ကွန်ဂို သမ္မတနိုင်ငံ၊ ဟောက်-ကာတန်ဂါ ပြည်နယ်၊ ကျူးကျော်ရပ်ကွက်။
အာဖရိကရှိ လူဦးရေ ထူထပ်သော နိုင်ငံတစ်ခုအနေဖြင့် ကွန်ဂိုတွင် လူဦးရေ သန်း ၁၀၀ ကျော်၊ စိုက်ပျိုးမြေ ဟက်တာ သန်း ၁၅၀ နှင့် အမျိုးမျိုးသော သတ္တု သယံဇာတများ ပေါကြွယ်ဝစွာ ရှိသည်။ အကယ်၍ ၎င်းတို့ကိုသာ အပြည့်အဝ အသုံးချနိုင်ပါက စားနပ်ရိက္ခာ ရှားပါးမှု ပြဿနာကို ဖြေရှင်းနိုင်ပြီး ၎င်းဘာသာ စက်မှုလုပ်ငန်း ထွန်းကားသော နိုင်ငံတစ်ခုအဖြစ် ဖွံ့ဖြိုးတိုးတက်လာနိုင်သည်။
သို့သော် ယနေ့ခေတ် ကွန်ဂိုသည် အာဖရိကရှိ နိုင်ငံအများစုကဲ့သို့ပင် ကုသ၍ မရနိုင်သော နက်ရှိုင်းသည့် ကင်ဆာရောဂါ တစ်ခုကဲ့သို့ ဆင်းရဲမွဲတေမှု၊ ပဋိပက္ခ၊ ရောဂါဘယနှင့် အကျင့်ပျက် ခြစားမှုများဖြင့် လုံးပန်းနေရဆဲ ဖြစ်သည်။
ကျူးကျော်ရပ်ကွက်သည် မြစ်နှစ်ဖက်ကမ်းတွင် တည်ရှိပြီး ဖောင်များကို ချိတ်ဆက်၍ အပေါ်၌ အိမ်များ ဆောက်လုပ်ထားသည်။ လူနေ စက်ရုံများမှ ထွက်ရှိသော မိလ္လာရည်များနှင့် အမှိုက်သရိုက် အမျိုးမျိုးကြောင့် မြစ်ရေသည် အနက်ရောင် ဖြစ်နေသည်မှာ ကြာပြီဖြစ်ပြီး မနှစ်မြို့ဖွယ် အနံ့အသက်များလည်း လှိုင်လှိုင် ထွက်ပေါ်နေသည်။
သို့သော် နေဝင်ချိန်တွင် ဆင်းရဲသား အများအပြားသည် မြစ်ရေဖြင့် ထမင်းဟင်း ချက်ပြုတ်ခြင်း၊ အဝတ်လျှော်ခြင်းများ ပြုလုပ်နေကြပြီး ကလေးများက မြစ်ထဲသို့ ခုန်ချကာ ရယ်မော ဆော့ကစားနေကြသည်။
ရုတ်တရက် မြစ်ဝမှနေ၍ လှေအုပ်စုတစ်စု ကျူးကျော်ရပ်ကွက်အတွင်းသို့ ဖြည်းညင်းစွာ ဝင်ရောက်လာသည်။
လှေအုပ်စုက မသေးငယ်လှသလို AK ရိုင်ဖယ်များ ကိုင်ဆောင်ထားသူများလည်း ပါဝင်သည်။ သူတို့သည် ဒေသခံ လူမိုက်ဂိုဏ်းငယ် တစ်ခု ဖြစ်သည်။
"သွေးဖောက်မယ်… သွေးဖောက်မယ်"
"သွေးရောင်းချင်တဲ့သူတွေ မြန်မြန်လာခဲ့ကြ။ အချိန်လွန်ရင် မစောင့်ဘူး”
"ကူးစက်ရောဂါ ရှိတဲ့သူတွေ လာပြီး အချိန်မဖြုန်းနဲ့။ မြန်မြန်လုပ်”
လှေပေါ်တွင် လူမိုက်ဂိုဏ်း ခေါင်းဆောင်က အသံချဲ့စက် ကိုင်ကာ မြစ်နှစ်ဖက်ကမ်းရှိ ဆင်းရဲသားများကို သတိပေး အော်ဟစ်နေသည်။
ကျူးကျော်ရပ်ကွက် တစ်ခုလုံး ဆူညံသွားပြီး မရေမတွက်နိုင်သော အမျိုးသား၊ အမျိုးသမီးများနှင့် ကလေးငယ်များသည် သူတို့၏ လှေများကို လှေအုပ်စုအနီးသို့ အပြေးအလွှား လှော်ခတ်လာကြရာ မြစ်ကြောင်း တစ်ခုလုံး ပိတ်ဆို့သွားတော့သည်။
"ကျွန်တော် သွေးရောင်းချင်တယ်။ ကျွန်တော့်သွေးက အရမ်း သန့်ပါတယ်"
"ကျွန်မကို ရွေးပါ။ ကျွန်မကို ရွေးပါ။ ဒါ ကျွန်မရဲ့ ဆေးစစ်ချက် မှတ်တမ်းပါ။ ကျွန်မသွေးက ဘာပြဿနာမှ မရှိပါဘူး"
"ဘော့စ်... ကျွန်တော် သွေးရောင်းချင်တယ်။ ကျွန်တော့်ဆီမှာ သွေးတွေ အများကြီး ရှိတယ်။ ဖောက်ယူလည်း မကြောက်ဘူး"
ဆင်းရဲသားများသည် လက်များကို အဆက်မပြတ် မြှောက်ကာ သူတို့၏ မျက်နှာများတွင် စိတ်လှုပ်ရှားမှုများ အပြည့် ရှိနေကြသည်။
သူတို့သည် သွေးများ ရောင်းနေကြသော်လည်း သူတို့၏ မျက်နှာအမူအရာများတွင် ကြောက်ရွံ့စိတ် ဟူ၍ မတွေ့ရဘဲ အားလုံးက စိတ်လှုပ်ရှားနေကြသည်။ သူတို့က အရွေးမခံရမည်ကိုပင် စိုးရိမ်နေပုံ ရပေသည်။
"တစ်ယောက်ချင်းစီ တန်းစီ"
လူမိုက်ဂိုဏ်းဝင်များ၏ စီစဉ်မှုအောက်တွင် လှေအုပ်စုထဲမှ ဆေးဘက်ဆိုင်ရာ ဝန်ထမ်းများ ထွက်လာပြီး နေရာတွင်ပင် သွေးစတင် ဖောက်ယူကြတော့သည်။ ပျမ်းမျှအားဖြင့် လူတစ်ဦးလျှင် သွေး မီလီလီတာ ခုနစ်ရာမှ ရှစ်ရာအထိ ဖောက်ယူကြပြီး ယင်းက ပုံမှန် သတ်မှတ်ချက်ဖြစ်သော လေးရာ မီလီလီတာထက် များစွာ ကျော်လွန်နေသည်။
သို့သော် ဤသည်က ဆင်းရဲသားများ အတွက် ပြစ်ဒဏ် မဟုတ်ပဲ ဆုလာဘ်ပင်…။ အကြောင်းမှာ သွေးများ ပိုရောင်းရလေလေ သူတို့က ပိုက်ဆံ ပိုရလေလေ မဟုတ်ပါလား…။
တစ်ယောက် သွေးဖောက်ပြီးတိုင်း သူတို့သည် တစ်ဖက်တွင် သွားရောက် တန်းစီကာ လူမိုက်ဂိုဏ်းက ငွေပေးမည့် အချိန်ကို စောင့်ဆိုင်းကြသည်။ သွေးတစ်ခါ ရောင်းပြီးတိုင်း လူမိုက်ဂိုဏ်းဝင်များထံမှ အမေရိကန် ဒေါ်လာ ၅၀ တန်ဖိုးရှိ ငွေစက္ကူများကို ရရှိနိုင်သောကြောင့် ယနေ့သည်ကား သူတို့၏ အပျော်ရွှင်ဆုံး နေ့တစ်နေ့ ဖြစ်လေသည်။
သူတို့အများစု၏ တစ်လ ဝင်ငွေမှာ အမေရိကန် ဒေါ်လာ နှစ်ဆယ် သို့မဟုတ် သုံးဆယ်ခန့်သာ ရှိပြီး သူတို့၏ ပျမ်းမျှ နေ့စဉ် သုံးစွဲမှုမှာ အမေရိကန် ဒေါ်လာ ၁ ဒေါ်လာအောက်တွင်သာ ရှိသည်။ သူတို့အတွက် အမေရိကန် ဒေါ်လာ ၅၀ မှာ များပြားလှသော ငွေပမာဏ ဖြစ်၏။
သွေး အများအပြား ဖောက်ယူခံရခြင်းကြောင့် လူအများအပြား နေမကောင်းဖြစ်ကာ မျက်နှာများ ဖြူဖျော့နေသော်လည်း သူတို့ ဂရုမစိုက်ကြပေ။ အကြောင်းမှာ ဆင်းရဲမွဲတေမှုသည် ရုပ်ပိုင်းဆိုင်ရာ အနည်းငယ် မသက်မသာ ဖြစ်ရခြင်းထက် များစွာ ပို၍ ကြောက်မက်ဖွယ် ကောင်းသောကြောင့်ပင်။
သူတို့အများစု၏ ပျမ်းမျှ သက်တမ်းမှာ အနှစ်ငါးဆယ်ပင် မပြည့်နိုင်ချေ။ သွေးအများအပြား ရောင်းချခြင်းက သူတို့၏ မူလခန္ဓာကိုယ်ကို ထိခိုက်စေမည် ဖြစ်သော်လည်း သူတို့က အသက်ရှည်ရှည် နေရဖို့ မလွယ်ကြပေ။
ဆင်းရဲသားများသည် သူတို့၏ သွေးကို ကျဲခယ် အဖွဲ့၏ နယ်မြေသို့ ပို့ဆောင်ပါက တစ်မီလီလီတာလျှင် အမေရိကန် ဒေါ်လာ ၁.၂ မှ ၁.၃ အထိ ရောင်းရနိုင်ပြီး ၎င်းသည် သူတို့ သွေးရောင်း၍ ရသော ငွေထက် အဆနှစ်ဆယ် ပိုများကြောင်းကို မသိကြပေ။ သို့သော် ဆင်းရဲသားများသည် သူတို့ အမြတ် ထုတ်ခံနေရသည်ကို ဂရုမစိုက်ကြချေ။
သွေးရောင်းချခြင်းသည် ငွေကြေး အမြောက်အမြားကို လျင်မြန်စွာ ရရှိနိုင်ရန် သူတို့အတွက် တစ်ခုတည်းသော နည်းလမ်း ဖြစ်သဖြင့် အားလုံးက လူမိုက်ဂိုဏ်းမှ အမေရိကန် ဒေါ်လာများ ပေးမည့်အချိန်ကို စိတ်အားထက်သန်စွာ စောင့်ဆိုင်းနေကြသည်။
ယခင်က ဤသို့ ဖြစ်လေ့ရှိသော်လည်း ယနေ့ အခြေအနေက အနည်းငယ် ကွဲပြားနေသည်။
"ဒါ ဘာကြီးလဲ”
လူမိုက်ဂိုဏ်းက ငွေစတင် ဝေငှသောအခါ သွေးရောင်းထားသော ဆင်းရဲသားများသည် နဂါးပုံများ ရိုက်နှိပ်ထားသော သူစိမ်းပြင်ပြင် ငွေစက္ကူများကို မျက်လုံးပြူးကာ ကြည့်နေကြပြီး သူတို့၏ မျက်နှာများက ရှုပ်ထွေးသွားသည်။
"ပိုက်ဆံလေ… ပိုက်ဆံ”
လူမိုက်ဂိုဏ်း ခေါင်းဆောင်က ခြေချိတ်ထိုင်ကာ ဆေးလိပ်သောက်ရင်း မေးခွန်းကို ဖြေလိုက်သည်။
"ဒါက ဘာပိုက်ဆံလဲ။ ငါ မသိဘူး။ ငါ မယူဘူး။ ငါ အမေရိကန် ဒေါ်လာပဲ လိုချင်တယ်။ အဲဒီ အစိမ်းရောင် အမေရိကန် ဒေါ်လာတွေပဲ လိုချင်တယ်"
"ဒါက ဘယ်နိုင်ငံက ပိုက်ဆံလဲ။ ငါ တစ်ခါမှ မမြင်ဖူးဘူး။ အဲဒါနဲ့ ပစ္စည်းတောင် ဝယ်လို့ မရဘူး။ ငါ ဒါ မလိုချင်ဘူး။ ငါ့ကို အမေရိကန် ဒေါ်လာနဲ့ လဲပေး"
"မင်းတို့ လူမိုက်တွေက လူတွေကို ဒီလို အနိုင်ကျင့်လို့ ရမလား။ နောက်ဆို ဘယ်သူက မင်းတို့ကို သွေးရောင်းတော့မှာလဲ”
ဆင်းရဲသားများ စိုးရိမ်လာကြပြီး သူတို့လက်ထဲရှိ ငွေစက္ကူများကို ကြည့်ကာ အကြီးအကျယ် လှည့်စားခံရသည်ဟု ခံစားရသဖြင့် ဒေါသများ စတင် ကြီးထွားလာတော့သည်။
လူမိုက်ဂိုဏ်းဝင်များလည်း တင်းမာသွားကြပြီး လူအုပ်ကြီးကို သေနတ်များဖြင့် ချိန်ရွယ်လိုက်ကြသည်။
အခြေအနေ မဟန်သည်ကို မြင်သောအခါ လူမိုက်ဂိုဏ်း ခေါင်းဆောင်က အမြန် မတ်တတ်ရပ်ကာ ရှင်းပြလိုက်သည်။ "ဒါက ကျဲခယ် အဖွဲ့ရဲ့ ပိုက်ဆံကွ။ မင်းတို့ အားလုံး ကျဲခယ် အဖွဲ့ကို သိတယ် မဟုတ်လား။ အဲဒါ မင်းတို့ရဲ့ သွေးတွေကို ဝယ်တဲ့ ကုမ္ပဏီလေ။ ဒါ သူတို့ ကုမ္ပဏီက အသစ် ထုတ်လိုက်တဲ့ ငွေကြေးပဲ။ နဂါးငွေကြေးလို့ ခေါ်တယ်”
“မင်းတို့ လက်ထဲက နဂါးငွေကြေးက အမေရိကန် ဒေါ်လာ ၅၀ နဲ့ တန်ဖိုးတူတယ်။ ဘယ်သူက အဲဒါနဲ့ ပစ္စည်းဝယ်လို့ မရဘူးလို့ ပြောလဲ။ ငါတို့ ဒီကို စားနပ်ရိက္ခာတွေ ယူလာတယ်။ မင်းတို့ အခုပဲ ဝယ်လို့ရတယ်။ ပြီးတော့ မင်းတို့ အပြင်က မြို့ကြီးတွေကို သွားကြည့်ရင် နဂါးငွေကြေးက အဲဒီမှာ စတင် သုံးစွဲနေပြီ ဆိုတာကို တွေ့လိမ့်မယ်။ ကုန်သည် အများအပြားက ဒီနဂါးငွေကြေးကို လက်ခံကြတယ်။ ဒါက အရမ်း အသုံးဝင်တယ်”
လူမိုက်ဂိုဏ်း ခေါင်းဆောင်၏ စကားများကြောင့် ဆင်းရဲသားများ သံသယ ဝင်သွားကြသည်။
"ပြီးခဲ့တဲ့လက ကျွန်တော် ဒမ်မြို့ကို သွားတုန်းက လူတွေ ဒီငွေကို သုံးနေတာ မြင်ခဲ့ဖူးသလိုပဲ”
ဆင်းရဲသား တစ်ယောက် ရှေ့ထွက်လာပြီး သူတို့လက်ထဲရှိ နဂါးငွေကြေးမှာ တန်ဖိုးရှိကြောင်း ညွှန်ပြလိုက်သည်။
"ကျွန်တော်လည်း မြင်ခဲ့တယ်။ ကုန်သည် အများကြီးက ဒီငွေကို လက်ခံနေကြတယ်”
"ကျွန်တော် လိမ်ပြောနေတာ မဟုတ်ဘူး။ တကယ် ဒီငွေကို သုံးလို့ရပါတယ်”
လူအုပ်ထဲမှ အသံများ တစ်ခုပြီး တစ်ခု ထွက်ပေါ်လာသည်။ သူတို့သည် မြို့ကြီးများသို့ ရောက်ဖူးကြပြီး ထိုနေရာများတွင်လည်း လူများက သွေးရောင်းလျှင် နဂါးငွေကြေးကိုသာ ရကြ၏။ မြို့ကြီးများနှင့် နှိုင်းယှဉ်ပါက ကျူးကျော်ရပ်ကွက်မှာမူ အတော်လေး ခေတ်နောက်ကျနေပြီး ဤနေရာ၌ နဂါးငွေကြေးမှာ ယခုမှသာ စတင် ကျယ်ပြန့်လာခြင်း ဖြစ်သည်။
ဆင်းရဲသားများကို အမှန်တကယ် စိတ်အေးသွားစေသည်မှာ လူမိုက်ဂိုဏ်း ခေါင်းဆောင်က စားနပ်ရိက္ခာ တင်ဆောင်ထားသော လှေတစ်စင်းကို ခေါ်လာပြီး လူမိုက်ဂိုဏ်းဝင်များကို ဂျုံမှုန့်နှင့် ဆန်အိတ်များ သယ်လာခိုင်းကာ နဂါးငွေကြေးများနှင့် နေရာတွင်ပင် လဲလှယ်ပေးလိုက်ချိန်တွင် ဖြစ်သည်။
လူမိုက်ဂိုဏ်းကလည်း ရေရှည် အကျိုးအမြတ်၏ သဘောတရားကို နားလည်သည်။ ဆင်းရဲသားများက သူတို့၏ ငွေတွင်းများ ဖြစ်ပြီး အကယ်၍ သူတို့သာ မကျေမနပ် ဖြစ်ပါက အနာဂတ်တွင် ဝယ်ယူရန် သွေးရှိတော့မည် မဟုတ်ပေ။
စားနပ်ရိက္ခာများကို မြင်သောအခါ နေရာရှိ ဆင်းရဲသားများသည် ချက်ချင်း ငြိမ်သက်သွားပြီး သူတို့လက်ထဲရှိ နဂါးငွေကြေးဖြင့် လဲလှယ်ရန် အပြေးအလွှား သွားကြတော့သည်။ သူတို့ ရရှိသော စားနပ်ရိက္ခာ ပမာဏသည် အခြေခံအားဖြင့် အမေရိကန် ဒေါ်လာ ၅၀ ဖြင့် ပုံမှန် ဝယ်ယူနိုင်သော ပမာဏနှင့် အတူတူပင် ဖြစ်သည်။
ကွန်ဂို လူဦးရေ၏ သုံးပုံတစ်ပုံသည် အာဟာရ ချို့တဲ့နေပြီး ယင်းက ငတ်မွတ်ခေါင်းပါးမှုနှင့် ဆင်းရဲမွဲတေမှုတို့ ဆက်စပ်နေသည်။ ယင်းနိုင်ငံတွင် စားနပ်ရိက္ခာသည်သာ ခိုင်မာသော ငွေကြေးတစ်ခု ဖြစ်ပြီး နဂါးငွေကြေးသည် စားနပ်ရိက္ခာနှင့် လဲလှယ်နိုင်သောကြောင့် ဆင်းရဲသားများ၏ ယုံကြည်မှုကို ချက်ချင်း အကြီးအကျယ် ရရှိသွားသည်။
စားနပ်ရိက္ခာများ ရရှိပြီးနောက် ဆင်းရဲသားများသည် ကျေနပ်စွာဖြင့် အိမ်ပြန်ကြပြီး ကောင်းကောင်းမွန်မွန် စားသောက်ရန် ပြင်ဆင်ကြတော့သည်။
ဆင်းရဲသားများ ထွက်ခွာသွားသည်နှင့်အမျှ လူမိုက်ဂိုဏ်း ခေါင်းဆောင်သည်လည်း လှေအုပ်စုနှင့်အတူ သူ၏ ဌာနချုပ်သို့ ပြန်သွားပြီးနောက် တင်းကြပ်စွာ ထိန်းသိမ်းထားသော သွေးများကို ပိုမိုကြီးမားသော မြို့ကြီး တစ်မြို့သို့ ချက်ချင်း ပို့ဆောင်ကာ သူ၏ အထက်လူကြီးထံ အပ်နှံလိုက်သည်။ ထို့နောက် ဒေသခံ အရာရှိအချို့ကို လာဘ်ထိုးကာ သွေးအရောင်းအဝယ်ကို အပြီးသတ်လိုက်သည်။
လူမိုက်ဂိုဏ်း ခေါင်းဆောင် ကိုယ်တိုင်သည် သွေးနှင့် ရွှေ လဲလှယ်သော လုပ်ငန်းတွင် ပွဲစားတစ်ဦးသာ ဖြစ်သည်။ သူသည် ဆင်းရဲသားများထက် ပို၍ ရရှိသည်မှာ သေချာသော်လည်း အကြီးမားဆုံးသော အကျိုးအမြတ်များကိုတော့ သူ မရရှိပေ။
သူ အပ်နှံလိုက်သော သွေးများသည် မြို့ပေါ်သို့ အရင်ရောက်သွားမည်ဖြစ်ပြီး ပိုမိုကြီးမားသော လူမိုက်ဂိုဏ်းထံ ပေးအပ်မည် ဖြစ်သည်။
ထို့အပြင် သူ၏ အထက်လူကြီးတွင် အထက်လူကြီး ရှိပြီး ထိုအထက်လူကြီးတွင်လည်း ပိုမိုမြင့်မားသော အထက်လူကြီး ရှိသေးသည်။ နောက်ဆုံးတွင် အဆင့်ဆင့် လည်ပတ်မှုမှတစ်ဆင့် သွေးများကို ကွန်ဂိုတွင် တည်ရှိသော ကြီးမားသည့် နိုင်ငံတကာ သွေးကုမ္ပဏီကြီး တစ်ခုထံသို့ ရောင်းချမည် ဖြစ်သည်။
ဤကုမ္ပဏီတွင် စစ်ဘုရင်များ၊ အဆင့်မြင့် အရာရှိများနှင့် နိုင်ငံခြား အရင်းရှင်ကြီးများ အစုရှယ်ယာရှင်များ အဖြစ် ပါဝင်နေပြီး သူ စိတ်ကူး၍ပင် မရနိုင်သော အဆင့်တစ်ခု ဖြစ်သည်။
အစွမ်းထက်သော အဆက်အသွယ်များရှိသည့် နိုင်ငံတကာ သွေးကုမ္ပဏီများသာလျှင် လမ်းကြောင်း တစ်လျှောက်ရှိ အရာရှိ အသီးသီးကို လာဘ်ထိုးကာ ကွန်ဂိုနိုင်ငံ ပြင်ပသို့ သွေးများကို သယ်ထုတ်နိုင်ပြီး ကျဲခယ် အဖွဲ့၏ နယ်မြေသို့ သွေးများကို ဘေးကင်းစွာ ပို့ဆောင်ပေးနိုင်ကာ သွေးနှင့် ရွှေ လဲလှယ်သော လုပ်ငန်းတွင် အခိုင်မာဆုံးသော အကျိုးအမြတ်များကို ရယူနိုင်ကြသည်။
၎င်း၏ အဓိက ထုတ်ကုန်များသည် နဂါးငွေကြေးဖြင့် အရောင်းအဝယ် ပြုလုပ်ခြင်းကိုသာ လက်ခံမည် ဟူသော ကျဲခယ် အဖွဲ့၏ တင်းကြပ်သော မူဝါဒကြောင့် နိုင်ငံတကာ သွေးကုမ္ပဏီများသည် နဂါးငွေကြေးများကို အကြီးအကျယ် သိုလှောင်ကာ ဝယ်ယူစုဆောင်းကြသည်။ သူတို့ သွေးရောင်းချသောအခါတွင်လည်း ကျဲခယ် အဖွဲ့က သူတို့ကို နဂါးငွေကြေးဖြင့်သာ ပေးချေလေသည်။
သို့သော် နိုင်ငံတကာ သွေးကုမ္ပဏီများသည် တန်ဖိုးမရှိသော နဂါးငွေကြေးများ ရရှိမည်ကို မစိုးရိမ်ကြပေ။ ကမ္ဘာတစ်ဝှမ်းရှိ နိုင်ငံအသီးသီးတွင် အလွန် ဝယ်လိုအားများနေသော ကျဲခယ် အဖွဲ့၏ အသားဖြူအရည် ကဲ့သို့သော ထုတ်ကုန်များကို ဝယ်ယူရန် နဂါးငွေကြေးကို အသုံးပြုနိုင်သည်။
ပစ္စည်းရှိနေသရွေ့ သူတို့အတွက် ရောင်းချရန် ပြဿနာမရှိသလို ရောင်းချပြီးနောက် နိုင်ငံတကာ ငွေကြေး ဖြစ်သော အမေရိကန် ဒေါ်လာ အပါအဝင် အမျိုးမျိုးသော နိုင်ငံသုံး ငွေကြေးများဖြင့် လဲလှယ်နိုင်သည်။
***