ချန်ချန်ယွီ၏ ဗီလာအတွင်း...
ဝေ့ဝမ်ချန်နှင့် လီယီတောင်းတို့ ဆိုဖာပေါ်တွင် ပြန်ထိုင်လိုက်ကြ၏။
ချန်ချန်ယွီကတော့ မတ်တပ်ရပ်ပြီး အနီးရှိ အရက်ဘီရိုဆီသို့ သွားကာ ဝိုင်နီ တစ်ပုလင်းနှင့် ခွက်တစ်ခွက် ထုတ်ယူကာ ဝိုင်တစ်ခွက် ငှဲ့ပြီးနောက် ပြန်ထိုင်လိုက်၏။
" တကယ်တော့... အဲဒီ မှင်သွေးကျောက်က ဘာလဲ ဆိုတာကို ကျွန်တော့် အဖေရော၊ ကျွန်တော်ပါ မသိခဲ့ကြပါဘူး... "
" ဒါပေမဲ့... "
ထိုနေရာအရောက်မှာတော့ ချန်ချန်ယွီ၏ မျက်လုံးများထဲတွင် အကြောက်တရား အရိပ်အယောင်လေး ဖြတ်ပြေးသွားလေသည်။
" ရိုးရိုးသားသား ပြောရရင် ခင်ဗျားတို့ ကျွန်တော့် အဖေ့ကို မေးရင်တောင် သူက ကျွန်တော့်ထက် ပိုသိမှာ မဟုတ်ပါဘူး... "
သူ၏ လေသံက ပြောင်းလဲသွားပြီး အပြုံးတစ်ခုကို အတင်း လုပ်ယူပြုံးလိုက်၏။
" လွန်ခဲ့တဲ့ ငါးနှစ်က ဒီအိမ်ကို ဝယ်ဖြစ်ခဲ့တဲ့ အကြောင်းရင်းက မစ္စတာဝေ့ နဲ့ အတူတူပါပဲ... အခန်းထဲမှာ ရှိတဲ့ ရှေးဟောင်း ပစ္စည်းတွေကြောင့်ပေါ့... "
" ဒါပေမဲ့... အဲဒီတုန်းက အိမ်ရဲ့ မူလ ပိုင်ရှင်က နိုင်ငံခြားကို သွားဖို့ စီစဉ်နေလို့ ရောင်းခဲ့တာပါ... "
" ကျွန်တော့် အဖေကလည်း ဒီပစ္စည်းတွေကို တအား သဘောကျတာနဲ့ ဒီအိမ်ကို ဝယ်ဖို့ ဆုံးဖြတ်လိုက်တာပဲ... "
" အဲဒီတုန်းက ကျွန်တော့် အဖေက မူလ အခန်းရဲ့ ဒီဇိုင်းနဲ့ သမိုင်းဝင် လက်ရာ တချို့ကို ဒီအတိုင်း ထားချင်တယ်လို့ ပြောခဲ့တယ်... ဒါကြောင့် အိမ်ကို ကြီးကြီးမားမား ပြင်ဆင်တာမျိုး မလုပ်ခဲ့ဘဲ သာမန် ပြုပြင်မှုလေးတွေပဲ လုပ်ခဲ့တာ... "
" သုံးလေးနှစ်လောက် အထိတော့ အရာအားလုံးက အဆင်ပြေနေခဲ့ပါတယ်... ဒါပေမဲ့... "
အတိတ်ကို ပြန်တွေးရင်း ချန်ချန်ယွီ ဝိုင်နီ တစ်ကျိုက် ထပ်သောက်လိုက်ပြီး သက်ပြင်းရှည်ကြီး တစ်ချက် ချလိုက်လေသည်။
" လွန်ခဲ့တဲ့ တစ်နှစ်က... "
" တစ်နေ့တော့... ကျွန်တော် အရက်သောက်တာ နည်းနည်း လွန်သွားပြီး ဒုတိယထပ်က စာကြည့်ခန်းထဲကို ဘယ်လို ရောက်သွားမှန်း မသိဘူး... ပုံမှန်ဆို ကျွန်တော့် အဖေက အဲဒီ အခန်းထဲမှာ အချိန်သိပ်မဖြုန်းပါဘူး... "
" သူက လက်ရေးလှ ရေးတာကို သိပ်ဝါသနာ မပါပေမဲ့... ဒီလို ခမ်းနားတဲ့ အငွေ့အသက် ရှိတဲ့ အခန်းလေး တစ်ခန်း ရှိတာက အိမ်ရဲ့ အဆင့်အတန်းကို ပိုမြင့်သွားစေတယ်လို့ ခံစားရလို့တဲ့လေ... "
" အဲဒီညက ဘာတွေ ဖြစ်ခဲ့လဲ ဆိုတာ ကျွန်တော် မမှတ်မိတော့ဘူး... ဒါပေမဲ့ နောက်နေ့ နိုးလာတော့ စာကြည့်ခန်းထဲက ကြမ်းပြင်ပေါ်မှာ ကျွန်တော် တစ်ညလုံး အိပ်ပျော်သွားခဲ့တယ် ဆိုတာကိုတော့ မှတ်မိတယ်... ကျွန်တော့် ဘေးမှာ စက္ကူတွေ အများကြီး ပြန့်ကျဲနေပြီး ကျွန်တော့် အပေါ်မှာ ရှေးခေတ် အမျိုးသမီး တစ်ယောက်ရဲ့ ပန်းချီကား တစ်ချပ်ကို တင်ထားတယ်... ပြီးတော့ ကျွန်တော့် ခေါင်းအောက်မှာက အဲဒီ မှင်သွေးကျောက်ကြီးလေ... "
ချန်ချန်ယွီ၏ မျက်လုံးများထဲတွင် အကြောက်တရားများ အထင်းသား ပေါ်လွင်နေလေပြီ။
လီယီတောင်းနှင့် ဝေ့ဝမ်ချန်တို့ နှစ်ယောက်လုံးက သူ ဆက်ပြောမည်ကို တိတ်တဆိတ် စောင့်ဆိုင်းနေကြ၏။
" အဲဒီ အချိန်ကစပြီး ကျွန်တော် ညတိုင်း အိပ်မက် တစ်ခုတည်းကိုပဲ ထပ်တလဲလဲ မက်နေခဲ့တယ်... "
" အိပ်မက်ထဲမှာ အမျိုးသမီး တစ်ယောက် ပါတယ်... တအား လှတယ်ဗျာ... မြင်မြင်ချင်း ချစ်မိသွားလောက်တဲ့ အထိ လှတာ... "
" အိပ်မက်ထဲမှာ ကျွန်တော် သူနဲ့ ပျော်ပျော်ရွှင်ရွှင် နေနေခဲ့တာ... "
" ဒါပေမဲ့... လှပတဲ့ အိပ်မက်က နောက်ဆုံးမှာ အိပ်မက်ဆိုး အဖြစ် ပြောင်းသွားတယ်... "
" အကြိမ်တိုင်း... အိပ်မက်ထဲမှာ သူက ကျွန်တော့်ကို သတ်ပစ်တယ်... သေရတဲ့ ပုံစံကလည်း တအား ကြောက်စရာ ကောင်းတာ... "
" ဒီလိုနဲ့ပဲ လအတော်ကြာ ဆက်ဖြစ်နေခဲ့တယ်... အဲဒီ အချိန်အတွင်းမှာ ကျွန်တော် လူအများကြီးဆီက အကူအညီ တောင်းခဲ့ပေမဲ့ ဘယ်သူမှ ဒီပြဿနာကို မဖြေရှင်းပေးနိုင်ခဲ့ဘူး... "
" ကျွန်တော့်အတွက် ယတြာ လာချေပေးတဲ့ ယင်ယန် ဆရာ ဆိုတဲ့ လူနှစ်ယောက်တောင် မတော်တဆမှုတွေနဲ့ ကြုံခဲ့ရတယ်... "
" ကျွန်တော် တအား ကြောက်သွားတယ်... တကယ်ကို ကြောက်သွားတာ... ပြီးတော့... ဘယ်အချိန် ကတည်းက မှန်း မသိဘူး... ကျွန်တော့် အဖေက အချိန်ရှိသရွေ့ စာကြည့်ခန်းထဲမှာပဲ နေနေတာကို ကျွန်တော် သတိထားမိလာတယ်... "
" သူက လက်ရေးလှ ရေးတာနဲ့ ရေဆေး ပန်းချီဆွဲတာကို ဝါသနာ ပါလာတယ်... "
" အဲဒါတင် မကသေးဘူး... စာကြည့်ခန်းထဲမှာ တစ်ယောက်တည်း စကားပြောနေတတ်တယ်လို့ အိမ်အကူတွေ ဆီကနေ ကျွန်တော် ကြားခဲ့ရတယ်... "
" လွန်ခဲ့တဲ့ သုံးလက တစ်နေ့... ကျွန်တော် အိမ်ပြန်လာတော့ အဖေ စာကြည့်ခန်းထဲမှာ ရှိနေတာကို မတော်တဆ မြင်လိုက်ရတယ်... "
" ကျွန်တော် မြင်လိုက်ရတာက... သူ... သူ အဲဒီ မှင်သွေးကျောက်ကြီးကို စကားပြောနေတာဗျာ... "
" ဟမ်... "
ချန်ချန်ယွီ၏ ဇာတ်ကြောင်းကို နားထောင်ရင်း ဝေ့ဝမ်ချန် တံတွေး မျိုချလိုက်မိ၏။
ဒီအခြေအနေကြီးက တအားကို ကြက်သီးထစရာ ကောင်းနေတယ်...။
ဘယ်သူမဆို ဒါကို ကြားရင် ကြက်သီးထသွားမှာပဲ မဟုတ်လား...။
လီယီတောင်း တစ်ယောက်တည်းသာ တည်ငြိမ်နေလေသည်။ ဤ အခြေအနေမျိုးကို သူ ကြိုတွေးထားပြီးသားမို့ ဖြစ်မည်။
" ရိုးရိုးသားသား ပြောရရင် အဲဒီ အချိန်တုန်းက ကျွန်တော် လုံးဝ လန့်သွားခဲ့တာ... "
ချန်ချန်ယွီက ကိုယ့်ကိုယ်ကိုယ် လှောင်ပြောင်သလို ရယ်မောလိုက်၏။
" ကျွန်တော် ဒုတိယထပ်က စာကြည့်ခန်းထဲမှာ ကင်မရာ တစ်လုံးကို တိတ်တဆိတ် တပ်ထားလိုက်တယ်... "
" အဖေ စာကြည့်ခန်းထဲ ဝင်သွားရင် တခြား လူတစ်ယောက်လို ပြောင်းသွားတယ် ဆိုတာကို ကျွန်တော် တွေ့လိုက်ရတယ်... ပြီးတော့ အဲဒီ မှင်သွေးကျောက်ကို သူ ကြည့်တဲ့ ပြောတဲ့ ပုံစံက... သေသွားတဲ့ ကျွန်တော့် အမေကို ပြောနေသလိုမျိုးပဲ... "
" ဒီလိုနဲ့ပဲ လွန်ခဲ့တဲ့ တစ်လအထိ ဒီအခြေအနေက ဆက်ဖြစ်နေခဲ့တယ်... "
" တစ်နေ့တော့ လူတစ်ယောက်က ကျွန်တော့်ဆီ ရုတ်တရက် ရောက်လာပြီး ကျွန်တော့် မိသားစုရဲ့ အခြေအနေကို ပြောပြတယ်... "
" ပြီးတော့ သူက ပြောတယ်... မှင်သွေးကျောက်ကို ချန်ထားခဲ့ပြီး အိမ်တစ်လုံးလုံးကို ရောင်းပစ်လိုက်ဖို့... "
" တစ်ချိန်တည်းမှာပဲ သူက ကျွန်တော့် အဖေ ဆောင်ထားဖို့ အထူး အဆောင်လက်ဖွဲ့ တစ်ခု ပေးခဲ့တယ်... အဲဒါက ကျွန်တော့် အဖေကို သတိနည်းနည်း ပြန်လည်လာစေဖို့ အကူအညီ ဖြစ်ခဲ့တယ်... "
" ကျန်တာတွေကိုတော့ ခင်ဗျားတို့ သိပြီးသားပါ... မစ္စတာဝေ့ က အိမ်ထဲက ရှေးဟောင်း ပစ္စည်းတွေကို စိတ်ဝင်စားနေတာနဲ့ ကျွန်တော် ဈေးလျှော့ပြီး ရောင်းလိုက်တာပါ... "
ပြောနေရင်းနှင့် ချန်ချန်ယွီ မျက်လုံးများထဲတွင် အပြစ်ရှိသလို ခံစားနေရသည့် အရိပ်အယောင်လေး ဖြတ်ပြေးသွား၏။
၎င်းက အစစ်အမှန်ပဲ ဖြစ်ဖြစ်၊ ဟန်ဆောင်တာပဲ ဖြစ်ဖြစ် ဤအပြစ်ရှိသလို ခံစားနေရမှုက ဝေ့ဝမ်ချန် ခံစားနေရသော ဒေါသကို ယာယီ ဖြေလျော့ပေးလိုက်လေသည်။
သေချာတာကတော့ သူက ဒီအခြေအနေကို ဂရုမစိုက်ဘူး ဆိုတာမျိုး မဟုတ်သလို... တစ်ဖက်လူက နောင်တရတဲ့ ပုံစံလေး နည်းနည်း ပြလိုက်ရုံနဲ့ အလွယ်တကူ ခွင့်လွှတ်လိုက်မှာလည်း မဟုတ်ဘူး...။
ချန်ချန်ယွီ ဇာတ်လမ်း ပြောပြသွားတဲ့ ပုံစံက သူတို့ရဲ့ လက်ရှိ အခြေအနေတွေကို ပြန်သတိရသွားစေလို့ သူက စိတ်လိုက်မာန်ပါ မလုပ်ဘဲ ထိန်းထားတာ...။
ဒီဇာတ်လမ်းရဲ့ အမှားအမှန်ကို လီယီတောင်း ဆုံးဖြတ်ပေးမယ့် အချိန်ကို သူ စောင့်နေတာလေ...။
လီယီတောင်း ဘာစကားမျှ မဆိုဘဲ ချန်ချန်ယွီကို သေချာ စောင့်ကြည့်နေလိုက်၏။
ဇာတ်လမ်းက တော်တော်လေး စိတ်ဝင်စားစရာ ကောင်းပါတယ်... ဒါပေမဲ့...
တခြားသူတွေကို ငတုံးတွေလို့ ထင်နေတာလား...။
ချန်ချန်ယွီ ပြောသည့် အထဲတွင် အမှန်တရား အချို့ ပါဝင်မည်ဟု သူ ယုံကြည်သော်လည်း ဇာတ်လမ်း အပြည့်အစုံတော့ သေချာပေါက် မဟုတ်ပေ။
အထူးသဖြင့် အဲဒီ လူစိမ်း တစ်ယောက် ရုတ်တရက် ပေါ်လာတဲ့ ကိစ္စ...။ သူတို့ ကြားထဲမှာ ဖုံးကွယ်ထားတဲ့ ဇာတ်လမ်း တစ်ခုခု သေချာပေါက် ရှိရမယ်...။
ဘာပဲဖြစ်ဖြစ် ဒီကိစ္စက သူ ရှင်းပြသလောက် မရိုးရှင်းဘူး...။
ပြီးတော့ ချန်ချန်ယွီက မရည်ရွယ်ဘဲ နောက်ထပ် အချက်တစ်ခုကို ဖွင့်ပြောသွားသေးတယ်...။ သူ အရက်မူးပြီး စာကြည့်ခန်းထဲမှာ အိပ်ပျော်သွားတော့ နောက်နေ့ နိုးလာတဲ့ အချိန်မှာ သူ့အပေါ်မှာ ပန်းချီကား တစ်ချပ် လွှမ်းထားတယ် ဆိုတာလေ...။
ရှေးခေတ် အမျိုးသမီး တစ်ယောက်ရဲ့ ပန်းချီကား...။
အဲဒီ ပန်းချီကားထဲက အမျိုးသမီးက ဘယ်သူလဲ...။
မှင်သွေးကျောက် အပေါ်က ဝိညာဉ် စုစည်းခြင်း စွမ်းရည်နဲ့ သူ မြင်ခဲ့ရတဲ့ အမျိုးသမီးပဲ ဖြစ်မယ်လို့ သံသယ ရှိတယ်...။
ဤအချိန်တွင် ချန်ချန်ယွီ ခေါင်းမော့လိုက်ရာ လီယီတောင်းက သူ့ကို လှောင်ပြောင်သည့် မျက်နှာထားဖြင့် ကြည့်နေသည်ကို မတော်တဆ မြင်လိုက်ရ၏။
ခဏတွင်းချင်းမှာပင် သူ၏ အမူအရာ တစ်ခုလုံး ပြောင်းလဲသွားတော့သည်။
အပြစ်ကို လက်ပူးလက်ကျပ် မိသွားတဲ့ လူတစ်ယောက်လိုပဲ...။
" ရှိသေးလား... "
လီယီတောင်းက တည်ငြိမ်စွာ မေးလိုက်၏။
သူ၏ မျက်နှာ အမူအရာ ထပ်မံ ပြောင်းလဲသွားပြန်သည်။
တိတ်ဆိတ်နေရင်း သူ၏ ဇာတ်လမ်းထဲမှ ဟာကွက်များကို စဉ်းစားနေသည်လား သို့မဟုတ် နောက်ဆက်တွဲ အပိုင်းကို မည်သို့ ဆက်လက် ဖန်တီးရမည်ကို တွေးတောနေသည်လား မသိပေ။
ချန်ချန်ယွီ တိတ်ဆိတ်နေသည်ကို မြင်သောအခါ လီယီတောင်းက တည်ငြိမ်သော လေသံဖြင့် ဆက်ပြောလိုက်၏။
" ခင်ဗျားမှာ တခြား ပြောစရာ မရှိတော့ဘူး ဆိုရင်... ကျွန်တော်တို့ ပြန်တော့မယ်... "
" ခင်ဗျား ပြောသွားတာတွေက ကျွန်တော်တို့ အတွက် ဘာမှ အသုံးမဝင်ဘူး ဆိုတာကို ခင်ဗျား သိသင့်တယ်... ကျွန်တော်လည်း ဘာမှ လုပ်ပေးမှာ မဟုတ်ဘူး... "
ဤတစ်ကြိမ်တွင်တော့ လီယီတောင်း ကိုယ်တိုင်က ပြန်ရန် အကြံပြုလိုက်ခြင်း ဖြစ်၏။
အပေါ်ယံ ကြည့်လျှင် ချန်ချန်ယွီက ထူးဆန်းသော်လည်း ရိုးသားပုံရသည့် ဇာတ်လမ်း တစ်ပုဒ်ကို ပြောပြသွားခဲ့သည်။ သို့သော် တကယ်တမ်းတွင် အားလုံးက အဓိပ္ပာယ် မရှိသည့် စကားများသာ ဖြစ်၏။
ဇာတ်လမ်းက နားထောင်လို့ ကောင်းပါတယ်... ဒါပေမဲ့ အဲဒါက ဇာတ်လမ်း တစ်ပုဒ် သက်သက်ပဲ...။
လီယီတောင်း လိုအပ်နေသော အချက်အလက် တစ်ခုကိုမျှ ချန်ချန်ယွီ မပေးခဲ့ပေ။
အရေးအကြီးဆုံးမှာ မှင်သွေးကျောက်၏ အခြေအနေ၊ ၎င်းအထဲရှိ မင်္ဂလာဆောင် ဝတ်စုံနှင့် အမျိုးသမီးက မည်သူ ဖြစ်သည်၊ သို့မဟုတ် တကယ်တမ်း ဘာတွေ ဖြစ်နေသနည်း ဆိုသည်ကို သူတို့ မသိရသေးခြင်းပင်။
ချန်ချန်ယွီက ဤအရေးကြီးသော အသေးစိတ် အချက်အလက်များကို တစ်လုံးမျှ မဟခဲ့ပေ။
သို့သော် သူ၏ အပြုအမူကို ကြည့်ခြင်းအားဖြင့် သူ တစ်ခုခုကို သိနေကြောင်း ထင်ရှားလှ၏။
ပြီးတော့ အခု... သူက အသုံးမဝင်တဲ့ ဇာတ်လမ်း တစ်ပုဒ်ကို ပြောပြပြီး အချိန်ဆွဲဖို့နဲ့ ထိပ်တိုက် တွေ့ဆုံမှုတွေကို ရှောင်ဖို့ ကြိုးစားနေတာ ရှင်းနေတယ်...။ ငါတို့ကို ငတုံးတွေလို့ ထင်နေတာလား...။
ဟာသပဲ...။
သူက ကူကယ်ရာမဲ့သော အမူအရာဖြင့် အောင့်သက်သက် ပြုံးကာ... " ကျွန်တော် တကယ် ဒါတွေလောက်ပဲ သိတာပါ... ကျွန်တော် သိသမျှ အကုန် ပြောပြပြီးပါပြီ... "
" တကယ်လို့ ခင်ဗျားတို့က မှင်သွေးကျောက် အကြောင်း သိချင်တယ် ဆိုရင်တော့... ဒီအိမ်ရဲ့ အရင် ပိုင်ရှင်ကို သွားရှာမှ ရလိမ့်မယ်... "
" ဒါပေမဲ့ ကျွန်တော်လည်း သူ့ကို ရှာနေတာ ကြာပြီ... အခုထိ မတွေ့သေးဘူး... "
ဟက်ဟက်...။
တော်တော် ကောင်းတဲ့ အကြောင်းပြချက်ပဲ...။
သူက အပြစ်တွေကို တခြားကို လွှဲချဖို့ ကြိုးစားနေတာပေါ့...။
' အိမ်ရဲ့ အရင် ပိုင်ရှင်ကို ရှာရမယ် ဟုတ်လား... ဒီအိမ်ရဲ့ အရင် ပိုင်ရှင်က အသက်ရှင်သေးရဲ့လား၊ ဒါမှမဟုတ် ဒီအိမ်မှာ အရင် ပိုင်ရှင် ဆိုတာ တကယ်ကော ရှိရဲ့လား ဆိုတာ ဘယ်သူ သိမှာလဲ... '
ဝေ့ဝမ်ချန်လည်း စကားများထဲမှ ဟာကွက်များကို ခံစားမိသော်လည်း တိတ်ဆိတ်နေပြီး စကားတစ်ခွန်းမျှ မဆိုပေ။
တကယ်တော့ ခေါင်းငုံ့ထားပြီး လီယီတောင်း စကားပြောမည့် အချိန်ကို စောင့်နေခြင်း ဖြစ်၏။
ဒီအချိန်မှာ ဝေ့ဝမ်ချန်က သူ့ရဲ့ ယုံကြည်မှု အားလုံးကို လီယီတောင်း အပေါ်မှာ ပုံအပ်ထားတယ်လို့ ပြောလို့ရတယ်...။
ပိုတိတိကျကျ ပြောရရင်... အဘိုးအိုကို ယုံကြည်တာပေါ့...။
လေထုထဲတွင် ကြက်သီးထဖွယ် တိတ်ဆိတ်မှုကြီး လွှမ်းမိုးနေလေသည်။
လီယီတောင်းက ခွက်ထဲမှ ရေတစ်ကျိုက် သောက်လိုက်ပြီးနောက်...
ချန်ချန်ယွီ ပြာယာခတ်သွားစေမည့် မေးခွန်း တစ်ခုကို သူ မေးလိုက်လေသည်။
" အဲဒီ မင်္ဂလာဆောင် ဝတ်စုံနဲ့ အမျိုးသမီးရဲ့ ပန်းချီကားကို... ခင်ဗျား ဘယ်မှာ ထားလိုက်လဲ... "