နောက်ဆက်တွဲ ကိစ္စများမှာတော့ ရှင်းလင်း လွယ်ကူလှပေသည်။
ချီယွီချန်၏ စီစဉ်မှုအောက်တွင် နာရီဝက် မပြည့်မီမှာပင် အလောင်း သုံးလောင်းစလုံးကို ဖယ်ရှား ရှင်းလင်းပြီး ဖြစ်၏။
အလောင်းများကို မည်သည့် နေရာသို့ ယူသွားမည်၊ မည်သို့ ကိုယ်တွယ် ဖြေရှင်းမည် ဆိုသည်ကို လီယီတောင်း ပူပန်နေရန် မလိုအပ်ပေ။
ချီယွီချန်က ဤကိစ္စကို သပ်သပ်ရပ်ရပ် ဖြေရှင်းပေးလိမ့်မည်။ မည်သို့ပင်ဖြစ်စေ ဤကမ္ဘာတွင် တပ်ဖွဲ့ ၃၆ က အတိုင်းအတာ တစ်ခုအထိ အာဏာ ရှိသည် မဟုတ်ပါလား။
ဤကဲ့သို့သော ကိစ္စ သေးသေးမွှားမွှားလေးများမှာ ပြောစရာပင် မလိုပေ။
လီယီတောင်း ရဲမတိုင်ခြင်း သို့မဟုတ် လီဟွေ့နှင့် အခြားသူများကို မဆက်သွယ်ရသည့် အကြောင်းရင်းမှာ ရိုးရှင်းလှ၏။
ပြဿနာ မရှာချင်လို့လေ...။
လီဟွေ့ကို အကူအညီ တောင်းခဲ့လျှင်ပင် ပြဿနာ တစ်စုံတစ်ရာ ရင်ဆိုင်ရမည် မဟုတ်ပေ။
တစ်ဖက်လူက လီယီတောင်းကို အရင် လုပ်ကြံခဲ့ခြင်း ဖြစ်ပြီး လီယီတောင်း၏ လုပ်ရပ် အားလုံးက ကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ်ခြင်းဟု ယူဆနိုင်ပေသည်။
နောက်ထပ် အချက်တစ်ခုမှာ လီယီတောင်းက တိုက်ခိုက်သူများနှင့် တိုက်ရိုက် ထိတွေ့မှုပင် မရှိခဲ့ခြင်းပင်။
ဆိုင်၏ CCTV က ဤအချက်ကို သက်သေပြနိုင်လေသည်။
တိုက်ခိုက်သူများက တိုက်ခိုက်နေစဉ်အတွင်း စိုးရိမ်ပူပန်မှုကြောင့် နှလုံးရပ်ကာ သေဆုံးသွားခဲ့ကြခြင်း ဖြစ်သည်။
၎င်းမှာ လီယီတောင်းနှင့် ဘာမှ မဆိုင်ပေ။
လမ်းတစ်ဖက်မှ လူအတွက်ကတော့... လီယီတောင်းနှင့် လုံးဝ သက်ဆိုင်ခြင်း မရှိပေ။ သူ၏ အလောင်းက သီးခြား အမှုတစ်ခု ဖြစ်သွားပေလိမ့်မည်။
အရာအားလုံးက တော်တော်လေး လွယ်ကူပါတယ်လေ...။
လီယီတောင်း အိပ်ခန်းထဲသို့ ပြန်ရောက်ချိန်တွင် မနက် ၂ နာရီပင် ရှိနေလေပြီ။
ပျက်စီးနေသော ကုတင်နှင့် အိပ်ရာခင်းများကို ခပ်မြန်မြန် ရှင်းလင်းလိုက်ပြီး အိပ်ရာခင်း အသစ် လဲကာ ထိုးအိပ်တော့သည်။
ဒီညအတွက်တော့ ဘာအန္တရာယ်ကိုမှ စိတ်ပူစရာ မလိုတော့ဘူးလေ...။
ချီယွီချန်က အပြင်မှာ စောင့်ကြည့်ဖို့ လူတွေပဲ ဖြစ်ဖြစ်၊ အကာအကွယ်ပဲဖြစ်ဖြစ် စီစဉ်ပေးထားမှာပဲ...။
မနက်ခင်း နေရောင်ခြည်က အလွန် တောက်ပနေ၏။
အင်း... ကိုးနာရီတောင် ကျော်နေပြီပဲ...။ အင်း… ပြင်ဆင်ဖို့ အချိန်လောက်ပါသေးတယ်…။
ဆယ်နာရီခွဲခန့်တွင် ဆိုင်ရှေ့သို့ လုပ်ငန်းသုံး ကားတစ်စီး ရောက်လာလေသည်။
ပင်ပန်းနွမ်းနယ်နေဟန်ဖြင့် ဝေ့ဝမ်ချန် ကားပေါ်မှ ဆင်းလာ၏။
မနေ့ညက သူ ကောင်းကောင်းမွန်မွန် မနားခဲ့ရမှန်း သိသာလှသည်။
ဘာပဲဖြစ်ဖြစ်... သူက အသက်ကြီးနေပြီလေ...။ သေချာ မနားရရင် လူရော စိတ်ရော ကျသွားမှာ…။
" အစ်ကိုယီတောင်း... အခု သွားကြမလား... ဟိုဘက်ကို ချိန်းထားပြီးပြီ... "
ပင်ပန်းနေသော်လည်း ဝေ့ဝမ်ချန်က ပြုံးလျက် မေးလိုက်၏။
" ဟုတ်ကဲ့... သွားကြတာပေါ့... ဒီနေ့တော့ အခြေအနေတွေ အကုန် ရှင်းသွားအောင် လုပ်ကြမယ်... "
ပြောပြောဆိုဆိုဖြင့် ဆိုင်ထဲမှ ထွက်လာပြီး တံခါးကို ပိတ်ကာ ကားပေါ်သို့ တက်လိုက်ကြလေသည်။
" ခင်ဗျားနဲ့ ခင်ဗျား မြေးလေး အတွက် ကျွန်တော် ပေးထားတဲ့ အဆောင်လေးတွေ ရှိသေးတယ် မဟုတ်လား... "
အဆောင်လက်ဖွဲ့များ အကြောင်း ပြောလိုက်ချိန်တွင် ဝေ့ဝမ်ချန် ခဏတာ တိတ်ဆိတ်သွားလေသည်။ ထို့နောက် သူက လီယီတောင်းကို မယုံကြည်နိုင်သော မျက်နှာထားဖြင့် ကြည့်ကာ... " တကယ်ပဲ သူလား... " ဟု မေးလိုက်၏။
လီယီတောင်း ခပ်ဖျော့ဖျော့ ပြုံးလိုက်ပြီး... " ခင်ဗျား အဖြေကို သိပြီးနေပြီ မဟုတ်လား... " ဟု ပြန်ဖြေလိုက်လေသည်။
သူ ကြားချင်သည့် အဖြေကို မရလိုက်သဖြင့် ဝေ့ဝမ်ချန် သက်ပြင်းချကာ ပြတင်းပေါက် အပြင်ဘက်သို့ ငေးကြည့်နေလိုက်၏။
ထို့နောက် ခပ်တိုးတိုး ရေရွတ်နေလေသည်။
" လင်းက ငါတို့ ဝေ့ မိသားစုနဲ့ အတူတူ နေလာတာ ငါးနှစ် ရှိပြီ... အဲဒီတုန်းက ဟန်ရဲ့ အမေ မတော်တဆမှုနဲ့ ဆုံးသွားတော့... ငါ့သားက စိတ်ဓာတ်ကျနေခဲ့တာ... ကံကောင်းချင်တော့ သူက လင်း နဲ့ တွေ့ပြီး လင်း က ငါ့သား ပြန်ကောင်းလာအောင် ကူညီပေးခဲ့တယ်... ပြီးတော့ သူက ဟန် ကိုလည်း အရမ်း ချစ်တာလေ... ဒါကြောင့် သူ့ကို ငါတို့ မိသားစုထဲ ဝင်ခွင့်ပြုဖို့ ဆုံးဖြတ်ခဲ့တာ... ဒါပေမဲ့ ငါ လုံးဝ မထင်ထားခဲ့ဘူး... ဟူး... "
ဝေ့ဝမ်ချန် ခေါင်းခါလိုက်လေသည်။
သူ သံသယ ဝင်နေပြီ ဆိုကတည်းက အချိန်တိုလေး အတွင်းမှာ သေချာ စုံစမ်းပြီးလောက်ပြီပေါ့...။
ဒီအရာ အားလုံးရဲ့ နောက်ကွယ်က အမျိုးသမီးရဲ့ အကြောင်းတွေ ဖုံးကွယ်ထားလို့ ရနိုင်မှာ မဟုတ်တော့ဘူး...။
ဘာပဲဖြစ်ဖြစ်... သူတို့လို ချမ်းသာတဲ့ မိသားစု အတွက် တချို့ ကိစ္စတွေကို စုံစမ်းဖို့ ဆိုတာ သိပ်ခက်ခဲတဲ့ ကိစ္စမှ မဟုတ်တာလေ...။
ဝေ့ဝမ်ချန်က တစ်ယောက်တည်း ပြောချင်ရာ ပြောနေ၍ လီယီတောင်း ဝင်မမေးတော့ဘဲ ဖုန်း ထုတ်ပြီး ပွတ်နေလိုက်၏။
လီယီတောင်း Live လွှင့်စဉ်က ရောင်းချခဲ့သော ဖယောင်းတိုင်များကို အချို့က စတင် အသုံးပြုနေကြပြီ ဖြစ်သည်။
ထို့ကြောင့် ထိုသူများ၏ တုံ့ပြန်မှုများကို သူ ကြည့်နေခြင်း ဖြစ်၏။
ထိုဖယောင်းတိုင်များနှင့် ပတ်သတ်၍ ဆွေးနွေးမှုလုပ်သည့် ဗီဒီယိုများပင် တင်ထားကြလေပြီ။
" လခွမ်း... ငါ ဖယောင်းတိုင် ရရချင်းပဲ ထွန်းပြီး ထီပေါက်ပါစေလို့ ဆုတောင်းလိုက်တာ... ညီအစ်ကိုတို့... ဘာဖြစ်သွားလဲ ခန့်မှန်းကြည့်... "
" ဘာဖြစ်လို့လဲ... ၅ သန်း ပေါက်သွားတာလား... "
" ၅ ယွမ်ပဲ ပေါက်တယ်ကွာ... အီးဟီးဟီး... "
" ဟားဟား... ရယ်ရလွန်းလို့ သေတော့မယ်... ဒါပေမဲ့ သူငယ်ချင်း... မင်းရဲ့ ဆုတောင်း ပြည့်သွားတာပဲလေ... မင်းက ထီပေါက်ချင်တယ်လို့ ဆုတောင်းတာလေ... ၅ သန်း ပေါက်ချင်တယ်လို့ ဆုမတောင်းခဲ့ဘူး မဟုတ်လား... "
" ဟီးဟီး... ငါကတော့ ပိုပြီး ပွင့်ပွင့်လင်းလင်း ဆုတောင်းလိုက်တယ်... ရည်းစား ရပါစေလို့ ဆုတောင်းလိုက်တာ... ဒီနေ့ တွေ့တာ အောင်မြင်သွားတယ်ဟေ... ညီအစ်ကိုတို့... ငါ့ကို မြဲဖို့ ဆုတောင်းပေးကြပါဦး... အစ်ကိုယီတောင်း က တကယ့်ကို အမိုက်စားပဲ... "
" အစ်ကိုယီတောင်း က တကယ့် နတ်ဘုရားပဲ... ဒီဖယောင်းတိုင်က တကယ် စွမ်းတယ်... ငါ့အဘိုးကို ငါ မြင်လိုက်ရတယ်... ကျေးဇူးပါ အစ်ကိုယီတောင်း... "
" ဟင်... အပေါ်ကလူ ဘာပြောချင်တာလဲ... ဘာလို့ ငါ ကြက်သီးတွေ ထလာရတာလဲ... "
" ကျေးဇူးပါ အစ်ကိုယီတောင်း... ငါလည်း အဘွားကို မြင်လိုက်ရတယ်... သူ ဟိုဘက်မှာ အဆင်ပြေတယ်လို့ ပြောတယ်... ကျေးဇူးပါ အစ်ကိုယီတောင်း... "
" ရှစ်... ငါ့ဆီက ပိုက်ဆံချေးသွားတဲ့ ကောင်တွေ အကုန်လုံးက ဘာလို့ ဒီနေ့မှ လာဆပ်နေကြတာလဲ... သောက်သုံးမကျတဲ့ ဖယောင်းတိုင်... တောက်... "
" ၅ သန်း ပေါက်မလားဆိုတဲ့ မျှော်လင့်ချက်နဲ့ အွန်လိုင်းက သူငယ်ချင်း တစ်ယောက်ဆီကနေ တစ်သိန်း ပေးပြီး အခုလေးတင် တစ်တိုင် ဝယ်လိုက်တာ... "
" ဟားဟား... ငါ သုံးသောင်းပဲ ပေးလိုက်ရတယ်... "
" ငါ ဒီမှာ ငါးထောင်ပဲ ပေးလိုက်ရတယ်... "
" ငါကျ ခုနစ်သောင်း ပေးလိုက်ရတယ်... "
ခဏတွင်းချင်းမှာပင် သူများဆီမှ ဖယောင်းတိုင်များကို သောင်းချီ ပေးပြီး ဝယ်ယူခဲ့ကြကြောင်း ပြောဆိုသူများဖြင့် ပြည့်နှက်သွားတော့၏။ လူတိုင်း ဇဝေဇဝါ ဖြစ်သွားကြလေသည်။
အထူးသဖြင့် ဖယောင်းတိုင်များကို ဝယ်ယူရန် ငွေအမြောက်အမြား သုံးစွဲခဲ့သူများမှာ အလွန်အမင်း ဇဝေဇဝါ ဖြစ်နေကြ၏။
' ဘာတွေ ဖြစ်နေတာလဲ... ဒီလောက် လူအများကြီးက ဖယောင်းတိုင် အစစ်တွေကို ဘယ်လိုလုပ် ရသွားကြတာလဲ... '
ထိုအဖြစ်ကြောင့် လီယီတောင်း စကားမပြောနိုင်အောင် ဖြစ်သွားရလေသည်။
တကယ်တမ်းတွင် သူ ပြုလုပ်ခဲ့သော ဖယောင်းတိုင် ၁၀၀၀ မှာ သူ၏ သက်တမ်း ဆယ်နှစ်သာ ကုန်ကျခဲ့ခြင်း ဖြစ်၏။
ထို့ကြောင့် ကြီးမားသော အကျိုးသက်ရောက်မှု ရှိမည် မဟုတ်ပေ။
သို့သော် ဆုတောင်းခြင်း သို့မဟုတ် သေဆုံးသွားသော ချစ်ရသူများကို အိပ်မက်ထဲတွင် မြင်တွေ့ရခြင်းကတော့ လုံးဝ ဖြစ်နိုင်လေသည်။
ဒါတွေက ဖယောင်းတိုင်တွေရဲ့ မူလ ရည်ရွယ်ချက် အစစ်အမှန်တွေလေ...။
ချက်ချင်း ၅ သန်း ပေါက်ဖို့ မျှော်လင့်နေတဲ့ သူတွေကတော့... ဆက်ပြီး စိတ်ကူးယဉ်နေလိုက်ဦးပေါ့...။
ခဏလောက် ကြည့်ပြီးနောက် လီယီတောင်း စိတ်မဝင်စားတော့သဖြင့် ဖုန်းကို ပိတ်ကာ အနားယူရန် ရွေးချယ်လိုက်လေသည်။
ထိုစဉ် ဝေ့ဝမ်ချန် နှုတ်ဆိတ်သွားလေသည်။
သူ ခေါင်းငုံ့ကာ အတွေးထဲ နစ်မျောနေပြီး ဤကိစ္စ၏ နောက်ဆက်တွဲ ပြဿနာများကို မည်သို့ ဖြေရှင်းရမည်ကို စဉ်းစားနေပုံ ရလေသည်။
ဘာပဲဖြစ်ဖြစ်... တစ်ဖက်လူက ဝေ့ မိသားစုကို အမြစ် ဖြတ်ဖို့ ကြိုးစားနေတာလေ...။
ဤသို့ ပြောရသည့် အကြောင်းရင်းမှာ ဝေ့ဝမ်ချန်၏ ချွေးမ ဖြစ်သူမှာ ကျန်းမာရေး အခြေအနေကြောင့် ကလေး မရနိုင်သောကြောင့်ပင်။
ဤအကြောင်းရင်းကြောင့်ပင် သူ၏ သားနှင့် လက်ထပ်ရန် ဝေ့ဝမ်ချန် အစကတည်းက သဘောတူခဲ့ခြင်း ဖြစ်၏။
ဘာပဲဖြစ်ဖြစ်... သူမက ကလေး မရနိုင်ဘူး ဆိုရင် မိသားစု အမွေဆက်ခံရေး အတွက် အငြင်းပွားစရာ မရှိတော့ဘူးလေ...။
သို့သော်... တစ်ဖက်လူက ဤမျှလောက်အထိ ယုတ်မာနိုင်လိမ့်မည်ဟု သူ လုံးဝ မထင်ထားခဲ့ပေ။ ယခုအခါ ထိုအမျိုးသမီးက သူ့သားနှင့် နီးစပ်အောင် ချဉ်းကပ်ခဲ့ခြင်းမှာ သူတို့ မိသားစုကို ပစ်မှတ်ထားသော ကြိုတင် စီစဉ်ထားသည့် အစီအစဉ် တစ်ခုများလား ဟုပင် သူ စဉ်းစားနေမိလေပြီ။
ပထမ ချွေးမလေး ရုတ်တရက် အဖြစ်ဆိုးနဲ့ ကြုံခဲ့ရတာကကော... သူမရဲ့ လက်ချက်များလား...။
ဖြစ်နိုင်ခြေက တကယ်ကို များနေပြီ...။
နာရီဝက်ခန့် သွားပြီးနောက် ဇိမ်ခံကားကြီးက အဆင့်မြင့် လူနေအိမ်ရာ တစ်ခုသို့ ရောက်ရှိလာခဲ့၏။
ပတ်ဝန်းကျင် တစ်ခုလုံးတွင် သီးသန့် နှစ်ထပ်တိုက်များနှင့် ဗီလာများဖြင့် ပြည့်နှက်နေလေသည်။
ယာဉ်မောင်းက လုံခြုံရေးနှင့် စကားပြောပြီးနောက် ကားကို သတ်မှတ်ထားသော ဗီလာ တစ်လုံးရှေ့တွင် ရပ်လိုက်လေသည်။
လူလတ်ပိုင်း အမျိုးသား တစ်ဦးက တံခါးကို ဖွင့်ကာ ဝေ့ဝမ်ချန်ကို ကြိုဆိုလိုက်၏။
" မစ္စတာဝေ့ မဟုတ်လား... ကြိုဆိုပါတယ်ဗျ... "
သူက ပြုံးလျက် ပြောလိုက်သည်။ ဖော်ရွေသော်လည်း ပင်ပန်းနွမ်းနယ်နေသည့် အရိပ်အယောင်များ ရှိနေလေသည်။
ဝေ့ဝမ်ချန် ပြန်ပြုံးပြလိုက်၏။
မှင်သွေးကျောက်နှင့် ပတ်သက်သည့် ပြဿနာကို အမြန်ဆုံး ဖြေရှင်းရန် လိုအပ်နေသည် မဟုတ်ပါလား။
သို့သော် ဝေ့ဝမ်ချန် ဘေးမှ လီယီတောင်း မျက်နှာထားကတော့ သိသိသာသာကို ညိုမည်းနေလေသည်။
“ ဒီလူလတ်ပိုင်း အမျိုးသား ပြဿနာ အကြီးကြီး တက်နေပြီ “ ဟု သူ တွေးနေပုံ ရ၏။
***