သတို့သမီး ဝိညာဉ်က အပြင်းအထန် ရုန်းကန်နေလေသည်။
သူမ၏ ဒေါသနှင့် အကြောက်တရားများကို လီယီတောင်း ခံစားနေရသော်လည်း အခြား ခံစားချက် တစ်ခုကိုလည်း သူ ရရှိနေသေး၏။ ၎င်းမှာ ဤသတို့သမီး၏ အသက်ကို အချိန်မရွေး အဆုံးသတ်ပစ်နိုင်သည့် စွမ်းအား သူ့ထံတွင် ရှိနေခြင်းပင်။
ဝိညာဉ် ဖမ်းယူခြင်း စွမ်းအားမှတစ်ဆင့် သူမ၏ အသက်ရှင်ခြင်းနှင့် သေဆုံးခြင်းကို အပြည့်အဝ ထိန်းချုပ်ထားနိုင်သကဲ့သို့ ဖြစ်နေလေသည်။
ဝိညာဉ် ဖမ်းယူခြင်း အောက်တွင် အရာအားလုံးကို ထိန်းချုပ်နိုင်သည့် လွတ်လပ်ခွင့် သူ့ထံတွင် ရှိနေ၏။
" ဟူး... "
လီယီတောင်း အသက်ပြင်းပြင်း တစ်ချက် ရှူသွင်းလိုက်သည်။
ဝိညာဉ် ဖမ်းယူခြင်း စွမ်းရည်က ဤမျှလောက်အထိ အစွမ်းထက်လိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။
၎င်းက သေမင်းဓားသွားနှင့်ပင် ယှဉ်နိုင်သည့် အလွန် အားကောင်းသော တိုက်ခိုက်ရေး စွမ်းရည် တစ်ခု ဖြစ်နေလေသည်။
" ကောင်လေးကို လွှတ်ပေးလိုက်... ဒါဆိုရင် ငါ မင်းကို လွှတ်ပေးမယ်... "
လီယီတောင်း အသံက ညင်သာစွာ ထွက်ပေါ်လာ၏။
သို့သော် ထိုအမျိုးသမီး မျက်လုံးများထဲတွင် လှောင်ပြောင်သည့် အရိပ်အယောင်လေးတစ်ခု လှစ်ကနဲ ဖြတ်ပြေးသွား၏။
အကယ်၍ သူသာ ယခု သတို့သမီး ဝိညာဉ်ကို ရှင်းလင်းပစ်လိုက်ပါက သူမ၏ အငွေ့အသက်များနှင့် ရစ်ပတ်နေသော ကောင်လေးပါ ချက်ချင်း သေဆုံးသွားမည် ဖြစ်ကြောင်း လီယီတောင်း ယခုမှ သဘောပေါက်သွား၏။
ထို့ပြင် ၎င်းက ဝိညာဉ်ပိုင်းဆိုင်ရာ သေဆုံးမှု ဖြစ်သွားပေလိမ့်မည်။ ဤအခြေအနေမျိုးတွင် နတ်ဘုရားလက် ပင်လျှင် ဝိညာဉ် တစ်ခုကို ကယ်တင်နိုင်စွမ်း ရှိမည် မဟုတ်ပေ။
အကယ်၍ နတ်ဘုရားလက် ကို အသုံးပြု၍ ကောင်လေးကို အရင် ကုသမည် ဆိုပါကလည်း အဓိပ္ပာယ် ရှိမည် မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် ကောင်လေးက နတ်ဘုရားလက် ဖြင့် ကုသနိုင်သော ရုပ်ပိုင်းဆိုင်ရာ ဒဏ်ရာများ ရရှိနေခြင်း မဟုတ်သောကြောင့်ပင်။
၎င်းမှာ လီယီတောင်း သူမနှင့် ညှိနှိုင်းနေရခြင်း၏ အကြောင်းရင်း ဖြစ်လေသည်။
သို့သော် သတို့သမီး၏ လှောင်ပြောင်နေသော အကြည့်က သူမအနေဖြင့် လှုပ်ရှားရမည်ကို မကြောက်ရွံ့ကြောင်း ဖော်ပြနေသည့်အလားပင်။
" ငါ မလုပ်ရဲဘူးလို့ မင်း တကယ် ထင်နေတာလား... "
လီယီတောင်း လေသံက ရေခဲပမာ အေးစက်လာလေသည်။
သတို့သမီး ဝိညာဉ်က သူ့ကို ဤကဲ့သို့ ရဲတင်းစွာ ခြိမ်းခြောက်နေခြင်းအပေါ် အတော်လေး ဒေါသထွက်နေမိ၏။
သို့သော် ရယ်စရာ ကောင်းသည်မှာ ဤခြိမ်းခြောက်မှုက အမှန်တကယ် ထိရောက်နေခြင်းပင်။
သတို့သမီး ဝိညာဉ်က တိတ်ဆိတ်နေလေသည်။
လီယီတောင်း တကယ့်ကို ကျဉ်းထဲကြပ်ထဲ ရောက်နေလေပြီ။
သို့သော် ရုတ်တရက် လီယီတောင်း အကြံတစ်ခု ရသွားပုံ ရ၏။
သူလေသံ ပြောင်းလဲသွားပြီး ရုတ်တရက်... " အဲဒီ မိန်းမက မင်းကို ဘာကတိပေးထားလို့ ကောင်လေးကို အခုလို လုပ်ရတာလဲ... "
မမျှော်လင့်ထားသော မေးခွန်းကြောင့် သတို့သမီး ဝိညာဉ်၏ မျက်လုံးများ ရုတ်တရက် ပြူးကျယ်သွားလေသည်။
သို့သော် မြင်သောအခါ သူမ မျက်နှာထားကို ချက်ချင်း ပြောင်းလဲပစ်လိုက်ပြီး မျက်လုံးများ မှိတ်ကာ တိတ်ဆိတ်နေလိုက်၏။
မည်သို့ပင်ဖြစ်စေ လီယီတောင်း လိုချင်သော အဖြေကို ရရှိသွားခဲ့လေပြီ။
အဲဒီ မိန်းမနဲ့ ဒီသတို့သမီး ဝိညာဉ် ကြားထဲမှာ တစ်ခုခု သဘောတူညီမှု ရှိခဲ့တာ သေချာတယ်...။ သူတို့ ဘာတွေ သဘောတူထားလဲ ဆိုတာကိုတော့ မသိရသေးဘူး...။
သတို့သမီး ဝိညာဉ်က ကောင်လေးကို အဘယ်ကြောင့် ပစ်မှတ်ထားရသလဲ ဆိုသည်က ပဟေဠိ တစ်ခု ဖြစ်နေဆဲပင်။
လီယီတောင်း ဤအခြေအနေကြောင့် ဇဝေဇဝါ ဖြစ်နေရ၏။
မိခင် တစ်ယောက်က ကိုယ့်သားကို ဒုက္ခပေးဖို့ အမည်မသိ စွမ်းအားတွေကို အသုံးချတယ် ဆိုတဲ့ အတွေးက သူ့ကို ကြက်သီးထသွားစေသည်။
မိခင် တစ်ယောက်က ဘာလို့ ဒီလို လုပ်ရတာလဲ ဆိုတာကို သူ နားမလည်နိုင်အောင် ဖြစ်နေရ၏။
သို့သော် သူ သဘောပေါက်သွားလေသည်။
အသက်အရွယ် အရ ကြည့်မည် ဆိုလျှင် ထိုအမျိုးသမီးက ကောင်လေး၏ မိခင်အရင်း မဖြစ်နိုင်ပေ။
ကောင်လေးက အသက် ၈ နှစ်ခန့် ရှိပြီ ဖြစ်သော်လည်း ထိုအမျိုးသမီးက အသက် ၂၀ ကျော်ခန့်သာ ရှိသေးပြီး ၂၅ နှစ်ထက်တော့ မပိုနိုင်ပေ။
ဤအသက်အရွယ်က အသက် ၈ နှစ်အရွယ် ကလေး တစ်ယောက် ရှိရန် မဖြစ်နိုင်ပေ။
ဒါဆိုရင် ဒီအမျိုးသမီးက မိထွေး ဖြစ်ရမယ်...။
ချမ်းသာတဲ့ မိသားစု အတွင်းရေးတွေက ထင်ထားတာထက် ပိုပြီး ရှုပ်ထွေးပြီး ပြဿနာ များနေပုံ ရတယ်...။
လီယီတောင်း အခြေအနေကို စဉ်းစားကြည့်ရင်း ခဏတာ စကားမပြောနိုင်အောင် ဖြစ်သွားရလေသည်။
ဒီကိစ္စကို လက်လျှော့လိုက်ရင်ကောင်းမလား…။
သို့သော် နောက်ဆုံးတွင်တော့ သူ ကူကယ်ရာမဲ့စွာ ခေါင်းခါလိုက်မိသည်။
အဘိုးအိုကို ကတိပေးထားလို့ပဲ ဖြစ်ဖြစ်၊ ကောင်လေးကြောင့်ပဲ ဖြစ်ဖြစ်... သတို့သမီး ဝိညာဉ်က ကောင်လေးကို ဆက်ပြီး နှိပ်စက်နေတာကိုတော့ လက်ပိုက် ကြည့်မနေနိုင်ဘူး...။
အဖြေတစ်ခု ရှာရမယ်...။
ဒါပေမဲ့ အခုက တိုက်ရိုက် ရင်ဆိုင်လို့လည်း မရ၊ ပူးပေါင်း ဆောင်ရွက်ဖို့လည်း မဖြစ်နိုင်ဘူး ဆိုတော့ တခြား နည်းလမ်း တစ်ခုကို သုံးရတော့မှာပေါ့...။
ဤသဘာဝလွန် အရာများ အားလုံး၏ နောက်ကွယ်တွင် ဇာတ်လမ်း တစ်ပုဒ်နှင့် အထူး အကြောင်းရင်းများ ရှိနေမည်မှာ သေချာလေသည်။
ပြဿနာကို ဖြေရှင်းရန်အတွက် ဤဇာတ်လမ်းကို ရှာဖွေဖော်ထုတ်ရမည်၊ အရင်းအမြစ်ကို ရှာဖွေရမည်၊ ထို့နောက် နာကြည်းမှုများကို ဖြေဖျောက်ပေးကာ သတို့သမီး ဝိညာဉ်ကို သူမ သဘောဆန္ဒ အလျောက် ထွက်ခွာသွားအောင် လုပ်ဆောင်ရမည် ဖြစ်၏။
၎င်းကသာ ကောင်လေး၏ ဘေးကင်းလုံခြုံမှုကို သေချာစေမည့် တစ်ခုတည်းသော နည်းလမ်း ဖြစ်လေသည်။
ထို့ကြောင့် သူ အသက်ပြင်းပြင်း တစ်ချက် ရှူသွင်းလိုက်ပြီး သတို့သမီး ဝိညာဉ်နှင့် ဆက်လက် အချိန်မဖြုန်းတော့ဘဲ လူနာခန်းထဲမှ ထွက်လာခဲ့၏။
အပြင်သို့ ရောက်သောအခါ စိုးရိမ်တကြီး စောင့်ဆိုင်းနေသော ဝေ့ဝမ်ချန်နှင့် သတိထားနေသည့် မျက်နှာထား ရှိသည့် အမျိုးသမီးတို့ကို သူ တွေ့လိုက်ရ၏။
လီယီတောင်းက တည်ငြိမ်စွာ မေးလိုက်သည်။
" ဗီလာကို ခင်ဗျားဆီ ရောင်းခဲ့တဲ့ လူတွေကို ဆက်သွယ်လို့ ရပြီလား... မနက်ဖြန် သူတို့နဲ့ တွေ့လို့ ရမလား... "
စိုးရိမ်ပူပန်နေသော ဝေ့ဝမ်ချန်မှာ လီယီတောင်း၏ မေးခွန်းကြောင့် ခဏတာ မှင်သက်သွားရလေသည်။
ထို့နောက် သူ ခါးသက်သက် ပြုံးလိုက်၏။
မြေးလေးကို ကယ်တင်ဖို့ ဆိုတာ မဖြစ်နိုင်တော့ဘူး ထင်တယ်...။
မဟုတ်လျှင် လီယီတောင်းက ယခင်က စီစဉ်ထားခဲ့သော အသေးစိတ် အချက်အလက်များကို ထပ်မံ အတည်ပြုနေမည် မဟုတ်ပေ။
ရှင်းနေတာပဲလေ...။
သူ့ကို ကယ်ချင်တယ် ဆိုရင်... မှင်သွေးကျောက် ပြဿနာကို အရင် ဖြေရှင်းရမယ်...။
" ဆက်သွယ်ပြီးပါပြီ... အဲဒီလူက အခု ကျန်းမြို့မှာ မရှိဘူး... ဒါပေမဲ့ မနက်ဖြန် မနက် ပြန်လာမယ်တဲ့... မွန်းလွဲပိုင်းလောက်တော့ ရောက်လာလိမ့်မယ်လို့ မှန်းထားတယ်... "
လီယီတောင်း ခေါင်းညိတ်လိုက်ပြီး... " ကောင်းတယ်... အဲဒါ အဆင်ပြေတယ်... မနက်ဖြန် မွန်းလွဲပိုင်းကျရင် ကျွန်တော် ပြင်ဆင်စရာ ရှိတာ တချို့ ပြင်ဆင်ရမယ်... ပြီးတော့... ဒီည ခင်ဗျား မြေးလေးရဲ့ အခန်းကို သေချာ စောင့်ကြည့်ထား... သူ့အနားကို ဘယ်သူမှ အကပ်မခံနဲ့... ခင်ဗျားကလွဲရင် ဘယ်သူမှ မကပ်စေနဲ့... "
နောက်ဆုံး စကားကို လီယီတောင်းက အထူး အလေးပေး ပြောလိုက်ခြင်း ဖြစ်၏။
ဝေ့ဝမ်ချန် သိသိသာသာ တုံ့သွားပြီးနောက် ဘေးရှိ အမျိုးသမီးကို မသိမသာ လှမ်းကြည့်လိုက်မိသည်။
ဤတုံ့ပြန်မှုကို မြင်သောအခါ လီယီတောင်းက ဝေ့ဝမ်ချန်သည် တကယ့်ကို ပါးနပ်သော ပုဂ္ဂိုလ် တစ်ဦး ဖြစ်ကြောင်း စိတ်ထဲမှ အသိအမှတ်ပြုလိုက်မိ၏။
လီယီတောင်း၏ စကားများတွင် ပါဝင်သော သွယ်ဝိုက် အဓိပ္ပာယ်ကို သူ ကောင်းကောင်း ရိပ်မိသွားလေသည်။
ဝေ့ဝမ်ချန် ခပ်ဖွဖွ ခေါင်းညိတ်လိုက်ပြီး... " စိတ်မပူပါနဲ့... ဒီည ကျွန်တော် ဒီမှာပဲ နေမယ်... ပြီးတော့ တခြား ဘယ်သူ့ကိုမှ အကပ်မခံဘူး... သူ့အဖေ လာရင်တောင် အကပ်မခံဘူး... "
လီယီတောင်း စကားပြောပြီးသည်နှင့် တစ်ပြိုင်နက် အမျိုးသမီးက စကားပြောရန် ပြင်လိုက်သော်လည်း ဝေ့ဝမ်ချန်က သူမထက် အရင် ဦးအောင် ပြောလိုက်လေသည်။
ထို့ပြင် ပိုမို လေးနက်သွားအောင် ကလေး၏ ဖခင် ရောက်လာလျှင်ပင် အကပ်ခံမည် မဟုတ်ကြောင်း ထပ်မံ ပြောကြားခဲ့သေး၏။
လီယီတောင်း ခေါင်းညိတ်လိုက်ပြီး... " ကောင်းပြီ... အဲဒါဆို သဘောတူတယ်... ဒီအဆောင် နှစ်ခုကို ယူထား... တစ်ခုကို ခင်ဗျား ဆောင်ထားပြီး နောက်တစ်ခုကို ခင်ဗျား မြေးလေးရဲ့ ရင်ဘတ်ပေါ်မှာ တင်ထားလိုက်... "
လီယီတောင်းက အဆောင်လက်ဖွဲ့ နှစ်ခုကို ထုတ်ပေးလိုက်ရာ ဝေ့ဝမ်ချန် မျက်နှာ သိသိသာသာ လင်းလက်သွားတော့၏။
ဝေ့ဝမ်ချန်က ယခင်က အဘိုးအိုထံမှ ဤကဲ့သို့သော ပစ္စည်းမျိုး ရဖူးပုံ ရလေသည်။
ဝေ့ဝမ်ချန်က လီယီတောင်းကို နာရေးဝန်ဆောင်မှု ဆိုင်သို့ ပြန်ပို့ရန် ယာဉ်မောင်း တစ်ဦးကို စီစဉ်ပေးလိုက်သည်။ အစကတော့ ညဉ့်နက်နေပြီ ဖြစ်သဖြင့် လီယီတောင်းအတွက် ပိုမို သက်သောင့်သက်သာ ရှိသော ဟိုတယ်တစ်ခုကို စီစဉ်ပေးရန် ရည်ရွယ်ထားခဲ့ခြင်း ဖြစ်၏။
သို့သော် လီယီတောင်းက ငြင်းပယ်ခဲ့သည်။
ငါ့အတွက်တော့ ဆိုင်ထဲမှာ အိပ်ရတာထက် ပိုသက်သောင့်သက်သာ ရှိတဲ့ နေရာဆိုတာ မရှိဘူးလေ...။
လီယီတောင်း ဆိုင်သို့ ပြန်ရောက်ချိန်တွင် သန်းခေါင်ယံ အချိန် ရှိနေပြီ ဖြစ်၏။ခဏတဖြုတ် ရေချိုးပြီးနောက် ကုတင်ပေါ်တွင် လှဲနေလိုက်သည်။
သို့သော် သူ အိပ်ပျော်ခါနီး အချိန်လေးမှာပင် တစ်ယောက်ယောက်က သော့လာဖျက်နေသည့် အသံကို ရုတ်တရက် ကြားလိုက်ရလေသည်။
ထို့နောက် ဆိုင်တံခါးကို ဂရုတစိုက် ဖွင့်နေသည့် အသံကို သူ ကြားလိုက်ရ၏။
' ဟင်... သူခိုးလား... '
' နာရေးဝန်ဆောင်မှု ဆိုင်မှာ ဘာလာခိုးစရာ ရှိလို့လဲ... '
သို့သော် သူ ထပြီး ကျူးကျော် ဝင်ရောက်လာသူကို ဒေါသတကြီး မောင်းထုတ်ရန် ပြင်လိုက်ချိန်မှာပင် ပြင်းထန်သော အန္တရာယ်အငွေ့အသက် တစ်ခုကို ခံစားလိုက်ရလေသည်။
၎င်းက မွေးရာပါ အသိစိတ် တစ်ခု ဖြစ်ပြီး ကျရောက်လာတော့မည့် ခြိမ်းခြောက်မှု တစ်ခုအပေါ် ချက်ချင်း တုံ့ပြန်လိုက်ခြင်းပင်။
ဘာမျှ မစဉ်းစားတော့ဘဲ ကုတင်ပေါ်မှ ရှောင်ထွက်လိုက်ပြီး တံခါးနောက်ရှိ နံရံဆီသို့ ခြေသံလုံလုံ ရွှေ့သွားလိုက်၏။
ရွှီး... ရွှီး... ရွှီး...
သူ ရွှေ့လိုက်သည်နှင့် တစ်ပြိုင်နက် မြှားအချို့က တံခါးကို ဖောက်ထွင်းဝင်ရောက်လာပြီး သူ၏ ကုတင်ပေါ်သို့ စိုက်ဝင်သွားတော့သည်။
' လခွီး... '
' ဒါ သူခိုး မဟုတ်ဘူး... တစ်ယောက်ယောက်က ငါ့ကို လာသတ်တာပဲ... '
***