်ဘူး”
ဂျူဒီယွန်က ခေါင်းယမ်းလိုက်သည်။ ကျဲခယ်အဖွဲ့ ပိုင်ဆိုင်သော လက်နက်တိုက် ခရူဇာစစ်သင်္ဘော ခြောက်စင်း၏ ခြိမ်းခြောက်မှုကြောင့် အမေရိကန်၏ လေယာဉ်တင်သင်္ဘော တိုက်ခိုက်ရေး အုပ်စုများသည် ကျဲခယ် အဖွဲ့၏ ဩဇာလွှမ်းမိုးရာ နယ်မြေများ အတွင်းသို့ အလွယ်တကူ မချဉ်းကပ်ရဲကြတော့ပေ။
ယခင်က အရှေ့တောင်အာရှ ရေပြင်တွင် အမေရိကန် ရေတပ်သည် လွတ်လပ်စွာ သွားလာ လှုပ်ရှားခဲ့သော်လည်း ယခုအခါတွင်မူ အဆက်မပြတ် နောက်ဆုတ်နေရပြီး လေယာဉ်တင်သင်္ဘော တိုက်ခိုက်ရေးအုပ်စုများကိုလည်း အလွယ်တကူ စေလွှတ်၍ မရတော့ချေ။
"ကျဲခယ် အဖွဲ့က ဒီလို လုပ်ရပ်မျိုး လုပ်ပြီးတာတောင် ငါတို့က အလျှော့ပေးလိုက်ရင် ကမ္ဘာကြီးက ငါတို့ အမေရိကန်ကို ဘယ်လို ရှုမြင်ကြမလဲ"
သမ္မတ ဂျက်စမင်က စားပွဲကို လက်ချောင်းများဖြင့် ခေါက်လိုက်သည်။ ယခုအခါ သူသည် ကျဲခယ် အဖွဲ့ကြောင့် အလွန်အမင်း စိတ်ပျက် အားလျော့နေပြီ ဖြစ်သည်။
"သမ္မတကြီး ကျွန်မတို့ရဲ့ ခိုင်မာတဲ့ ရပ်တည်ချက်ကို ပြသဖို့ ကြေညာချက် တစ်စောင် ထုတ်ပြန်ဖို့ လိုအပ်ပါတယ်။ ကျဲခယ် အဖွဲ့က အခုအချိန်မှာ ကျွန်မတို့နဲ့ အလျင်စလို စစ်မဖြစ်ချင်တာ သေချာပါတယ်။ အိန္ဒိယဘက်က သူတို့ရဲ့ စစ်ပွဲကလည်း မပြီးဆုံးသေးသလို မလေးရှားနဲ့ စင်ကာပူက အခြေအနေတွေကိုလည်း သူတို့ တည်ငြိမ်အောင် လုပ်ဖို့ လိုအပ်ပါသေးတယ်။ ကျွန်မတို့ရဲ့ သဘောထားက လုံလောက်အောင် ခိုင်မာပြတ်သားနေသရွေ့ ကျဲခယ် အဖွဲ့က အခက်အခဲကို ရင်ဆိုင်ရတဲ့အခါ နောက်ဆုတ်ဖို့ ရွေးချယ်နိုင်ခြေ အရမ်းများပါတယ်"
ဂရေ့စ်က သူမ၏ အမြင်ကို တင်ပြကာ ယုံကြည်မှု အပြည့်ဖြင့် ပြောဆိုလိုက်သည်။
***