“ကြည့်ဦး... ရေကြည်ကန်မှာ လှုပ်ရှားမှုရှိနေပြီ...”
“ယင်ယန်ဓားအသိတွေ ပျောက်သွားပြီ။ အဲဒီစီနီယာက ဒါကို နားလည်သဘောပေါက် သွားတာလား၊ ဒါမှမဟုတ် အထဲက ရတနာတစ်ခုခု ရသွားတာလား မသိဘူး...”
သာမန်ကျင့်ကြံသူများ မပြန်သေးဘဲ အခြေအနေကို စောင့်ကြည့်နေကြဆဲ ဖြစ်သည်။ သို့သော် ဝါရင့်အချို့မှာမူ ထိုနေရာမှ စတင်ဆုတ်ခွာနေကြပြီ ဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် ချင်းယွန်ဘုံ၏ ကျင့်ကြံသူများကြားတွင် ရတနာအတွက် လုယက် သတ်ဖြတ်ခြင်းမှာ ရှေးယခင်ကတည်းက တည်ရှိလာခဲ့သော “ဓလေ့တစ်ခု”ကဲ့သို့ ဖြစ်နေ၍ပင်။
သာမန်ကျင့်ကြံသူများ လုပ်ဆောင်လျှင် ၎င်းကို “လုယက်မှု”ဟု ခေါ်သော်လည်း ဟင်းလင်းပြင် ပေါင်းစည်းခြင်းအဆင့် ကျင့်ကြံသူများ လုပ်ဆောင်လျှင်မူ...
၎င်းကို “ကံကြမ္မာပေးသော အခွင့်အရေးအတွက် ယှဉ်ပြိုင်ခြင်း”ဟု ခေါ်ဆိုကြသည်။
ထိုနေရာတွင် ဟင်းလင်းပြင်ပေါင်းစည်းခြင်းအဆင့် ကျင့်ကြံသူ နှစ်ဦး ရှိနေသေးသည်။ ကံကြမ္မာ အတွက် တိုက်ပွဲတစ်ခုမှာ သိသိသာသာပင် ဖြစ်ပေါ်လာတော့မည်။ ဟင်းလင်းပြင်ပေါင်းစည်းခြင်း အဆင့် ကျင့်ကြံသူ သုံးဦး တိုက်ခိုက်ကြလျှင် မည်သို့ရှိမည်ကို မည်သူမျှ စိတ်ကူးမယဉ် နိုင်သော်လည်း တစ်ခုတော့ သေချာသည်မှာ သူတို့လို အဆင့်နိမ့် ကျင့်ကြံသူများကမူ အသက်ရှင်ကျန်ရစ်မည် မဟုတ်ပေ။
ယခုအချိန်တွင် ဆက်ရှိနေခြင်းမှာ ကိုယ့်သေတွင်းကိုယ်တူးနေခြင်းနှင့် မခြားပေ။
ရေကြည်ကန်၏ ရေပြင်က လှိုင်းထသွား၏။
ချန်ဟွိုက်အန်သည် ရေပြင်ထက်တွင် လမ်းလျှောက်လျက် ထွက်ပေါ်လာသည်။
သူ၏ကိုယ်ပေါ်မှ ယင်ယန်ဓားအသိကို ခံစားလိုက်ရသောအခါ လီကျစ်ဖျင်၏ မျက်လုံးများ နီမြန်းသွား၏။
ဒါက ကျန့်ဝူ မြင့်မြတ်နယ်မြေက သူတော်စင်ရဲ့ ဓားအသိပဲ... ဘယ်လိုလုပ်ပြီး အပြင်လူ တစ်ယောက်ဆီကို ရောက်သွားနိုင်မှာလဲ...
ဒီလူက ဓားကျောင်းတော်ဘိုးဘေး ဖြစ်နေရင်ရော ဘာဖြစ်လဲ။ သူက ငါတို့လူမှ မဟုတ်တာ...
ကျန်းမုန့်ချူးက ဓားကျောင်းတော်နဲ့ ပူးပေါင်းချင်နေတယ်ဆိုပေမဲ့ သူ အခုထိ ပြန်မလာသေးဘူး။ အခြေအနေတွေက ဘယ်လိုဖြစ်လာမလဲ ဘယ်သူသိမှာလဲ။
လီကျစ်ဖျင် ထိုမျှအထိ အဝေးကြီး မတွေးနိုင်တော့ပေ။ သူ ခံစားနေရသည်မှာ အရှက်ရမှုနှင့် ဒေါသသာ။
ဆရာတော် ဖန်ခုန်းအတွက်မူ ပို၍ ရိုးရှင်းသည်။
ဓားကျောင်းတော်ဘိုးဘေးက ဟင်းလင်းပြင်ပေါင်းစည်းခြင်း အဋ္ဌမအဆင့် ဖြစ်သလို သူကိုယ်တိုင်လည်း ထိုအဆင့်ပင် ဖြစ်သည်။ ဆိုလိုသည်မှာ ထိုယင်ယန်ဓားအသိက သူ ပိုင်ဆိုင်ရမည့် ကံကြမ္မာလည်း ဖြစ်နိုင်၏။
ထို့ကြောင့် ချန်ဟွိုက်အန် ရေပေါ်သို့ တက်လာသည်နှင့် ဟင်းလင်းပြင်ပေါင်းစည်းခြင်းအဆင့် အရှိန်အဝါ နှစ်ခုက သူ့အပေါ်သို့ ကျရောက်လာတော့သည်။
လီကျစ်ဖျင်မှာ သတ်ဖြတ်လိုစိတ် မရှိသော်လည်း၊ ဆရာတော် ဖနခုန်းတွင်မူ သေချာပေါက် ရှိနေသည်။
“တာအိုမိတ်ဆွေ...” လီကျစ်ဖျင် ရှေ့သို့ တစ်လှမ်းတက်ကာ လက်အုပ်ချီလျက် အရိုအသေ ပေးလိုက်သည်။ “ဒီယင်ယန်ဓားအသိက ကျွန်တော်တို့ ကျန့်ဝူ မြင့်မြတ်နယ်မြေက သူတော်စင်နဲ့ ဆက်နွှယ်နေတာပါ။ ခင်ဗျား ရေကန်ထဲကနေ ရခဲ့တဲ့အရာကို ပြန်ပေးဖို့ မျှော်လင့်ပါတယ်။ ခင်ဗျား ဘယ်လို အရင်းအမြစ်တွေပဲ လိုအပ်ပါစေ ကျွန်တော်တို့ ကျန့်ဝူ မြင့်မြတ်နယ်မြေက ဘာနဲ့မဆို လဲလှယ်ပေးဖို့ အသင့်ပါပဲ...”
ကျင့်ကြံမှုအရဆိုလျှင် ချန်ဟွိုက်အန်မှာ သူ့ထက် စီနီယာကျသည်။ ထို့ကြောင့် သူ ထိုလူကို မနှစ်သက်သော်လည်း လိုအပ်သော ယဉ်ကျေးမှုကိုတော့ ပြသနေခြင်း ဖြစ်သည်။
“အဘိုးကြီးကျန်း...” ချန်ဟွိုက်အန်က စိတ်ထဲမှနေ၍ ကျန်းယိပိုင်ကို ပြောလိုက်သည်။ “ခင်ဗျားရဲ့ ကျန့်ဝူက ဂျူနီယာတွေကတော့ တကယ့်ကို ခေါင်းမာတာပဲ။ ကြည့်လို့ သိပ်မကောင်းဘူး။”
ကြေးခွံနက်ဓားက အနည်းငယ် တုန်ခါသွားသည်။ “ဘာလို့ အဲလိုပြောတာလဲ။ ငါ အပြင်ဘက်က ဘာကိုမှ မခံစားရဘူး။”
ချန်ဟွိုက်အန်က လီကျစ်ဖျင်၏ ယဉ်ကျေးသယောင်ရှိသော်လည်း ရန်လိုသော စကားလုံးများကို ပြန်လည်ပြောပြလိုက်သည်။
ကျန်းယိပိုင်က ရယ်မောလိုက်သည်။ “မကောင်းတာတွေပဲ တတ်ထားကြတာကိုး... အဲဒီ မြည်းလို ခေါင်းမာတဲ့ အကျင့်က မိသားစုလိုက်အကျင့်ပဲ။ ကျန့်ဝူရဲ့ အကြီးအကဲ ဖြစ်နေတာ မဆန်းပါဘူး။”
“ခင်ဗျားကိုယ်တိုင် ထွက်ပြီး သူနဲ့ စကားပြောမလား။”
ကျန်းယိပိုင် သဘောတူတော့မည့်ဆဲဆဲမှာပင် အေးစက်ကာ မကောင်းဆိုးဝါးဆန်ဆန် ရယ်သံ တစ်ခု ထွက်ပေါ်လာသည်။
“ဟင်း... ဟင်း... ကျန့်ဝူ မြင့်မြတ်နယ်မြေ... အပြင်ပန်းမှာတော့ တောက်ပပြီး အတွင်းထဲမှာတော့ မသန့်ရှင်းတဲ့ လုပ်ရပ်တွေချည်းပဲ။”
ဆရာတော် ဖန်ခုန်းက လှောင်ပြုံးပြုံးလျက် ရှေ့သို့ တိုးလာသည်။ သူ၏ မှေးစက်နေသော မျက်လုံးများက ချန်ဟွိုက်အန်ကို စိုက်ကြည့်နေ၏။
“ဒါပေမဲ့ ဒီကိုယ်တော်ကတော့ မတူဘူး။ ငါက လိုချင်တာကို မျက်နှာချင်းဆိုင် တိုက်ရိုက် ပြောတတ်တယ်။ တာအိုမိတ်ဆွေ၊ ခင်ဗျား အခုလေးတင် ရလိုက်တဲ့ ဓားဝိညာဉ်နဲ့ ခင်ဗျားကြားမှာ နက်ရှိုင်းတဲ့ ကံကြမ္မာအနှောင်အဖွဲ့ ရှိတယ်လို့ ဒီကိုယ်တော် တွက်ချက်မိတယ်။ အဲဒါကို လက်လွှဲပေးလိုက်ရင် ဘယ်လိုလဲ။ အပြန်အလှန်အနေနဲ့ ခင်ဗျားရဲ့ အနာဂတ်က ကုသိုလ် တရားတွေနဲ့ ပြည့်နှက်နေစေရမယ်လို့ ဒီကိုယ်တော် အာမခံတယ်။ အော်မီတော်ဖော်...”
ထိုစကားကြောင့် ချန်ဟွိုက်အန် ရယ်မောမိသွားသည်။
“အဘိုးကြီးကျန်း၊ ဖန်ကျင်းမြင့်မြတ်နယ်မြေရဲ့ ဘုန်းကြီးက ခင်ဗျားကို သူ့ရဲ့ အစောင့်ခွေး လုပ်ခိုင်းချင်နေတယ်တဲ့။ ဘယ်လိုလဲ။”
“ဘာပြောတယ်...” ကြေးခွံနက်ဓားထဲမှ အသံမှာ သတ်ဖြတ်လိုစိတ်များဖြင့် ပြည့်နှက်သွားသည်။ “ညီလေး၊ အဲဒီခွေးရဲ့ အရေခွံကို ဆွဲခွာပစ်လိုက်... ငါ မင်းကို ရက်စက်တဲ့ အကွက်တစ်ခု သင်ပေးမယ်...”
“ကောင်းပြီလေ။ လုပ်လိုက်တော့...” ချန်ဟွိုက်အန်က ညာလက်ဖြင့် ချန်ကျန်းဓား လက်ကိုင်ကို လှမ်းကိုင်လိုက်သည်။
ယခုအခါ သူက ဓားနှစ်လက်နှင့် ခရီးသွားနေခြင်း ဖြစ်သည်။ ချန်ကျန်းမှာ သူ၏ ပင်ကိုယ်ဓားပျံ မဟုတ်သော်လည်း၊ အရှေ့မှ ဘုန်းတော်ကြီးအိုကို ကိုင်တွယ်ရန်အတွက် လုံလောက်သည်ထက် ပိုနေပြီ ဖြစ်သည်။
“ဆရာတော် ဖုန်ခုန်းလား။ တိုက်ဆိုင်လိုက်တာ။ ဒီသခင်ကလည်း ခင်ဗျားနဲ့ ကံကြမ္မာ အနှောင်အဖွဲ့ ရှိတယ်လို့ ခံစားရတယ်။”
“အိုး...” ကမ္မရဟန်း၏ မှေးနေသော မျက်လုံးများ အနည်းငယ် ပွင့်လာသည်။ “ဘယ်လိုမျိုး ကံကြမ္မာ အနှောင်အဖွဲ့များပါလိမ့်။”
“မကြာခင်မှာပဲ ခင်ဗျား သိရမှာပါ။” ချန်ဟွိုက်အန်က ဓားလက်ကိုင်ကို ရုတ်တရက် တင်းတင်းပ် ဆုပ်ကိုင်လိုက်သည်။
သူ၏လက်တွင် တစ်သက်လုံး ဓားကျင့်ကြံခဲ့သူ တစ်ဦးကဲ့သို့ အသားမာများ မရှိသလို၊ အထူးတလည် ကြီးမားခြင်း သို့မဟုတ် သိမ်မွေ့ခြင်းလည်း မရှိပေ။ သို့သော်လည်း သူ ဓားကို ကိုင်လိုက်သည့် ခဏတွင် ၎င်းမှာ သာမန်လက်နက်တစ်ခုနှင့် မတူတော့ပေ။ သူ့ခန္ဓာကိုယ်၏ အစိတ်အပိုင်းတစ်ခု ဖြစ်သွားသယောင်ပင်။
ချန်ကျန်းဓားက ဓားအိမ်အတွင်းမှနေ၍ လှောင်အိမ်ထဲမှ ရုန်းထွက်ရန် ကြိုးစားနေသော သားရဲ တစ်ကောင်ကဲ့သို့ ပြင်းထန်စွာ တုန်ခါလာပြီး ထက်ရှသော ဓားသံများကို ထုတ်ဖော် လာတော့သည်။
ထိုအသံမှာ ပဲ့တင်ထပ်သွားပြီး မကြာမီမှာပင် အနီးနားရှိ ကျင့်ကြံသူတိုင်း၏ ခါးရှိ ဓားများလည်း တုံ့ပြန်မှုအနေဖြင့် စတင်၍ တုန်ခါလာကြ၏။ ကျင့်ကြံသူများမှာ ထိတ်လန့်သွားကြသည်။ ပုံမှန်အားဖြင့် တိတ်ဆိတ်နေသော သူတို့၏ ဓားပျံများမှာ ရုတ်တရက် အသက်ဝင်လာသကဲ့သို့ ဖြစ်နေသည်ကို သူတို့ မယုံကြည်နိုင်ကြပေ။ အချို့မှာ ၎င်းတို့ကို ဖိထားရန် ကြိုးစားသော်လည်း မရပေ။ ဓားအချို့မှာမူ ဓားအိမ်ထဲမှ အလိုအလျောက် ပျံထွက်သွားကြတော့သည်။
မမြင်နိုင်သော ဓားအသိတစ်ခုမှာ လောကအနှံ့ စတင်၍ စုစည်းလာသည်။ အစပိုင်းတွင် ၎င်းမှာ အရာအားလုံးကို တိတ်တဆိတ် အားဖြည့်ပေးနေသော မိုးဖွဲလေးများကဲ့သို့ ရှိသော်လည်း၊ မျက်စိ တစ်မှိတ်အတွင်းမှာပင် အသက်ရှူရခက်စေသော ရေကြီးမှုကြီးတစ်ခုကဲ့သို့ ဖြစ်လာတော့သည်။
ဆရာတော် ဖန်ခုန်းက ပုတီးစိပ်နေသော သူ၏လက်ကို ရုတ်တရက် ရပ်လိုက်သည်။ သူ၏ လက်ချောင်းများက ကွေးသွားပြီး ပုတီးစေ့တစ်စေ့က ပျံထွက်သွားသည်။ ၎င်းသည် လေထဲတွင် ကြီးမားလာပြီး ဝိုင်းစက်နေသော စားပွဲတစ်လုံးခန့်ရှိသည့် ရွှေရောင်လက်သီးကြီးတစ်ခု ဖြစ်လာသည်။ ၎င်း၏ အပေါ်တွင် လောင်ကျွမ်းနေသော စာလုံးများဖြင့် ဖုံးလွှမ်းထားပြီး ကြောက်မက်ဖွယ် စွမ်းအားများနှင့်အတူ ချန်ဟွိုက်အန်ဆီသို့ ဦးတည်သွားတော့သည်။
ဓားကျင့်ကြံသူတစ်ဦးနဲ့ တိုက်ခိုက်မလား။ သူတို့ကို အနားအကပ်မခံနဲ့။ ပြီးတော့ သူတို့ ဘယ်လို ဓားလမ်းစဉ်ကို လိုက်သလဲဆိုတာကိုလည်း သတိထားရမယ်။
သူ၏ အမြင်တွင်မူ ဓားကျောင်းတော်ဘိုးဘေးသည် စွမ်းအားကို စုစည်းပြီးမှ တိုက်ခိုက်ရသော အရှိန်အဟုန်ဓားပညာကို ကျင့်ကြံသူ ဖြစ်သည်။ ထိုဓားပညာ၏ အားနည်းချက်မှာ ရိုးရှင်းသည်။ သူတို့၏ စည်းချက်ကို နှောင့်ယှက်လိုက်လျှင် သူတို့၏ စွမ်းအားမှာ တဟုန်ထိုး ကျဆင်း၍ သွားတတ်သည်။ သူတို့နှစ်ဦးစလုံးမှာ ကျင့်ကြံမှုအဆင့် တူညီသည်။ ထို့ကြောင့် ချန်ဟွိုက်အန်ကို ဟန်ချက်ပျက်သွားစေရန် မရပ်မနား တိုက်ခိုက်နေရန်သာ လိုအပ်၏။
ပထမဆုံး ပုတီးစေ့ ပျံထွက်သွားသည်နှင့် ဒုတိယမြောက် တစ်စေ့က နောက်ကနေ ချက်ချင်း လိုက်သွားသည်။ ဖန်ခုန်း၏ နောက်ကွယ်တွင် ရွှေရောင်ဗုဒ္ဓနယ်မြေ တစ်ခု ပုံပေါ်လာသည်။ သူ၏ အမူအရာမှာ တည်ကြည်သွားပြီး၊ လေမတိုက်ဘဲ ဝတ်ရုံများက တဖျတ်ဖျတ် လွင့်နေ၏။ လက်တစ်ဖက်ကို ရင်ဘတ်ရှေ့တွင် မတ်မတ်ထားပြီး၊ ကျန်လက်တစ်ဖက်ဖြင့် ပုတီးစေ့များကို ထပ်မံ၍ ပစ်လွှတ်လိုက်သည်။
သူ၏ လက်ချောင်းများ ကွေးလိုက်တိုင်း ရွှေရောင်ဗုဒ္ဓအရှိန်အဝါများမှာ ပုံရိပ်ယောင်နယ်မြေထဲမှ သူ၏ လက်ဖဝါးထဲသို့ စီးဝင်လာပြီး ပျံသန်းနေသော ပုတီးစေ့များအတွင်းသို့ ရောက်သွားကာ ကြောက်မက်ဖွယ်ကောင်းသော ရွှေရောင်လက်သီးကြီးများအဖြစ် ပြောင်းလဲသွား၏။
ထိုပုတီးစေ့များမှာ သူ၏ အထွတ်အထိပ်အဆင့် ဝိညာဉ်လက်နက်များအနက် တစ်ခုဖြစ်ပြီး ၎င်းတို့ကို အဆုံးမဲ့ ထုတ်လုပ်နိုင်သည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် ပုတီးစေ့ပေါင်း (၁၀၀)ခန့် ပျံထွက်သွားပြီး တစ်ခုချင်းစီမှာ လက်သီးတော်ကြီးများ ဖြစ်လာသည်။ ချန်ဟွိုက်အန်၏ ကောင်းကင်ယံမှာ လောင်ကျွမ်းနေသော ရွှေရောင်လက်သီးကြီးများဖြင့် ပြည့်နေပြီး နေမင်းပေါင်း တစ်ရာ ရုတ်တရက် ထွက်ပေါ်လာသကဲ့သို့ ရှိနေတော့သည်။
“မကောင်းတော့ဘူး။ ဒီဘုန်းကြီး ရူးသွားပြီ။ ဒီလက်သီးတွေက ငါတို့အားလုံးကိုပါ ထိတော့မှာ...”
အနီးနားရှိ ကျင့်ကြံသူများမှာ သူတို့ပါ တိုက်ခိုက်မှုဧရိယာထဲတွင် ပါဝင်နေသည်ကို သိလိုက် ရသဖြင့် ပြာယာခတ်ကုန်ကြသည်။ သူတို့ ထင်သည့်အတိုင်းပင်။ ဆရာတော် ဖန်ခုန်းသည် သက်သေရှိသမျှကို နှုတ်ပိတ်ရန် အစကတည်းက ရည်ရွယ်ထားခြင်း ဖြစ်သည်။
သေပြီးသားလူက စကားမပြောနိုင်ဘူး မဟုတ်လား။
ရေကြည်ကန်၏ ရှေ့တွင် ကောင်းကင်မှ ကျဆင်းလာသော ကြီးမားသည့် အရာဝတ္ထုများ၏ အသံကြီးမှာ တဟိန်းဟိန်း မြည်ဟည်းနေတော့သည်။ ရွှေရောင်လက်သီးကြီးများ နိမ့်ဆင်း လာလေလေ၊ ၎င်းတို့၏ အရှိန်မှာ ပို၍ မြန်လာလေလေ ဖြစ်ပြီး လေထုကိုပင် ပုံပျက်သွားစေကာ စူးရှသော အသံများကို ထွက်ပေါ်စေသည်။
၎င်းတို့မှာ ပစ်မှတ်သို့ နီးကပ်လာသည်နှင့်အမျှ လက်သီးတစ်ခုချင်းစီတွင် တာအိုဗုဒ္ဓမီးတောက်များ ဖုံးလွှမ်းလာပြီး ကောင်းကင်ယံမှ ပြုတ်ကျလာသော နေလုံးငယ်လေးများနှင့် အမှန်တကယ်ပင် တူညီနေတော့သည်။
“ဖန်ကျင်းမြင့်မြတ်နယ်မြေက မကောင်းတဲ့သူလို့ ခေါ်ကြတာ မဆန်းတော့ဘူးပဲ။”
လွှမ်းမိုးထားသော အင်အားကြီးကို ကြည့်ရင်း ချန်ဟွိုက်အန်ပင် ၎င်းကို ဝန်ခံလိုက်ရသည်။
ယောင်ချီ မြင့်မြတ်နယ်မြေမှာ တစ်ချိန်က ဂီတနှင့် ဆေးဝါးဖော်စပ်ခြင်းကြောင့် ကျော်ကြားခဲ့၏။ သူတော်စင် ယွိယောင် လက်အောက်တွင် တိုက်ခိုက်ရေးဘက်သို့ ပြောင်းလဲခဲ့သော်လည်း၊ ဖန်ကျင်း မြင့်မြတ်နယ်မြေ၏ တိုက်ခိုက်ရေး စွမ်းရည်ကိုမူ မမီသေးပေ။ ထိုဘုန်းကြီးသည် ဟင်းလင်းပြင်ပေါင်းစည်းခြင်း အဋ္ဌမအဆင့် ကျင့်ကြံသူတစ်ဦး ရှိသင့်သည့် အမြင့်ဆုံးသော စွမ်းအားကို ပြသနေခြင်း ဖြစ်သည်။
ဒါပေမဲ့...
သူ တိုက်ခိုက်နေရတာက ဓားကျင့်ကြံသူတစ်ဦး ဖြစ်နေတာကတော့ သူ့အတွက် ကံဆိုးတာပဲ။
“ညီလေး၊ ဒါကို ဘယ်လို ကိုင်တွယ်ဖို့ စိတ်ကူးထားလဲ။”
ကျန်းယိပိုင်၏ အသံက ကြေးခွံနက်ဓားအတွင်းမှ ပဲ့တင်ထပ်လာသည်။ သူသည် အပြင် လောကကို မမြင်ရသော်လည်း ဖန်ခုန်း ထုတ်ဖော်နေသည့် စွမ်းအားကိုမူ ခံစားမိသည်။ သူ၏ အသံတွင် စိုးရိမ်ရိပ် အနည်းငယ် ပါဝင်နေသည်။ သူက ချန်ဟွိုက်အန်ကို အမှန်တကယ်ပင် သဘောကျနေပြီး သူ့ကို အထိအခိုက် မခံစေချင်ပေ။
ချန်ဟွိုက်အန်၏ နှုတ်ခမ်းများတွင် အပြုံးလေးတစ်ခု ပေါ်လာ၏။
သူက တည်ငြိမ်စွာပင် ပြန်ဖြေလိုက်သည်။ “ခံစစ်ကနေ တိုက်စစ်ကို ပြောင်းတာပေါ့။”
***