တီ တီ
ဖုန်း အနည်းငယ် မြည်ပြီးနောက် တစ်ဖက်မှ ထူးလာသည်။ ကုန်းကော်ခိုင်က ချက်ချင်းပင် အပြုံးတစ်ခု ဆင်မြန်းလိုက်ပြီး - "ဗိုလ်ချုပ် ဒီဘန်... ဟုတ်ကဲ့။ ဟုတ်ကဲ့။ ကျွန်တော်ပါဗျ။ ကျွန်တော့်ဆီမှာ ဝိုင်ကောင်းကောင်း အသစ် ရောက်နေလို့။ ဒီနေ့ည ဦးလေးကို ဖိတ်ပြီး ဂုဏ်ပြုချင်လို့ပါ..."
"မြို့တော်ဝန် မိဝူ... ဟုတ်ကဲ့။ ကျွန်တော်တို့ မဆုံဖြစ်တာ ကြာပြီနော်။ ဒီနေ့ည... ဒီနေ့ညပဲ လုပ်ကြရအောင် မူးတဲ့အထိ မပြန်ကြေးနော်”
"အကောက်ခွန် ကြီးကြပ်ရေးမှူး ကဲတု... ဘာတွေ ပြောတာလဲဗျာ။ ကျွန်တော် ခင်ဗျားကို ဘယ်လိုလုပ် မေ့မှာလဲ။ အခုတလော အချိန်မရလို့ပါဗျာ။ နေ့တိုင်း အလုပ်ရှုပ်နေလို့။ ဒီမှာ... အားတာနဲ့ ခင်ဗျားဆီ အရင်ဆုံး လာတာ မဟုတ်လား။ တခြားသူကို မေ့ရင် မေ့မယ်။ အကောက်ခွန် ဌာနက မိတ်ဆွေဟောင်းကြီးတွေကိုတော့ ဘယ်တော့မှ မမေ့ပါဘူးဗျာ"
ဖုန်း ဆယ်ကြိမ်ကျော် ခေါ်ဆိုပြီးနောက် ကုန်းကော်ခိုင်က ဖုန်းချလိုက်ပြီး လက်ဆောင်စာအိတ်များ စတင် ပြင်ဆင်တော့သည်။ သို့သော် စာအိတ်များအတွင်း၌ ငွေသားများ မဟုတ်ဘဲ ချက်လက်မှတ်များ ပါဝင်နေသည်။
ချက်လက်မှတ်များပေါ်တွင် ရေးထားသော ကိန်းဂဏန်းများမှာ သာမန်လူများကို မျက်လုံး ပြူးသွားစေရန် လုံလောက်လှပြီး သာမန်လူ တစ်ယောက် တစ်သက်လုံး အလုပ်လုပ်လျှင်ပင် မရနိုင်သော ဓနဥစ္စာများကို ကိုယ်စားပြုနေသည်။
ထို့အပြင် ယနေ့ညအတွက် ကြီးမားသော အသုံးစရိတ် တစ်ခုကို ပြင်ဆင်ပြီးနောက် ကုန်းကော်ခိုင်က သူ၏ အတွင်းရေးမှူးအား ညစာစားပွဲကို စီစဉ်ရန် ညွှန်ကြားလိုက်သည်။
တစ်ညလုံး အသေအလဲ သောက်စားပြီးနောက် ကုန်းကော်ခိုင်သည် လက်ဆောင်စာအိတ် အားလုံးကို ဝေငှခဲ့ပြီး သူ၏ စီးပွားရေးကို နောက်ထပ် မနှောင့်ယှက်တော့ပါဟူသော ကတိများကို ရရှိခဲ့သည်။
ကုန်းကော်ခိုင်ကမူ ကိစ္စရပ်များ ပြေလည်သွားပြီဟု မူလက ထင်ခဲ့သည်။ မည်သို့ပင်ဆိုစေကာမူ သူသည် အကြီးအကျယ် အကုန်အကျ ခံခဲ့ရပြီး ညစာစားပွဲ တက်ရောက်လာသူများ မည်မျှပင် အစားကြီးပါစေ ယခုအချိန်တွင် ဗိုက်ဝနေသင့်ပြီ မဟုတ်ပါလား…။
သို့သော် ကုန်းကော်ခိုင် လုံးဝ ထင်မထားသောအရာမှာ တတိယမြောက်နေ့တွင် သူသည် ကြောက်မက်ဖွယ် ကောင်းသော သတင်းတစ်ခုကို လက်ခံရရှိခဲ့ခြင်းပင်။
သူ၏ တူဖြစ်သူသည် အင်ဒိုနီးရှား ရေပြင်ကျယ်တွင် အင်ဒိုနီးရှား မှောင်ခိုနှိမ်နင်းရေး ရေကြောင်း ရဲတပ်ဖွဲ့၏ ဖမ်းဆီးခြင်းကို ခံလိုက်ရပြီး တရားမဝင် မှောင်ခိုကူးမှု၊ လက်နက် ထုတ်လုပ်မှုနှင့် ဥပဒေကို အင်အားသုံး ခုခံမှု စသည့် စွဲချက်များဖြင့် တရားစွဲဆိုခံရကာ မှောင်ခို ပစ္စည်းအားလုံးကိုလည်း သိမ်းဆည်းခြင်း ခံလိုက်ရသည်။
ကုန်းကော်ခိုင်သည် ယင်းသတင်းကို ကြားသောအခါ ဒေါသကြောင့် မျက်နှာမှာ ပြာနှမ်းသွားတော့သည်။
"ခွေးသူတောင်းစားတွေ ပိုက်ဆံယူပြီး အလုပ်မလုပ်တဲ့ကောင်တွေ။ လူကို အရိုးတောင် မကျန်အောင် ဝါးစားမယ့် ခွေးကောင်တွေ”
ကုန်းကော်ခိုင်က ဒေါသတကြီးဖြင့် စားပွဲကို ကန်ချလိုက်ပြီး ထိုညက ညစာစားပွဲတွင် ရင်ဘတ်ကို ပုတ်ကာ သူ၏ စီးပွားရေးကို ကာကွယ်ပေးပါ့မည်ဟု ကတိပေးခဲ့သော ကောင်များကို ပါးရိုက်ချင်စိတ် ပေါက်သွားသည်။
သို့သော် လက်တွေ့ဘဝက ကုန်းကော်ခိုင်ကို စိတ်အေးအေးထားရန် ဖိအားပေးနေသည်။ သူသည် ဖုန်းဖြင့် အကြိမ်ကြိမ် ဆက်သွယ်ခဲ့သည်။
ဖုန်းထဲတွင် သူ့ကို ညီအစ်ကိုလို ခေါ်ခဲ့သော အရာရှိများမှာ ယခုအခါတွင်မူ သူတို့ မသိရှိကြောင်း၊ အခက်အခဲ ရှိကြောင်း သို့မဟုတ် ပြဿနာကို မဖြေရှင်းနိုင်ကြောင်း စသည့် အကြောင်းပြချက် အမျိုးမျိုး ပေးနေကြတော့သည်။
နောက်ဆုံးတွင် ငွေကြေးဖြင့် လုံလောက်အောင် ဖျောင်းဖျပြီးနောက် ကုန်းကော်ခိုင်သည် သူ၏ အဆက်အသွယ်များကို အလုပ်လုပ်အောင် လုပ်နိုင်ခဲ့သည်။
နှစ်ရက်အကြာတွင် ကုန်းကော်ခိုင်သည် သူ၏ တူဖြစ်သူကို အင်ဒိုနီးရှားရှိ ထောင်တစ်ခုတွင် တွေ့ခွင့်ရခဲ့သည်။
သံတိုင်များ ခြားထားသော်လည်း သူ၏ တူဖြစ်သူကို မြင်လိုက်ရချိန်တွင် ကုန်းကော်ခိုင်၏ မျက်လုံးများ ချက်ချင်း နီရဲသွားသည်။
သူ၏ တူဖြစ်သူ၏ မျက်နှာမှာ ညိုမည်း စုတ်ပြတ်နေပြီး ညာဘက်ခြေထောက်မှာ ထော့နဲ့ထော့နဲ့ ဖြစ်နေကာ မျက်နှာနှင့် ခန္ဓာကိုယ်ပေါ်တွင် ကြိမ်ရာများ ရှိနေခြင်းက ထောင်အတွင်း၌ နှိပ်စက် ညှဉ်းပန်းမှုများကို ခံစားခဲ့ရကြောင်း ပြသနေသည်။
"ဦးလေး"
ဆုံဆည်းသည်နှင့် တူဖြစ်သူ၏ မျက်ရည်များမှာ အထိန်းအကွပ်မဲ့ စီးကျလာပြီး သူ၏ မျက်နှာတွင် နာကြည်းမှုနှင့် ဒေါသများ ပြည့်နှက်နေသည်။
"သူတို့... သူတို့ ဘယ်လိုတောင် ဒီလို လုပ်ရဲတာလဲ”
ကုန်းကော်ခိုင်က သံတိုင်များကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုက်ရာ သူ၏ လက်ဆစ်များမှာ ဖြူလျော့သွားသည်။ ကျန်းမာရေး အခြေအနေကြောင့် သူ့တွင် ကိုယ်ပိုင် သားသမီး မရှိဘဲ တူဖြစ်သူကို သူ၏ သားအရင်းကဲ့သို့ သဘောထားသူ ဖြစ်သည်။
သူ၏ တူဖြစ်သူကို ဤအခြေအနေမျိုးတွင် မြင်လိုက်ရသဖြင့် သူ၏ ဒေါသတို့ ဟုန်းခနဲ ထတောက်လာ၏။
"ဦးလေး... အဲဒီ အင်ဒိုနီးရှား မှောင်ခိုနှိမ်နင်းရေး အရာရှိတွေက ကျွန်တော်တို့ကို တားပြီးတာနဲ့ ဘာမှမပြောဘဲ စတင်ပြီး ဝိုင်းရိုက်ကြတာ။ ကျွန်တော့်ရဲ့ ဘယ်ဘက်ခြေထောက်ကို သူတို့ ချိုးပစ်ခဲ့တယ်။ ရှောင်လုံ… တတိယအစ်ကိုနဲ့ ရှောင်ရွှီ... သူတို့ သုံးယောက်ကိုတော့ အဲဒီ တိရစ္ဆာန်တွေက သေတဲ့အထိ ရိုက်သတ်လိုက်ကြတယ် ဦးလေး”
တူဖြစ်သူက အံတင်းတင်းကြိတ်ကာ မလျှော့သော အာဃာတများဖြင့် ပင်လယ်ပြင်တွင် သူ ကြုံတွေ့ခဲ့ရသည်များကို ကုန်းကော်ခိုင်အား ပြန်လည် ပြောပြနေသည်။
"ဘာ"
ကုန်းကော်ခိုင်၏ အသက်ရှူသံများ ပြင်းထန်လာပြီး သူ၏ ရင်ဘတ်ထဲတွင် စည်တီးနေသကဲ့သို့ ဒိန်းဒိန်း ခုန်နေကာ ခေါင်းများပင် မူးနောက်သွားသည်။
သေဆုံးသွားသော လူသုံးယောက်မှာ သူ ငယ်စဉ်ကတည်းက ကြည့်ရှု စောင့်ရှောက်လာခဲ့သော လူငယ်လေးများ ဖြစ်ကြသည်။ သူတို့ သေဆုံးသွားကြောင်း ကြားလိုက်ရသဖြင့် ကုန်းကော်ခိုင်သည် သူ၏ ရင်တွင်း ဒေါသကို မထိန်းချုပ်နိုင်တော့ဘဲ သံတိုင်များကို သူ၏ လက်သီးဖြင့် ခပ်ကြမ်းကြမ်း ထိုးနှက်လိုက်တော့သည်။
"ဦးလေး... ဒီတစ်ခါ သူတို့က အရင်နဲ့ မတူဘူး။ ကျွန်တော်တို့ကို တမင် သီးသန့် လာဖမ်းသလိုပဲ။ ဦးလေး အပြင်မှာ သတိထားပါ”
တူဖြစ်သူက ဘယ်ညာကြည့်ကာ အသံကို နှိမ့်ပြောလိုက်သည်။ ယခင်က မှောင်ခိုနှိမ်နင်းရေး အရာရှိများနှင့် တွေ့လျှင် အဆိုးဆုံးမှာ ပစ္စည်း သိမ်းဆည်းခံရပြီးနောက် မကြာမီ ပြန်လွှတ်ပေးလေ့ ရှိသည်။
ယခုကဲ့သို့ တိုက်ရိုက် အင်အားသုံးပြီး လူသတ်သည် အထိ လုပ်ဆောင်သည့် ပုံစံမှာ လုံးဝ ကွဲပြား ခြားနားနေသည်။
ကုန်းကော်ခိုင် အသက်ကို ပြင်းပြင်းတစ်ချက် ရှူလိုက်ပြီး ယခုကာလအတွင်း ဖြစ်ပျက်နေသော အခြေအနေများကို သူ၏ စိတ်ထဲတွင် လျင်မြန်စွာ စဉ်းစားလိုက်ရာ တစ်ခုခုကို သတိပြုမိသွားပုံရပြီး သူ၏ မျက်နှာ အမူအရာမှာ ပို၍ပင် ခက်ထန်သွားတော့သည်။
ကုန်းကော်ခိုင်က တူဖြစ်သူနှင့် မိနစ်အနည်းငယ်မျှပင် စကားမပြောရသေးမီမှာပင် ထောင်စောင့် တစ်ယောက်က သူတို့ကို အပြင်ထွက်ရန် လာရောက် မောင်းထုတ်သည်။
"လူတွေ့ချိန် ကုန်ပြီ။ မြန်မြန် ထွက်ကြတော့”
ကုန်းကော်ခိုင်က စိတ်ကို ပြန်လည် ထိန်းချုပ်လိုက်ပြီး သူ၏ တူဖြစ်သူအား ပြောလိုက်သည် - "မင်း အထဲမှာ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပါ။ သူတို့ တစ်ခုခု မေးရင် ဘာပြောရမယ်။ ဘာမပြောရဘူးဆိုတာ မင်း သိပါတယ်။ ငါ မင်းကို အမြန်ဆုံး ထွက်လာနိုင်အောင် လုပ်ပေးပါ့မယ်”
"ဦးလေး... ကျွန်တော် နားလည်ပါတယ်။ ကျွန်တော့်ကို သတ်ရင်တောင် ဘာမှ ပြောမှာ မဟုတ်ပါဘူး”
တူဖြစ်သူ၏ ကတိကို ရရှိပြီးနောက် ကုန်းကော်ခိုင်သည် ထောင်အတွင်းမှ ထွက်ခွာလာခဲ့သည်။
အပြင်ဘက်တွင် မိုးများ သည်းထန်စွာ ရွာသွန်းနေပြီး ကုန်းကော်ခိုင်၏ မျက်နှာ အမူအရာမှာလည်း အဆက်မပြတ် ပြောင်းလဲနေသည်။ သူ၏ တရုတ်လူမျိုး စုစည်းမှုကို လွှမ်းမိုးမည့် မုန်တိုင်းတစ်ခု ကျရောက်လာတော့မည် ဖြစ်ကြောင်း သူ ကြိုတင် ခံစားမိနေပြီ ဖြစ်သည်။
နောက်နှစ်ရက်အတွင်း စုံစမ်းစစ်ဆေးမှုများစွာ ပြုလုပ်ပြီးနောက် ကုန်းကော်ခိုင်သည် ပြဿနာကို တဖြည်းဖြည်း နားလည်လာခဲ့သည်။
အင်ဒိုနီးရှား၏ အမြင့်ဆုံးအဆင့် နိုင်ငံရေး အခြေအနေမှာ လှုပ်ခတ်နေပြီး ခေါင်းဆောင်သစ် သမ္မတ ဝါယန်မန် အာဏာရရှိလာခဲ့သည်။ သူသည် အင်ဒိုနီးရှားကို အရှေ့တောင်အာရှတွင် အင်အားအကြီးဆုံး နိုင်ငံ ၊ အရှေ့တောင်အာရှ ဒေသ၏ အာဏာရှင်ငယ်လေး အဖြစ် အမြဲတမ်း မြှင့်တင်နေသော အင်ဒိုနီးရှား အမျိုးသားရေးဝါဒီ တစ်ဦး ဖြစ်သည်။
သူ၏ ရာထူးသက်တမ်းအတွင်း တရုတ် ဆန့်ကျင်ရေး စကားများကို အကြိမ်ကြိမ် ပြောဆိုခဲ့ပြီး အင်ဒိုနီးရှား အမျိုးသားရေးဝါဒကို မြှင့်တင်ရန် ရည်ရွယ်ထားသူ ဖြစ်သည်။
တိုက်တိုက်ဆိုင်ဆိုင်ပင် ကျဲခယ် အဖွဲ့က မကြာသေးမီက မြှင့်တင်လိုက်သော နဂါးငွေကြေးသည် အင်ဒိုနီးရှားကို ၎င်း၏ စီးပွားရေး စနစ်အတွင်းသို့ သွတ်သွင်းရန် ရည်မှန်းချက်ကို ထုတ်ပြန် ကြေညာခဲ့သည်။
အင်ဒိုနီးရှားသည် နဂါးငွေကြေး မြှင့်တင်မှုကို လက်ခံရန် မရွေးချယ်ခဲ့ဘဲ ကျဲခယ် အဖွဲ့၏ ထိန်းချုပ်မှုကို မခံလိုကြပေ။ ထို့ကြောင့် သူတို့သည် ကျဲခယ် အဖွဲ့အား သူတို့၏ ပြတ်သားမှုကို ပြသရန်အတွက် ခုခံဖို့ ရွေးချယ်ခဲ့ကြခြင်း ဖြစ်သည်။
ပို၍ အရေးကြီးသည်မှာ အိန္ဒိယသမုဒ္ဒရာတွင် အမေရိကန်၏ လေယာဉ်တင်သင်္ဘော အုပ်စု ငါးခုက ဖိအားပေးနေခြင်းသည် အင်ဒိုနီးရှားအား ယုံကြည်မှုကို ပေးစွမ်းနေပြီး ကျဲခယ် အဖွဲ့အနေဖြင့် ထပ်မံ လှုပ်ရှားရဲမည် မဟုတ်ဟု သူတို့က ယုံကြည်နေကြခြင်း ဖြစ်သည်။
ကုန်းကော်ခိုင် ဤအချက်ကို သိရှိသွားချိန်တွင် သူ တုံ့ပြန်ရန် ကြိုးစားသော်လည်း နောက်ကျသွားခဲ့ပြီ ဖြစ်သည်။
ဆီလွန်မြို့ တောင်ဘက် ဆင်ခြေဖုံးရှိ စက်ရုံတွင် စစ်ရဲ အမြောက်အမြားက တံခါးများကို ရိုက်ချိုးကာ စက်ရုံကို ဝိုင်းရံထားကြပြီ ဖြစ်သည်။
ကုန်းကော်ခိုင်သည် ရုံးခန်း ပြတင်းပေါက်နားတွင် ရပ်လျက် စစ်ရဲများက တရုတ် ဝန်ထမ်းများကို တစ်ယောက်ပြီး တစ်ယောက် ရက်စက်စွာ ဖမ်းဆီးနေသည်ကို ကြည့်နေရသည်။ မည်သည့် ခုခံမှုမဆို ရိုက်နှက်ခြင်း သို့မဟုတ် သေနတ်ဖြင့် ပစ်ခတ်ခြင်းများကို ခံရမည် ဖြစ်သည်။
စက်ရုံအတွင်း၌ လက်နက်ကိုင် အစောင့်များ ရှိသော်လည်း အင်ဒိုနီးရှား စစ်ရဲများကို ရင်ဆိုင်ရာတွင်မူ သူတို့၏ ပစ်ခတ်မှု အင်အားမှာ အားနည်းလှသည်။ ခုခံမှုမှာ ကြာရှည်မခံဘဲ စက်ရုံကို အင်ဒိုနီးရှား စစ်ရဲများက လုံးဝ သိမ်းပိုက်လိုက်ကြသည်။
တရုတ် ဝန်ထမ်းများမှာ မြေပြင်ပေါ်တွင် ဖိနှိပ်ခံထားရပြီး အချို့မှာ ခေါင်းများ သွေးစုတ်နေကာ အချို့မှာ ရဲတုတ်များကြောင့် အရိုးများ ကျိုးကုန်ကြပြီး အချို့မှာမူ သေနတ်မှန်ကာ ဒဏ်ရာများကို ကိုင်လျက် ညည်းတွားနေကြသည်။
တစ်ချိန်က စည်းကမ်းတကျရှိသော စက်ရုံသည် ယခုအခါ ဒဏ်ရာရသူများနှင့် အော်ဟစ်သံများ နေရာအနှံ့ ပျံ့နှံ့နေသော ကစဉ့်ကလျား မြင်ကွင်းတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့သည်။ ထုပ်ပိုးထားသော သွေးအိတ်များမှာ မြေပြင်ပေါ်သို့ ပစ်ချခံထားရပြီး ကျဲခယ် အဖွဲ့၏ အရောင်းရဆုံး ထုတ်ကုန်များကိုလည်း သေတ္တာလိုက် သိမ်းဆည်းသွားကြသည်။
***