[ ကတောင်... အရည်အသွေး အလွန်မြင့်မားသော ဖောက်သည်ကို ရှာဖွေတွေ့ရှိပါသည်၊ ID : ချန်ချန်ယွီ ]
[ သေဆုံးမှု အခြေအနေ စစ်ဆေးခြင်း - အချိန်ကြာမြင့်စွာ အနုတ်လက္ခဏာ စွမ်းအင်များနှင့် ထိတွေ့မှုကြောင့် ခန္ဓာကိုယ် အစိတ်အပိုင်း အသီးသီး ပျက်စီးယိုယွင်းကာ သေဆုံးမည်၊ သေဆုံးနိုင်ခြေ - ၁၀၀% ]
[ လက်ခံသူ အနေဖြင့် ဤအရည်အသွေး အလွန်မြင့်မားသော ဖောက်သည်အား ချက်ချင်း Follow လုပ်ရန် အကြံပြုအပ်ပါသည်။ ]
ထို့ကြောင့်ပင် ဤလူလတ်ပိုင်း အမျိုးသား ပြဿနာ အကြီးကြီး တက်နေပြီဟု လီယီတောင်း ပြောခဲ့ခြင်း ဖြစ်၏။
အရည်အသွေး အလွန်မြင့်မားသော ဖောက်သည် တစ်ယောက်...။
ထို့ပြင် " အချိန်ကြာမြင့်စွာ အနုတ်လက္ခဏာ စွမ်းအင်များနှင့် ထိတွေ့မှု " ဆိုသည့် စကားစုက အဓိပ္ပါယ်များစွာ ပါဝင်နေလေသည်။
ပိုမို သိရှိနိုင်ရန် စုံစမ်းစစ်ဆေးခြင်း စွမ်းရည်ကို အသုံးပြုလိုက်၏။
သို့သော်... သူ ရရှိလိုက်သည်က အမည်မသိ သေဆုံးရမည့် အကြောင်းရင်းပင်။
အမည်မသိ သေဆုံးရမည့် အကြောင်းရင်း ဟုတ်လား...။
ယခုအခါ စနစ်၏ အလုပ်လုပ်ပုံကို လီယီတောင်း ကောင်းကောင်း သိနေပြီ ဖြစ်၏။
စုံစမ်းစစ်ဆေးချိန်တွင် ဖောက်သည်၏ သေဆုံးရမည့် အကြောင်းရင်းကို မမြင်ရခြင်းမှာ ရိုးရှင်းလှပေသည်။
ဖောက်သည်နှင့် သူ၏ ကြားတွင် အထူး ဆက်နွှယ်မှု တစ်ခုခု ရှိနေ၍သာ ဖြစ်ရမည်။
" မစ္စတာဝေ့... ဒီလူက ဘယ်သူလဲ ဆိုတာ မေးလို့ ရမလားဗျ... "
ဝေ့ဝမ်ချန် ခပ်ဖျော့ဖျော့ ပြုံးလိုက်ပြီး... " ဒါက လီယီတောင်း ပါ... ကျွန်တော့် မိတ်ဆွေ တစ်ယောက်ရဲ့ တူပေါ့... ဒီနေ့ ကိစ္စအတွက် ကူညီပေးဖို့ လာတာပါ... "
ဝေ့ဝမ်ချန်က ဖုန်းဆက်စဉ်ကတည်းက မှင်သွေးကျောက်နှင့် ပတ်သက်၍ ထူးခြားသည့် အခြေအနေများ ရှိနိုင်ကြောင်း အရိပ်အမြွက် ပြောခဲ့ပြီး ဖြစ်သဖြင့် ဤသို့ ပြောလိုက်ခြင်းက အဓိပ္ပာယ် ရှိလေသည်။
" အို... ဒီလိုကိုး... ဟက်... မစ္စတာလီက ဒီလောက် ငယ်ငယ်ရွယ်ရွယ်နဲ့ တော်တော်လေး တော်တာပဲ... ကြွပါ... အထဲဝင်ပါ... "
ထိုလူက ပြုံးလျက် ကြိုဆိုလိုက်၏။
ဗီလာ၏ အတွင်းပိုင်း အပြင်အဆင်မှာ အရောင်ရင့်ရင့်များကိုသာ အဓိက အသုံးပြုထားပေသည်။ ပြတင်းပေါက် အကြီးကြီးများကိုပင် လိုက်ကာများ ဖုံးချထားသဖြင့် အိမ်ထဲတွင် သဘာဝ အလင်းရောင် အလွန် နည်းပါးလှ၏။
သို့သော် မီးရောင်များ ရှိနေသဖြင့် အိမ်က မှောင်မည်းမနေပေ။
သို့သော် ထူးဆန်းသည်မှာ ဤသုံးထပ် ဗီလာကြီးတွင် အိမ်အကူ တစ်ယောက်မျှ မရှိခြင်းပင်။
ဒါက တော်တော်လေး ထူးဆန်းနေတယ်...။
ထိုင်လိုက်ကြပြီး ချန်ချန်ယွီက အရင် စကားစလိုက်လေသည်။
" ခင်ဗျားတို့ လာရတဲ့ အကြောင်းရင်းကို ကျွန်တော် နားလည်ပါတယ်... မနေ့က မစ္စတာဝေ့ ဆက်သွယ်ပြီးနောက် ကျွန်တော့် အဖေနဲ့ တိုင်ပင်ကြည့်ပါတယ်... ဒါပေမဲ့ ဒီမှင်သွေးကျောက်ရဲ့ အသေးစိတ် အချက်အလက်တွေနဲ့ ပတ်သက်ပြီးတော့ ကျွန်တော့် အဖေလည်း သေချာ မသိဘူးဗျ... ကျွန်တော်တို့က ဒီအိမ်ကို တခြား တစ်ယောက်ဆီက ဝယ်ခဲ့တာ... အဲဒီတုန်းက ဒီမှင်သွေးကျောက်က ဒုတိယထပ် စာကြည့်ခန်းထဲမှာ ရှိနေပြီးသားလေ... "
" နောက်ပိုင်း ကျွန်တော့် အဖေ အိမ်တစ်ခုလုံးကို ပြင်ဆင်မွမ်းမံတဲ့ အခါမှာ ဒီမှင်သွေးကျောက်က အပြင်အဆင်နဲ့ လိုက်ဖက်တယ်လို့ ထင်လို့ ထားထားလိုက်တာ... မစ္စတာဝေ့ ဆီ မရောင်းခင်အထိ မစ္စတာဝေ့ ပြောတဲ့ ထူးဆန်းတဲ့ အဖြစ်အပျက်မျိုးတွေ တစ်ခါမှ မကြုံခဲ့ဖူးဘူး... ဒါကြောင့်... "
ချန်ချန်ယွီက သူ သိပ်မကူညီနိုင်ကြောင်း ပြသသည့် အနေဖြင့် ပခုံးတွန့်လိုက်လေသည်။
ခဏတာမျှ ဧည့်ခန်းထဲ တိတ်ဆိတ်သွားတော့၏။ဝေ့ဝမ်ချန်က ဘာစကားမျှ မဆိုဘဲ ခေါင်းငုံ့ထားလေသည်။
' ဘာမှ မသိဘူး ဟုတ်လား... ဘယ်သူ့ကို လာလိမ်နေတာလဲ... ငါက ငတုံး မဟုတ်ဘူး... '
ဝေ့ဝမ်ချန် စိတ်ထဲမှ ဒေါသထွက်နေလေသည်။
လီယီတောင်းက တစ်ဖက်လူ၏ မျက်လုံးများကို ကြည့်လိုက်ရာ သူ လိမ်နေကြောင်း ထင်ရှားလှပေသည်။
သူ့အဖေက မသိရင်တောင် ချန်ချန်ယွီ ကိုယ်တိုင် တစ်ခုခုတော့ သိထားရမယ်...။
လီယီတောင်း၏ အလိုလို သိစိတ်က မှားခဲလှပြီး တစ်ဖက်လူ၏ ပတ်လည်ရှိ အနုတ်လက္ခဏာ စွမ်းအင်များက သေချာပေါက် မရိုးရှင်းပေ။
တကယ်တမ်းတော့ ဒီအရာ အားလုံးရဲ့ နောက်ကွယ်က ကြိုးကိုင်ရှင်ဟာ ချန်ချန်ယွီ ဖြစ်နေနိုင်တယ်...။
နံရံပေါ်ရှိ နာရီလက်တံက တစ်ရွေ့ရွေ့ လည်ပတ်နေ၏။
တစ်မိနစ်တိတိ ကုန်ဆုံးသွားလေသည်။
လီယီတောင်းက တည်ငြိမ်စွာဖြင့်... " ခင်ဗျား သေတော့မယ်... " ဟု ပြောလိုက်သည်။
သူ၏ အသံက တည်ငြိမ်နေသော်လည်း စကားလုံးများက ပြင်းထန်လှ၏။
တစ်ဖက်လူ သေဆုံးရမည့် အကြောင်းရင်းကို သူ ထည့်မပြောခဲ့သဖြင့် စနစ်က သေဒဏ် မပေးခဲ့ပေ။
သို့သော်...
ချန်ချန်ယွီနှင့် ဝေ့ဝမ်ချန် နှစ်ယောက်စလုံးက လီယီတောင်းကို တစ်ပြိုင်နက်တည်း လှည့်ကြည့်လိုက်ကြလေသည်။
ဝေ့ဝမ်ချန်၏ မျက်လုံးများထဲတွင် အံ့အားသင့်မှုနှင့် ဇဝေဇဝါ ဖြစ်မှု အရိပ်အယောင်များ ရှိနေ၏။ လီယီတောင်း၏ စကားများ နောက်ကွယ်မှ အဓိပ္ပာယ်ကို သူ သေချာ နားမလည်ပေ။
ချန်ချန်ယွီ ကတော့... ပြုံးမြဲ ပြုံးနေဆဲ ဖြစ်ပြီး သူ့မျက်လုံးများက လီယီတောင်းကို စူးစိုက်ကြည့်နေလေသည်။
လီယီတောင်းကလည်း မျက်နှာထားတည်တည်ဖြင့် ပြန်လည် စိုက်ကြည့်နေ၏။
ထိုသို့ဖြင့် မျက်တောင် မခတ်ဘဲ တစ်မိနစ်တိတိ ကြာသွားလေသည်။
နောက်ဆုံးတွင်... တိတ်ဆိတ်မှုကို ခွဲထွက်လိုက်သူမှာ ချန်ချန်ယွီ ပင်။
" ခင်ဗျား အဲဒါကို သိနိုင်တာလား... "
" ဟက်... ခင်ဗျားကော ဘယ်လို ထင်လဲ... "
လီယီတောင်း ပြန်မေးလိုက်၏။
ဤတစ်ကြိမ်တွင်တော့ တစ်ဖက်လူ၏ မျက်လုံးများထဲ၌ သိသာထင်ရှားသော အပြောင်းအလဲ တစ်ခု ဖြစ်ပေါ်သွားလေသည်။ ယခင်ကလောက် မတည်ငြိမ်တော့ဘဲ ရှောင်လွှဲလိုသည့် အရိပ်အယောင်နှင့် စိုးရိမ်ပူပန်မှု အနည်းငယ် ပါဝင်လာ၏။
" ဟူး... "
နောက်ထပ် ငါးမိနစ် ကုန်ဆုံးသွားပြန်၏။
ချန်ချန်ယွီ သက်ပြင်းတစ်ချက် ချလိုက်သည်။
" ဒီကိစ္စကို ကျွန်တော် မကူညီနိုင်ပါဘူး... အဲဒီ မှင်သွေးကျောက်မှာ ပြဿနာ ရှိတယ်လို့ ခင်ဗျား ထင်ရင် ဒီအတိုင်း လွှင့်ပစ်လိုက်ပါ... "
" ကျွန်တော် ခင်ဗျားကို ကယ်နိုင်တယ်... "
လီယီတောင်းက တည်ငြိမ်စွာ ဆက်ကြည့်နေဆဲပင်။
ဤစကားတစ်ခွန်းကြောင့် ချန်ချန်ယွီ မျက်လုံးများထဲတွင် မျှော်လင့်ချက် ရောင်ခြည်များ လက်ကနဲ ဖြစ်သွားလေသည်။
သူ ဘာစကားမျှ မဟသေးဘဲ ခေါင်းငုံ့ကာ တိတ်ဆိတ်နေဆဲပင်။ ဤအချိန်တွင် သူ၏ သဘောထားက အတော်လေး ရှင်းလင်းနေပြီ ဖြစ်၏။
လီယီတောင်း ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။
ထို့နောက် သူ မတ်တပ်ရပ်လိုက်လေသည်။
ဤအချိန်တွင်တော့ ဝေ့ဝမ်ချန် တစ်ယောက် ပြာယာခတ်လာတော့၏။
ဒီအတိုင်း ပြန်သွားကြတော့မလို့လား...။
မြေးလေးကကော...။
သူ တစ်ခုခု ပြောရန် ပြင်လိုက်သည်။ ထိုအချိန်မှာပင် လီယီတောင်းက သူ့ကို ခေါင်းခါပြလိုက်သည်ကို မြင်လိုက်ရ၏။
နောက်ဆုံးတွင် ဝေ့ဝမ်ချန် အံကြိတ်ကာ လီယီတောင်းနှင့်အတူ ထွက်ခွာရန် ပြင်လိုက်လေသည်။
သို့သော် သူတို့ နှစ်ယောက် အခန်းထဲမှ ထွက်ခွာရန် ပြင်လိုက်ချိန်မှာပင် ချန်ချန်ယွီက လေလျော့သွားသော ပူဖောင်းပမာ ဖြစ်သွားပြီး... " ခင်ဗျား နိုင်ပါတယ်ဗျာ... ပြန်ထိုင်ပါဦး... " ဟု မချိတင်ကဲ ပြောလိုက်လေသည်။
" ကျွန်... ကျွန်တော် ဒီမှင်သွေးကျောက်ရဲ့ ဇာတ်လမ်းကို ပြောပြပါ့မယ်... "
ကျန်းမြို့၏ အမှတ် ၁ ဆေးရုံ...
ဝေ့ဝမ်ချန်၏ မြေးလေး ရှိနေသော အဆင့်မြင့် သီးသန့် လူနာခန်း အပြင်ဘက်တွင်...
သူနာပြု တစ်ဦးက ဆေးလင်ဗန်း တစ်ခုကို ကိုင်ဆောင်ကာ ဆရာဝန် တစ်ဦးနှင့် အတူ စင်္ကြံလမ်း အဆုံးမှ လျှောက်လာနေလေသည်။
သို့သော် ဤသူနာပြုမလေးမှာ အတော်လေး စိုးရိမ်နေပုံ ရပြီး ဆေးလင်ဗန်းကို ကိုင်ထားသော လက်များပင် တုန်ယင်နေ၏။
သူမ၏ အနောက်နားမှ ကပ်ပါလာသော ဆရာဝန်ကတော့ အလွန် တည်ကြည်သော မျက်နှာထား ရှိနေလေသည်။
" ဘာလုပ်မလို့လဲ... ခုနကပဲ ဆေးလဲပြီးသွားပြီ မဟုတ်ဘူးလား... "
သူတို့ တံခါးဝသို့ ရောက်သည်နှင့် သက်တော်စောင့် တစ်ဦး၏ တားဆီးခြင်းကို ခံလိုက်ရလေသည်။
သက်တော်စောင့်တွင် အလုပ်တစ်ခုတည်းသာ ရှိ၏။ လူနာခန်းထဲသို့ ဝင်ရောက်ရန် ကြိုးစားသူ မည်သူ့ကိုမဆို တားဆီးရန်ပင်။
ကလေး၏ ဖခင်အရင်း အပါအဝင် မည်သူ့ကိုမျှ ဝင်ခွင့်မပြုပေ။
အခန်းထဲတွင်တော့ ကလေး၏ အဖွားက ပြုစုစောင့်ရှောက်ပေးနေလေသည်။
အခန်းထဲတွင်လည်း နောက် သက်တော်စောင့် တစ်ဦး ရှိနေသေး၏။ သူက ဝေ့ဝမ်ချန်နှင့် အတူ ဆယ်နှစ်ကြာ အလုပ်လုပ်လာခဲ့ပြီး အသက်ကို အကြိမ်ကြိမ် ကယ်တင်ခဲ့ဖူးသော ဝေ့ဝမ်ချန်၏ ကိုယ်ရံတော် ဖြစ်သည်။ ထို့ကြောင့်လည်း ဝေ့ဝမ်ချန်က ယနေ့ သူ၏ မြေးလေးကို စောင့်ရှောက်ရန် သူ့ကို အထူး တာဝန်ပေးထားခဲ့ခြင်း ဖြစ်၏။
တံခါးဝရှိ သက်တော်စောင့်၏ တားဆီးခြင်းကို ခံရသဖြင့် သူနာပြုမလေးက ဘေးရှိ ဆရာဝန်ကို အကူအညီတောင်းသလို လှမ်းကြည့်လိုက်လေသည်။
သူမက စိုးရိမ်တကြီး လေသံဖြင့်... " ဟိုလေ... ခုနက ဆေးလာထိုးပေးတုန်းက လူနာရဲ့ သွေးပေါင်ချိန် မငြိမ်တာ သတိထားမိလို့ပါ... "
" အဲဒါ ဆရာဝန်ကို သွားပြောပြတော့ ဒေါက်တာဝမ်က လာကြည့်ပေးမလို့ အတူတူ လိုက်လာတာပါ... "
" ဒေါက်တာဝမ်... လူလေးရဲ့ တာဝန်ခံ ဆရာဝန်က ဒေါက်တာလျို မဟုတ်ဘူးလား... ဒေါက်တာဝမ် က ဘယ်လိုလုပ် ပါလာတာလဲ... "
ဤနေရာအရောက်တွင်တော့ သက်တော်စောင့်မှာ အတော်လေး သတိထားလာမိလေပြီ။
သူတို့အတွက်တော့ ပုံမှန် မဟုတ်တဲ့ အခြေအနေတိုင်းက ပြဿနာပဲလေ...။
ထို့ပြင် သူနာပြုမလေး စိုးရိမ်နေသည်ကို သူ အသေအချာ ခံစားမိလေသည်။
ပြီးတော့ ဒီ ဒေါက်တာဝမ် ဆိုတဲ့ လူက ဘယ်လို ကြည့်ကြည့် တကယ့် ဆရာဝန်နဲ့ မတူဘူး...။
ဒီလူဆီကနေ တအား အန္တရာယ်များတဲ့ အငွေ့အသက်တွေ ထွက်နေတယ်...။
သူ သတိထားမိနေသော်လည်း တစ်လှမ်း နောက်ကျသွားခဲ့လေပြီ။
" ဒိုင်း... ဒိုင်း... ဒိုင်း... "
ခပ်အုပ်အုပ် သေနတ်သံများ ဆက်တိုက် ထွက်ပေါ်လာလေသည်။
တံခါးဝရှိ သက်တော်စောင့်မှာ လက်နက် ဆွဲထုတ်ချိန် မရလိုက်ဘဲ သတိလစ်ကာ မြေပြင်ပေါ်သို့ လဲကျသွားလေသည်။
ဤမြင်ကွင်းကြောင့် သူနာပြုမလေး စူးကနဲ အော်ဟစ်လိုက်၏။
သို့သော် လူသတ်သမားက ပါးစပ်ကို ပိတ်လိုက်သဖြင့် အသံတိတ်သွားရလေသည်။
" ဒိုင်း... ဒိုင်း... "
ဆရာဝန်က သူမကို အနောက်ဘက်မှ တေ့ပစ်သတ်လိုက်ပြီး နှုတ်ပိတ်လိုက်လေတော့သည်။
ဆရာဝန် ယူနီဖောင်း ဝတ်ထားသော လူသတ်သမားက ကျည်ကုန်သွားသော ကျည်အိမ်ကို အသစ်တစ်ခုဖြင့် ကျွမ်းကျင်စွာ လဲလှယ်လိုက်၏။
ထို့နောက် အေးစက်ပြီး ခံစားချက် ကင်းမဲ့သော မျက်နှာထားဖြင့် တံခါးကို တွန်းဖွင့်လိုက်လေသည်။