'ရွယ်ချီ... မင်း ဘာလို့ ဒီကို ရောက်နေတာလဲ'
တာအိုသခင်မရွှယ်ယွဲ့သည် ဖြည်းညှင်းစွာ လျှောက်လှမ်းလာသည်။ သူမ၏ အကြည့်မှာ ဇဝေဇဝါဖြင့် ဂျိချန်းဖန်၏ ဘေးရှိ လုရွှယ်ချီ ဆီသို့ ကျရောက်နေသည်။
'ဆရာ...'
လုရွယ်ချီက သူမ၏ ဆရာဖြစ်သူကို အမြန်ဦးညွှတ် ဂါရဝပြုလိုက်ပြီး ရှင်းပြလေသည်။
'တပည့် လမ်းခုလတ်မှာ ခေါင်းလောင်းသံကို ကြားလိုက်ရလို့ ဘာဖြစ်တာလဲဆိုတာ လာကြည့်တာပါ'
ပြောပြီးနောက် သူမ၏ လှပသော မျက်နှာလေးမှာ အနည်းငယ် နီမြန်းသွားသည်။ ဘာပဲဖြစ်ဖြစ် သူမ ထုံထျန်းတောင်ထိပ်သို့ လာရခြင်းမှာ ဂျိချန်းဖန်ကို မြင်ချင်သည့် ဆန္ဒမှအပ အခြားမရှိပေ။
အေးစက်စင်ကြယ်သော တာအိုသခင်မက ခေါင်းကို အသာအယာ ညိတ်လိုက်သော်လည်း ဘာမှတော့ ထပ်မပြောပေ။
'စီနီယာအစ်မ ရွှယ်ယွဲ့' ဂျိချန်းဖန်ကလည်း ရှေ့မှ တာအိုသခင်မကို ဦးညွှတ်နှုတ်ဆက်လိုက်သည်။
ထိုအခါ တာအိုသခင်မ ရွှယ်ယွဲ့က ဂျိချန်းဖန်၏ ဘေးမှ ရှောင်ပိုင်ကို တစ်ချက်ကြည့်ကာ ခေါင်းညိတ်ပြပြီး ဘာမှမပြောဘဲ နေလိုက်သည်။ သူမသည် ရှောင်ပိုင်၏ မည်သူမည်ဝါဖြစ်ကြောင်းကို အနည်းငယ် ခန့်မှန်းမိသော်လည်း အတိအကျတော့ မသေချာသေးပေ။
'ရှူး.......'
ထိုစဉ်မှာပင် ဝဝဖိုင့်ဖိုင့် ပုံရိပ်တစ်ခု ယူကျင်းခန်းမထဲသို့ လျှောက်ဝင်လာသည်။
'ခုနစ်လေး... မင်း ပြန်ရောက်ပြီလား'
ကျန့်ပူယီ သည် လက်နှစ်ဖက်ကို နောက်ပစ်ကာ ခန်းမထဲသို့ ဝင်လာသည်။ သူ၏ အကြည့်မှာ ဂျိချန်းဖန်၏ ဘေးမှ ရှောင်ပိုင်ဆီသို့ စူးစမ်းစွာ ရောက်ရှိသွားပြီး ခေါင်းကို အသာအယာ ညိတ်ပြလိုက်သည်။ ၎င်းမှာ နှုတ်ဆက်ခြင်းပင်။
'ဆရာ' ဂျိချန်းဖန်က ကျန့်ပူယီကို ရိုသေစွာ ဦးညွှတ်လိုက်သည်။
'အင်း...' ကျန့်ပူယီက ခေါင်းညိတ်သည်။
တစ်ချိန်တည်းမှာပင် ပတ်ဝန်းကျင်ရှိ အခြား တောင်ထိပ်ခေါင်းဆောင်များမှာလည်း ရှောင်ပိုင်ကို ကြည့်နေကြသည်။ တောင်ထိပ်ခေါင်းဆောင်များ၏ အကြည့်များအောက်တွင် မူလက ပေါ့ပေါ့ပါးပါး နေတတ်သော ရှောင်ပိုင်မှာ တဖြည်းဖြည်း တည်ငြိမ်သွားပြီး သူမ၏ ဆွဲဆောင်မှုရှိသော မျက်နှာလေးတွင် ခန့်ညားထည်ဝါသော အသွင်အပြင် ပေါ်ပေါက်လာသည်။
သူမသည် အားလုံး၏ အကြည့်ကို မည်သည့် ထိတ်လန့်မှုမှမရှိဘဲ ရင်ဆိုင်နေ၏။
'အဟွတ် အဟွတ်'
ခဏကြာ တိတ်ဆိတ်နေသော တောက်ရွှမ်း က ရှေ့သို့ လှမ်းလာပြီး တောင်ထိပ်သခင်အားလုံးကို နေရာယူရန် အချက်ပြလိုက်သည်။ ထို့နောက် ခန်းမအပြင်ဘက်ရှိ ထုံထျန်းတောင်ထိပ် တပည့်တစ်ဦးကို 'ကုလားထိုင် အချို့ ယူလာခဲ့ပါဦး' ဟု ညွှန်ကြားလိုက်သည်။
ခဏအကြာတွင် ထုံထျန်းတောင်ထိပ် တပည့်က ကုလားထိုင်များကို ယူကျင်းခန်းမထဲသို့ သယ်ဆောင်လာသည်။
တောက်ရွှမ်းက ပြုံးလျက် ဆိုလိုက်သည်။ 'တာအိုမိတ်ဆွေ ကိုးမြီး... ထိုင်ပြီးမှ ကိစ္စတွေကို ဆွေးနွေးကြတာပေါ့'
'ကျေးဇူးတင်ပါတယ် တာအိုသခင်ကြီး' ရှောင်ပိုင်က ခေါင်းညိတ်ပြကာ ကျော့ရှင်းစွာ ထိုင်လိုက်သည်။
တောက်ရွှမ်းက ဆက်လက်၍ ဂျိချန်းဖန်နှင့် ရွှယ်ယွဲ့ကို ကြည့်ကာ 'ဂိုဏ်းသခင်လောင်း ဂျိချန်းဖန်၊ လုရွယ်ချီ... မင်းတို့နှစ်ယောက်လည်း ထိုင်ကြပါ' ဟု ဆိုသည်။
'ကျေးဇူးတင်ပါတယ် ဂိုဏ်းသခင် စီနီယာဦးလေး' ဂျိချန်းဖန်နှင့် လုရွယ်ချီတို့လည်း ဦးညွှတ်နှုတ်ဆက်ကာ နေရာယူလိုက်ကြသည်။
လုရွယ်ချီမှာ တပည့်တစ်ဦးဖြစ်သော်လည်း သူမ၏ ကျင့်စဉ်မှာ ရှန်ကျင်း အဆင့်သို့ တက်လှမ်းထားပြီးဖြစ်ရာ ကျင်းယွမ်ဂိုဏ်း၏ အကြီးအကဲတစ်ဦးနှင့် ညီမျှနေပြီဖြစ်သည်။
ထို့ကြောင့် သူမသည် ယူကျင်းခန်းမတွင် ထိုင်ခွင့်ရှိသလို အနာဂတ် ဂိုဏ်းသခင်၏ ဇနီးလောင်းလည်း ဖြစ်နေသည် မဟုတ်လား။
လူအားလုံး နေရာယူပြီးနောက် တောက်ရွှမ်းက ရှောင်ပိုင်ကို တောင်ထိပ်ခေါင်းဆောင်များနှင့် စတင်မိတ်ဆက်ပေးသည်။
'ဂျူနီယာညီလေးတို့၊ ညီမလေးတို့...'
'ဒါကတော့ မြေခွေးနွယ်စုရဲ့ မျိုးနွယ်စုခေါင်းဆောင်၊ လောကမှာ ကျန်ရှိနေတဲ့ တစ်ဦးတည်းသော ကိုးမြီးကောင်းကင်မြေခွေး ပါ။ သူမက ဒီနေ့မှာ ငါတို့ ကျင်းယွမ်ဂိုဏ်းကို ဝင်ရောက်ပြီး ထုံထျန်းတောင်ထိပ်ရဲ့ အကြီးအကဲတစ်ဦး ဖြစ်လာဖို့ ရည်ရွယ်ထားပါတယ်...'
ထိုစကားကို ကြားလိုက်ရသောအခါ တောင်ထိပ်သခင်များမှာ အနည်းငယ် ထိတ်လန့်သွားကြသည်။ သူတို့သည် ဖန်ရှန်းဂူက ဒါကို ဘယ်လိုတုံ့ပြန်မလဲဟု မေးချင်ကြသော်လည်း ယခုအခြေအနေအရ တိတ်ဆိတ်စွာသာ နေလိုက်ကြသည်။
တောက်ရွှမ်းက တောင်ထိပ်သခင် များကိုလည်း ရှောင်ပိုင်နှင့် ပြန်လည်မိတ်ဆက်ပေးသည်။
'နှုတ်ဆက်ပါတယ် တာအိုမိတ်ဆွေတို့' ရှောင်ပိုင်က မတ်တပ်ရပ်ကာ ခပ်ဖွဖွ ဦးညွှတ်လိုက်သည်။
ထိုအခါ တောင်ထိပ်သခင် များအားလုံးလည်း အမြန်မတ်တပ်ရပ်ကာ ပြန်လည်နှုတ်ဆက်ကြသည်။
'နှုတ်ဆက်ပါတယ် တာအိုမိတ်ဆွေ ကိုးမြီး'
နှုတ်ဆက်ခြင်းများ ပြီးဆုံးသွားသောအခါ တောက်ရွှမ်းက 'အနောက်ဘက် သေမင်းတောအုပ်' နှင့် 'ကောင်းကင်ဧကရာဇ်ရဲ့ ရတနာတိုက်' ကိစ္စများကို ဆွေးနွေးသည်။ သို့သော် ဖန်ရှန်းဂူနှင့် လူရိုင်းများ ပူးပေါင်းနေသည့် ကိစ္စကိုမူ ခိုင်လုံသော သက်သေမရှိသေးသဖြင့် လူသိရှင်ကြား မပြောသေးပေ။ ထို့ကြောင့် ဤအစည်းအဝေးမှာ ရှန်ကျင်းအဆင့် ပညာရှင် ရှောင်ပိုင်ကို ကြိုဆိုသည့် ပွဲတစ်ခုသဖွယ် ဖြစ်သွားတော့သည်။
'ခုကတော့ ဒါပါပဲ....... အာဏာလွှဲပြောင်းပွဲက တစ်လတောင် မလိုတော့ဘူး။ ဂျူနီယာညီလေးတို့ ညီမလေးတို့အနေနဲ့ မလိုလားအပ်တဲ့ ကိစ္စတွေ မဖြစ်ရအောင် မင်းတို့ရဲ့ တပည့်တွေကို ကောင်းကောင်း ကြပ်မတ်ပေးကြပါဦး...' တောက်ရွှမ်းက နိဂုံးချုပ် ပြောကြားလိုက်သည်။
အစည်းအဝေးတလျှောက်လုံး လုရွယ်ချီမှာ လိမ္မာစွာ ထိုင်နေပြီး ဘာလှုပ်ရှားမှုမှ မလုပ်ရဲပေ။ ဂျိချန်းဖန်က သူမကို စနောက်ချင်သော်လည်း အခြေအနေအရ မလုပ်ဖြစ်ခဲ့ပေ။
'ဂိုဏ်းသခင်လောင်း ဂျိချန်းဖန်၊ တာအိုမိတ်ဆွေ ကိုးမြီးအတွက် ကျင်းယွမ်ဂိုဏ်းအတွင်း နေထိုင်ဖို့ အစီအစဉ်တွေကို မင်းပဲ ကိုင်တွယ်လိုက်ပါ' တောက်ရွှမ်းက ရုတ်တရက် ဆိုလိုက်သည်။
ဂျိချန်းဖန်က မတ်တပ်ရပ်ကာ ထိုတာဝန်ကို လက်ခံလိုက်သည်။ တောက်ရွှမ်းမှာ သူနှင့် ရှောင်ပိုင်၏ ဆက်ဆံရေးမှာ ထူးခြားနေသည်ကို ရိပ်မိပုံရသည်။
'ကောင်းပြီ၊ အခြားကိစ္စမရှိရင် အားလုံး ပြန်နိုင်ကြပါပြီ' တောက်ရွှမ်းက လက်ဝေ့ယမ်းလိုက်သည်။
တောင်ထိပ်သခင် များမှာ တစ်ဦးပြီးတစ်ဦး ခန်းမထဲမှ ထွက်ခွာသွားကြသည်။ စီနီယာအစ်မ ရွှယ်ယွဲ့က သူမ၏ တပည့် လုရွယ်ချီကို ကြည့်ကာ 'လုရွယ်ချီ... ပြန်ဖို့ အချိန်တန်ပြီ' ဟု တည်ငြိမ်စွာ ဆိုသည်။
လုရွယ်ချီသည် ဂျိချန်းဖန်ကို တွန့်ဆုတ်စွာ လှည့်ကြည့်လိုက်ရာ ဂျိချန်းဖန်က သူမကို အဓိပ္ပာယ်ပါပါ ကြည့်လိုက်သည်။ ၎င်း၏ အဓိပ္ပာယ်မှာ 'ဒီည တံခါးဖွင့်ထားပေးဦး ' ဟူ၍ ဖြစ်သည်။
လုရွယ်ချီမှာ ခဏမျှ ကြောင်သွားသော်လည်း ချက်ချင်းပင် အဓိပ္ပာယ်ကို နားလည်သွားသဖြင့် မျက်နှာလေး နီမြန်းကာ ခေါင်းငုံ့လျက် ဆရာမနောက်မှ လိုက်ပါသွားတော့သည်။
လုရွယ်ချီ ထွက်သွားပြီးနောက် ဂျိချန်းဖန်က ရှောင်ပိုင်ကို မေးလိုက်သည်။ 'မင်း ဘယ်မှာ နေချင်လဲ'
ရှောင်ပိုင်က အေးအေးဆေးဆေးပင် 'ခြောက်လေးရဲ့ ဘေးမှာပဲ ဝင်းတစ်ခု စီစဉ်ပေးပါ၊ ဘယ်နေရာဖြစ်ဖြစ် ရပါတယ်' ဟု ဆိုသည်။
ဂျိချန်းဖန်က ခေါင်းညိတ်သည်။ ဒါဆိုလျှင် အလောတကြီး လုပ်နေစရာ မလိုတော့ပေ။
'အခု ထမင်းစားချိန်လည်း နီးနေပြီဆိုတော့ ငါနဲ့အတူ တိုက်ကျူးတောင်ထိပ် ကို အရင်လိုက်ခဲ့မလား' ဂျိချန်းဖန်က အကြံပြုလိုက်သည်။
ထိုစကားကို ကြားလိုက်ရသောအခါ ရှောင်ပိုင်၏ ဆွဲဆောင်မှုရှိသော မက်မွန်ပန်းမျက်ဝန်းလေးများ ချက်ချင်း တောက်ပသွားပြီး 'အိုး... သွားမယ်၊ သွားမယ် ' ဟု ဝမ်းသာတကြီး ဆိုသည်။
ဂျိချန်းဖန်က တိုက်ကျူးတောင်ထိပ်သည် ကျင်းယွမ်ဂိုဏ်း၏ စားဖိုမှူးများ မြစ်ဖျားခံရာ နေရာဖြစ်သည်ဟု ပြောဖူးသောကြောင့် ထိုနေရာမှ အစားအသောက်မှာ ကျိန်းသေပေါက် အရသာရှိမည်ဟု သူမ တွေးမိခြင်းပင်။
ရှေ့မှ လျှောက်သွားနေသော ကျန့်ပူယီမှာ ခြေလှမ်းအနည်းငယ် တုံ့သွားသည်။ သူသည် ဂျိချန်းဖန်နှင့် ရှောင်ပိုင်၏ စကားကို ကြားဖြစ်အောင် ကြားလိုက်သည်။
တိုက်ကျူးတောင်ထိပ်၏ တောင်ထိပ်သခင် တစ်ဦးအနေဖြင့် သူက ရှောင်ပိုင်ကို တည်ကြည်စွာ ဖိတ်ခေါ်လိုက်သည်။ 'တာအိုမိတ်ဆွေ ကိုးမြီး၊ ငါ့ရဲ့ တိုက်ကျူးတောင်ထိပ်ကို ဧည့်သည်အဖြစ် လာရောက်ဖို့ ကြိုဆိုပါတယ်'
ရှောင်ပိုင်က ပြုံးလျက် ခေါင်းညိတ်ကာ 'ကျေးဇူးတင်ပါတယ် တာအိုမိတ်ဆွေ ကျန့်' ဟု ဆိုသည်။
'ဘာမှမဖြစ်ပါဘူး' ကျန့်ပူယီက ခေါင်းခါပြပြီး ဂျိချန်းဖန်ကို တစ်ချက်ကြည့်ကာ အရာအားလုံး သူ့အပေါ်မှာပဲ မူတည်ကြောင်း အချက်ပြလိုက်ပြီးနောက် တိုက်ကျူးတောင်ထိပ်သို့ အရင်ဆုံး ပြန်သွားတော့သည်။
'သွားကြစို့' ဂျိချန်းဖန်က ဆိုလိုက်သည်။
'အင်း' ရှောင်ပိုင် ခေါင်းညိတ်ကာ သူတို့နှစ်ဦး ထုံထျန်းတောင်ထိပ်မှ ထွက်ခွာလာခဲ့ကြသည်။
...
တိုက်ကျူးတောင်ထိပ်၊ လျိုကျင်းခန်းမ။
စေ့စပ်သေချာသော စူးရူ သည် ခေါင်းလောင်းသံကို ကြားကတည်းက ဂျိချန်းဖန် ပြန်ရောက်လာမည်ကို ခန့်မှန်းမိသည်။ ထို့ကြောင့် သူမက ဒူးဘိုင်ရှု ကို ဟင်းတစ်ပွဲ ပိုပြင်ခိုင်းထားခဲ့သည်။
သို့သော် ရှောင်ပိုင်ပါ လိုက်လာလိမ့်မည်ဟု မည်သူကမှ မထင်ထားခဲ့ပေ။ ဂျိချန်းဖန်က ရှောင်ပိုင်ကို လျိုကျင်းခန်းမထဲ ခေါ်လာသောအခါ တိုက်ကျူးတောင်ထိပ်ရှိ လူအားလုံးမှာ မှင်တက်သွားကြသည်။
ဘယ်လိုပြောရမလဲ... ပြီးခဲ့တဲ့တစ်ခေါက် ဂျိချန်းဖန် အပြင်ထွက်သွားတုန်းက ကျင့်ပင်အာကို ခေါ်လာခဲ့တယ်။ ဒီတစ်ခေါက်ကျတော့လည်း နောက်ထပ်တစ်ယောက်ကို ထပ်ခေါ်လာပြန်ပြီလား.......
ဂျိချန်းဖန်က လူအားလုံးကို စတင်ရှင်းပြလိုက်သည်။ 'ဒါက မြေခွေးမျိုးနွယ်စုရဲ့ မျိုးနွယ်စုခေါင်းဆောင်ပါ၊ သူမက ဒီနေ့မှာပဲ ငါတို့ ကျင်းယွမ်ဂိုဏ်းကို ဝင်ရောက်ခဲ့တာ...'
***