"အဲဒါ အလုပ်မဖြစ်ဘူး။ ကျဲခယ် အဖွဲ့က ခေါင်းမာလွန်းလို့ နာမည်ကြီးတယ်။ လမ်းဖယ်ပေးတယ်ဆိုတဲ့ အဓိပ္ပာယ်ကို သူတို့ နားမလည်ဘူး"
ဂရေ့စ်၏ စကားကို ကြားသောအခါ သမ္မတ ဂျက်စမင် စကားမပြောရသေးမီမှာပင် ဂျူဒီယွန်က အရင်ဆုံး ကန့်ကွက်လိုက်သည်။
ဂရေ့စ်၏ မျက်လုံးများတွင် မကျေနပ်မှုများ ပေါ်လာပြီး နှာခေါင်းရှုံ့ကာ ပြောလိုက်သည်။ "ဘာလဲ... ကျွန်မ ပြောတာက အဓိပ္ပာယ် မရှိဘူးလား။ ကျွန်မတို့ရဲ့ မဟာမိတ်တွေ ဖြစ်တဲ့ ဂျပန်၊ တောင်ကိုရီးယား၊ ဩစတြေးလျနဲ့ ဥရောပ သမဂ္ဂတို့ကို ခေါ်ပြီး သူတို့ကို ဖိအားပေးလို့ ရတာပဲ။ ကျဲခယ် အဖွဲ့က အဲဒီ ဖိအားတွေကို တကယ်ပဲ ခံနိုင်ရည် ရှိပါ့မလား။ ဒီမဟာမိတ်တွေ မပါရင်တောင် အမေရိကန် ရေတပ်က အနိုင်ယူလို့ မရနိုင်လောက်အောင် အစွမ်းထက်ပါတယ်။ ရှင်က ဘာလို့ ကျဲခယ် အဖွဲ့ကို ဒီလောက် ကြောက်နေရတာလဲဆိုတာ ကျွန်မ နားမလည်နိုင်ဘူး”
"ကျဲခယ် အဖွဲ့မှာ လက်နက်တိုက် ခရူဇာစစ်သင်္ဘောတွေ ရှိတယ်..."
"ကျွန်မတို့မှာလည်း လေယာဉ်တင်သင်္ဘော တိုက်ခိုက်ရေးအုပ်စုတွေ ရှိတယ်လေ။ လေယာဉ်တင် သင်္ဘော တိုက်ခိုက်ရေးအုပ်စု ဆယ့်နှစ်ခုတောင် ရှိတာလေ။ ခရူဇာစစ်သင်္ဘောတွေကို ဘာကြောင့် ကြောက်နေရမှာလဲ”
ယုံကြည်မှု အပြည့် ရှိနေသော ဂရေ့စ်က ဂျူဒီယွန်၏ စကားများကို ကြားဖြတ် ပြောဆိုလိုက်သည်။
"လေယာဉ်တင်သင်္ဘော တိုက်ခိုက်ရေးအုပ်စု ဆယ့်နှစ်ခုစလုံးမှာ ကိုယ်ပိုင် တာဝန်တွေ ရှိပြီး ကမ္ဘာတစ်ဝှမ်းက ကျွန်မတို့ရဲ့ အကျိုးစီးပွားတွေကို တည်ငြိမ်အောင် ထိန်းသိမ်းဖို့ လိုအပ်တယ်။ သူတို့ အားလုံးကို ကျဲခယ် အဖွဲ့ကို ရင်ဆိုင်ဖို့ ဘယ်လိုလုပ် ချထားပေးလို့ ရမှာလဲ။ ဒါဆို တခြားရန်သူတွေက တစ်စခန်း ထလာကြမှာပေါ့"
ဂျူဒီယွန်၏ နှုတ်ခမ်းများ တွန့်သွားသည်။ ဂရေ့စ်၏ အပြစ်ကင်းစင်သော မျက်နှာကို ကြည့်ရင်း လက်နက်တိုက် ခရူဇာစစ်သင်္ဘော ဆိုသည်မှာ အဘယ်အရာဖြစ်ကြောင်း သူမအား ရှင်းပြချင်စိတ် ပေါက်သွားသော်လည်း သူမ၏ ဂရုမစိုက်သော မျက်နှာအမူအရာကို မြင်သောအခါ အချိန်ဖြုန်းကာ မရှင်းပြချင်တော့ပေ။
သူမသည် စစ်ရေးနှင့် ပတ်သက်၍ ဘာမှနားမလည်သူ ဖြစ်ကြောင်း ထင်ရှားနေသည်။ သူမ ရှင်းပြလျှင်တောင် နားလည်မည် မဟုတ်သလို နားထောင်မည်လည်း မဟုတ်ပေ။
"ကဲ... မင်းတို့ နှစ်ယောက် အငြင်းပွားနေတာ ရပ်လိုက်ကြတော့"
သမ္မတ ဂျက်စမင်က အငြင်းပွားနေသူ နှစ်ဦးကို ရပ်တန့်ရန် လက်ကာပြလိုက်ပြီး ခေါင်းကိုက်နေသည့် အလား နားထင်များကို ပွတ်သပ်ကာ အားကိုးရာမဲ့စွာဖြင့် ပြောလိုက်သည်။ "ဂရေ့စ်ရဲ့ နည်းလမ်းအတိုင်း အရင် လုပ်ကြည့်ရအောင်"
"သမ္မတကြီး"
ဂျူဒီယွန်က စကားတစ်ခွန်း ဆက်ပြောချင်သေးသည်။
"တစ်နိုင်ငံလုံးက ငါ့ကို စောင့်ကြည့်နေကြတယ်။ ငါတို့ဘက်က သင့်လျော်တဲ့ တုံ့ပြန်မှုတစ်ခု လုပ်ဖို့ လိုအပ်တယ်”
သမ္မတ ဂျက်စမင်က ဂျူဒီယွန်ကို စူးစိုက်ကြည့်ကာ ခိုင်မာသော လေသံဖြင့် ပြောလိုက်သည်။
ဂျူဒီယွန် တိတ်ဆိတ်သွားသည်။ သမ္မတ ဂျက်စမင် မပြောဘဲ ထားသော အဓိပ္ပာယ်ကို သူမ နားလည်လိုက်သည်။
သူသည် အမေရိကန် ပြည်တွင်းမှ ထောက်ခံမှုနှုန်းထားများကို ထည့်သွင်းစဉ်းစားနေခြင်း ဖြစ်ကြောင်း ထင်ရှားလေသည်။ အခြား နိုင်ငံများနှင့် ယှဉ်ပြိုင်လာရသည့်အခါ ခိုင်မာသော ရပ်တည်ချက်က မဲရရှိရန်နှင့် ပိုမို မြင့်မားသော ထောက်ခံမှု ရရှိရန် အထောက်အကူ ဖြစ်စေလိမ့်မည်။
နောက်ဆုံးတွင် ဂျူဒီယွန် ခေါင်းညိတ်လိုက်သည်။ ကျဲခယ် အဖွဲ့က တကယ်ပဲ နောက်ဆုတ်ရန် ရွေးချယ်လိမ့်မည်ဟု သူမ မျှော်လင့်ရုံသာ တတ်နိုင်တော့သည်။
"ကျွန်မ နားလည်ပါပြီ။ ကျွန်မတို့ CIA က ကိုယ့်အလုပ်ကိုယ် လုပ်ပြီး ကျဲခယ် အဖွဲ့ရဲ့ လှုပ်ရှားမှုတွေကို အနီးကပ် စောင့်ကြည့်နေပါ့မယ်”
ဧပြီလ ၂၁ ရက်နေ့…
ချန်ဂီ ရေတပ်စခန်းကို သိမ်းပိုက်ပြီး နောက်တစ်နေ့တွင် ဖြစ်ရပ်နှင့် ပတ်သက်၍ ကျဲခယ် အဖွဲ့က ကြေညာချက် တစ်စောင် ထုတ်ပြန်ခဲ့သည်။
"စင်ကာပူရဲ့ တရားဝင် တောင်းဆိုချက်အရ ချန်ဂီ ရေတပ်စခန်းကို ပြန်လည် သိမ်းယူခြင်းဟာ တရားဝင်ပြီး စည်းကမ်းချက်တွေနဲ့ ကိုက်ညီပါတယ်။ ဘာမှ ဝေဖန်စရာ မရှိပါဘူး။ ကျွန်တော်တို့ ကျဲခယ် အဖွဲ့ဟာ အားနည်းသူတွေကို အနိုင်ကျင့် ဗိုလ်ကျတာနဲ့ အခြားနိုင်ငံတွေရဲ့ နယ်မြေတွေကို သိမ်းပိုက်တာကို ရွံရှာပါတယ်။ ပြောင်းပြန်အနေနဲ့ အမေရိကန်က စင်ကာပူက ချန်ဂီ ရေတပ်စခန်းကို အချိန်ကြာမြင့်စွာ စစ်စခန်းအဖြစ် အသုံးပြုနေခြင်းဟာ စင်ကာပူ ပြည်သူတွေရဲ့ ခံစားချက်တွေကို ပြင်းပြင်းထန်ထန် ထိခိုက်စေခဲ့ပါတယ်။ အမေရိကန်က စင်ကာပူ အစိုးရကို လျော်ကြေးပေးဖို့ လိုအပ်ပါတယ်။ မဟုတ်ရင် အမေရိကန် စစ်သားတွေနဲ့ စစ်သင်္ဘောတွေကို ကျွန်တော်တို့ ပြန်ပေးမှာ မဟုတ်ပါဘူး”
ကျဲခယ် အဖွဲ့၏ ကြေညာချက်က ကမ္ဘာတစ်ဝှမ်းတွင် နောက်ထပ် ဆူပူ အုံကြွမှုကြီး တစ်ခုကို ဖြစ်ပေါ်စေခဲ့သည်။ ချန်ဂီ ရေတပ်စခန်းကို အတင်း အဓမ္မ သိမ်းပိုက်ရုံသာမက အမေရိကန်ကို ခြိမ်းခြောက် ငွေညှစ်ရန်ပါ ကြိုးစားနေသေးသည်။
ကျဲခယ် အဖွဲ့ကို ဒေါသထွက်သွား၍လားတော့ မသိ။ အမေရိကန်၏ ယခင်က ငြိမ်သက်နေသော လေယာဉ်တင် သင်္ဘော တိုက်ခိုက်ရေးအုပ်စုများသည် ပြန်လည် လှုပ်ရှားလာကြသည်။
ထိုနေ့မှာပင် အမေရိကန်ကလည်း သတင်းထောက်များရှေ့တွင် ကျဲခယ် အဖွဲ့အား စွပ်စွဲလျက် အပြန်အလှန် တုံ့ပြန်သော ကြေညာချက် တစ်စောင်ကို ထုတ်ပြန်ခဲ့သည်။
"ကျဲခယ် အဖွဲ့ရဲ့ လုပ်ရပ်တွေဟာ နိုင်ငံတကာ စံနှုန်းတွေကို လုံးဝ ချိုးဖောက်ပြီး စင်ကာပူ ပြည်သူတွေရဲ့ လွတ်လပ်ရေးနဲ့ တန်းတူညီမျှတဲ့ ဆက်ဆံရေးကို ချိုးဖောက်နေပါတယ်။ စင်ကာပူကို အင်အားကြီး အဖွဲ့အစည်း တစ်ခုက ထိန်းချုပ်ထားတဲ့ ရုပ်သေးနိုင်ငံ တစ်ခု ဖြစ်သွားစေပါတယ်။ စင်ကာပူရဲ့ လွတ်လပ်တဲ့ အုပ်ချုပ်ခွင့်ကို ပြန်လည်ရရှိဖို့ စင်ကာပူ ပြဿနာကို နိုင်ငံတကာ ညီလာခံမှာ ဆွေးနွေးဖို့ တင်ပြ အကြံပြုပါတယ်။ တစ်ချိန်တည်းမှာပဲ ကျဲခယ် အဖွဲ့အနေနဲ့ ကျွန်တော်တို့ရဲ့ စစ်သားတွေနဲ့ စစ်သင်္ဘောတွေကို ချက်ချင်း ပြန်လွှတ်ပေးရပါမယ်။ မဟုတ်ရင် အကျိုးဆက်အားလုံးကို ခင်ဗျားတို့ဘက်ကပဲ တာဝန်ယူရပါလိမ့်မယ်”
အမေရိကန်က ပြင်းထန်သော ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ပြီး အင်ဒို-ပစိဖိတ် ကွပ်ကဲမှု ဌာနချုပ်က တပ်များကို အဆင့်ဆင့် စတင် တပ်ဖြန့်လာကာ ကျဲခယ် အဖွဲ့ကသာ စစ်သားများကို ပြန်မလွှတ်ပေးပါက စစ်တိုက်ရန် ဝန်လေးမည် မဟုတ်ကြောင်း ပြသလိုက်သည်။
အမေရိကန်၏ ခိုင်မာသော ရပ်တည်ချက်ကြောင့် အရှေ့တောင်အာရှရှိ အခြေအနေများ တင်းမာသွားပြီး စစ်ပွဲ တိမ်တိုက်များက နယ်မြေတစ်ခွင်တွင် နောက်တစ်ကြိမ် ဖုံးလွှမ်းလာပြန်သည်။ နောက်ရက်များ၌ အမေရိကန်သည် ကျဲခယ် အဖွဲ့ကို ဖိအားပေးကာ ကမ္ဘာတစ်ဝှမ်းတွင် လှုပ်ရှားမှုများကို အဆက်မပြတ် ပြုလုပ်ခဲ့သည်။
ဧပြီလ ၂၃ ရက်နေ့တွင် အမေရိကန် ဒုတိယသမ္မတ ဂရေ့စ်သည် ဂျပန်နှင့် တောင်ကိုရီးယားသို့ အလည်အပတ် သွားရောက်ခဲ့ပြီးနောက် ထိုနိုင်ငံနှစ်ခုမှ စစ်သင်္ဘော အမြောက်အမြား ဆိပ်ကမ်းများမှ ထွက်ခွာသွားကြသည်။
ဧပြီလ ၂၅ ရက်နေ့တွင် အမေရိကန် ကွန်ဂရက်လွှတ်တော်၌ ပြင်းထန်သော အငြင်းပွားမှုတစ်ခု ဖြစ်ပွားခဲ့သည်။ မီဒီယာ သတင်းထောက်များ၏ အဆိုအရ ကွန်ဂရက်လွှတ်တော်၏ ဆွေးနွေးမှု ခေါင်းစဉ်မှာ ကျဲခယ် အဖွဲ့နှင့် စစ်တိုက်သင့် ၊ မတိုက်သင့် ဖြစ်နိုင်ခြေ အလွန်များကြောင်း သိရသည်။ အစည်းအဝေး၏ နောက်ဆုံး ရလဒ်ကိုမူ မသိရပေ။
ဧပြီလ ၂၇ ရက်နေ့တွင် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးသည် ဗြိတိန်သို့ အလည်အပတ် သွားကာ ဥရောပ သမဂ္ဂ နိုင်ငံတကာ ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ခဲ့သည်။ ဤနေရာတွင် သူ၏ ကျဲခယ် အဖွဲ့သည် ကမ္ဘာကြီးကို စစ်ပွဲဖြင့် ခြိမ်းခြောက်နေသည် ဟူသော မိန့်ခွန်းက မိုးချုန်းသံကဲ့သို့ လက်ခုပ်တီး အားပေးမှုများကို ရရှိခဲ့သည်။
ဂျပန်၊ တောင်ကိုရီးယား၊ ဥရောပ သမဂ္ဂ၊ ဗြိတိန်နှင့် အခြားသော အမေရိကန်၏ ညီငယ် နိုင်ငံများနှင့် မဟာမိတ်များ အားလုံးက အမေရိကန်ကို ထောက်ခံကြောင်း ထုတ်ဖော်ပြောဆိုကြပြီး ကျဲခယ် အဖွဲ့ကို နှုတ်ဖြင့် ဝိုင်းဝန်း တိုက်ခိုက်ကြသည်။
ဤတစ်ကြိမ်တွင် ပြည်သူ့ အမြင်နှင့် ပတ်သက်၍ ကျဲခယ် အဖွဲ့ကို တိုက်ခိုက်ရုံသာမကပေ။ အမေရိကန်သည် အမည်မသိ ကတိကဝတ် အချို့ကိုလည်း ပြုလုပ်ခဲ့ပြီး ၎င်းတို့၏ သစ္စာရှိ မဟာမိတ် ဖြစ်သည့် တောင်ကိုရီးယားနှင့် ဂျပန် အပြင် ဗြိတိန်ကလည်း ပါဝင်ရန် စစ်သင်္ဘောများကို စေလွှတ်ခဲ့သည်။
အတ္တလန္တိတ် သမုဒ္ဒရာတွင် လှည့်လည် သွားလာနေသော F-35B တိုက်လေယာဉ် ၁၈ စင်းကို သယ်ဆောင်ထားပြီး ဖျက်သင်္ဘောများနှင့် ဖရီးဂိတ်စစ်သင်္ဘော အုပ်စုတစ်စုကို ဦးဆောင်လာသော ဗြိတိန်တော်ဝင်ရေတပ်၏ Queen Elizabeth လေယာဉ်တင် သင်္ဘောသည် ဂျီဘရော်လ်တာ ရေလက်ကြားနှင့် မြေထဲပင်လယ်တို့ကို ဖြတ်သန်းကာ ပင်လယ်နီထဲသို့ ဝင်ရောက်လာပြီး အမေရိကန် လေယာဉ်တင်သင်္ဘော တိုက်ခိုက်ရေးအုပ်စုနှင့် ပူးပေါင်းလိုက်သည်။
ယနေ့ခေတ် ဗြိတိန်သည် ယခင် ဗြိတိသျှ အင်ပါယာခေတ်နှင့် မတူတော့ပေ။ ၎င်း၏ ရေတပ် ဖျက်သင်္ဘောများနှင့် ဖရီးဂိတ်စစ်သင်္ဘော အများစုမှာ အနှစ် နှစ်ဆယ် သို့မဟုတ် သုံးဆယ်ခန့် အမှုထမ်းခဲ့ပြီးသော သင်္ဘောဟောင်းများ ဖြစ်ကြပြီး ဟန်ပြရန် လေယာဉ်တင်သင်္ဘော နှစ်စင်းသာ ကျန်ရှိတော့သည်။
Queen Elizabeth လေယာဉ်တင်သင်္ဘောကို ဥပမာပြရလျှင် ၎င်းသည် တန်ချိန် ၆၅,၀၀၀ ရှိသည်ဟု ဂုဏ်ယူ ဝင့်ကြွားနေသော်လည်း လက်ရှိတွင် သင်္ဘောပေါ်ရှိ F-35B တိုက်လေယာဉ် ၁၈ စင်းအနက် ၁၀ စင်းမှာ အမေရိကန်ထံမှ ငှားရမ်းထားခြင်း ဖြစ်ပြီး ကျန် ၈ စင်းမှာ တော်ဝင်လေတပ်မှ ပိုင်ဆိုင်ကာ ရေတပ်မှ ပိုင်ဆိုင်သော တိုက်လေယာဉ် တစ်စင်းမျှ မရှိချေ။
ထိုသို့ဖြစ်နေသည့်တိုင်အောင် သူတို့က အမေရိကန်အတွက် အလံဝှေ့ယမ်းပေးရန်နှင့် ကျဲခယ် အဖွဲ့ကို ဆန့်ကျင်ရန် ရောက်လာကြသေးရာ ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်းနေသည်မှာ ထင်ရှားလှသည်။
သို့သော်လည်း ချက်ချင်းဆိုသလို အမေရိကန် ရေတပ်က လူသိရှင်ကြား ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ပြီး ဆယ်နှစ်စာ ငှားရမ်းခ ကင်းလွတ်ခွင့်ဖြင့် Queen Elizabeth လေယာဉ်တင်သင်္ဘော အတွက် F-35B လေယာဉ်တင်သင်္ဘောသုံး တိုက်လေယာဉ် ၁၈ စင်းကို ငှားရမ်းပေးသွားမည် ဖြစ်ကြောင်း ဖော်ပြခဲ့သည်။
ဤအချိန်တွင် အမေရိကန်ထံမှ လက်ဆောင်တစ်ခု ရရှိခဲ့သောကြောင့် ဗြိတိန်က အမေရိကန်နောက်သို့ တက်ကြွစွာ လိုက်ပါနေခြင်းဖြစ်ကြောင်း တစ်ကမ္ဘာလုံးက နားလည်သွားကြပြီ ဖြစ်သည်။
အမေရိကန်က ရေတပ်အင်အားများကို မကြာခဏ တပ်ဖြန့်နေသည်ကို မြင်သော်လည်း ကျဲခယ် အဖွဲ့ဘက်ကမူ လုံးဝ ကြောက်ရွံ့ခြင်း မရှိပေ။
ကျဲခယ် အဖွဲ့၏ ဦးဆောင်မှုအောက်တွင် ရှိနေကြသော မလေးရှား ၊ စင်ကာပူ ၊ လာအိုနိုင်ငံ၊ ဗီယက်နမ်၊ ထိုင်း၊ မြန်မာ (မဟာမိတ်) နှင့် ကမ္ဘောဒီးယား စသော စုစုပေါင်း နိုင်ငံ ခုနစ်ခု၏ စစ်သင်္ဘောများသည် သူတို့၏ ဆိပ်ကမ်းများမှ အဆက်မပြတ် ထွက်ခွာသွားကြသည်။
ကျဲခယ် အဖွဲ့ ပထမ ရေတပ်စု၏ မျိုစင်္ကြာ အတန်းအစား ခရူဇာစစ်သင်္ဘော ခြောက်စင်းသည် တိုက်ခိုက်မှုကို ပြုလုပ်ရန် အသင့် စောင့်ဆိုင်းနေသည့် လုပ်ကြံသတ်ဖြတ်သူများကဲ့သို့ သမုဒ္ဒရာထဲတွင် အရိပ်အယောင်မျှ မချန်ဘဲ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။
တပြိုင်ထဲတွင် ကျဲခယ် အဖွဲ့သည် မလေးရှားနှင့် စင်ကာပူနိုင်ငံများအပေါ် ၎င်း၏ ထိန်းချုပ်မှုကို တိုးမြှင့်နိုင်ဖို့လည်း ကြိုးပမ်းခဲ့သည်။ ကျဲခယ်အဖွဲ့သည် ယင်းနိုင်ငံနှစ်ခုတွင် စစ်သား တစ်သိန်းကျော်ကို တပ်ဖြန့်ထားလေသည်။
နိုင်ငံနှစ်ခုလုံးရှိ CIA ၏ လွှမ်းမိုးမှုအောက် ကျရောက်နေသော ဩဇာရှိ ပုဂ္ဂိုလ်များ၏ ပြဿနာ ရှာကာ ကျဲခယ် အဖွဲ့ကို နှင်ထုတ်ရန် ဆူပူအော်ဟစ်မှုများနှင့် ပတ်သက်၍မူ...
ကျဲခယ် အဖွဲ့သည် ရုပ်ပိုင်းဆိုင်ရာ ဖယ်ရှားခြင်း နည်းလမ်းကို ရွေးချယ်ခဲ့သည်။ ကျဲခယ် အဖွဲ့၏ ဦးဆောင်မှု အောက်တွင် နိုင်ငံနှစ်ခုလုံးမှ ဝန်ထမ်းများဖြင့် ဖွဲ့စည်းထားသော အသစ် တည်ထောင်ထားသည့် လျှို့ဝှက်ရဲတပ်ဖွဲ့သည် လက်တွေ့နှင့် အွန်လိုင်းတွင် ကျဲခယ် အဖွဲ့ကို ဆဲဆို တိုက်ခိုက်ပြီး အသရေဖျက်သော နိုင်ငံသား အားလုံးကို ဖမ်းဆီးရန် သီးသန့် တာဝန်ယူခဲ့ကြသည်။
ဖမ်းဆီးခံရသော လူတို့သည်မူ သူတို့၏ အမှားများကို နားလည် သဘောပေါက်ပြီး စာလုံးရေ တစ်သိန်း ပါဝင်သော ဝန်ခံကတိစာတမ်း ရေးသားကာ အွန်လိုင်းတွင် တောင်းပန်သည့် ဗီဒီယို ရိုက်ကူးပြီးမှသာ အိမ်ပြန်ခွင့် ရကြ၏။
အနောက်ဘက်တွင် ဆီလီဂူရီ စင်္ကြံ၌ အရာအားလုံး တည်ငြိမ်နေသည်။ ကျဲခယ် အဖွဲ့သည် အိန္ဒိယ၏ ပြည်မကြီးထဲသို့ ထပ်မံ ချီတက်ခြင်း မပြုတော့ဘဲ အာသံရှိ ပြည်တွင်းရေးရာများကို တည်ငြိမ်အောင် လုပ်ဆောင်ခြင်း၊ အာသံ စစ်တပ်ကို လေ့ကျင့်ပေးခြင်းနှင့် စစ်ရေး အကူအညီများ ပံ့ပိုးပေးခြင်းတို့ကိုသာ ပြုလုပ်ခဲ့သည်။
သို့သော် ကပ္ပလီကျွန်းစုများတွင်မူ ကျဲခယ် အဖွဲ့၏ ရေတပ်စစ်သားများက အတင်းအဓမ္မ ကမ်းတက်ကာ ကပ္ပလီကျွန်းစုများကို သိမ်းပိုက်လိုက်ကြသည်။ အသစ် ထုတ်ဝေသော မြေပုံများတွင် ကပ္ပလီ ကျွန်းစုများကို ကျဲခယ် အဖွဲ့၏ အရောင်ဖြင့် အမှတ်အသား ပြုလုပ်ထားပြီး ဤနည်းဖြင့် ကရာတူးမြောင်း၏ လုံခြုံရေးကို သေချာစေခဲ့သည်။
ထို့အပြင် ကျဲခယ် အဖွဲ့သည် အိန္ဒိယ၏ အနောက်မြောက်ဘက်ရှိ ပါကစ္စတန်ကိုလည်း သွေးထိုးပေးခဲ့၏။
အိန္ဒိယ၏ အားနည်းမှုကို မြင်သောအခါ ပါကစ္စတန်သည် ကျဲခယ် အဖွဲ့နှင့် ဆက်သွယ်ပြီးနောက် ကက်ရှ်မီးယား ဒေသအတွက် အိန္ဒိယကို တိုက်ခိုက်ရန် ချက်ချင်း ရွေးချယ်ခဲ့သည်။ ထို့ကြောင့် အိန္ဒိယ နိုင်ငံအတွင်း စစ်မီးများ တောက်လောင်လာသဖြင့် အိန္ဒိယက အလွန် ဒေါသထွက်သွားပြီး ကျဲခယ် အဖွဲ့က ပါကစ္စတန်ကို ကူညီ ထောက်ပံ့နေသည်ဟု စွပ်စွဲတော့သည်။
အကြောင်းမှာ ယခုတစ်ကြိမ် ပါကစ္စတန်၏ တပ်များက အိန္ဒိယစစ်တပ်၏ အားနည်းချက်များ ဟု ပြော၍ ရသည့် နေရာများကို ကွက်တိ နေရာယူထားခြင်း ဖြစ်ပြီး ယင်းက ပါကစ္စတန်သည် ထောက်လှမ်းရေး သတင်းအချက်အလက်ပိုင်းတွင် အပြည့်အဝ အသာစီးရနေကြောင်းကို သက်သေခံနေ၏။ ကျဲခယ် အဖွဲ့၏ ဂြိုဟ်တုများသည် အိန္ဒိယ အထက်တွင် အမြဲတမ်း ပျံသန်းနေရာ ပါကစ္စတန်တို့၏ နောက်ကွယ်တွင် ကျဲခယ် အဖွဲ့မှလွဲ၍ ဘယ်သူ ရှိနိုင်ဦးမည်နည်း။
***