လီယီတောင်း အသက်ပြင်းပြင်း တစ်ချက် ရှူသွင်းလိုက်သည်။
သူ့မျက်လုံးများထဲတွင် အေးစက်စက် ဆုံးဖြတ်ချက်များ ပြည့်နှက်လျက်။
သို့သော် ယခုအချိန်အထိ သေမင်း၏ အကာအကွယ် စွမ်းရည်က အလိုအလျောက် တုံ့ပြန် တိုက်ခိုက်ခြင်း မရှိသေးပေ။ ၎င်းက ကျူးကျော် ဝင်ရောက်လာသူမှာ ချက်ချင်း အသက်အန္တရာယ် ပေးနိုင်သည့် အနေအထားတွင် မရှိသေးကြောင်း ညွှန်ပြနေခြင်းပင်။
တစ်နည်းအားဖြင့် ပြောရလျှင် ရောက်လာမည့် ရန်သူကို သူ ကိုယ်တိုင် ရင်ဆိုင် ဖြေရှင်းနိုင်စွမ်း ရှိသည်ဟု စနစ်က ယူဆထားခြင်း ဖြစ်၏။
' ဘယ်သူကများ ဒီလောက် ပေါ်ပေါ်ထင်ထင် လုပ်ကြံရဲတာလဲ... '
ဤကဲ့သို့ ကြမ်းတမ်းသော တိုက်ခိုက်မှု ပုံစံက ကြီးမားသည့် အဖွဲ့အစည်း တစ်ခု၏ လက်ချက်တော့ သေချာပေါက် မဟုတ်ပေ။
ရွှီး... ရွှီး... ရွှီး...
မြှားအချို့က တံခါးကို ဖောက်ထွင်း၍ လီယီတောင်း အိပ်ရာဆီသို့ ဆက်တိုက် ဝင်ရောက်နေဆဲပင်။
ယခုဆိုလျှင် သူ၏ ကုတင်မှာ မြှားများဖြင့် ပြည့်နှက်နေလေပြီ။
အကယ်၍ သူသာ အိပ်ပျော်နေခဲ့မည် ဆိုပါက အကျိုးဆက်မှာ မတွေးဝံ့စရာ။
တံခါးဘေးရှိ နံရံနောက်တွင် လီယီတောင်း ဆက်လက် ပုန်းကွယ်နေလိုက်သည်။ စက္ကန့်အနည်းငယ် ကြာပြီးနောက် ကျူးကျော် ဝင်ရောက်လာသူများက အစီအစဉ် ကျရှုံးသွားကြောင်း သဘောပေါက်သွားပုံ ရလေသည်။
သူတို့၏ တဖြည်းဖြည်း ဝေးကွာသွားသော ခြေသံများကြောင့် လီယီတောင်း မျက်နှာထား တင်းမာသွားလေသည်။
သူတို့ကို ထွက်ပြေးခွင့် ပြုလိုက်ရန် အကြောင်း မရှိပေ။
သို့သော် သူတို့၏ ပုံပန်းသဏ္ဍာန်ကိုလည်း စိတ်ထဲတွင် ပုံဖော်၍ မရသေးသဖြင့် သေမင်းဓားသွားကို အသက်သွင်း၍ မရနိုင်သေးပေ။
သူ အသက်ပြင်းပြင်း တစ်ချက် ရှူသွင်းကာ တံခါးအနီးသို့ ခြေသံလုံလုံဖြင့် တိုးကပ်သွားလိုက်၏။
သေချာတာကတော့ တံခါးရှေ့ တည့်တည့်မှာ သွားရပ်နေလောက်အောင်တော့ မမိုက်မဲဘူးလေ...။
ကျူးကျော် ဝင်ရောက်လာသူများ၏ ခြေသံများ ပိုမို ဝေးကွာသွားသည်ကို ကြားရချိန်တွင် လီယီတောင်း တံခါးဆီသို့ တိတ်တဆိတ် ရွှေ့သွားကာ တံခါးလက်ကိုင်ဖုကို ဖြည်းညင်းစွာ လှည့်လိုက်လေသည်။
တံခါးပွင့်သွားပြီး တစ်ချိန်တည်းမှာပင် ကျူးကျော် ဝင်ရောက်လာသူများ၏ ခြေသံများ ရုတ်တရက် ရပ်တန့်သွားသည်ကို ကြားလိုက်ရ၏။
နောက်ထပ် မြှားသုံးစင်း ဆက်တိုက် ဝင်လာပြန်သည်။
နေပါဦး... သုံးစင်းတည်း မဟုတ်ဘူး...။
ပထမ မြှားသုံးစင်း အပြီးတွင် နောက်ထပ် သုံးစင်း ထပ်ဝင်လာပြန်၏။
ပစ်ခတ်မှု ခေတ္တရပ်သွားမှ လီယီတောင်း အလျင်အမြန် ခေါင်းပြူကြည့်လိုက်ပြီး ပြန်ဆုတ်လိုက်၏။
ကျူးကျော် ဝင်ရောက်လာသူ နှစ်ဦးကို သူ ရှင်းလင်းစွာ မြင်တွေ့လိုက်ရလေသည်။
နှစ်ယောက်စလုံးက မျက်နှာဖုံးတပ်ထားပြီး ဒူးလေး အသေးစားလေးများကို ကိုင်ဆောင်ထားကြ၏။ သို့သော် လီယီတောင်း သူတို့ကို မြင်တွေ့လိုက်ရသည်နှင့် ရုတ်တရက် နောက်ဆုတ်ကာ ထွက်ပြေးရန် ပြင်လိုက်ကြလေသည်။
သို့သော် နောက်ကျသွားခဲ့လေပြီ။
သူတို့ ထွက်ပြေးရန် လှည့်လိုက်သည့် အခိုက်အတန့်မှာပင် နှစ်ယောက်စလုံး ကျောထဲ စိမ့်ကနဲ ဖြစ်သွားပြီး ရပ်တန့်သွားကြတော့သည်။
ဘိုင်း... ဘိုင်း...
လဲကျသံ နှစ်သံကို ကြားလိုက်ရလေသည်။
ဤလူနှစ်ယောက်မှာ အသက် ဇီဝိန်ချုပ်သွားလေပြီ။
လက်တလော ကြုံတွေ့နေရသော အန္တရာယ် ကင်းစင်သွားသဖြင့် လီယီတောင်း အိပ်ခန်းထဲမှ ဖြည်းညင်းစွာ ထွက်လာခဲ့၏။
ကျူးကျော် ဝင်ရောက်လာသူများ၏ အသက်ကင်းမဲ့နေသော ရုပ်အလောင်းများထံသို့ အေးစက်စက် မျက်နှာထားဖြင့် ချဉ်းကပ်သွားလိုက်သည်။
ဒီလို လုပ်ရပ်မျိုးကို ပေါ်ပေါ်ထင်ထင် လုပ်ရဲလောက်အောင် ဒီလူတွေက တကယ့်ကို ဥပဒေမဲ့လွန်းတယ်...။
ဒါပေမဲ့... ဘယ်သူကများ ငါ့ကို သတ်ဖို့ ဒီလောက် အလောတကြီး ဖြစ်နေရတာလဲ...။
လီယီတောင်း စိတ်ထဲ၌ လူတစ်ယောက်၏ ပုံရိပ် ဖြတ်ပြေးသွားလေသည်။
' သူမ များလား... '
သူမကို အကျပ်ရိုက်အောင် လုပ်ခဲ့ဖူးသဖြင့် မိမိကို သေစေချင်သည်မှာ ယုတ္တိရှိသည်ဟု ဆိုရပေမည်။
သို့သော် ဤကဲ့သို့ အလျင်စလို လက်စားချေရန် လိုအပ်ပါသလား။
' သူ ဘာလို့ ဒီလောက် လောနေရတာလဲ... '
' ငါ့ကို လှုပ်ရှားဖို့ အခွင့်အရေး မပေးဘဲ ရှင်းပစ်ချင်လို့များလား... '
သို့သော် ဤအချိန်လေးမှာပင်... လီယီတောင်း စိတ်ထဲ လေးလံလာရပြန်သည်။ အန္တရာယ်အငွေ့အသက် တစ်ခုကို ရလိုက်၏။
ဟင်...
ဤအန္တရာယ် ရောက်လာသည်နှင့် တစ်ပြိုင်နက် သူ၏ ကျန်ရှိနေသော သက်တမ်းမှာ ၅၆ နှစ် မမျှော်လင့်ဘဲ လျော့ကျသွားကြောင်း လီယီတောင်း သတိထားမိလိုက်၏။
ခပ်လှမ်းလှမ်းမှ အထပ်မြင့် အဆောက်အအုံ တစ်ခုဆီသို့ ရုတ်တရက် ကြည့်လိုက်မိသည်။
တစ်ယောက်ယောက်က အမှောင်ထဲမှာ ပုန်းနေတုန်းပဲ...။
' ငါ ရှေ့ကို နောက်ထပ် ခြေနှစ်လှမ်းလောက် ဆက်လျှောက်လိုက်ရင်... တံခါးပေါက်မှာ ပစ်ကွင်းကောင်းကောင်း ဖြစ်သွားတော့မှာပဲ... '
' တကယ်လို့ တစ်ဖက်လူသာ ငါ့ကို တိုက်ခိုက်ဖို့ အခွင့်အရေး ရသွားရင်... သေနတ် တစ်ချက်၊ ဒါမှမဟုတ် ပိုအစွမ်းထက်တဲ့ ဒူးလေး တစ်လက်ကို သုံးပြီး ငါ့ကို အသေသတ်ပစ်နိုင်တယ်... '
' လခွမ်း... '
' ဒါ တကယ့်ကို ရက်စက်တာပဲ... '
' ကြည့်ရတာ... ဘာပဲဖြစ်ဖြစ် သူတို့က ငါ့ကို သတ်ဖို့ ဆုံးဖြတ်ထားပုံပဲ... '
လီယီတောင်း ချွေးစေးများ ပြန်သွားရလေသည်။
' ကြည့်ရတာ အခုကစပြီး ငါ ပိုသတိထားမှ ဖြစ်တော့မယ်... '
' စနစ်က အနားယူလေ့ ရှိတာရယ်၊ နောက်ပိုင်းမှာ ဒီလို အလားတူ အန္တရာယ်တွေနဲ့ ရင်ဆိုင်ရနိုင်ခြေ ရှိတာရယ်ကြောင့်... ငါ့ဘဝက အချိန်မတိုင်ခင် အဆုံးသတ်သွားနိုင်တယ်... '
" လခွီးပဲ... "
လီယီတောင်း စိတ်ပျက်လက်ပျက် ရေရွတ်လိုက်ပြီး မြေပြင်ပေါ်သို့ တံတွေး ထွေးချလိုက်လေသည်။
သူ့ရှေ့မှ အသက်ကင်းမဲ့နေသော အလောင်းနှစ်လောင်း အနီးသို့ ဆက်မသွားရန် ဆုံးဖြတ်လိုက်ပြီး ဆိုင်ထဲ ပြန်ဝင်ကာ တံခါးပိတ်လိုက်၏။
ထို့နောက် ဖုန်း ဆက်လိုက်လေသည်။
" ဟယ်လို... "
တစ်ဖက်မှ အသံမှာ ဇဝေဇဝါ။
" ဒီည... ကျွန်တော့်ကို သတ်ဖို့ ကြိုးစားတဲ့ လူတချို့ ရှိတယ်... ခင်ဗျား လာပြီး ရှင်းလင်းပေးဖို့ လိုတယ်... "
တစ်ဖက်လူမှာ အံ့အားသင့်သွားပုံ ရပြီး အတန်ငယ် ကြာမှသာ ပြန်လည် ဖြေကြားလာ၏။
" အလောင်းတွေလား... "
" ဟုတ်တယ်... "
လီယီတောင်း အဖြေက ခပ်ပြတ်ပြတ်။
" ဘယ်နှလောင်းလဲ... "
" လောလောဆယ်တော့ သုံးလောင်းပဲ... "
အတန်ကြာ တိတ်ဆိတ်သွားပြန်သည်။
" ကောင်းပြီ... သဘောပေါက်ပါပြီ... ကျွန်တော်တို့ အဖွဲ့ ဆယ်မိနစ် အတွင်း ရောက်လာပါ့မယ်... "
တီ... တီ... တီ...
တစ်ဖက်လူက ဖုန်းချသွားလေသည်။
ချီယွီချန် က မေးခွန်း တစ်ခုချင်းစီကို ဖြေရန် ဘာကြောင့် ဤမျှ အချိန်ယူနေရသနည်း ဆိုသည်ကို လီယီတောင်း ခန့်မှန်းနိုင်လေသည်။
သူက အထက်လူကြီးတွေဆီကို သတင်းပို့နေတာ ဖြစ်ရမယ်...။
ဆယ်မိနစ် အကြာတွင် တံခါးခေါက်သံများ ဆက်တိုက် ထွက်ပေါ်လာလေသည်။
လီယီတောင်း တံခါးကို ဖွင့်လိုက်ရာ ပထမဆုံး ဝင်လာသူမှာ ချီယွီချန်ပင်။ သူ့မျက်နှာပေါ်တွင် ခါးသက်သက် အပြုံးတစ်ခုက အထင်းသား။
" ခင်ဗျားက တကယ့် သေမင်းတမန်ပဲ... မကြာသေးခင်က ခင်ဗျားကြောင့် လူဘယ်နှယောက် သေခဲ့ရလဲ ဆိုတာ သိရဲ့လား... "
ဒါက ငါနဲ့ ဘာဆိုင်လို့လဲ... ငါ့ကို လာမထိသရွေ့ ငါက ဘာမှ မလုပ်တတ်ဘူး… အေး… ငါ့လာထိရင်တော့ မိုးမီးလောင်မယ် မှတ်…။
" ဒီမှာ အလောင်း နှစ်လောင်း ရှိတယ်... လမ်းတစ်ဖက်မှာ နောက်တစ်လောင်း ရှိသေးတယ်... အတိအကျ ဘယ်နေရာလဲ ဆိုတာတော့ ကျွန်တော် သေချာ မသိဘူး... ခင်ဗျားတို့ သွားရှာကြည့်လိုက်... "
" ကျွန်တော့်ဆီမှာ တခြား ဘာသတင်းအချက်အလက်မှ မရှိဘူး... သူတို့ သုံးယောက်က ကျွန်တော့်ကို တိုက်ခိုက်ခဲ့တယ်… အခု အကုန်လုံး သေသွားကြပြီ... "
လီယီတောင်း၏ စကားများက ရိုးရှင်းသော်လည်း ပြင်းထန်သော သတင်းစကား တစ်ခု ပါဝင်နေလေသည်။
သူ့ကို သတ်ဖြတ်ရန် ကြိုးစားသည့် မည်သူမဆို သေရမည် ဆိုသည်ပင်။
ချီယွီချန် က လီယီတောင်းကို အဓိပ္ပာယ်ပါပါ တစ်ချက် ကြည့်လိုက်၏။
တပ်ဖွဲ့ ၃၆ အနေဖြင့် လီယီတောင်းနှင့် ပတ်သက်သည့် အချက်အလက်များကို မွမ်းမံရန် လိုအပ်နေလေပြီ။
ယခုအခါ သူက သေဆုံးမှုများကို ကြိုဟောရုံ သက်သက် မဟုတ်တော့ပေ။
သူ့မှာ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ နည်းလမ်းတွေ ရှိနေပြီလေ...။
အရင်တုန်းက လီယီတောင်း ဆိုရင် လူတွေရဲ့ အသက်ရှင်ခြင်း၊ သေဆုံးခြင်းကို ကြိုဟောနိုင်ပြီး တချို့ နည်းလမ်းတွေ သုံးပြီး အဝေးကနေတောင် သတ်နိုင်တယ်...။
ဒါပေမဲ့ အခုတော့... သူ့ကို ပစ်မှတ်ထားတဲ့ ဘယ်သူမဆို သေရမယ် ဟုတ်လား...။
***