အခန်းထဲတွင် ပုံမှန်မဟုတ်သော တိတ်ဆိတ်မှုကြီး လွှမ်းမိုးနေလေသည်။ အခန်းထဲရှိ လူသုံးယောက်လုံး ဘာစကားမျှ မဆိုဘဲ အတွေးကိုယ်စီ၌ နစ်မြောနေကြ၏။
အချိန် အတော်ကြာပြီးနောက်တွင်တော့ ချန်ချန်ယွီက တိတ်ဆိတ်မှုကို အရင်ဆုံး ဖြိုခွင်းလိုက်လေသည်။
" မစ္စတာလီ... ကျွန်တော် ခင်ဗျားကို အကူအညီ တစ်ခုလောက် တောင်းလို့ ရမလား... "
" ပြောပါ... "
ချန်ချန်ယွီက ခဏမျှ တုံ့ဆိုင်းနေပြီးမှ… " ကျွန်တော်... ကျွန်တော် သူမကို နောက်တစ်ခေါက်လောက် ထပ်တွေ့ချင်လို့... အဲဒါ ဖြစ်နိုင်ပါ့မလား... "
သူ့စကားကြောင့် လီယီတောင်း မျက်မှောင်ကြုတ်သွားလေသည်။
ပုံမှန်ဆိုရင် အိပ်ပ်မက် ကမ္ဘာထဲက သတို့သမီး ဝိညာဉ်နဲ့ ကင်းကွာသွားတဲ့ အတွက် ဝမ်းသာနေရမှာလေ...။ ဘာလို့ သူ့ကို ထပ်တွေ့ချင်ရတာလဲ...။
ချန်ချန်ယွီက ခါးသက်သက် ရယ်မောလိုက်ပြီး... " ဘာလို့လဲ ဆိုတာတော့ ကျွန်တော်လည်း မသိဘူး... ဒါပေမဲ့ သူမကို ချုပ်နှောင်လိုက် ကတည်းက ကျွန်တော့် အိပ်မက်ထဲမှာ သူမကို မတွေ့ရတော့ဘူး... ဒါပေမဲ့ ကျွန်တော် သူမကို မမေ့နိုင်ဘူး ဖြစ်နေတယ်... အခု ကျွန်တော် ရောက်နေတဲ့ ကမ္ဘာကြီးက အတုအယောင်လို့ ခံစားနေရပြီး သူမနဲ့ အတူတူ ရှိခဲ့တဲ့ ကမ္ဘာကမှ အစစ်အမှန်လို့ အမြဲတမ်း ခံစားနေရတယ်... "
လီယီတောင်းက ချန်ချန်ယွီကို အဓိပ္ပာယ်ပါပါ တစ်ချက် ကြည့်လိုက်ပြီးနောက် တည်ငြိမ်သော လေသံဖြင့်... " အဲဒီကိစ္စကိုတော့ ကျွန်တော် မကူညီနိုင်ဘူး... "
တကယ်တမ်းတွင်လည်း ချန်ချန်ယွီ၏ တောင်းဆိုချက်ကို လီယီတောင်း ဖြည့်ဆည်းပေးနိုင်စွမ်း မရှိပေ။
သတို့သမီး ဝိညာဉ်ကို သူ မြင်နိုင်သော်လည်း ချန်ချန်ယွီ မြင်နိုင်အောင် သူ မလုပ်ပေးနိုင်ပေ။
" အခု အခြေအနေက ရှင်းသွားပြီ ဆိုတော့... ခင်ဗျားဆီမှာ ရှိနေတဲ့ ပန်းချီကားရဲ့ ဇာစ်မြစ်ကို ပြောပြလို့ ရမလား... ခင်ဗျား ဘာမှ မစုံစမ်းဘဲ ဒီအတိုင်းတော့ နေမှာ မဟုတ်ဘူးလို့ ထင်တယ်... ပန်းချီကားက သိပ်မနာမည်ကြီးရင်တောင် သမိုင်း မှတ်တမ်း တချို့တော့ ရှိရမှာပဲလေ... "
ယခုအချိန်တွင် သူတို့အတွက် အရေးအကြီးဆုံး ကိစ္စမှာ ဤသတို့သမီး ဝိညာဉ်၏ အသေးစိတ် အချက်အလက်များကို သိရှိရန်ပင် ဖြစ်သည်။
အဲဒီ အချက်အလက်တွေ ရပြီ ဆိုရင် ဒီအခြေအနေကို ဖြေရှင်းဖို့ နည်းလမ်း ရှာလို့ ရပြီလေ...။
လီယီတောင် စကားကြောင့် ချန်ချန်ယွီ မျက်လုံးများထဲတွင် စိတ်ပျက်မှုများ ပြည့်နှက်သွားတော့၏။
သူ စက္ကန့်အနည်းငယ်ခန့် တိတ်ဆိတ်နေပြီးမှ အောင့်သက်သက်ပြုံးကာ ပြန်ဖြေလေသည်။
" ဟုတ်တယ်... ဒီအမျိုးသမီး အကြောင်း သိရအောင် ကျွန်တော် ကျွမ်းကျင်ပညာရှင်တွေနဲ့ ရှေးဟောင်း ပစ္စည်း စုဆောင်းသူတွေ အများကြီးဆီ သွားစုံစမ်းခဲ့ပါတယ်... အဲဒီ အချိန်ကစပြီး ကျွန်တော့်ရဲ့ အကြောက်တရားတွေ စတင် ပျောက်ကွယ်သွားခဲ့တာ... "
" သူ... သူက သနားစရာကောင်းတဲ့ အမျိုးသမီး တစ်ယောက်ပါ... "
ထို့နောက် သူက မင်္ဂလာဆောင် ဝတ်စုံနှင့် သတို့သမီး၏ ဇာတ်လမ်းကို ဆက်လက် ပြောပြလေသည်။ အတော်လေး ဝမ်းနည်းစရာ ကောင်းသော ဇာတ်လမ်း တစ်ပုဒ် ဖြစ်၏။
သူမက လက်မထပ်ရသေးဘဲ ကိုယ်ဝန်ရသွားခဲ့ပြီး သူမ တကယ် ချစ်ရသော သူနှင့် မဟုတ်ဘဲ လူမှု အဆင့်အတန်း အရ ပိုမို သင့်တော်သည်ဟု ယူဆရသူ တစ်ဦးနှင့် အတင်းအကျပ် လက်ထပ်ပေးခြင်း ခံခဲ့ရသည်။
သို့သော် ထိုမျှနှင့်သာ ပြီးဆုံးသွားမည် ဆိုပါက ၎င်းက ဝမ်းနည်းစရာ အချစ်ဇာတ်လမ်း တစ်ပုဒ်မျှသာ ဖြစ်ပေလိမ့်မည်။ သူမ၏ ခင်ပွန်းက သူမ အပေါ် ကောင်းမွန်ခဲ့မည် ဆိုလျှင်ပေါ့...။
သို့သော် သူမ မသိခဲ့သည်မှာ သူမ လက်ထပ်လိုက်သော အမျိုးသားမှာ ရောဂါကျွမ်းနေသူတစ်ဦး ဖြစ်ကြောင်းပင်။ သူမ ရောက်လာပြီး တစ်ပတ် အတွင်းမှာပင် ထိုအမျိုးသားမှာ ရောဂါဖြင့် ကွယ်လွန်သွားခဲ့ပြီး သူမလည်း ဝမ်းနည်းဖွယ် အသတ်ခံလိုက်ရလေသည်။
သူမ၏ မိသားစုကတော့ လူ့အသိုင်းအဝိုင်း ကြားတွင် လေးစား အားကျစရာ ဖြစ်သော အဖိုးတန် ဂုဏ်ပြုဆိုင်းဘုတ် တစ်ခုကို ရရှိခဲ့ကြ၏။
ရှေးခေတ်က ထိုသို့သော လုပ်ရပ်မျိုးက ကြီးမားသော ဂုဏ်ယူစရာ ကိစ္စတစ်ခု ဖြစ်ပြီး သူတို့ မိသားစု၏ ဂုဏ်သိက္ခာနှင့် လေးစားမှုကို သက်သေပြခြင်းပင် ဖြစ်လေသည်။
တစ်နည်းအားဖြင့် ပြောရလျှင် သူမ၏ မိသားစုက သစ်သား ဆိုင်းဘုတ်လေး တစ်ခုအတွက် သူမ၏ အသက်နှင့် သူမ ဗိုက်ထဲမှ မွေးလာမည့် ကလေး၏ အသက်ကို လဲလှယ်လိုက်ခြင်းပင်။
ဇာတ်လမ်းကို နားထောင်ရင်း လီယီတောင်း တိတ်ဆိတ်သွားလေသည်။
သတို့သမီး ဝိညာဉ်ကို တိတ်တဆိတ် ကြည့်လိုက်သည်။ သူမ၏ လက်ရှိ ဝမ်းနည်းမှုများ၏ အရင်းအမြစ်မှာ အတိတ်က သူမ ကြုံတွေ့ခဲ့ရသော ဆင်းရဲဒုက္ခများကြောင့် ဖြစ်ကြောင်း နားလည်လိုက်၏။
သို့သော် အတိတ်က သူမ၏ ဆင်းရဲဒုက္ခများကို ယခု သူမ၏ လုပ်ရပ်များအတွက် ဆင်ခြေ အဖြစ် အသုံးပြု၍ မရနိုင်ကြောင်းကိုလည်း သူ သိထားလေသည်။
သူမကို အတိုင်းအတာ တစ်ခုအထိ ကိုယ်ချင်းစာမိသော်လည်း သနားခြင်းတော့ မရှိပေ။
ယခု ပြဿနာ၏ အရင်းအမြစ်ကို ရှာတွေ့သွားပြီမို့ သူမ ရင်ထဲရှိ နာကြည်းမှုများကို ဖြေဖျောက်ပေးနိုင်မည့် နည်းလမ်း ရှာရန် အလွန် အရေးကြီးနေလေပြီ။
တကယ်လို့ ပြေလည်အောင် ဖြေရှင်းလို့ မရဘူး ဆိုရင်တော့... ပိုပြီး ပြင်းထန်တဲ့ နည်းလမ်းတွေကို သုံးဖို့ အသင့်ပဲ...။
သို့သော် မဖြစ်မနေ လုပ်ဆောင်ရမည့် အရာတစ်ခု ရှိသေး၏။ ၎င်းမှာ ကောင်လေး၏ ဘေးကင်းလုံခြုံမှုကို သေချာစေရန်ပင် ဖြစ်သည်။
အကယ်၍ သူတို့ သေချာ မစီစဉ်ဘဲ လှုပ်ရှားလိုက်မည် ဆိုပါက ဝေ့ဝမ်ချန်၏ မြေးလေးခမျာ သေချာပေါက် သေဆုံးသွားပေလိမ့်မည်။
ထိုအကြောင်းများကို စဉ်းစားနေစဉ်မှာပင် ချန်ချန်ယွီ အမေးကြောင့် အတွေးစတို့ ပြတ်တောက်သွား၏။
" ကလေးက အခု... သူမရဲ့ ရစ်ပတ်မှုကို ခံထားရတာလား... "
ချန်ချန်ယွီက သိနေပုံ ရသဖြင့် လီယီတောင်း ဇဝေဇဝါ ဖြစ်သွားရ၏။ သူ ညင်သာစွာ ခေါင်းညိတ်ပြလိုက်ရာ ချန်ချန်ယွီက ခါးသက်သက် ပြုံးလိုက်လေသည်။
" ကျွန်တော် ထင်တဲ့အတိုင်းပဲ... "
" အဲဒီလူ ကျွန်တော့်ကို မှင်သွေးကျောက် ပေးတုန်းက ပြောခဲ့တယ်... ဒီနည်းလမ်းက သူမကို ယာယီ ချုပ်နှောင်ထားနိုင်ပေမဲ့... တကယ်လို့ မှင်သွေးကျောက်သာ ပျက်စီးသွားရင် ထိန်းချုပ်လို့ မရတဲ့ အကျိုးဆက်တွေ အများကြီး ဖြစ်လာနိုင်တယ်တဲ့... "
ချန်ချန်ယွီက ရှင်းပြလေသည်။
လီယီတောင်း မျက်မှောင်ကြုတ်ကာ... " အဲဒီလူက ဘယ်သူလဲ... အခု သူ ဘယ်မှာလဲ... "
ချန်ချန်ယွီက ခေါင်းခါလိုက်ပြီး ခါးသက်သက် အပြုံးဖြင့် ဆက်ပြောလေသည်။ " အရင်က သူ့ကို ကျွန်တော် လိုက်ရှာကြည့်သေးတယ်... ဒါပေမဲ့ ရှာမတွေ့ခဲ့ဘူး... သူ... သူ သေသွားပြီ... "
လီယီတောင်း ဆွံ့အသွားတော့၏။
' မင်းမေကြီးတော်ပဲဟေး... '
' ဒါ ဖြေရှင်းလို့ မရတဲ့ အခြေအနေကြီးပဲ... '
သတို့သမီး ဝိညာဉ်၏ လက်ရှိ အခြေအနေကို ကြည့်ခြင်းအားဖြင့် သူမ၏ နာကြည်းမှုများကို အချိန်တိုအတွင်း ဖြေဖျောက်ပေးရန် ဆိုသည်မှာ မဖြစ်နိုင်သလောက်ပင်။
ထို့ကြောင့် ကောင်လေး၏ အသက်ကို ကယ်တင်ရန် နည်းလမ်း ရှာပြီးနောက် အခြေအနေကို အတင်းအကျပ် ဖြေရှင်းရန်သာ ရှိတော့၏။ သို့သော် မလွယ်လှပေ။
အဘိုးအိုကို ဆက်သွယ်ပြီး ဖြစ်နိုင်ချေ ရှိတဲ့ နည်းလမ်း တစ်ခုခု ရှိမရှိ မေးကြည့်ဖို့ပဲ ကျန်တော့တယ်...။
လီယီတောင်းက အဘိုးအိုကို ရှာရန် ဆုံးဖြတ်လိုက်ချိန်မှာပင် ချန်ချန်ယွီက ဆုံးဖြတ်ချက် တစ်ခု ချလိုက်ပုံဖြင့် အသက်ပြင်းပြင်း တစ်ချက် ရှူသွင်းလိုက်၏။
" အဲဒီလူက ကျွန်တော့်ကို ဒီအခြေအနေ အကြောင်း ရှင်းပြတုန်းက... ဖြေရှင်းနည်း တစ်ခုကိုလည်း ပြောပြခဲ့သေးတယ်... "
ချန်ချန်ယွီ စကားကြောင့် ဝေ့ဝမ်ချန်နှင့် လီယီတောင်းတို့ မျက်လုံးပြူးသွား၏။
အထူးသဖြင့် ဝေ့ဝမ်ချန်။
အစောပိုင်း ပြောဆိုမှုများကို နားထောင်ရင်း အခြေအနေမှာ ဖြေရှင်း၍ မရနိုင်သလောက် ဖြစ်နေပြီဟု ထင်ကာ မျှော်လင့်ချက်တို့ ကုန်ဆုံးလုနီးနီး ဖြစ်နေလေပြီ။ သို့သော် အခြေအနေက ဤသို့ ပြောင်းလဲသွားလိမ့်မည်ဟု သူ လုံးဝ မမျှော်လင့်ထားခဲ့ပေ။
လီယီတောင်းက မျက်မှောင်ကြုတ်ကာ... " ဘယ်လို ဖြေရှင်းနည်းလဲ... "
ဒီပဟေဠိကို ဖြေရှင်းဖို့ အချိန်တန်ပြီ...။ လျှို့ဝှက်ဆန်းကြယ်တဲ့ လူက ဖြေရှင်းနည်းကို ပေးခဲ့တယ် ဆိုရင် အဲဒါက ငါတို့ရဲ့ နောက်ဆုံး မျှော်လင့်ချက် ဖြစ်နိုင်တယ်လေ...။
" အသက် တစ်ချောင်းနဲ့... နောက်ထပ် အသက် တစ်ချောင်းကို လဲရမယ်... "
ချန်ချန်ယွီ အဖြေက ခပ်ပြတ်ပြတ်။
အသက်တစ်ချောင်းနှင့် အခြား အသက်တစ်ချောင်းကို လဲလှယ်ရမည် ဆိုသည့် စကားကို စဉ်းစားရင်း လီယီတောင်း မျက်မှောင် ပိုကြုတ်သွား၏။
သူ၏ မျက်လုံးများက သတို့သမီး ဝိညာဉ် ရှိရာဘက်သို့ အလိုအလျောက် ရောက်သွားပြီး သူမ၏ ဖမ်းဆီးခြင်းကို ခံထားရသော ဝေ့ဝမ်ချန်၏ မြေးလေးကို ကြည့်လိုက်မိ၏။
' အသက်တစ်ချောင်းနဲ့ တစ်ချောင်း လဲမယ် ဟုတ်လား... ဘယ်လို လုပ်ရမှာလဲ... '
ဝေ့ဝမ်ချန်က အသက်ပြင်းပြင်း တစ်ချက် ရှူသွင်းလိုက်ပြီး လုံးဝ တွန့်ဆုတ်မနေဘဲ... " ကျွန်တော် လုပ်မယ်... "
၎င်းမှာ အဘိုး တစ်ယောက်က သူ၏ မြေးလေးကို မယိမ်းယိုင်သော သန္နိဋ္ဌာန်ဖြင့် ကာကွယ်ခြင်းပင် ဖြစ်သည်။ ဖြူစင်ပြီး နက်ရှိုင်းသော ချစ်ခြင်းမေတ္တာ၊ အတ္တကင်းပြီး အမွန်မြတ်ဆုံး ချစ်ခြင်းမေတ္တာမျိုး ဖြစ်၏။
လီယီတောင်း တိတ်ဆိတ်နေလိုက်သည်။ အဘယ်ကြောင့်ဆိုသော် သူတို့၏ ဆုံးဖြတ်ချက်ကို ဝင်ရောက် စွက်ဖက်ရန် သို့မဟုတ် တားဆီးရန် သူ့တွင် အကြောင်းပြချက် သို့မဟုတ် အခွင့် မရှိသောကြောင့်ပင်။
သို့သော် စဉ်းစားစရာ အခြား ရွေးချယ်စရာ မရှိတော့ဘူးလား ဟု သူ တွေးနေမိ၏။
' အသက်တစ်ချောင်းနဲ့ တစ်ချောင်း လဲလှယ်တာက... တကယ်ပဲ တစ်ခုတည်းသော ရွေးချယ်စရာလား... '
တစ်ချိန်တည်းမှာပင် ချန်ချန်ယွီက ခါးသက်သက် ပြုံးလိုက်ပြီး... " မရဘူး... ခင်ဗျား လုပ်လို့ မရဘူး... "
ဝေ့ဝမ်ချန် မျက်မှောင်ကြုတ်သွားပြီး ချန်ချန်ယွီကို ဘုကြည့် ကြည့်လိုက်၏။
" ဘာလို့ ကျွန်တော် လုပ်လို့ မရတာလဲ... "
သူ့အသံတွင် ဒေါသများ ပြည့်နှက်နေလျက်။
နားလည်ပေးလို့ ရပါတယ်လေ...။ သူ့နေရာမှာ ဘယ်သူပဲ ဖြစ်ဖြစ် ဒီလိုပဲ ခံစားရမှာပါပဲ...။
အကြောင်းပြချက် မရှိဘဲ ဒီလို အခြေအနေမျိုးထဲ ရောက်လာရတဲ့ အပြင်... သူ့အသက်နဲ့ သူ့မိသားစုရဲ့ အသက်တွေကိုတောင် စတေးရဦးမယ်တဲ့လား...။
" ခင်ဗျား သူ့နေရာမှာ အစားထိုးလို့ မရဘူး... ဘာလို့လဲ ဆိုတော့... သူမက ခင်ဗျားကို လိုချင်မှာ မဟုတ်လို့ပဲ... "
ချန်ချန်ယွီက ဆုံးဖြတ်ချက် တစ်ခု ချလိုက်ပုံ ရလေသည်။
သူ၏ လေသံနှင့် အမူအရာက ပြောင်းလဲသွားပြီး ကူကယ်ရာမဲ့မှုနှင့် အရှုံးပေးမှုတို့ ပျောက်ကွယ်သွားတော့၏။
" ဘာအဓိပ္ပာယ်လဲ... သူမက ဘာလို့ ကျွန်တော့်ကို မလိုချင်ရမှာလဲ... အသက် တစ်ချောင်းနဲ့ တစ်ချောင်း လဲတာလေ... ကျွန်တော့် မြေးလေး အစား ကျွန်တော့် အသက်ကို ဘာလို့ သူမက လက်မခံရမှာလဲ... "
ဝေ့ဝမ်ချန် ချက်ချင်း ဝင်လာသော အတွေးမှာ သူ၏ မြေးလေး နေရာတွင် အစားထိုးရန် အလားတူ အသက်အရွယ် ရှိသော ကလေး တစ်ယောက်ကို ရှာဖွေရန် ဖြစ်၏။
သို့သော် ဤမျှလောက်အထိ ကိုယ်ချင်းစာတရား ကင်းမဲ့သော လုပ်ရပ်မျိုးကို လုပ်ဆောင်ရန် စိတ်ကူး၍ပင် မရနိုင်ပေ။ ၎င်းက သူ့ကို နောက်တစ်ကြိမ် မျှော်လင့်ချက် ကင်းမဲ့အောင် ပြုလိုက်ပြန်လေသည်။
သူ ဒေါသတကြီးဖြင့် ချန်ချန်ယွီ၏ ကော်လာကိုပင် လက်နှစ်ဖက်ဖြင့် ဆွဲကိုင်လိုက်လေသည်။
ချန်ချန်ယွီက ဘာစကားမျှ မဆိုဘဲ ဝေ့ဝမ်ချန်ကို တစ်ချက်သာ ကြည့်ပြီး လီယီတောင်းဘက် လှည့်လိုက်၏။
" အသက် တစ်ချောင်းနဲ့ တစ်ချောင်း လဲရမယ်... ဒါပေမဲ့ သူမ ကိုယ်တိုင် သဘောတူမှ ရမယ်... အစားထိုးမယ့် သူက သူမ ရွေးချယ်တဲ့ သူပဲ ဖြစ်ရမယ်... "
ချန်ချန်ယွီက သူမ၏ သဘောတူညီမှု အရေးကြီးပုံကို အလေးပေး ရှင်းပြလိုက်လေသည်။
" ဒါကြောင့်... ကလေးရဲ့ အသက် အစား ကျွန်တော့် အသက်ကို သူမ လက်ခံဖို့ ဆန္ဒရှိ၊ မရှိ ခင်ဗျား သူမကို မေးကြည့်သင့်တယ်... "
ချန်ချန်ယွီ မျက်လုံးများက ပကတိ တည်ငြိမ်နေလျက်။ သူ ပြတ်ပြတ်သားသား ဆုံးဖြတ်ပြီးကြောင်း သေချာနေလေပြီ။