" ဆရာ... ဆရာ... "
ဝေ့ဝမ်ချန်က လီယီတောင်းကို ဇဝေဇဝါ ကြည့်ရင်း မြေးလေးကိုပါ စိုးရိမ်တကြီး လှမ်းကြည့်လိုက်၏။ သို့သော် ဘာမှ ထူးထူးခြားခြား မတွေ့ရ။
" သူ ဘယ်အချိန်ကတည်းက သတိလစ်သွားတာလဲ... "
လီယီတောင်း ဝေ့ဝိုက်မနေဘဲ တည့်ပင် မေးလိုက်သည်။
ဝေ့ဝမ်ချန်က ပြန်မဖြေဘဲ နှုတ်ဆိတ်နေသော်လည်း ဆေးရုံကုတင်ဘေးရှိ အမျိုးသမီး တစ်ဦးက အလျင်အမြန် ဝင်ဖြေလေသည်။
" ဒီနေ့ နေ့လယ် ၃ နာရီ ကျော်ကျော်လောက်မှာ ရုတ်တရက် သတိလစ်သွားတာပါ... ဆေးစစ်ချက်တွေ အကုန် လုပ်ကြည့်ပြီးပေမဲ့ ဘာရောဂါ အခံမှ မတွေ့ရဘူးတဲ့... "
လီယီတောင်း ခေါင်းအသာ ညိတ်လိုက်ပြီး စိုက်ကြည့်နေသော မင်္ဂလာဆောင် ဝတ်စုံနှင့် အမျိုးသမီးကို လျစ်လျူရှုကာ ဆက်မေးလိုက်၏။
" ဒုတိယထပ်က စာကြည့်ခန်းမှာ သတိလစ်သွားတာလား... "
လီယီတောင်း၏ မေးခွန်းကို ကြားသောအခါ အမျိုးသမီးက ခဏတာ တွေဝေသွားပြီး...
" ဟုတ်ပါတယ်... စာကြည့်ခန်းမှာပါ... သူ့ကို အဲဒီမှာ တွေ့ခဲ့တာ... ကျွန်မ သူ့ကို လိုက်ရှာနေတာ နည်းနည်း ကြာပြီ... စာကြည့်ခန်းထဲမှာ တွေ့တော့ လဲနေပြီ... "
" ပုံမှန် ရက်တွေဆိုရင်ကော... သူ စာကြည့်ခန်းထဲမှာ ဆော့လေ့ ရှိလား... "
လီယီတောင်းက မျက်မှောင်ကြုတ်ကာ ဆက်မေးလိုက်သည်။
အမျိုးသမီးက ခေါင်းခါလိုက်ပြီး... " ပုံမှန်ဆိုရင် စာကြည့်ခန်းကို သူ ဘယ်တော့မှ မသွားပါဘူး... ဒီနေ့ သူ ဘယ်လို ဝင်သွားလဲ ဆိုတာကိုတောင် ကျွန်မ မသိဘူး... ပြီးတော့ စာကြည့်ခန်းက သော့ခတ်မထားဘူး ဆိုပေမဲ့... ကလေး တစ်ယောက် အနေနဲ့ ဖွင့်ဖို့ ဆိုတာ မဖြစ်နိုင်သလောက်ပါပဲ... "
လီယီတောင်း ခေါင်းတစ်ချက် ညိတ်လိုက်၏။
အိမ်အကူက မှင်သွေးကျောက်ကို မတော်တဆ ပဲ့သွားစေခဲ့၍ အပြစ်ပေးခံရခြင်း ဖြစ်လျှင် ဤကိစ္စတွင် ကလေးငယ် ဤသို့ ဖြစ်သွားရခြင်းမှာ မင်္ဂလာဆောင် ဝတ်စုံနှင့် အမျိုးသမီး၏ တမင်သက်သက် လုပ်ရပ် ဖြစ်ရန် ရာခိုင်နှုန်း အလွန် များလေသည်။
ကောင်လေး၏ ဝိညာဉ်ရိပ် ပတ်လည်တွင် ရစ်ခွေနေသော အနီရောင် ဖျော့ဖျော့ အငွေ့အသက်များကို လီယီတောင်း ရှင်းလင်းစွာ မြင်တွေ့နေရ၏။
အရေးအကြီးဆုံး အချက်မှာ မင်္ဂလာဆောင် ဝတ်စုံနှင့် အမျိုးသမီးထံတွင် အနီရောင် အငွေ့အသက်များ ရစ်ပတ်နေပြီး ကောင်လေး၏ ဝိညာဉ်ကို တင်းကျပ်စွာ ချည်နှောင်ထားခြင်းပင်။
သူတို့ နှစ်ယောက်က တစ်သားတည်း ပေါင်းစပ်သွားသည့်အလားပင်။
" ဆရာ... ကျေးဇူးပြုပြီး ကျွန်မ သားလေးကို ကယ်ပေးပါနော်... ကျွန်မ တောင်းပန်ပါတယ်... "
အမျိုးသမီးက တုန်ယင်သော အသံဖြင့် ဆက်လက် ငိုကြွေးနေလေသည်။
" ကျွန်မ သားလေးက လိမ္မာတဲ့ ကလေးလေးပါ... ဘာလို့ ရုတ်တရက်ကြီး ဒီလို ဖြစ်သွားရတာလဲ... ဟင့်... "
အမျိုးသမီးက ငိုကြီးချက်မဖြစ်နေပြီး အနီးတွင် ရပ်နေသော ဝေ့ဝမ်ချန်၏ မျက်နှာကလည်း အလွန်အမင်း စိုးရိမ်ပူပန်နေလေသည်။
သူ ကူကယ်ရာမဲ့စွာ သက်ပြင်းချလိုက်၏။
" ဟူး... "
" ဆရာ... ကျွန်တော့် မြေးလေး မျှော်လင့်ချက် ရှိသေးရဲ့လား... "
ဝေ့ဝမ်ချန် အသံက ဖျော့တော့တော့။
အချိန်တိုလေး အတွင်းမှာတင် သူ လုပ်နိုင်သမျှ အရာအားလုံးကို သူ လုပ်ပြီးသွားခဲ့ပြီလေ...။
အွန်လိုင်း ဆေးခန်းတွေကနေ နာမည်ကြီး ဆရာဝန် အများအပြားကို သူ ဆက်သွယ်ခဲ့ပေမဲ့... ဘယ်သူကမှ ရောဂါ အမည် တပ်နိုင်ခြင်း၊ ဒါမှမဟုတ် အကြံဉာဏ်ပေးနိုင်ခြင်း မရှိခဲ့ကြဘူး...။
အားလုံးက စောင့်ကြည့်ဖို့ပဲ ပြောကြတယ်...။
ဒီတော့ မျှော်လင့်ချက် ကင်းမဲ့စွာနဲ့ သူ အဘိုးအိုကို အကူအညီ တောင်းခဲ့ရတာလေ...။
အခုတော့... သူ ရွေးချယ်မှု မှန်ကန်ခဲ့တယ် ဆိုတာကို သူ သဘောပေါက်သွားပြီ...။ သူ့မြေးလေး အသက်ရှင်ဖို့၊ ဒါမှမဟုတ် သေဖို့ ဆိုတာက လီယီတောင်း ရဲ့ လက်ထဲမှာပဲ တကယ် ရှိနေတာ...။
တခြား ရွေးချယ်စရာ ဘာမှ မရှိတော့ဘူးလို့ ပြောလို့ရတယ်...။
ဆရာဝန်တွေရဲ့ အဆိုအရ ကလေးက သာမန် အသက်ရှူနှုန်းနဲ့ သတိလစ်နေတာလို့ ထင်ရပေမဲ့... အန္တရာယ်ကတော့ ရှိနေတယ်... အချိန်မရွေး အသက်ရှူရပ်တန့်သွားနိုင်တယ်လေ...။
ဝေ့ဝမ်ချန်ကို လီယီတောင်း တည်ငြိမ်စွာ လှည့်ကြည့်လိုက်၏။ ထို့နောက် ကောင်လေး မိခင်၏ မျက်လုံးများကို စူးစူးစိုက်စိုက် ကြည့်လိုက်ပြန်သည်။
" ခင်ဗျားတို့ နှစ်ယောက်လုံး အပြင် ခဏထွက်နေပေးပါ... "
စောစောက သူသာ မြင်နိုင်သည့် အသေးစိတ် အချက်တစ်ခုကို သတိထားမိလိုက်၏။မင်္ဂလာဆောင် ဝတ်စုံနှင့် အမျိုးသမီး၏ ဝိညာဉ်က ကောင်လေး၏ မိခင်ကို တစ်ချက်တစ်ချက် လှမ်းကြည့်နေခြင်းပင်။
ထိုမျှမကသေးပေ။ လီယီတောင်း၏ ဝိညာဉ် ရှာဖွေခြင်း စွမ်းရည် အောက်တွင် ကောင်လေး မိခင်၏ အနောက်၌ အနီရောင် ဖျော့ဖျော့ အငွေ့အသက်ကို သူ သတိထားမိလိုက်လေသည်။
ဒီအမျိုးသမီးက မင်္ဂလာဆောင် ဝတ်စုံနဲ့ ဝိညာဉ်မကြီးနဲ့ တစ်နည်းနည်းနဲ့ ပတ်သတ်နေတယ်…။
တကယ်တမ်းတွင် သူ၏ စိတ်ထဲ၌ ရဲတင်းသော ယူဆချက် တစ်ခု ရှိနေသော်လည်း ကောက်ချက် မချမီ အတည်ပြုရန် လိုအပ်သေး၏။
လီယီတောင်းက အပြင်ထွက်ပေးရန် တောင်းဆို၍ ဝေ့ဝမ်ချန် လုံးဝ မတုံ့ဆိုင်းခဲ့ပေ။ လီယီတောင်း ကူညီရန် သဘောတူလိုက်ပြီ ဖြစ်ကြောင်း သိသဖြင့် သူ၏ မျက်လုံးများထဲတွင် ဝမ်းသာမှုများ ပြည့်နှက်သွားတော့၏။
မိခင်ဖြစ်သူကတော့ အနည်းငယ် စိုးရိမ်ဟန် ရှိသော်လည်း ခေါင်းညိတ်သဘောတူလိုက်၏။ သို့သော် လီယီတောင်းကတော့ ရိပ်မိလေသည်။
သူမ ကြောက်နေတယ်...။ သူမ သားလေးနဲ့ ငါ့ကို နှစ်ယောက်တည်း ထားခဲ့ရမှာကို ကြောက်နေတာ...။
သူတို့ အပြင်ထွက် တံခါး ပိတ်သွားသည်နှင့် လီယီတောင်းက ကုလားထိုင် တစ်လုံး ယူကာ ကောင်လေး၏ ကုတင်ဘေးတွင် ဝင်ထိုင်လိုက်လေသည်။ သူ့ရှေ့တွင် လွင့်မျောနေသော မင်္ဂလာဆောင် ဝတ်စုံနှင့် အမျိုးသမီးနှင့် မီတာဝက်ခန့်သာ ကွာဝေးတော့၏။
သူမက မကောင်းဆိုးဝါးဆန်ဆန် အပြုံးတစ်ခုဖြင့် သူ့ကို ကြည့်နေပြီး လီယီတောင်း ဘာလုပ်မည်ကို စူးစမ်းချင်နေပုံ ရလေသည်။
" မင်း ငါ့ကို မြင်ရတယ် ဆိုတာ ငါ သိတယ်... ပြီးတော့ ငါ မင်းကို မြင်ရတယ် ဆိုတာကိုလည်း မင်း သိတယ်လေ... ပြီးတော့ ငါ ပြောတာတွေကို မင်း နားလည်နိုင်မယ်လို့လည်း ငါ ယုံကြည်တယ်... "
လီယီတောင်း တည်ငြိမ်စွာ ပြောလိုက်၏။
တကယ်တမ်းတွင် ဤဝိညာဉ်က သူ ပြောသည်ကို ကြားနိုင်၊ မကြားနိုင် သူ မသိပေ။ သို့သော် ရမ်းသမ်း ပြောကြည့်ရန် သူ ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။
တကယ်လို့ သူမသာ နားလည်တယ် ဆိုရင်တော့... ငါ့ စွမ်းရည်တွေ ပိုကောင်းလာတာကို ပြသနေတာပေါ့...။
သို့သော် သူ့ကို အံ့အားသင့်သွားစေသည်မှာ ဝိညာဉ်၏ တုံ့ပြန်မှုပင်။
သူမ၏ မျက်လုံးများထဲတွင် အထင်သေးသည့် အရိပ်အယောင်လေး ထင်ထင်ရှားရှား ပေါ်လာလေသည်။
' မင်းက ငါ့ကို အမိန့်ပေးနေတာလား '
ဝိညာဉ်၏ ပီပြင်လှသော မျက်နှာ အမူအရာများကြောင့် လီယီတောင်းပင် အံ့အားသင့်သွားရလေသည်။
မကြာမီမှာပင် သတို့သမီး၏ အကြည့်များက ရေခဲပမာ အေးစက်လာပြီး ဘေးပတ်လည်ရှိ အနီရောင် ဖျော့ဖျော့ အငွေ့အသက်များက ပိုမို ပြင်းထန်လာသည်ကို သူ သတိထားမိလိုက်၏။
' သူ ဒေါသထွက်နေတာလား... '
ဒီသတို့သမီးက သနားစရာကောင်းတဲ့ ဝိညာဉ်လေး တစ်ခု ဖြစ်ကောင်း ဖြစ်နိုင်ပေမဲ့... သေချာတာကတော့ သူက သဘောကောင်းတဲ့ ဝိညာဉ်မျိုး မဟုတ်ဘူး...။
အဲဒီလို ဆိုရင်တော့... ဆက်ပြီး အလျှော့ပေးမနေတော့ဘူး...။
ဒါက ဝိညာဉ် ဖမ်းယူခြင်း စွမ်းရည်ကို စမ်းသပ်ဖို့ ကောင်းဆုံး အခွင့်အရေးပဲ။
ဝိညာဉ် ဖမ်းယူခြင်း...။
သက်တမ်း အနှစ် ၃၀ ကုန်ဆုံးသွား၏...။
အနှစ် ၃၀...။
ဒီလောက် ကုန်ကျတာက ငါ့အတွက်တော့ အေးဆေးပါ…။
ဝိညာဉ် ဖမ်းယူခြင်း စွမ်းရည်ကို လီယီတောင်း အသက်သွင်းလိုက်သည်နှင့် ထူးဆန်းသော ခံစားချက် တစ်ခုကို ခံစားလိုက်ရပြီး စိတ်စွမ်းအင် အတွင်း၌ ထူးခြားသော အရာတစ်ခု ရှိနေသကဲ့သို့ ဖြစ်လာလေသည်။
အတွေးများဖြင့် သူ့ရှေ့ရှိ သတို့သမီးကို ယခုအခါ ထိန်းချုပ်နိုင်နေသကဲ့သို့ပင်။
သူမကို ခံစားချက် ကင်းမဲ့စွာဖြင့် စိုက်ကြည့်လိုက်ရာ ယခင်က မောက်မာပြီး ဒေါသထွက်နေခဲ့သော သတို့သမီးမှာ ယခုအခါ ထိတ်လန့်နေသော မျက်နှာထား ဖြစ်သွားလေသည်။
ရုန်းကန်နေသော သူမ၏ မျက်လုံးများထဲတွင် မယုံနိုင်စရာ ကောင်းလောက်သော အကြောက်တရားများ ပြည့်နှက်နေတော့၏။
သို့သော် သူမ မည်မျှပင် ရုန်းကန်ပါစေ မည်သို့မျှ လှုပ်ရှား၍ မရနိုင်ပေ။
သူမ အမူအရာမှာ... " နင်... ငါ့ကို ဘာလုပ်လိုက်တာလဲ... " ဟု မေးနေသည့်အလားပင်။
***