လေထုထဲတွင် တိတ်ဆိတ်မှုများ လွှမ်းမိုးသွားလေသည်။
ချန်ချန်ယွီ မျက်လုံးများထဲတွင် အံ့အားသင့်မှုများ ပြည့်နှက်သွားတော့၏။
ဝေ့ဝမ်ချန်ကလည်း ခေါင်းမော့လာပြီး လီယီတောင်းကို အကဲခတ်လိုက်လေသည်။
လီယီတောင်း အပေါ် ထားရှိသော သူ၏ အထင်အမြင်များ နောက်တစ်ကြိမ် ပြောင်းလဲသွားပြန်၏။
' သူက တကယ်ပဲ ဒီလောက်တောင်... ထူးခြားနေတာလား... '
' အစ်ကိုယီတောင်း၊ အစ်ကိုယီတောင်း... '
' သေမင်းတမန်... အစ်ကိုယီတောင်း... '
' သူက တကယ်ပဲ သေမင်း ဝင်စားတာများလား... '
" တီတီ... တီတီ... "
ထိုအချိန်မှာပင် ဖုန်းမြည်သံ တစ်ခုက တိတ်ဆိတ်မှုကို ရုတ်တရက် ဖြိုခွဲလိုက်လေသည်။
ဝေ့ဝမ်ချန် မျက်မှောင်ကြုတ်သွားပြီး ဖုန်းကို ထုတ်ကြည့်လိုက်၏။ သူ ခဏတာ အံ့အားသင့်သွားပုံ ရပြီး ဖုန်းကိုင်လိုက်လေသည်။
" ဟယ်လို... "
" သူဌေး... ပြဿနာ တက်ပြီ... "
ဖုန်းထဲမှ ဩရှရှ အသံတစ်ခုကို လီယီတောင်း ကြားလိုက်ရ၏။ ဝေ့ဝမ်ချန် မျက်မှောင် ပိုကြုတ်သွားလေသည်။
" အင်း... "
" ကောင်းပြီ... "
" ကောင်းပြီ... အင်း... "
" ငါ အခု ပြန်လာခဲ့မယ်... "
ဖုန်းချလိုက်ပြီးနောက် ဝေ့ဝမ်ချန် မတ်တပ်ရပ်လိုက်ပြီး လီယီတောင်းကို ကြည့်ကာ... " ဆရာ... ဆေးရုံမှာ ပြဿနာ တက်လို့တဲ့... " ဟု အားနာသည့် လေသံဖြင့် ပြောလိုက်လေသည်။
လီယီတောင်း ခေါင်းအသာညိတ်လိုက်၏။
ဆေးရုံမှာ ဘယ်သူက ပြဿနာ သွားရှာလဲ ဆိုတာ ရှင်းနေတာပဲလေ...။
နှစ်ယောက်သား ဝုန်းကနဲ ထရပ်လိုက်၍ ချန်ချန်ယွီ ပို၍ စိုးရိမ်သွားလေသည်။ သို့သော် သူ စကားတစ်ခွန်းမျှ မဟသေးပေ။
သူတို့ နှစ်ယောက် ထွက်သွားမည်ကို တားချင်သော်လည်း နှုတ်မှ အသံတစ်သံမျှ ထွက်မလာခဲ့ပေ။
သူ့မျက်လုံးများထဲတွင် လွန်ဆွဲနေမှုများ အပြည့်။
၎င်းကို လီယီတောင်းက အကဲခတ်နေခဲ့၏။ ထို့ကြောင့် ဤအချိန်တွင် တစ်ဖက်လူ၏ စိတ်ပိုင်းဆိုင်ရာ ကာကွယ်မှုများ ပြိုကျသွားပြီ ဖြစ်ကြောင်း လီယီတောင်း သိလိုက်လေသည်။
သိပ်မကြာခင် ငါတို့ကို ဆက်သွယ်လာလိမ့်မယ်...။
လီယီတောင်းနှင့် ဝေ့ဝမ်ချန်တို့ လူနာခန်းထဲသို့ ဝင်သွားချိန်တွင် တံခါးဝ ကြမ်းပြင်ပေါ်မှ သွေးအိုင်ကြီး တစ်အိုင်က အထင်းသား။
ကုတင်ဘေး၌ ဘယ်ဘက်ပခုံးတွင် ပတ်တီးစည်းထားပြီး ညာဘက်လက်တွင် သေနတ် တစ်လက်ကို ကိုင်ဆောင်ထားသော သက်တော်စောင့် တစ်ဦး ထိုင်နေလေသည်။
ဝေ့ဝမ်ချန်၏ မြေးလေးကတော့ လူနာကုတင်ပေါ်တွင် တိတ်ဆိတ်စွာ လဲလျောင်းနေလေသည်။
ကောင်လေး၏ အထက်တွင်တော့ လီယီတောင်း တစ်ယောက်တည်းသာ မြင်နိုင်သော မင်္ဂလာဆောင် ဝတ်စုံနှင့် ပုံရိပ် ရှိနေ၏။
ထို့ပြင် ကွေးကွေးလေး ဖြစ်နေသော ပုံရိပ်ငယ်လေး တစ်ခုကို အနီရောင် အငွေ့အသက်များက တဖြည်းဖြည်း လွှမ်းခြုံလာနေသည်ကိုလည်း တွေ့ရလေသည်။
လက်ရှိ အခြေအနေအရ ကောင်လေးကို မကြာမီ အပြည့်အဝ လွှမ်းခြုံသွားတော့မည်မှာ သေချာသလောက်ပင်။
အပြည့်အဝ လွှမ်းခြုံသွားသည့် အချိန်တွင် ရလဒ်က မည်သို့ ဖြစ်မည် ဆိုသည်မှာ အတော်လေး ရှင်းလင်းနေလေသည်။
ဝေ့ဝမ်ချန်က သက်တော်စောင့် အနီးသို့ လျှောက်သွားပြီး ပခုံးကို နှစ်ချက်ခန့် ခပ်ဖွဖွ ပုတ်ပေးလိုက်လေသည်။
" သွား... ဒဏ်ရာကို သွားကုလိုက်ဦး... ဒီမှာ ငါ ရှင်းလိုက်မယ်... "
" ဟုတ်ကဲ့ "
ယခုအခါ လူနာခန်းထဲတွင် လီယီတောင်းနှင့် ဝေ့ဝမ်ချန် နှစ်ယောက်တည်းသာ ကျန်ရစ်ခဲ့တော့၏။
မီးဝင်းဝင်းတောက် မတတ် မျက်လုံးများဖြင့် ဝေ့ဝမ်ချန်က ခပ်တိုးတိုး မေးလိုက်၏။ သူ့လေသံတွင် ဒေါသရိပ်တို့ လွှမ်းလျက်။
" ဆရာ... ဒါ သူမ လက်ချက်လား... "
သို့သော် လီယီတောင်းက ခေါင်းခါပြလိုက်၏။
" သူမ မဟုတ်ဘူးလား... ဒါဆို ဘယ်သူ ဖြစ်နိုင်မလဲ... "
" ကျွန်တော်လည်း အဖြေတော့ မရှိသေးဘူး... ဒါပေမဲ့ ဒီတိုက်ခိုက်တဲ့ သူတွေက ကလေး သေဖို့လောက်ကိုပဲ ရည်ရွယ်ထားတာ မဟုတ်ဘူး ဆိုတာကိုတော့ ကျွန်တော် သိတယ်... "
ကလေးငယ် အပေါ် ဤမျှ ရဲတင်းစွာ တိုက်ခိုက်ခြင်းက ၎င်းမှာ သြဇာလွှမ်းမိုးမှု ရှိသော မိသားစုများ အကြားရှိ သာမန် ရန်ငြိုးတစ်ခု မဟုတ်ကြောင်း ညွှန်ပြနေလေသည်။
သူတို့၏ ရည်ရွယ်ချက်က ကလေးကို တိတ်တဆိတ် အန္တရာယ် ပေးရန်သာ ဖြစ်ပါက ဤမျှ ပေါ်ပေါ်ထင်ထင် လုပ်ရပ်မျိုးဖြင့် သူတို့ကိုယ်သူတို့ ဖော်ထုတ်ပြရန် အကြောင်း မရှိပေ။
တိုက်ခိုက်သူများက ကလေး၏ လက်ရှိ အခြေအနေကို သိရှိထားပြီး အမှောင်ထဲတွင် ပုန်းကွယ်နေသော သဘာဝလွန် အင်အားစုများ... လီယီတောင်း တစ်ယောက်တည်းသာ မြင်နိုင်သော လျှို့ဝှက်ဆန်းကြယ်သည့် သတို့သမီး ပုံရိပ်ကဲ့သို့သော အရာများကို ရှင်းလင်းရန် ရည်ရွယ်ထားခြင်း ဖြစ်ကြောင်း လီယီတောင်း ယုံကြည်ထားလေသည်။
တစ်နည်းအားဖြင့် သူတို့၏ လုပ်ရပ်များက လီယီတောင်း၏ စုံစမ်းစစ်ဆေးမှုကို လမ်းကြောင်းလွှဲရန် ရည်ရွယ်ခြင်းလည်း ဖြစ်နိုင်ပေသည်။
ဒီအခြေအနေက တဖြည်းဖြည်းနဲ့ ပိုပြီး စိတ်ဝင်စားစရာ ကောင်းလာပြီ...။
ဝေ့ဝမ်ချန် ဆွံ့အသွားလေသည်။
' အဲဒီအိမ်ကို ဘာတွေ စိတ်ရူးပေါက်ပြီး ဝယ်မိလဲကွာ… ရှုပ်လိုက်တဲ့ သောက်ပြဿနာတွေ… ‘
သူ့ခမျာ အိမ်တစ်လုံး ဝယ်လိုက်ရာမှ ရှုပ်ထွေးမှု ဝင်္ကပါကြီး တစ်ခုထဲတွင် ပိတ်မိနေလေပြီ။
အကယ်၍ သူသာ အဘိုးအိုထံ အကူအညီ မတောင်းခဲ့လျှင်၊ လီယီတောင်း၏ အကူအညီကို မယူခဲ့လျှင်၊ အကယ်၍ သူသာ ဤကိစ္စ၏ ကြီးလေးမှုကို သတိမပြုမိခဲ့လျှင်... သူ အလွန် ချစ်ရသော မြေးလေးမှာ နတ်ဘုရားတို့ထံ ရောက်သွားလောက်ပြီ ဖြစ်၏။
ခဏတာ တိတ်ဆိတ်စွာ စဉ်းစားပြီးနောက် လီယီတောင်း ဆက်ပြောလိုက်၏။ " ခင်ဗျား မြေးလေးရဲ့ အခြေအနေက စိုးရိမ်ရတယ်... ပြီးတော့ အချိန်တိုအတွင်းမှာ မှင်သွေးကျောက်ရဲ့ ပဟေဠိကို ကျွန်တော်တို့ နားလည်နိုင်ဖို့ ဆိုတာလည်း မသေချာသေးဘူး... "
" ဒီမှာပဲ နေပြီး တခြား သူတွေ ဒီအခန်းထဲ မဝင်လာအောင် သေချာ စောင့်ကြည့်ထား... ခင်ဗျား မြေးလေးရဲ့ ကုတင်နဲ့ ခပ်ခွာခွာ နေပြီး သူ့ကို ဘာမှ သွားမထိနဲ့... အခန်း ပြောင်းဖို့လည်း မတောင်းဆိုနဲ့... ကျွန်တော် ပြန်လာခဲ့မယ်... "
လီယီတောင်းက အဘိုးအိုကို အကူအညီ တောင်းရန် စီစဉ်ထားခြင်း ဖြစ်သည်။ အဘိုးအိုတွင် ကောင်လေးကို ရစ်ပတ်နေသော ကြက်သီးထဖွယ် အနီရောင် အငွေ့အသက်များကို ယာယီ ဖယ်ရှားပေးနိုင်မည့် နည်းလမ်း တစ်ခု ရှိလိမ့်မည်ဟု သူ ယုံကြည်ထား၏။
လောလောဆယ်တော့ ချန်ချန်ယွီ မှာ စောင့်ဆိုင်းရန်မှတစ်ပါး အခြား ရွေးချယ်စရာ မရှိပေ။
" သဘောတူပါတယ်... ဒီလို ခက်ခဲတဲ့ အချိန်မှာ ကူညီပေးတဲ့အတွက် ဆရာ့ကို တကယ် ကျေးဇူးတင်ပါတယ်... "
လီယီတောင်း ခေါင်းညိတ်လိုက်ပြီး ထွက်ခွာရန် ပြင်လိုက်လေသည်။
သို့သော် ထိုအချိန်မှာပင် လူနာခန်း တံခါး ပွင့်လာပြီး လီယီတောင်းတို့ နှစ်ဦးသား မျက်လုံးပြူးသွားရလေသည်။
ချန်ချန်ယွီ...။
သူ တကယ်ကြီး ငါတို့နောက်ကို လိုက်လာတာလား...။