ဂျိချန်းဖန် ၏ ရှင်းပြချက်ကို ကြားပြီးနောက် တိုက်ကျူးတောင်ထိပ် ရှိ လူအားလုံး ရုတ်တရက် နားလည်သွားကြသည်။ စူးရူ ၏ မျက်ဝန်းများက ရှောင်ပိုင် နှင့် ဂျိချန်းဖန် တို့ကို အကဲခတ်သည့် အမူအရာဖြင့် ဝေ့ကြည့်လိုက်သော်လည်း ထူးခြားမှု တစ်စုံတစ်ရာကိုမူ သူမ မတွေ့ရှိခဲ့ပေ။
'ဂျိချန်းဖန်......... မင်း နောက်ဆုံးတော့ ပြန်ရောက်လာပြီပဲ.........'
ဝတ်စုံနီနှင့် ကျန့်လင်းအာ သည် ဂျိချန်းဖန်၏ ဘေးသို့ လျှပ်ခနဲ ရောက်လာသည်။
'ဂျူနီယာ ညီမလေး... ဖက်ချင်လို့လား'
ဂျိချန်းဖန်က ပြုံးလျက် လက်နှစ်ဖက်ကို ဖွင့်ပေးလိုက်သည်။
ဒါကို မြင်တော့ ကျန့်လင်းအာ၏ လှပသော မျက်နှာလေးမှာ အနည်းငယ် နီမြန်းသွားပြီး မာနကြီးကာ အောင့်သက်သက် ဖြစ်နေတတ်သော သူမက 'မဖက်ချင်ပါဘူး.........' ဟု ဆိုကာ မျက်နှာလွှဲလိုက်လေသည်။
ရှောင်ပိုင်က ကျန့်လင်းအာကို စဉ်းစားဟန်ဖြင့် ကြည့်လိုက်မိသည်။
ဒီတစ်ယောက်ကလည်း အနာဂတ် ဇနီးလောင်း တစ်ယောက်ပဲ ဖြစ်ဦးမလား.........
'လင်းအာ... ကလေးကလား မလုပ်နဲ့' စူးရူက မတ်တပ်ရပ်ကာ သူမကို ဆူပူလိုက်သည်။
ထို့နောက် ရှောင်ပိုင်ကို ကြည့်ကာ ပြုံးလျက် ဆိုလိုက်သည်။ 'တာအိုမိတ်ဆွေ ကိုးမြီး... ကျေးဇူးပြုပြီး ထိုင်ပါဦး'
'အားလုံးကို အနှောင့်အယှက် ပေးမိတဲ့အတွက် တောင်းပန်ပါတယ်' ရှောင်ပိုင်က နူးညံ့စွာ ပြုံးပြလိုက်သည်။
ဒူးဘိုင်ရှု မှာမူ အနည်းငယ် ပျာယာခတ်နေ၏။ သူက တိုက်ကျူးတောင်ထိပ် တပည့်တွေအတွက်ပဲ ထမင်းပြင်ထားတာ မဟုတ်လား...။ ရှောင်ပိုင် ရုတ်တရက် ရောက်လာတော့ ဒီလောက် အချိန်တိုအတွင်း သူ ဘယ်ကနေ အပိုထပ်ရှာရမည်နည်း။
ဂျိချန်းဖန်က သူ၏ အခက်အခဲကို သတိပြုမိပြီး တိုးတိုးလေး ဆိုလိုက်သည်။ 'စီနီယာအကို ဒူး... ငါ့ရဲ့ ဝေစုကိုပဲ ရှောင်ပိုင်ကို ပေးလိုက်ပါ'
'ဒါကတော့...'
ဒူးဘိုင်ရှုမှာ အားနာစွာဖြင့် ခေါင်းကို ကုတ်နေမိသည်။
ကျန့်ပူယီ ၏ နှုတ်ခမ်းမှာ အနည်းငယ် လှုပ်ခတ်သွားသည်။ ဧည့်သည် လာခဲလှပါသည်ဆိုမှ ဧည့်သည်အတွက် အစားအသောက် မပြင်ဆင်ထားဘူးလို့ ပြောရမှာလား.........
ဟူး.. ထိုအရာမှာ ဒူးဘိုင်ရှုရဲ့ အပြစ်ချည်း မဟုတ်ချေ။ ရှောင်ပိုင် ရောက်လာတာက သိပ်ကို ရုတ်တရက် ဆန်လွန်းနေခြင်းကြောင့် ဖြစ်သည်။
'တာအိုမိတ်ဆွေ ကိုးမြီး... ငါတို့ရဲ့ ဧည့်ဝတ်မကျေမှုကို ခွင့်လွှတ်ပေးပါဦး...' စူးရူက မတ်တပ်ရပ်ကာ အားနာစွာ ပြုံးပြလိုက်သည်။
'ရပါတယ်၊ ရပါတယ်' ရှောင်ပိုင်က လက်ကို အမြန်ဝေ့ယမ်းလိုက်ပြီး ဂျိချန်းဖန်ကို လက်ဖြင့် အသာတွန်းကာ ပြောလိုက်သည်။ 'ငါ သူ့ဝေစုကိုပဲ စားလိုက်မယ်၊ မင်း စိတ်မရှိဘူးမလား.........'
နောက်ဆုံး စကားကိုတော့ ဂျိချန်းဖန်ကို ကြည့်ကာ မေးလိုက်ခြင်းပင်။
'စိတ်မရှိပါဘူး......... ကျိန်းသေပေါက် စိတ်မရှိပါဘူး.........'
ဂျိချန်းဖန်က အလေးအနက် ဆိုလိုက်သည်။
အဆုံးတွင် သူက ရှောင်ပိုင်၏ နားနားသို့ ကပ်ကာ 'အကုန်ကုန်အောင် စားဖို့ မမေ့နဲ့ဦးနော်.........' ဟု တိုးတိုးလေး ပြောလိုက်လေသည်။
ထိုစကားကြောင့် ရှောင်ပိုင်က သူ့ကို သံသယဖြင့် ကြည့်လိုက်မိသည်။ သို့သော် သူမ သိပ်အများကြီး မစဉ်းစားတော့ဘဲ ခေါင်းညိတ်လိုက်၏။
ပတ်ဝန်းကျင်ရှိ လူအားလုံးမှာ သူတို့နှစ်ဦး၏ ပတ်သက်မှုကို စူးစမ်းသော အကြည့်များဖြင့် ကြည့်နေကြသည်။
ကျန့်လင်းအာကတော့ နှုတ်ခမ်းလေးစူကာ စူးရူ၏ ဘေးသို့ စိတ်တိုတိုဖြင့် ပြန်သွားတော့သည်။
ဘာလို့ ဒီစီနီယာ ကိုးမြီးကလည်း ဂျိချန်းဖန်နဲ့ ထူးထူးခြားခြား ပတ်သက်နေသလို ခံစားနေရတာလဲ.........
ထိုစဉ် ဒူးဘိုင်ရှုက ရှောင်ပိုင်အတွက် အစားအသောက်များကို သယ်လာပေးသည်။
'စီနီယာ ကိုးမြီး... ကျေးဇူးပြုပြီး မြည်းစမ်းကြည့်ပါဦး'
'ကျေးဇူးတင်ပါတယ်' ရှောင်ပိုင်က အသာအယာ ပြုံးလိုက်သည်။
သူမသည် အရောင်အသွေး စုံလင်ကာ မွှေးကြိုင်လှသော အစားအသောက်များကို ကြည့်ရင်း စိတ်ထဲတွင် ကျေနပ်နေမိသည်။ ကြည့်ရတာ အရမ်းလှတာပဲ၊ ကျိန်းသေပေါက် အရသာရှိမှာပါ.........
'အဟွတ် အဟွတ်'
ဂျိချန်းဖန်က ခပ်ဖွဖွ ချောင်းဟန့်လိုက်ပြီး ရှောင်ပိုင်နား ကပ်ကာ ပြောလိုက်သည်။ 'မင်း အရင်စားနှင့်ဦး၊ ငါ ခဏလောက် သွားထိုင်ဦးမယ်'
ပြောပြီးသည်နှင့် ဂျိချန်းဖန်က မတ်တပ်ရပ်ကာ ဆရာနှင့် ဆရာမကို ဂါရဝပြုပြီး ချက်ချင်းပင် လစ်ထွက်သွားတော့သည်။
ရှောင်ပိုင် အနည်းငယ် ဇဝေဇဝါ ဖြစ်သွားသော်လည်း အစားအသောက်ကို မြည်းစမ်းရန်သာ အာရုံစိုက်လိုက်သည်။ သူမသည် အာရှုးဖြင့် ဟင်းရွက်အချို့ကို ယူကာ ပါးစပ်ထဲ ထည့်လိုက်လေသည်။ သို့သော် အစားအသောက်များ ပါးစပ်ထဲ ရောက်သွားသည်နှင့် အလွန်ပြင်းထန်လှသော ငန်ကျိကျိ အရသာကြီးက သူမ၏ ရင်ထဲသို့ တိုးဝင်လာတော့သည်...။
'အု...'
ရှောင်ပိုင်၏ လှပသော မျက်နှာလေးမှာ ပျက်သွားတော့သည်။
သူမ၏ စိတ်ထဲတွင် အတွေးတစ်ခုသာ ရှိတော့သည်။
ဆိုးလိုက်တာ......... အရမ်း ဆိုးလိုက်တာ......... အဆိုးဆုံးပဲ.........
ရှောင်ပိုင်မှာ ချက်ချင်းပင် ပြန်ထွေးထုတ်လိုက်ချင်သော်လည်း ယခုအခြေအနေတွင် ထိုသို့လုပ်ရန် မသင့်တော်သည် မဟုတ်လား။
တိုက်ကျူးတောင်ထိပ် တပည့်တွေ အများကြီး ကြည့်နေကြတာလေ၊ သူမသာ ထွေးထုတ်လိုက်ရင် သူတို့ကို စော်ကားရာ ရောက်သွားလိမ့်မည်။ ထို့ကြောင့် ရှောင်ပိုင်သည် ရင်ထဲမှ မနှစ်မြို့မှုကို အတင်းအကျပ် မျိုသိပ်ကာ ပါးစပ်ထဲမှ အစားအသောက်ကို မျိုချလိုက်ရသည်။
ထိုခဏတွင် သူမ၏ စိတ်ထဲတွင် အတွေးတစ်ခုသာ ရှိသည်။
ညစ်ပတ်သွားပြီ။ ငါ့ပါးစပ်ကြီး ညစ်ပတ်သွားပြီ၊ ဟီး။
သူမ၏ တစ်သက်တာတွင် ဤမျှအထိ ဆိုးရွားသော အစားအသောက်ကို ပထမဆုံးအကြိမ် စားဖူးခြင်းပင်။ ရှောင်ပိုင်သည် ရှေ့မှ ဟင်းပွဲအပြည့်ကို ကြည့်ရင်း ငိုမဲ့မဲ့ အပြုံးမျိုးဖြင့် ပြုံးလိုက်မိသည်။
မလှမ်းမကမ်းတွင် ထိုင်နေသော ဒူးဘိုင်ရှုက ရှောင်ပိုင်၏ မျက်နှာမှ အပြုံးကို မြင်တော့ စီနီယာ ကိုးမြီးက ငါ့လက်ရာကို အရမ်းကြိုက်နေတာလား ဟု တွေးမိလိုက်သည်။
အင်း......... ဖြစ်နိုင်တယ်......... သူမ ပြုံးတောင် ပြုံးနေတာပဲ.........
ထိုအတွေးဖြင့် ဒူးဘိုင်ရှုသည် ရှောင်ပိုင်ကို မကြာခဏ လှမ်းကြည့်နေပြီး ရှောင်ပိုင်က တစ်လုပ်စားလိုက်တိုင်း သူက ပျော်ရွှင်စွာ ပြုံးပြနေလေသည်။
ရှောင်ပိုင်မှာမူ ဒူးဘိုင်ရှု၏ အကြည့်ကြောင့် ရင်ထဲမှ ရွံရှာမှုကို အောင့်သက်သက်ဖြင့် သည်းခံကာ ရှေ့မှ အစားအသောက်များကို တစ်လုပ်ချင်း အတင်းစားနေရသည်။
အခြားရွေးချယ်စရာ မရှိပေ... တစ်ဖက်လူက သူမကို အမြဲ စိုက်ကြည့်နေပေသည်။
ပြန်ထွေးထုတ်လို့လည်း မဖြစ်နိုင်ပေ.........
ရှောင်ပိုင်၏ မျက်နှာလေးမှာ အနည်းငယ် ပျက်ယွင်းနေပြီး သူမသည် သူမ၏ အရသာခံအာရုံကို ပိတ်ထားသည့် မှော်အတတ်တစ်ခုကို အသုံးပြုကာ တည်ငြိမ်သော မျက်နှာထားဖြင့် အစားအသောက်များကို ကုန်အောင် စားလိုက်တော့သည်။
တစ်လုပ်စားလိုက်တိုင်း သူမ၏ ရင်ထဲတွင် မကျေနပ်မှုများ စုပုံလာနေသည်။
ကောင်းပြီ......... ကောင်းပြီ......... ကောင်းပြီ.........
ဂျိချန်းဖန် ဘာလို့ ဒီလောက် အမြန်ပြေးသွားတာလဲဆိုတာ အံ့ဩစရာ မရှိတော့ဘူး။
သူ့ထမင်းဝေစုကို ငါ့ကိုပေးတာ စေတနာကောင်းလို့ မဟုတ်ဘူးပဲ။
တိုက်ကျူးတောင်ထိပ်က စားဖိုမှူးတွေရဲ့ မြစ်ဖျားခံရာဆိုတာ ဒါကြောင့်ကိုး။ အစားအသောက်တွေက ဒီလောက်တောင် ဆိုးနေတာလား..................
မိနစ်အနည်းငယ်အတွင်းမှာပင် ရှောင်ပိုင်သည် အစားအသောက်အားလုံးကို ကုန်အောင် စားလိုက်သည်။ သူမသည် မှိုင်တွေသော မျက်နှာထားဖြင့် မတ်တပ်ရပ်ကာ ကျန့်ပူယီနှင့် စူးရူကို လက်အုပ်ချီ နှုတ်ဆက်လိုက်သည်။ 'တာအိုမိတ်ဆွေ နှစ်ဦး... ကျွန်မ အရင် သွားနှင့်ပါဦးမယ်'
ထိုသို့ဆိုကာ သူမ၏ ရင်ထဲမှ မကျေနပ်မှုများကို မထိန်းနိုင်တော့ဘဲ သူမ၏ တစ်ကိုယ်လုံးမှ ထိတ်လန့်ဖွယ်ကောင်းသော ရှန်ကျင်း အဆင့် အရှိန်အဝါများ ရုတ်တရက် ပေါက်ကွဲထွက်လာတော့သည်။
'ဘုန်း.......'
ရှောင်ပိုင်၏ ပုံရိပ်သည် လျိုကျင်းခန်းမအတွင်းမှ လျှပ်ခနဲ ပျောက်ကွယ်သွားသည်။
ဒါကို မြင်တော့ တိုက်ကျူးတောင်ထိပ် တပည့်များမှာ တစ်ဦးကိုတစ်ဦး ကြည့်ရင်း ကြောင်အမ်းအမ်း ဖြစ်နေကြသည်။ ထိုစဉ်မှာပင် မကျေမနပ် ဖြစ်နေသော အသံကြီး တစ်သံသည် တိုက်ကျူးတောင်ထိပ် တစ်ခုလုံး ပဲ့တင်ထပ်သွားတော့သည်......
'ဂျိ......... ချန်း......... ဖန်.........'
တိုက်ကျူးတောင်ထိပ်၊ နောက်ဘက်တောင်ကုန်း။
ဂျိချန်းဖန်သည် ဝါးတောထဲတွင် မီးပုံတစ်ခု ဖိုထားသည်။ မီးပုံဘေးတွင် ကင်ပွတ်စင်တစ်ခု ရှိပြီး သိုးခြေထောက်ကင် တစ်ဝက် ရှိနေသည်။
'စီ... စီ... စီ...'
သိုးခြေထောက်ကင်မှ ဆီများမှာ တစီစီ မြည်နေသည်။ ဝါးတောတစ်ခုလုံးတွင် မွှေးကြိုင်လှသော အနံ့များ လွင့်ပျံ့နေ၏။
'ဝုန်း.........'
ထိုစဉ်မှာပင် ကြီးမားသော အရှိန်အဝါတစ်ခု ကောင်းကင်သို့ ထိုးတက်သွားပြီး ရှောင်ပိုင်၏ စိတ်ဆိုးမာန်ဆိုး အော်ဟစ်သံက တိုက်ကျူးတောင်ထိပ် တစ်ခုလုံး ပဲ့တင်ထပ်လာသည်။
ကြီးမားလှသော စိတ်အာရုံတစ်ခုက ဂျိချန်းဖန် ရှိရာနေရာကို ချက်ချင်းပင် လော့ခ်ချလိုက်သည်။
'ရှူးးး........'
ရှောင်ပိုင်၏ ပုံရိပ်မှာ လျှပ်ခနဲ ဝါးတောထဲသို့ ရောက်ရှိလာသည်။ သူမ၏ လှပသော မျက်နှာလေးတွင် အေးစက်လှသော ဒေါသရိပ်များ ထင်ဟပ်နေပြီး သူမ၏ ရင်ဘတ်မှာလည်း ဒေါသကြောင့် နိမ့်ချည်မြင့်ချည် ဖြစ်နေသည်။ သူမ၏ ဆွဲဆောင်မှုရှိသော မက်မွန်ပန်းမျက်ဝန်းများမှာလည်း အလွန်အမင်း ဒေါသထွက်နေ၏။
'ဂျိချန်းဖန်.........'
'နင် ငါ့ကို ထပ်ပြီး လိမ်ပြန်ပြီ.........'
ရှောင်ပိုင်က ဝါးတောထဲရှိ ဝတ်စုံဖြူဝတ် လူငယ်လေးကို ဒေါသတကြီး ကြည့်လိုက်သည်။ သူမသည် တွန့်ဆုတ်မနေဘဲ သူ့အပေါ်သို့ ခုန်အုပ်လိုက်ကာ သူ့ကို အောက်တွင် ဖိထားလိုက်ပြီး သူမ၏ နုနယ်လှပသော လက်ကလေးများဖြင့် သူ့မျက်နှာကို ဆွဲညှစ်ရန် ပြင်လိုက်တော့သည်...။
'ဟေး... ဟေး... ဟေး.........'
'ငါ မင်းကို ဘာလိမ်လို့လဲ'
ဂျိချန်းဖန်က အသာတကြည် အလျှော့ပေးမည့်သူ မဟုတ်ပေ။ သူက ရှောင်ပိုင်၏ ကျောက်စိမ်းကဲ့သို့ လက်ကလေးများကို ဖမ်းဆုပ်လိုက်ပြီး တစ်ပတ်လှည့်ကာ သူမကို အောက်မှနေ၍ ပြန်လည် ဖိထားလိုက်သည်။
ရှောင်ပိုင်က နှုတ်ခမ်းလေးစူကာ စိတ်ဆိုးနေ၏။ သူမ၏ မက်မွန်ပန်းမျက်ဝန်းများက ရှေ့မှ ဝတ်စုံဖြူဝတ် လူငယ်လေးကို စိုက်ကြည့်ရင်း ဒေါသတကြီး ပြောလိုက်သည်။
'နင်ပဲ တိုက်ကျူးတောင်ထိပ်က အစားအသောက်တွေက အရသာရှိတယ်လို့ ပြောခဲ့တာ မဟုတ်လား..................'
'ဟဲဟဲ '
ဂျိချန်းဖန်က နောက်ပြောင်သည့် အမူအရာဖြင့် ရယ်မောကာ ဆိုလိုက်သည်။ 'ငါက တိုက်ကျူးတောင်ထိပ်က အစားအသောက်တွေ အရသာရှိတယ်လို့ တစ်ခါမှ မပြောခဲ့ပါဘူး၊ ငါ ပြောခဲ့တာက ငါတို့ တိုက်ကျူးတောင်ထိပ်က စားဖိုမှူးတွေရဲ့ မြစ်ဖျားခံရာပါလို့ပဲ ပြောခဲ့တာ'
'နင်........'
ရှောင်ပိုင်၏ ရင်ဘတ်မှာ ဒေါသကြောင့် နိမ့်ချည်မြင့်ချည် ဖြစ်နေသည်။ သူမသည် မကျေမနပ် ဖြစ်လွန်းသဖြင့် ဂျိချန်းဖန်၏ ပါးကို တိုက်ရိုက်ပင် ကိုက်ချလိုက်တော့သည်။
အားးး.........
ဒါက ငါ့ကို လိမ်ခဲ့တဲ့အတွက် လျော်ကြေးပဲ...........................
***