[ ဒါဆို မင်းက ဓားဝိညာဉ်စမ်းသပ်မှုကို အောင်မြင်ခဲ့တဲ့သူပေါ့ ]
ရေကြည်ကန်၏ အောက်ခြေသည် နောက်ကျိနေသော ရေအောက်ကမ္ဘာတစ်ခု မဟုတ်ဘဲ လင်းထိန်နေသည့် သီးခြားနေရာတစ်ခု ဖြစ်နေသည်။
ချန်ဟွိုက်အန်က လှိုင်းထနေသော ရေပြင်အလယ်တွင် ရပ်နေသော်လည်း ရေစီးကြောင်းကိုမူ မခံစားရပေ။ ထိုနေရာရှိ အရာအားလုံးမှာ ပုံရိပ်ယောင်များသာ ဖြစ်သည်။
စီးဆင်းနေသော ယင်ယန်ဓားအသိများဖြင့် ဖွဲ့စည်းထားသည့် ထိုက်ကျိ ပုံရိပ်ကြီးဆီမှသာ ဖိအားအနည်းငယ် ထွက်ပေါ်နေသည်။
သုံးလံခန့်အကွာတွင် ဝတ်ရုံဖြူဝတ် ဆံပင်ဖြူအဘိုးအိုတစ်ဦးက ဓားသေတ္တာပေါ် ညာလက်ကို တင်ထားရင်း ဂုဏ်ယူဝင့်ကြွားသော အမူအရာဖြင့် ရပ်နေသည်။
ချန်ဟွိုက်အန် ဘာမှ ပြန်မပြောနိုင်ခင်မှာပင်...
ထိုအဖိုးအိုက ထပ်မံ၍ စကားပြောလာသည်။ သူ၏ အသံတွင် စိုးရိမ်တကြီး မျှော်လင့်နေသော အရိပ်အယောင်များ ပါဝင်နေ၏။
“မဂဏန်း ပြောင်းလဲမှုတွေက မပြောင်းလဲဘူး။ စုံဂဏန်း ပြောင်းလဲမှုတွေက သင်္ကေတအတိုင်း လိုက်နာတယ်..”
ချန်ဟွိုက်အန်၏ မျက်လုံးများ တောက်ပသွားပြီး ပြန်ဖြေလိုက်သည်။ “သင်္ကေတကို ဖတ်ဖို့ လေးပုံတစ်ပုံကွက်ကို စစ်ဆေးလိုက်..”
ကျန်းယိပိုင်၏ အကြွင်းအကျန် ဝိညာဉ်မှာ ခေါင်းကို ဝုန်းခနဲ လှည့်လာပြီး၊ ထက်ရှသော သူ၏ မျက်လုံးအစုံမှာ မျက်ရည်များဖြင့် ဝေ့သီသွားတော့သည်။
“ကောင်းတယ်... သိပ်ကောင်းတာပဲ။ ဟားဟားဟားဟား...”
သူက ခြေတစ်လှမ်းတည်းဖြင့် ချန်ဟွိုက်အန်၏ ရှေ့သို့ ရောက်ရှိလာပြီး ဝမ်းသာအားရဖြင့် ခေါင်းကို ရမ်းခါနေတော့သည်။
“လောကမှာ ဝမ်းသာစရာ သုံးခုရှိတယ်။ ဂုဏ်ထူးစာရင်းမှာ ကိုယ့်နာမည်ပါတာ၊ မင်္ဂလာဦးညမှာ သတို့သမီးအခန်းထဲကို ရောက်နေတာ။ ပြီးတော့ ဝေးလံတဲ့ အရပ်မှာ မိတ်ဆွေဟောင်းနဲ့ ဆုံစည်းရတာပဲ။ ငါ ချင်းယွန်ဘုံကို ကူးပြောင်းလာပြီး ပထမနှစ်ခုကိုတော့ တွေ့ကြုံခဲ့ဖူးတယ်။ ဘဝရဲ့ နောက်ဆုံးအချိန်မှာ တတိယမြောက်ကို တွေ့ရလိမ့်မယ်လို့ တစ်ခါမှ မတွေးခဲ့မိဘူး။ ကောင်းကင်ကြီးက ငါ့ကို တကယ် မျက်နှာသာပေးတာပဲ...”
ချန်ဟွိုက်အန်က ကျန်းယိပိုင်ကို ပြုံးလျက် ကြည့်ကာ ပြောလိုက်သည်။ “ဘာတွေ ပြောနေတာလဲ။ အဘိုးကြီး။ ကျွန်တော် သိပ်နားမလည်ဘူး။ ကျွန်တော်က သိပ္ပံအထူးပြု ကျောင်းသားဗျ။”
ကျန်းယိပိုင် - “…”
ဒီကောင်လေး ဘာဖြစ်နေတာလဲ...
ကြည်နူးစရာ ကောင်းနေတဲ့ အငွေ့အသက်များ ချက်ချင်း ပျက်စီးသွားရသည်။
“အဟမ်း။ ငါကလည်း ကမ္ဘာကနေ ကူးပြောင်းလာသူ တစ်ယောက်ပဲ။ ငါ ချင်းယွန်ဘုံမှာ ရှိနေတာ နှစ်ပေါင်းလေးထောင်နီးပါး ရှိပြီ။ စိတ်ဝိညာဉ်ချီစွမ်းအင်တွေ ကြွယ်ဝတဲ့ခေတ်ကနေ အခုလို ရှားပါးခြောက်သွေ့တဲ့ ခေတ်အထိ ပျက်စီးသွားတာကို စောင့်ကြည့်ခဲ့ရတယ်။ အင်မော်တယ် ဖြစ်သွားရင် စိတ်ဝိညာဉ်ချီစွမ်းအင် ခန်းခြောက်ရတဲ့ အကြောင်းရင်းကို သိရလိမ့်မယ်လို့ ထင်ခဲ့ပေမဲ့၊ ခရီးမဆုံးခင်မှာပဲ သေခဲ့ရတယ်။ ယောင်ချီ မြင့်မြတ်နယ်မြေနဲ့ ဖန်ကျင်း မြင့်မြတ်နယ်မြေက အဲဒီလူအိုကြီးနှစ်ယောက်ရဲ့ ချောင်းမြောင်းတိုက်ခိုက်တာ ခံလိုက်ရတာ။ အခုတော့ ငါ့မှာ ဓားဝိညာဉ်တစ်မျှင်ပဲ ကျန်တော့တယ်။”
ထိုအပိုင်းကိုတော့ ချန်ဟွိုက်အန် နားလည်သွားသည်။
ကျန်းယိပိုင်က နှစ်ပေါင်းလေးထောင်နီးပါး ကျင့်ကြံခဲ့သော်လည်း အခုထိ အင်မော်တယ် မဖြစ်သေးသည်ကို သူ အံ့သြမိသည်။ ထိုသို့ဆိုလျှင် သူကိုယ်တိုင်လည်း သိပ်ဆိုးလှသည်တော့ မဟုတ်။
“အဘိုးကြီး။ ခင်ဗျားမှာ ဘာရွှေလက်ချောင်းမှ မပါလာဘူးလား။”
“မပါဘူး။” ကျန်းယိပိုင် ခေါင်းခါပြီး ချန်ဟွိုက်အန်ကို ဘေးတိုက်ကြည့်လိုက်သည်။ “မင်းမှာရော ပါလား။”
“ကျွန်တော့်မှာလည်း မပါဘူး။” ချန်ဟွိုက်အန်က ခေါင်းကို တရစပ် ခါလိုက်သည်။
သူ၏ ပုံရိပ်ယောင်မှာ ဘာမှမရှိပေ။ သူက မိမိကိုယ်တိုင်အဖြစ် သန့်သန့်လေး ဂိမ်းကစား နေခြင်းသာ ဖြစ်သည်။ ဂိမ်းကစားခြင်းကို ရွှေလက်ချောင်းဟု ခေါ်နိုင်မည်လား။ ထိုသို့ဆိုလျှင် စံနှုန်းက နိမ့်လွန်းလှသည်။
ကိုးလှည့်စိတ်ဝိညာဉ်သစ်ခွနှင့် ကြာစိမ်းဓားသိုင်းကျမ်းတို့မှာမူ သူ ငွေအများကြီး သုံးထား၍ ဂိမ်းဖန်တီးသူများက ပေးသော လျော်ကြေးများသာ ဖြစ်သည်...
“ဒီခေတ်ကြီးထဲမှာ ရွှေလက်ချောင်းမပါတဲ့ ကူးပြောင်းလာသူတွေကတော့ တကယ့်ကို ရုန်းကန်ရတာပဲ။”
ကျန်းယိပိုင်က သူ့ကို သနားကရုဏာဖြင့် ကြည့်လိုက်သော်လည်း ချက်ချင်းပင် မျက်နှာ ပြန်ပွင့်သွားသည်။ “စိတ်မပူနဲ့ ညီလေး။ ငါ့မှာ ဓားဝိညာဉ်ပဲ ကျန်တော့တယ်ဆိုပေမဲ့ ဒီနေ့ကစပြီး ငါက မင်းရဲ့ ရွှေလက်ချောင်း ဖြစ်ပေးမယ်။ “ကောင်းကင်ဘုံသို့စစ်ခင်းခြင်း” ဖတ်ဖူးလား။ ငါက အဲဒီ လက်စွပ်ထဲက အဘိုးကြီးလို ဖြစ်မှာပေါ့။ ငါ နေဖို့ ဓားတစ်လက်သာ ရှာပေး၊ ငါက ဓားထဲက အဘိုးကြီး ဖြစ်ပေးမယ်။ နာမည်တောင် ပေးထားပြီးပြီ။ ဓားဘိုးဘိုးတဲ့...”
ကမ္ဘာမှ လူသားတစ်ယောက်နှင့် ဆုံလိုက်ရသောကြောင့် ကျန်းယိပိုင်၏ မြင့်မြတ်နယ်မြေ အကြီးအကဲဟန်ပန်များ ပျောက်ကွယ်သွား၏။
သူက ယခုအခါ အိပ်ရေးပျက်နေသော အွန်လိုင်းဝတ္ထု စွဲလမ်းသူတစ်ဦးကဲ့သို့ ပြုံးဖြဲဖြဲနှင့် လက်ဟန်ခြေဟန်များ လုပ်နေတော့သည်။
“တကယ်လား။ ခင်ဗျားက တကယ် ဓားထဲမှာ နေနိုင်တာလား။” ချန်ဟွိုက်အန် မျက်လုံးလေးများ တောက်ပလျက် ကြည့်လိုက်သည်။
ကျန်းယိပိုင်၏ ရည်ရွယ်ချက်ကို သူ သံသယမရှိပေ။ ထိုလူမှာ မြေပုံပေါ်တွင်ရော လူကိုယ်တိုင်ပါ ခင်မင်ရင်းနှီးမှု အစိမ်းရောင်အလင်းတန်းများ တောက်ပနေသောကြောင့်ပင်။
“ဒါပေါ့။” ကျန်းယိပိုင်က မေးကို ပင့်လိုက်သည်။ “အဟမ်း၊ ဒါပေမဲ့လည်း... အညံ့စားဓားတော့ မရွေးနဲ့။ ငါနေဖို့ သက်သောင့်သက်သာ ဖြစ်ဖို့ လိုတယ်...”
“ကျွန်တော့်မှာ ဝိညာဉ်ရတနာ ဖြစ်ခါနီး ပင်ကိုယ်ဓားပျံ တစ်လက် ရှိတယ်။ နာမည်က ကြေးခွံနက်တဲ့။ စိတ်ဝင်စားလား။”
“ပင်ကိုယ်ဝိညာဉ်ရတနာလား။ ဒါကတော့ တကယ့်ကို အံ့မခန်းပဲ...” ကျန်းယိပိုင် တကယ်ပင် အံ့သြသွား၏။
ဟင်းလင်းပြင်ပေါင်းစည်းခြင်းအဆင့် ကျင့်ကြံသူ အများစုမှာ ဝိညာဉ်လက်နက်များကိုသာ သုံးကြသည်။ မဟာတက်လှမ်းခြင်းအဆင့် ကျင့်ကြံသူများသာ ဝိညာဉ်ရတနာများကို ကိုင်တွယ် နိုင်ကြသည်။ အဘယ်ကြောင့်ဆိုသော် ဝိညာဉ်ရတနာများက ၎င်းတို့ကို အင်အားပေးရန်အတွက် ပိုမိုမြင့်မားသော ကမ္ဘာငယ်တစ်ခု လိုအပ်သောကြောင့်ပင်။ မဟုတ်လျှင် ၎င်းတို့ကို အသုံးပြု၍ပင် မရနိုင်ပေ။
ထိုဂျူနီယာမှာ ဟင်းလင်းပြင်ပေါင်းစည်းခြင်း အဋ္ဌမအဆင့်သာ ရှိသေးသော်လည်း သူ၏ ကမ္ဘာငယ်မှာ လိုအပ်ချက်နှင့် ကိုက်ညီနေပြီ ဖြစ်သည်။ ထိုကဲ့သို့သော အခြေခံမျိုးဖြင့် ဆိုလျှင် သူ၏ အနာဂတ်မှာ အကန့်အသတ်မရှိပေ။ အနည်းဆုံးတော့ ဒုတိယအကြိမ်မြောက် အတိဒုက္ခ မဟာတက်လှမ်းခြင်းအဆင့်အထိ ရောက်နိုင်ပေသည်။
လီကျစ်ဖျင်နှင့် နှိုင်းယှဉ်လျှင် ထိုကလေးမှာ အပြတ်အသတ် သာလွန်သည်။ ဇာတိတူကို ရွေးချယ်လိုက်ခြင်းမှာ တကယ့်ကို မှန်ကန်သော ဆုံးဖြတ်ချက်ပင်။
ကျန်းယိပိုင် အလွန် ကျေနပ်သွားသည်။ အကယ်၍ ဝိညာဉ်ရတနာသာ ဖြစ်ခဲ့လျှင် သူ၏ အကြွင်းအကျန် ဝိညာဉ်မှာ သူ၏တာအိုကို ပြန်တည်ဆောက်ရန် အခွင့်အရေး ရနိုင်ပေသည်။
ယခင်က ခဏတာ ပုန်းအောင်းနေပြီးမှ သေဆုံးခြင်းကို လက်ခံရန် သူ စိတ်ပိုင်းဖြတ်ထားခဲ့ခြင်း ဖြစ်သည်။
ချန်ဟွိုက်အန်က ပွန်းပဲ့ပျက်စီးနေသော ကြေးခွံနက်ဓားကို ထုတ်ပြလိုက်သည့် အချိန်အထိပေါ့။
ကျန်းယိပိုင်၏ အပြုံးများ ပျောက်ကွယ်သွား၏။ သူ၏ လက်ချောင်းများ တုန်ရီလျက် ဓားကို ညွှန်ပြလိုက်သည်။ “ဒါ... ဒါက ဝိညာဉ်ရတနာလား။”
“လောလောဆယ်တော့ မဟုတ်သေးဘူး။” ချန်ဟွိုက်အန်က ရှက်ပြုံးလေးနှင့် ပြုံးလိုက်သည်။ “ဒါပေမဲ့ မကြာခင် ဖြစ်လာတော့မှာပါ။”
“မင်းက ငါ့ကို အိမ်မက်တွေ ရောင်းနေတာလား။” ကျန်းယိပိုင် ခါးခါးသီးသီး ရယ်လိုက်သော်လည်း ထိုကိစ္စကို ဆက်မပြောတော့ပေ။
ဝိညာဉ်ရတနာ တစ်လက် ရရှိရန် မည်မျှခက်ခဲကြောင်း သူသိသည်။ ယနေ့ခေတ် ချင်းယွန်ဘုံတွင် ရှိသမျှသော ဝိညာဉ်ရတနာများမှာ ရှေးခေတ်ကျင့်ကြံသူများဆီမှ လက်ဆင့်ကမ်းလာသည့် အမွေအနှစ်များသာ ဖြစ်သည်။ ၎င်းတို့အနက် အများစုမှာလည်း သူတော်စင် ယွိယောင် ဆရာတော် ဖန်ယဲ့ သို့မဟုတ် ကွေ့ရှုမှ မိစ္ဆာအိုကြီးများ၏ လက်ထဲတွင်သာ ရှိကြသည်။
သူကိုယ်တိုင်လည်း တစ်ချိန်က ဝိညာဉ်ရတနာ သုံးလက် ပိုင်ဆိုင်ခဲ့ဖူးသည်။ ကျန့်ဝူ အမြွှာဓားမှာ တစ်လက်ဖြစ်သည်။ ကျန်နှစ်လက်မှာမူ သူတော်စင် ယွိယောင်နှင့် ဆရာတော် ဖန်ယဲ့တို့ကို တိုက်ခိုက်စဉ်က သူ၏ သံသရာဓားအသိအတွက် လောင်စာအဖြစ် အသုံးပြုခဲ့ရသဖြင့် ဘာမှ မကျန်တော့ပေ။ ယခုအခါ ကျန့်ဝူအမြွှာဓား၏ ပျက်စီးနေသော ဓားဝိညာဉ်သာ ကျန်တော့ပြီး ၎င်းမှာ သူ တည်ရှိနေရန် နောက်ဆုံးသော အားကိုးရာ ဖြစ်သည်။
ထိုဓားဝိညာဉ်က သူ၏ အကြွင်းအကျန် ဝိညာဉ်ကို ထိန်းသိမ်းရန် မိမိကိုယ်ကို စတေးခဲ့သည်။ အပြန်အလှန်အားဖြင့် သူလည်း ၎င်း၏ အပိုင်းအစများနှင့် ပေါင်းစည်းကာ ဓားဝိညာဉ်အသစ် ဖြစ်လာခဲ့သည်။
အမှန်အတိုင်းပြောရလျှင် ကျန်းယိပိုင်က သူ့ကိုယ်သူ ဝတ္ထုထဲက လက်စွပ်ထဲမှ အဘိုးကြီးထက် ပိုတန်ဖိုးရှိသည်ဟု ယုံကြည်နေသည်။
“ကောင်းပြီလေ။ ငါက မင်းကို ငါ့ရဲ့ အရိုက်အရာဆက်ခံသူအဖြစ် ရွေးချယ်လိုက်ပြီဆိုတော့...” ကျန်းယိပိုင်သည် ကလေးကလား အမူအရာများကို ဖျောက်ပစ်လိုက်ပြီး တည်ကြည်သွားသည်။
“မင်းရဲ့ ပင်ကိုယ်ဓားက အမှိုက်လက်နက်ပဲ ဖြစ်နေပါစေဦး၊ ကိုယ့်ရွေးချယ်မှုအတွက် ဘယ်တော့မှ နောင်တမရဘူး။ မင်းကို ချင်းယွန်ဘုံရဲ့ အကြီးကျယ်ဆုံး ဓားကျင့်ကြံသူ... မဟုတ်ဘူး၊ အကြီးကျယ်ဆုံး ဓားအင်မော်တယ် ဖြစ်အောင် ပျိုးထောင်နိုင်မယ်လို့ အပြည့်အဝ ယုံကြည်တယ်။ အင်း... ဒါက လုံးဝ ဖြစ်နိုင်တယ်...”
“အကြီးကျယ်ဆုံး ဓားအင်မော်ယ်ေ”ဟု ပြောလိုက်သည့်အခါ ကျန်းယိပိုင်၏ မျက်လုံးထဲတွင် ထူးဆန်းသော အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွား၏။
“ပြီးတော့ ငါ့မှာ တောင်းဆိုချက် တစ်ခုပဲရှိတယ်။ ကျန့်ဝူ မြင့်မြတ်နယ်မြေကို ကာကွယ်ပေးပါ...”
“ပြဿနာမရှိပါဘူး။” ချန်ဟွိုက်အန်က ပြုံးလျက် ခေါင်းညိတ်လိုက်သည်။
ကျန်းယိပိုင်နှင့် မဆုံခဲ့လျှင်ပင် ကျန်းမုန့်ချူးကြောင့် သူသည် ကျန့်ဝူ မြင့်မြတ်နယ်မြေအတွက် အစွမ်းကုန် ကူညီပေးမည်သာ ဖြစ်သည်။ ယခုတွင် ကျန်းမုန့်ချူးမှာ ထိုအကြည့်များကို ပေးခဲ့ပြီး သူတော်စင် ယွိယောင်နှင့် ရန်စခဲ့ပြီဖြစ်ရာ ယွိယောင်မှာ ကျန့်ဝူအပေါ် သောင်းကျန်းတော့မည်မှာ သေချာသည်။
“ကောင်းပြီ...” ချန်ဟွိုက်အန်၏ သဘောတူညီမှုကို မြင်သောအခါ၊ ကျန်းယိပိုင်က ရှေ့သို့ တိုးလာပြီး ကြေးခွံနက်ဓားကို တည်ကြည်စွာ ဆုပ်ကိုင်လိုက်ကာ၊ ယင်ယန်စွမ်းအင်တန်း တစ်ခုအဖြစ် ၎င်းအတွင်းသို့ ပေါင်းစည်းသွားတော့သည်။
ထိုအချိန်မှာပင် ရေကြည်ကန်အောက်ခြေရှိ ဓားကြေးမုံ ကမ္ဘာက သာမန်မျက်စိဖြင့် မြင်နိုင်သော အမြန်နှုန်းဖြင့် အလယ်ဗဟိုသို့ ပြိုကျပျက်စီးလာတော့သည်။
ချန်ဟွိုက်အန်၏ ခြေထောက်အောက်မှ ထိုက်ကျိပုံရိပ်မှာ ပို၍ လျင်မြန်စွာ လည်ပတ်လာသည်။ သူ၏ ပတ်ဝန်းကျင်တွင် ယင်ယန်ဓားအသိ အကြွင်းအကျန်များမှာ သူ၏ လှုပ်ရှားမှုတိုင်းကို လိုက်ပါလုပ်ဆောင်နေသည့် ပုံရိပ်ယောင် ဓားကျင့်ကြံသူများအဖြစ် စုစည်းလာကြသည်။
သူတို့၏ ဝတ်စုံများကို ကြည့်ရသလောက် ၎င်းတို့မှာ ကျန့်ဝူ မြင့်မြတ်နယ်မြေ၏ အစဉ်အဆက် အကြီးအကဲများနှင့် သူတော်စင်များ ဖြစ်ကြပြီး ၎င်းတို့ထဲတွင် ကျန်းယိပိုင်၏ ကိုယ်ပိုင်ပုံရိပ်လည်း ပါဝင်နေသည်။
ကျန်းယိပိုင် တစ်ဦးတည်းသာလျှင် ယင်ယန်ဓားအသိကို အထွတ်အထိပ်အထိ တွန်းတင်နိုင်ခဲ့ပြီး ၎င်းကို ပို၍ကြီးမားသော သံသရာဓားအသိ ထဲသို့ ပေါင်းစည်းနိုင်ခဲ့ခြင်း ဖြစ်သည်။
ထိုက်ကျိပုံရိပ်ကြီး ကွယ်ပျောက်သွားသည်နှင့် လည်ပတ်နေသော ထိုက်ကျိသင်္ကေတလေး တစ်ခုသည် ကြေးခွံနက်ဓား၏ ဓားလက်ကိုင်ပေါ်တွင် ပေါ်လာသည်။ ယင်နှင့်ယန်တို့သည် ဖရိုဖရဲစွမ်းအင်အဖြစ် ပေါင်းစပ်သွားကြပြီး ဓားလက်ကိုင်တွင် မြှုပ်နှံထားသော ချောက်နက်ကြီး တစ်ခုကို ရောင်ပြန်ဟပ်နေသည့် ပုလဲနက်လေးတစ်ခုနှင့် တူနေတော့သည်။
ကြေးခွံနက်ဓား၏ အပြင်ပန်းမှာ သိပ်မပြောင်းလဲသော်လည်း နက်နဲကာ လျို့ဝှက်ဆန်းပြားသော ဓားအရှိန်အဝါများက ဓားသွားနှင့် ဓားအိမ်ကို ရစ်ပတ်ထားတော့သည်။
ချန်ဟွိုက်အန်၏ မြင်ကွင်းထဲတွင် စနစ်၏ အသိပေးချက်တစ်ခု ပေါ်လာသည်။
[ ကြေးခွံနက်ဓားက လျို့ဝှက်ဆန်းပြားသော ဓားဝိညာဉ်တစ်ခုကို စုပ်ယူလိုက်ပါပြီ ]
[ ကြေးခွံနက်ဓားက အထွတ်အထိပ်အဆင့် ဝိညာဉ်လက်နက်အဖြစ် အဆင့်တိုးသွားပါပြီ ]
[ ကြေးခွံနက်ဓား - သံသရာ (ပျက်စီးနေသည်) ]
အင်း... ထိုသို့ ပြောင်းလဲမှုများကို သူ ရင်းနှီးပြီးသားပင်။ ချန်ဟွိုက်အန်က ကြေးခွံနက်ဓားကို တစ်ချက် ကြည့်လိုက်သည်။
ဒါက... အဆင့်မြှင့်လိုက်တာပေါ့...
***