နာရေးဝန်ဆောင်မှု ဆိုင်တံခါးကို တွန်းဖွင့်လိုက်ပြီး လက်ဆွဲအိတ်ကို ကောင်တာပေါ်သို့ တိတ်ဆိတ်စွာ တင်လိုက်လေသည်။
အထဲတွင် ဝေ့ဝမ်ချန်ပေးသည့် ဂါရဝကြေး ယွမ်တစ်သန်း ရှိနေ၏။
အစက လီယီတောင်း လက်ခံရန် တွန့်ဆုတ်နေသော်လည်း ဝေ့ဝမ်ချန်က အဘိုးအိုထံ ဖုန်းဆက်လိုက်သဖြင့် နောက်ဆုံးတွင် ထိုငွေကို သူ ယူလာခဲ့ရခြင်း ဖြစ်သည်။
ထိုင်နေကျ ပက်လက်ကုလားထိုင်ပေါ်တွင် မှီလျက် ချန်ချန်ယွီ၏ နောက်ဆုံး ဆုံးဖြတ်ချက်ကို ပြန်တွေးရင်း လီယီတောင်း တိတ်ဆိတ်သွားမိ၏။
' အမှားနဲ့ အမှန်... ဘယ်သူကများ အမှားမလုပ်မိဘူးလို့ အာမခံနိုင်မှာလဲ...'
အပြုအမူတစ်ခုက မှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ... ဤနောက်ဆုံး ဆုံးဖြတ်ချက်နှင့်အတူ အရာအားလုံးက အရေးမပါတော့ပေ။
သူ သေဆုံးသွားသည်နှင့်အတူ အရာရာတိုင်းက လေနှင့်အတူ လွင့်ပါးသွားပေလိမ့်မည်။
အတွေးနယ်ချဲ့နေရင်းမှ လီယီတောင်း အိပ်ပျော်သွားခဲ့လေသည်။
" တီတီ... တီတီ... "
ရုတ်တရက် မြည်လာသော ဖုန်းသံကြောင့် လီယီတောင်း လန့်နိုးသွားပြီး မျက်လုံးဖွင့်ကြည့်လိုက်၏။ သူ ဖုန်းကို ကောက်ကိုင်ကြည့်လိုက်ရာ နံပါတ်စိမ်းတစ်ခု ဖြစ်နေသဖြင့် မျက်မှောင်ကြုတ်သွားလေသည်။
" ဟယ်လို... "
" ဟယ်လို... အစ်ကိုယီတောင်းနဲ့ ပြောလို့ရမလားဟင်... "
တစ်ဖက်မှ မိန်းကလေး အသံတစ်ခု ထွက်ပေါ်လာသည်။
လီယီတောင်း ခဏတာ ငြိမ်သွားပြီး... " ကျွန်တော် လီယီတောင်း ပါ... ဘယ်သူလဲ မသိဘူး... "
" မင်္ဂလာပါ အစ်ကိုယီတောင်း... ကျွန်မက ပလက်ဖောင်းရဲ့ စီမံခန့်ခွဲရေး ဌာနကပါ..."
" မကြာခင်မှာ ကျွန်မတို့ ပလက်ဖောင်းပေါ်မှာ အပြန်အလှန် တွေ့ဆုံမှု အစီအစဉ်ကြီး တစ်ခု ရှိပါတယ်... အခု လက်ရှိ နာမည်ကြီးနေတဲ့ အနုပညာရှင်တွေနဲ့အတူ ကျွန်မတို့ရဲ့ ထိပ်တန်း Streamer တချို့ကို ဖိတ်ခေါ်ပြီး အပြန်အလှန် တွေ့ဆုံတဲ့ ပုံစံမျိုး လုပ်မှာပါ..."
" အခု အစ်ကို့ရဲ့ ပရိသတ် အင်အားက ပလက်ဖောင်းပေါ်မှာ တော်တော်လေး အားကောင်းနေပြီမို့လို့ ဒီအစီအစဉ်မှာ ပါဝင်ဖို့ ဖိတ်ခေါ်ချင်လို့ပါ... အစ်ကို အဆင်ပြေနိုင်မလားဟင်..."
ပလက်ဖောင်း စီမံခန့်ခွဲရေး ဌာန ဟုတ်လား... အစီအစဉ်မှာ ပါဝင်ရမယ် ဟုတ်လား...။
လီယီတောင်း ငြင်းပယ်ရန် စဉ်းစားလိုက်၏။
မဖြေရှင်းရသေးသော ကိစ္စများစွာ ရှိနေသည့်အပြင် လီယီနို၏ သတင်းအစအနပင် မရသေးသော အချိန်မျိုးတွင် မည်သည့် အစီအစဉ်တွင်မှ ပါဝင်ချင်စိတ် မရှိပေ။
" စိတ်မရှိပါနဲ့ဗျာ... ကျွန်တော်က..." ဟု သူ ချက်ချင်း ငြင်းရန် ပြင်လိုက်သည်။
သို့သော် ထိုအချိန်မှာပင် တစ်ဖက်မှ အလျင်အမြန် ဖြတ်ပြောလာ၏။
" အစ်ကိုယီတောင်း... ကျေးဇူးပြုပြီး ချက်ချင်းကြီး မငြင်းလိုက်ပါနဲ့ဦး..."
သူမက ဆက်လက် ရှင်းပြလေသည်။
" ဒီအစီအစဉ်ကနေ ရလာမယ့် လက်ဆောင်ငွေတွေ အားလုံးကို Streamer ရဲ့ ဝေစုကို ဖယ်ပြီးတာနဲ့ ပရဟိတ အဖွဲ့အစည်းတစ်ခုကို တိုက်ရိုက် လှူဒါန်းသွားမှာပါ... ဒါ့အပြင် စုစုပေါင်း ရရှိတဲ့ လက်ဆောင်ငွေက အတိုင်းအတာတစ်ခုအထိ ရောက်သွားရင် ကျွန်မတို့ ဖောင်ဒေးရှင်းတစ်ခုတောင် တည်ထောင်သွားမှာပါ..."
" အစီအစဉ် အတွင်းမှာ အစ်ကို ရရှိတဲ့ လက်ဆောင်တွေကိုလည်း လှူဒါန်းလို့ ရသလို၊ အစ်ကို့ဘာသာ သိမ်းထားချင်ရင်လည်း ရပါတယ်... တကယ်လို့ လှူဒါန်းဖို့ ဆုံးဖြတ်လိုက်မယ် ဆိုရင်တော့ အစ်ကို့ရဲ့ ပလက်ဖောင်း အကောင့်ဘေးမှာ အမြဲတမ်း ပေါ်နေမယ့် ပရဟိတ သံတမန် တံဆိပ်လေးတစ်ခု ရမှာပါ..."
" အဲဒီလို ရည်ရွယ်ချက်ကြောင့်ပဲ ကျွန်မတို့က အခု နာမည်ကြီးနေတဲ့ အနုပညာရှင် အများကြီးကို ဖိတ်ခေါ်ထားတာပါ..."
" ဒါကြောင့် အစ်ကိုယီတောင်း... တစ်ချက်လောက် စဉ်းစားပေးပါဦး... အစ်ကို့ရဲ့ နာမည်ကျော်ကြားမှုက ဒီအစီအစဉ်အတွက် တကယ်ကို လိုအပ်နေလို့ပါ..."
ပရဟိတ ဟုတ်လား...။
ရိုးရိုးသားသား ပြောရလျှင် ဤကဲ့သို့ ကိုယ်ကျင့်တရားနှင့် အကျပ်ကိုင်သော နည်းလမ်းကို သူ သိပ်သဘောမကျပေ။
သို့သော်လည်း အစီအစဉ်က ပရဟိတ သဘောတရား ဖြစ်နေသဖြင့် အတိုင်းအတာတစ်ခုအထိတော့ သူ ပါဝင်ပေးနိုင်ပါသည်။
" အစီအစဉ်ရဲ့ အသေးစိတ်က ဘယ်လိုလဲ..."
အစီအစဉ် အသေးစိတ်ကို လီယီတောင်း မေးလိုက်သည်ကို ကြားသောအခါ ရှောင်ဝမ် ပြုံးမိလေသည်။
ရင်ထဲမှ စိတ်လှုပ်ရှားမှုကို ထိန်းချုပ်ရင်း...
" ဒီအစီအစဉ်က ရိုးရိုးလေးပါ အစ်ကို... ကျွန်မတို့က အနုပညာရှင် ဧည့်သည်တွေကို Streamer တွေနဲ့ ကျပန်း အပြန်အလှန် စကားပြောခိုင်းမှာပါ..."
" ကျွန်မတို့ဘက်က စီစဉ်ပေးမယ့်သူ ရှိပါတယ်... တကယ်လို့ အစ်ကိုက သီးသန့် ဧည့်သည်တစ်ယောက်ယောက်နဲ့ အပြန်အလှန် ပြောချင်တယ် ဆိုရင်လည်း ကျွန်မတို့ စီစဉ်ပေးလို့ ရပါတယ်..."
လီယီတောင်း ခဏမျှ စဉ်းစားပြီးနောက်... " ကောင်းပြီလေ... " ဟု ပြောလိုက်သည်။
" ဒါပေမဲ့ ကျွန်တော် ဘယ်အချိန် Live လွှင့်နိုင်မလဲ ဆိုတာတော့ သေချာ မပြောနိုင်ဘူး... တကယ်လို့ ကျွန်တော် မလာဖြစ်ရင်တော့ မပါဝင်ဘူးလို့ပဲ သတ်မှတ်လိုက်ပါ..."
" ပြဿနာ မရှိပါဘူး... အစ်ကို့ရဲ့ အချိန်ဇယား အပေါ်မှာပဲ မူတည်ပါတယ် အစ်ကိုယီတောင်း..."
ရှောင်ဝမ်က မဆိုင်းမတွ သဘောတူလိုက်လေသည်။
ဘာပဲဖြစ်ဖြစ် ဤအစီအစဉ်ကို နှစ်ပတ်ကြာ ပြုလုပ်ရန် သူတို့ စီစဉ်ထားသည် မဟုတ်ပါလား။
လက်ရှိ နာမည်ကြီးနေသော အနုပညာရှင် ၂၀ ကျော်ကိုလည်း သူတို့ ဖိတ်ခေါ်ထားပြီး ဖြစ်သည်။
မမျှော်လင့်ထားသော ကိစ္စများ မရှိလျှင် လဝက်ခန့်အထိ ဤအစီအစဉ်ကို ရေပန်းစားအောင် ထိန်းသိမ်းထားနိုင်ရန်မှာ ပြဿနာ မဟုတ်ပေ။
ပလက်ဖောင်း အဖွဲ့သားများက အရာအားလုံးကို ကြိုတင် စီစဉ်ထားပြီး ဖြစ်လေသည်။
လီယီတောင်း၏ အခန်းကဏ္ဍနှင့် ပတ်သက်၍မူ... ရိုးရိုးသားသား ပြောရလျှင် တစ်ပလက်ဖောင်းလုံး၏ အမြင်တွင် သူ၏ သြဇာလွှမ်းမိုးမှုက အနုပညာရှင် အတော်များများထက်ပင် ပိုကြီးမားနေလေသည်။
မည်သို့ပင်ဖြစ်စေ လက်ရှိ နာမည်အကြီးဆုံး အနုပညာရှင်အချို့ပင်လျှင် တစ်ကြိမ် Live လွှင့်လျှင် ကြည့်ရှုသူ သန်းနှင့်ချီ ရှိရန် အာမမခံနိုင်ပေ။ သို့သော် လီယီတောင်း အတွက်မူ ထိုကဲ့သို့သော ကိန်းဂဏန်းများမှာ နေ့စဉ် ကြုံတွေ့နေရသော သာမန် ကိစ္စတစ်ခုသာ ဖြစ်၏။
လီယီတောင်းက ဆက်ပြောလေသည်။
" ကောင်းပြီ... အဲဒီအတိုင်းပဲ လုပ်ကြတာပေါ့... အစီအစဉ် စတဲ့အခါကျရင် ကျွန်တော့်ကို ဆက်သွယ်လိုက်ပါ... အဲဒီအချိန်မှာ ကျွန်တော် အားနေရင် Live လွှင့်ပေးပါ့မယ်..."
" ဟုတ်ကဲ့ပါ အစ်ကိုယီတောင်း... အစီအစဉ်က နောက်သုံးရက်နေရင် စဖို့ မှန်းထားပါတယ်... ကျွန်မ အစ်ကို့ကို ဆက်သွယ်လိုက်ပါ့မယ်... အစ်ကို အားရင် Live လွှင့်ပေးပါဦးနော်..."
" ဒါနဲ့... ကျွန်မတို့ သူဌေးက ပြောပါတယ်... အစီအစဉ် အတွင်းမှာ အစ်ကို့ရဲ့ Live က ရတဲ့ ဝင်ငွေတွေအပေါ် ပလက်ဖောင်းက ဘာအခကြေးငွေမှ ဖြတ်မှာ မဟုတ်ပါဘူးတဲ့... အစ်ကို အကုန် ထုတ်ယူချင်တာပဲ ဖြစ်ဖြစ်၊ လှူချင်တာပဲ ဖြစ်ဖြစ်၊ တစ်စိတ်တစ်ပိုင်း လှူချင်တာပဲ ဖြစ်ဖြစ်... အစ်ကို့ သဘောအတိုင်းပါပဲတဲ့..."
" သဘောပေါက်ပါပြီ... "
လီယီတောင်း၏ လေသံက တည်ငြိမ်နေ၏။ သူ ဝင်ငွေ ခွဲဝေမှုအပေါ် သိပ်ပြီး စိတ်မဝင်စားမှန်း သိသာလှပေသည်။
" ဒါဆိုရင်တော့ အစ်ကို့ကို ထပ်မနှောင့်ယှက်တော့ပါဘူးရှင်..."
" ဒါနဲ့ အစ်ကိုယီတောင်း... အစ်ကို အချိန်ရရင် Live လေး တစ်ခုလောက် လွှင့်ပေးပါဦးနော်..."
" ရိုးရိုးသားသား ပြောရရင် အစ်ကိုသာ Live မလွှင့်ရင် ကျွန်မတို့ ပလက်ဖောင်းရဲ့ ဝန်ဆောင်မှု ဖုန်းတွေကို အစ်ကို့ ပရိတ်သတ်တွေက လာလာ ဆဲရော..."
ရှောင်ဝမ်က အနည်းငယ် ကူကယ်ရာမဲ့သည့် လေသံဖြင့် ပြောလိုက်ခြင်း ဖြစ်သည်။
သူမက ချဲ့ကား ပြောနေခြင်း မဟုတ်ပေ။
လီယီတောင်းသာ Live မလွှင့်လျှင် သူ၏ ပရိသတ်များက ပလက်ဖောင်း၏ ဝန်ဆောင်မှု ဌာနကို လာသောင်းကျန်းတော့မည်မှာ အသေအချာပင်။ ဖုန်းချလိုက်ပြီးနောက် လီယီတောင်းက အပြင်ဘက်မှ ညအမှောင်ထုကို လှမ်းကြည့်ရင်း ပျင်းရိစွာဖြင့် ကိုယ်လက်ဆန့်လိုက်လေသည်။
ဂွီ...
သူ့ဗိုက်က မြည်လာ၏။
ကျိုးရှုရီတို့ ရှိရာ ဆိုင်ခန်းဘက် သူ အလိုလို လှမ်းကြည့်မိသွားလေသည်။
' အင်း... ဒီနေ့တော့ စားဖိုးဆောင် ပိတ်ထားတဲ့ ပုံပဲ... အပြင်ကပဲ မှာစားရတော့မှာပေါ့...'
ထို့ကြောင့် အသည်းစွဲ ဝက်လက်ထမင်းပေါင်း တစ်ပွဲကို သူ မှာယူလိုက်၏။ ထို့နောက် ခဏမျှ စဉ်းစားပြီးနောက် Live လွှင့်ရန် ဆုံးဖြတ်လိုက်သည်။
ပရိသတ်တွေနဲ့ ပေါ့ပေါ့ပါးပါး စကားပြောတာကလည်း အကြံကောင်းတစ်ခုပဲလေ...။
ပရိသတ်တွေရဲ့ စိတ်ဝင်စားစရာ Comment တွေကို ကြည့်ရတာကလည်း အနားယူဖို့ နည်းလမ်းတစ်ခုပေါ့...။
ဤအချိန်တွင် ကျိုးရှုရီနှင့် လီရှင်းထင်တို့မှာ ဆိုင်တွင် မရှိကြပေ။ ကျေးလက်ဒေသသို့ ဦးတည်မောင်းနှင်နေသော ဘတ်စ်ကားတစ်စီးပေါ်တွင် ရောက်နေကြလေသည်။
ဤခရီးစဉ်၏ ဦးတည်ရာမှာ လီရှင်းထင်၏ မွေးရပ်မြေပင် ဖြစ်လေသည်။
ပြန်ရသည့် အကြောင်းရင်းမှာ လီရှင်းထင်၏ အချစ်ဆုံး သူငယ်ချင်း၊ ညီမအရင်းလို ခင်ရသည့် သူငယ်ချင်း တစ်ယောက် မင်္ဂလာဆောင်တော့မည် ဖြစ်သောကြောင့်ပင်။
ပုံမှန်အားဖြင့် မင်္ဂလာဆောင် ဆိုသည်မှာ ပျော်ရွှင်စရာ ကိစ္စတစ်ခု ဖြစ်၏။ သို့သော် ဤသူငယ်ချင်း၏ မင်္ဂလာဆောင်ကတော့ အဖြစ်ဆိုး တစ်ခုသာ။
လီရှင်းထင်က သွားပြီး ဆုမွန်တောင်းပေးမည် မဟုတ်ဘဲ မဖြစ်သင့်မဖြစ်ထိုက်သော မင်္ဂလာဆောင်တစ်ခုကို သွားရောက် ဖျက်ဆီးပစ်ရန် ပြင်ဆင်ထားခြင်း ဖြစ်၏။
သူမက သူငယ်ချင်းကို ထွက်ပြေးနိုင်အောင် ကူညီပေးတော့မည် ဖြစ်သည်။
" ထွက်ပြေး " ဆိုသည့် စကားလုံးကို သူမ သုံးရခြင်းမှာ ချဲ့ကား ပြောဆိုခြင်း မဟုတ်ဘဲ သူမ၏ သူငယ်ချင်းမှာ သူမ၏ မိဘများက ရောင်းစားခြင်း ခံလိုက်ရသောကြောင့်ပင်။
အင်း… မိဘ အရင်းလည်း မဟုတ်ပါဘူး… မွေးစားမိဘတွေ… ကျွေးကျေးဇူးကို ဆပ်ဖို့ဆိုပြီး အတင်း မင်္ဂလာဆောင်ခိုင်းနေတာ…။
ဤကိစ္စကို ကြားကြားချင်း လီရှင်းထင် ဒေါသူပုန်ပြီး ငွေကြေးပမာဏ တစ်ခု သတ်မှတ်၍ သူငယ်ချင်း မွေးစားမိဘများကို ပေးရန် ကမ်းလှမ်းခဲ့သေးသည်။ သို့သော် သူငယ်ချင်းဖြစ်သူက ငြင်းပယ်ပြီး မင်္ဂလာပွဲကို လက်ခံခဲ့လေသည်။
ဒါပေမဲ့… ဒီကောင်မ ဒုက္ခတောထဲ ခုန်ဆင်းမှာကို ငါ လက်ပိုက်ကြည့်မနေနိုင်ဘူး…။
နောက်ဆုံးတွင်တော့ သူမ ကိုယ်တိုင် သွားရန်မှတစ်ပါး အခြား ရွေးချယ်စရာ မရှိတော့ပေ။
ဘာပဲဖြစ်ဖြစ်... အဲဒါက ငါ့ရဲ့ အချစ်ဆုံး သူငယ်ချင်းလေ...။
ငါ့တို့က ညီအစ်မတွေလိုပဲ… တကယ်ဆို သူက ငါ့ အသက်ကိုတောင် ကယ်ခဲ့ဖူးတာလေ… သူ ဒုက္ခရောက်မှာကို ထိုင်ကြည့်နေလို့ ဘယ်မဖြစ်မလဲ…။