"ဟုတ်သလိုပဲနော်”
လျူယင်းယင်းက မျက်တောင် ပုတ်ခတ်ပုတ်ခတ် လုပ်ကာ အရာအားလုံးက တကယ်ပင် စုကျဲ ပြောသည့် အတိုင်း ဖြစ်နေကြောင်း ခံစားလိုက်ရသည်။
ကမ္ဘာ့ ရဲတပ်ဖွဲ့အဖြစ် ဟန်ဆောင်ကာ အားနည်းသော နိုင်ငံများကို အမြဲတမ်း အနိုင်ကျင့် ဗိုလ်ကျနေသော သို့မဟုတ် နိုင်ငံငယ်များကို ခေါင်းပုံဖြတ်နေသော အမေရိကန်သည် အလွန် မောက်မာ ဗိုလ်ကျတတ်သည် ဟူသော အထင်အမြင်ကို ပေးစွမ်းသော်လည်း အမှန်တကယ်တော့ အမေရိကန်သည် အကောက်ကျစ်ဆုံး ဖြစ်လေသည်။
"ဒါကြောင့် မင်းကြည့်လိုက်လေ အမေရိကန်က အရမ်း ကျိုးကြောင်းဆင်ခြင်တတ်တယ်။ ငါတို့ရဲ့ လုပ်ရပ်တွေကို ဒီထက်ပိုပြီးတောင် ကြမ်းကြမ်းတမ်းတမ်း လုပ်လို့ ရသေးတယ်”
စုကျဲ စကားပြောနေစဉ် အထူးယာဉ်သည် ကျဲခယ် အဖွဲ့ ဌာနချုပ် အဆောက်အအုံ ရှေ့သို့ ရောက်ရှိလာပြီ ဖြစ်သည်။
သူ ကားပေါ်မှ ဆင်းလိုက်သည်နှင့် ထိုနေရာတွင် စောင့်ဆိုင်းနေသော လှပသည့် အမျိုးသမီး သတင်းထောက် တစ်ယောက်သည် သူမ၏ မျက်လုံးများ လင်းလက်သွားပြီး မိုက်ကရိုဖုန်းကို ကိုင်ကာ အူစိန်ဘော့ကဲ့သို့ အပြေးအမြန်နှုန်းဖြင့် ပြေးလာတော့သည်။
"မစ္စတာစု... မစ္စတာစု... ဖိလစ်ပိုင်နဲ့ အင်ဒိုနီးရှားက နဂါးငွေကြေး လည်ပတ်သုံးစွဲမှုတွေကို ခွင့်မပြုတဲ့ အပေါ် ဘယ်လို ထင်မြင်ချက် ရှိပါသလဲရှင်”
သွက်လက်သော အမျိုးသမီး သတင်းထောက်သည် ကြောက်မက်ဖွယ် အမြန်နှုန်းဖြင့် ပြေးလာသော်လည်း မျိုးဗီဇ စစ်သည် သက်တော်စောင့်များ၏ တားဆီးမှုကို ခံလိုက်ရသည်။
စုကျဲက အမျိုးသမီး သတင်းထောက်ကို ကြည့်လိုက်ပြီး စိတ်ခံစားချက် ကောင်းမွန်နေသဖြင့် သူမ၏ မေးခွန်းကို ဖြေကြားပေးလိုက်သည်။
"နဂါးငွေကြေးရဲ့ တန်ဖိုး မြင့်တက်လာဖို့က အခြားနိုင်ငံတွေ အထူးသဖြင့် အရှေ့တောင်အာရှ နိုင်ငံတွေရဲ့ ထောက်ခံမှု လိုအပ်ပါတယ်။ နဂါးငွေကြေးကို မြှင့်တင်ဖို့နဲ့ ကမ္ဘာလုံးဆိုင်ရာ မိတ်ဖက် စီးပွားရေး ကွန်ရက် တစ်ခု တည်ဆောက်ဖို့အတွက် ပိုမို တက်ကြွတဲ့ ငွေကြေးဆိုင်ရာ သံတမန်ရေးရာတွေ လိုအပ်ပါတယ်”
“ပထဝီနိုင်ငံရေးတွေကြောင့် နဂါးငွေကြေးကို စွန့်ပစ်ဖို့ ကြိုးစားပြီး နဂါးငွေကြေး ခြိမ်းခြောက်မှု ဆိုတဲ့ သီအိုရီတွေကို မြှင့်တင်နေတဲ့ မည်သည့် အရှေ့တောင်အာရှ နိုင်ငံမဆို ရထားကို ပုစဉ်းကောင်က လက်တန့်ပြီး တားဖို့ ကြိုးစားနေသလိုပါပဲ”
“နဂါးငွေကြေးရဲ့ မြှင့်တင်မှုနဲ့ လည်ပတ်မှုဟာ နိုင်ငံ တစ်နိုင်ငံ နှစ်နိုင်ငံရဲ့ ကန့်ကွက်မှုကြောင့် ဘယ်တော့မှ ရပ်တန့်သွားမှာ မဟုတ်ပါဘူး။ ပြောင်းပြန်အနေနဲ့ မင်းတို့က နဂါးငွေကြေးကို ဟန့်တားဖို့ ဇွတ်တရွတ် လုပ်နေမယ်ဆိုရင် မင်းတို့ ရင်ထဲမှာ ကိန်းအောင်းနေတဲ့ အကြောက်တရားတွေကို ပြန်သတိရဖို့ အချိန်တန်ပြီ”
စုကျဲက နက်နဲသော စကားတစ်ခွန်းကို ပြောလိုက်ပြီးနောက် အမျိုးသမီး သတင်းထောက်၏ စိတ်လှုပ်ရှားနေသော အကြည့်အောက်တွင် ကျဲခယ် အဖွဲ့ ဌာနချုပ် အဆောက်အအုံ အတွင်းသို့ လျှောက်ဝင်သွားလေသည်။
အမျိုးသမီး သတင်းထောက်သည်မူ အလွန် စိတ်လှုပ်ရှားနေသည်။ ပူပူနွေးနွေး သတင်းတစ်ပုဒ်၏ အနံ့ကို သူမ ရလိုက်သည်။ ဤသည်မှာ သီးသန့် သတင်းတစ်ပုဒ်ပင်…။
အကြောင်းမှာ ယခုလေးတင် ပြောသွားသော စုကျဲ၏ စကားများသည် အဓိပ္ပာယ် တစ်ခုတည်းကိုသာ ရည်ညွှန်းနေပြီး ဖိလစ်ပိုင်နှင့် အင်ဒိုနီးရှားကို တိုက်ရိုက် နာမည်တပ် ပြောလိုက်သလိုပင် ဖြစ်သည်။
မင်းတို့က ငါ့ပိုက်ဆံကို လက်မခံရဲဘူးလား။ မင်းတို့က ငါ့ကို မျက်နှာမလိုက်ဘူးလား။ ဒါဆိုရင်တော့ ငါ မင်းကို ရိုက်တော့မယ်။
လှပသော အမျိုးသမီး သတင်းထောက်သည် သူမ၏ ကင်မရာထဲရှိ ဓာတ်ပုံများကို ကြည့်လိုက်သည်။ အေးစက်စက် အပြုံးနှင့် အန္တရာယ်ရှိသော အကြည့်များဖြင့် ရှိနေသော စုကျဲ၏ ဓာတ်ပုံတစ်ပုံကို သူမ ခုလေးတင် ရိုက်ကူးနိုင်ခဲ့သည်။
ဤဓာတ်ပုံကို မနက်ဖြန်တွင် "သေမင်းတမန် အကြည့်" ဟူသော ခေါင်းစဉ်ဖြင့် အသုံးပြုရန် သူမ ဆုံးဖြတ်ပြီးဖြစ်ကာ သူမ၏ သတင်းသည် သေချာပေါက် လူသိများ ထင်ရှားသွားမည် ဖြစ်သည်။ ထိုနည်းတူ သူမ၏ ဘဝသည်လည်း မြင့်တက်လာပေလိမ့်မည်။
………………..
အင်ဒိုနီးရှား…
မီဒန် ပြည်နယ်၊ ဆီလွန်မြို့ တောင်ဘက် ဆင်ခြေဖုံးရပ်ကွက်ရှိ စက်မှုဇုန် စက်ရုံ အဆောက်အအုံတစ်ခု အတွင်း…
အမျိုးသား၊ အမျိုးသမီး အမြောက်အမြားသည် စက်ရုံအတွင်း အလုပ်ရှုပ်နေကြသည်။ သူတို့သည် သာမန် စက်မှုကုန်ပစ္စည်းများကို ထုတ်လုပ်နေခြင်း မဟုတ်ဘဲ လတ်ဆတ်သော သွေးများ ဖြည့်ထားသည့် အိတ်များကို စစ်ဆေးခြင်း၊ သယ်ယူပို့ဆောင်စဉ် ပျက်စီးသွားသော ပစ္စည်းများကို ဖယ်ထုတ်ခြင်းနှင့် ထုပ်ပိုးပြီးနောက် သွေးရည်ကြည် ရေခဲသေတ္တာများထဲတွင် သေသပ်စွာ စီထည့် သိမ်းဆည်းခြင်းများကို လုပ်ဆောင်နေကြခြင်း ဖြစ်သည်။
တီ တီ
ကုန်တင်ကားတစ်စီး စက်ရုံ ဂိုဒေါင်အတွင်းသို့ မောင်းဝင်လာပြီး ရှေ့ခန်းမှ လူငယ်တစ်ယောက် ဆင်းလာသည်။
ကုန်တင်ကား၏ နောက်ခန်းကို သန်မာသော အလုပ်သမား အချို့က ဖွင့်လိုက်ပြီး သေတ္တာများကို စတင် သယ်ထုတ်ကြသည်။ သေတ္တာများကို ရိုက်ဖွင့်ကြည့်လိုက်လျှင် ကျဲခယ် အဖွဲ့၏ အရောင်းရဆုံး ထုတ်ကုန်များဖြစ်သော ဆံပင်ပေါက် အဆီအနှစ်၊ မျက်မှန်ချွတ်ဆေးလုံး၊ အဆီကျဆေးလုံးနှင့် အသားဖြူအရည်များ ပါဝင်နေသည်ကို တွေ့ရမည် ဖြစ်သည်။
"ဦးလေး... ဒီပစ္စည်းအသစ်တွေ ခုလေးတင် ရောက်တာ။ နဂါးငွေကြေး သန်း ၅၈၀ ဖိုး ရှိတယ်ဗျ”
လူငယ်က မုတ်ဆိတ်ဖြူဖြူနှင့် အမျိုးသားတစ်ဦးထံ လျှောက်သွားပြီး စာရင်းဇယားတစ်ခု ကမ်းပေးလိုက်သည်။
မုတ်ဆိတ်ဖြူနှင့် အမျိုးသား၏ အမည်မှာ ကုန်းကော်ခိုင် ဖြစ်သည်။ သူသည် မီဒန် ပြည်နယ်ရှိ ဒေသခံ တရုတ် ကုန်သည်ကြီးများ အသင်း၏ ဥက္ကဌ ဖြစ်သည်။ ကျဲခယ် အဖွဲ့ အင်အားကြီးမားလာပြီး လာအိုနိုင်ငံကို သိမ်းပိုက်ပြီးနောက်တွင် ကုန်းကော်ခိုင်သည် ဤအရာမှာ အခွင့်အရေးတစ်ခု ဖြစ်ကြောင်း သိမြင်ကာ ကျဲခယ် အဖွဲ့နှင့် ပူးပေါင်းပြီး စီးပွားရေးလုပ်ရန် တက်ကြွစွာ ကြိုးပမ်းခဲ့သူ ဖြစ်သည်။
အစပိုင်းတွင် ကုန်းကော်ခိုင်သည် တရုတ်လူမျိုးများအတွက် အသက်မွေးဝမ်းကျောင်း နည်းလမ်း တစ်ခုကိုသာ ရှာဖွေခဲ့ခြင်း ဖြစ်သည်။ အင်ဒိုနီးရှားတွင် တရုတ်လူမျိုးများအပေါ် ခွဲခြားဆက်ဆံမှုနှင့် ဖယ်ကြဉ်မှုများကြောင့် သူတို့အတွက် ဤနေရာတွင် နေထိုင်ရန် ခက်ခဲလှသည်။
ကျဲခယ် အဖွဲ့၏ အုပ်စိုးရှင်မှာ တရုတ်လူမျိုး ဖြစ်သောကြောင့် တရုတ်လူမျိုးများ၏ ပူးပေါင်းမှုကို လက်ခံရန် ဆန္ဒရှိလိမ့်မည်ဟု သူ ယူဆခဲ့သည်။ ကုန်းကော်ခိုင် ထင်ထားသည့်အတိုင်းပင်။ ကျဲခယ် အဖွဲ့က သူ၏ နောက်ခံကို စုံစမ်းစစ်ဆေးပြီးနောက် သူ့ကို အောက်ခြေအဆင့် ဖြန့်ချိသူအဖြစ် ခန့်အပ်ရန် ရွေးချယ်ခဲ့သည်။
ကုန်းကော်ခိုင်သည် တစ်ဖက်၌ ကျဲခယ် အဖွဲ့၏ ထုတ်ကုန်များကို အင်ဒိုနီးရှားတွင် ဖြန့်ချိပြီး အခြား တစ်ဖက်တွင်မူ အင်ဒိုနီးရှားတွင် လတ်ဆတ်သော သွေးများကို စုဆောင်းကာ ကျဲခယ် အဖွဲ့ထံ ပြန်လည် ရောင်းချခဲ့သည်။
အင်ဒိုနီးရှားသည် ကျဲခယ် အဖွဲ့နှင့် မဝေးလှသလို အင်ဒိုနီးရှားတွင် ချမ်းသာသူနှင့် ဆင်းရဲသူကြား ကွာဟချက်မှာလည်း ကြီးမားလှသဖြင့် သူသည် ဆင်းရဲသားများထံမှ လတ်ဆတ်သော သွေးများကို ဝယ်ယူပြီး ချမ်းသာသူများထံ ကျဲခယ် အဖွဲ့၏ အရောင်းရဆုံး ထုတ်ကုန်များကို မြှင့်တင် ရောင်းချခဲ့သည်။
အင်ဒိုနီးရှား၏ သန်း ၂၀၀ ကျော်သော ဧရာမ လူဦးရေသည် အခွင့်အရေးများဖြင့် ပြည့်နှက်နေသည်ဟု ဆိုနိုင်သည်။ ကုန်းကော်ခိုင်သည် ဤအရာမှတစ်ဆင့် စည်းစိမ်ဥစ္စာများ ရှာဖွေနိုင်ခဲ့ပြီး မကြာသေးမီ နှစ်များအတွင်း လျင်မြန်စွာ ချမ်းသာလာခဲ့သည်။
သူ၏ စီးပွားရေးနှင့် ဩဇာလွှမ်းမိုးမှုမှာ တစ်နေ့တခြား ကြီးထွားလာပြီး အင်ဒိုနီးရှား၏ တရားဝင်နှင့် တရားမဝင် လောက နှစ်ခုလုံးတွင် အဆက်အသွယ်များ ရှိကာ အင်ဒိုနီးရှား ဈေးကွက်၏ သုံးပုံ တစ်ပုံခန့်ကိုပင် လက်ဝါးကြီးအုပ်နိုင်စွမ်း ရှိလာခဲ့သည်။
ကုန်းကော်ခိုင်က သူ၏ တူဖြစ်သူထံမှ စာရင်းကို ယူကြည့်လိုက်ပြီးနောက် - "ပစ္စည်း လက်ကျန်က နည်းနည်း နည်းနေသလိုပဲ”
"ဦးလေး... နဂါးငွေကြေးက အရမ်း ဝယ်လိုအား များနေတာ။ ကျွန်တော်တို့ဆီမှာ အရန်ငွေ မလောက်တော့ဘူး။ ပြီးတော့ သွေးမှောင်ခို သင်္ဘောတွေကို နှိမ်နင်းတာကလည်း အခုတလော နည်းနည်း တင်းကျပ်နေတယ်။ သွေးရောင်းလို့ မရတော့ ကျဲခယ် အဖွဲ့ဆီကနေ ပြန်လည် လည်ပတ်မယ့် နဂါးငွေကြေး ရန်ပုံငွေတွေကို မရနိုင်တော့ဘူး။ အဲဒီ အရာရှိတွေ ဘာတွေးနေကြလဲ မသိဘူး၊ မကြာသေးခင်ကမှ ရုတ်တရက် ကျွန်တော်တို့ကို ပြန်ပြီး ခက်ခဲအောင် လုပ်လာကြတာ။ သူတို့ ကျွန်တော်တို့ဆီက ပိုက်ဆံတွေ ယူတုန်းကတော့ အခုလိုမျိုး မဟုတ်ပါဘူး”
တူဖြစ်သူက ခါးသီးစွာ ပြုံးလိုက်ပြီး သူ့တွင်လည်း အဖြေမရှိကြောင်း လက်ကာပြလိုက်သည်။
"ခဏနေရင်... သိမ်းထားတဲ့ ရွှေတွေကို ကျဲခယ် ဘဏ်ကို ယူသွားပြီး ငွေတချို့ သွားလဲလိုက်ဦး။ အင်ဒိုနီးရှားက အဲဒီ အရာရှိတွေကတော့ လောဘ တက်လာပြန်ပြီ ထင်တယ်။ သူတို့ကို အစာကျွေးဖို့ လိုနေပြီ”
ကုန်းကော်ခိုင်က သူ၏ တူဖြစ်သူ၏ ပခုံးကို ပုတ်လိုက်ပြီး စက်ရုံအတွင်းသို့ လှည့်ဝင်သွားသည်။
"မစ္စတာကုန်း”
"နေကောင်းလား မစ္စတာကုန်း”
"မစ္စတာကုန်း ကျန်းမာပါစေ”
စက်ရုံရှိ ဝန်ထမ်းများ အားလုံးက ပြုံးရွှင်စွာ နှုတ်ဆက်ကြသည်။ သူတို့အများစုမှာ တရုတ်လူမျိုးများ ဖြစ်ကြပြီး အများအပြားမှာ အသက်ကြီးသူများ သို့မဟုတ် မသန်စွမ်းသူများပင် ဖြစ်ကြသည်။
"အားလုံးပဲ... အလုပ် ဆက်လုပ်ကြပါ။ ဒီနေ့ည ကုမ္ပဏီက အားလုံးကို ညစာ ကျွေးမယ်”
ကုန်းကော်ခိုင်က ပြုံး၍ ဝန်ထမ်းတိုင်းကို တုံ့ပြန် နှုတ်ဆက်လိုက်သည်။ သူ အောင်မြင်လာပြီးနောက်တွင် သူ၏ မူလ ရည်ရွယ်ချက်ကို မေ့မသွားဘဲ တရုတ်လူမျိုး အများအပြားကို သူ့ထံတွင် အလုပ် ခန့်ထားခဲ့သည်။
ရုပ်ပိုင်းဆိုင်ရာ မသန်စွမ်းမှုနှင့် အသက်ကြီးမှုတို့ကြောင့် အသက်မွေးဝမ်းကျောင်းရန် ခက်ခဲနေသော တရုတ်လူမျိုး ဆင်းရဲသား အများအပြားကို သူ၏ စက်ရုံတွင် အလုပ်ခန့်ကာ နေရာချထားပေးပြီး သူတို့အတွက် လုပ်ကိုင် စားသောက်နိုင်မည့် နည်းလမ်းကို ဖန်တီးပေးခဲ့ခြင်း ဖြစ်သည်။
အင်ဒိုနီးရှား၏ တရုတ်လူမျိုးများအပေါ် ဖယ်ကြဉ်သော သဘောထားမှာ အောက်ခြေ လူတန်းစားတွင် သာမက အထက်တန်းလွှာများတွင်လည်း ပြန့်နှံ့နေသည်။ ထို့ကြောင့် တရုတ်လူမျိုးများအနေဖြင့် အခက်အခဲ မကြုံဘဲ စီးပွားရေး လုပ်နိုင်သည် ဆိုသည်မှာ ရွှေကောက်ရဖို့ထက်ပင် ပိုမို ရှားပါးသော အခွင့်အရေးမျိုး ဖြစ်ပေသည်။
ရုံးခန်းအတွင်းသို့ ဝင်ရောက်ပြီးနောက် ကုန်းကော်ခိုင်က သံမဏိ ဗီရိုကို ဖွင့်လိုက်သည်။
ဗီရိုအတွင်းတွင် ရွှေတုံး အထပ်လိုက် ရှိနေသည်။ ကုန်းကော်ခိုင်က ၎င်းတို့ကို ခရီးဆောင်အိတ်တစ်ခု အတွင်းသို့ ထည့်လိုက်ပြီးနောက် သူ၏ တူဖြစ်သူနှင့် သက်တော်စောင့် အချို့ထံ ကမ်းပေးလိုက်သည်။
ဤသူများမှာ ကုန်းမိသားစုဝင်များ ဖြစ်ကြသဖြင့် သူက ထိုလူများအပေါ် ယုံကြည်မှု မြင့်မားကြသည်။ ဤသည်မှာလည်း အင်ဒိုနီးရှားရှိ တရုတ်လူမျိုးများ အချင်းချင်း အားကိုးပြီး နွေးထွေးမှု ရှာဖွေ နေထိုင်ကြသည့် ပုံစံပင် ဖြစ်သည်။
"ဒီရွှေတွေကို ယူသွား။ ပြီးတော့ အခု ရှိနေတဲ့ သွေး တန်ချိန် နှစ်ရာကို ကျဲခယ် အဖွဲ့ဆီ ယူသွားပြီး နဂါးငွေကြေး အချို့နဲ့ သွားလဲလိုက်ဦး။ လည်ပတ်ငွေ အနေနဲ့ သုံးဖို့”
"ကောင်းပါပြီ ဦးလေး။ ကျွန်တော် အခုပဲ ယာဉ်တန်းကို စီစဉ်လိုက်ပါ့မယ်”
တူဖြစ်သူက ခေါင်းညိတ်ကာ အဖွဲ့ကို ဦးဆောင်၍ ရုံးခန်းထဲမှ ထွက်သွားသည်။
တူဖြစ်သူ ထွက်သွားပြီးနောက် ကုန်းကော်ခိုင်က သူ၏ ဖုန်းကို ထုတ်ယူကာ နံပါတ်တစ်ခုသို့ ခေါ်လိုက်သည်။
***