ချန်ကျန်းဓား ဓားအိမ်အတွင်းမှ ထွက်ပေါ်လာပြီး သူ့ရှေ့တွင် ကန့်လန့်ဖြတ် ဆုပ်ကိုင်ထားသည်။
ဓားအလင်းတန်း မရှိ။ ဓားချီလည်း မရှိပေ။
သို့သော် ထိုခဏ၌ပင် ဓားအသိများ ကိန်းဝပ်သွားတော့သည်။
ဓားက မတ်မတ်ရှိနေသကဲ့သို့ ချန်ဟွိုက်အန်လည်း မတ်မတ်ရပ်နေသည်။
ကောင်းကင်ယံမှ ကျဆင်းလာသော နေမင်းငယ်များကို ရင်ဆိုင်ရင်း သူ၏ ပတ်ဝန်းကျင်ရှိ ဟင်းလင်းပြင်မှာပင် ငြိမ်သက်သွားရသည်။
သူ၏ ဆံပင်တစ်မျှင်၊ ဝတ်ရုံစွန်းတစ်စပင် လှုပ်ခတ်ခြင်း မရှိတော့ပေ။
“ဓားကျောင်းတော်က ဂုဏ်ယူဝင့်ကြွားစွာနဲ့ ခန့်ညားထည်ဝါစွာ ရပ်တည်နေတယ်။”
ကောင်းကင်ယံမှ ဟိန်းဟောက်နေသော ဗုဒ္ဓကျိန်စာသံများကြားသို့ ပျံ့လွင့်နေသော အသံတစ်သံ တိုးဝင်သွားသည်။ လေထုထဲတွင် ပျံ့နှံ့နေသော ဓားအသိများမှာ ရုတ်တရက် စုစည်း၍ သွားတော့သည်။ ဘေးပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများ မျက်လုံးပြူးသွားသည်။ ချန်ဟွိုက်အန်၏ နောက်ကွယ်တွင် နေဝင်ဆည်းဆာအောက်၌ ခန့်ညားလှသော တောင်ကြားလမ်းကြီးတစ်ခုကို သူတို့ မြင်လိုက်ရ၏။
ကောင်းကင်ယံသို့ ဦးတည်နေသော ရှည်လျားဖြောင့်တန်းသည့် လမ်းမကြီးတစ်ခု။ ဘေးတစ်ဖက် တစ်ချက်တွင် ချွန်ထက်သော ကျောက်ဆောင်ကြီးများက ဝံပုလွေစွယ်များကဲ့သို့ ရှိနေသည်။
ခေတ်အဆက်ဆက် တိုက်စားမှုဒဏ်ကို ခံထားရသော ကျောက်တုံးကြီးများမှာ အခုထိ ခိုင်မာစွာ တည်ရှိနေဆဲပင်။
ထိုခဏမှာပင် ဖန်ခုန်း၏ မီးတောက်လက်သီးကြီးများမှာ ဝုန်းခနဲ ကျဆင်းလာတော့သည်။
သူ၏ ဦးခေါင်းထက်သို့ ရောက်ရှိလာချိန်တွင် လက်သီးရိပ်များမှာ အဆမတန် ကြီးမားလာပြီး ရေကြည်ကန် တစ်ခုလုံးကို တစ်ချက်တည်းဖြင့် လွှမ်းမိုးသွားတော့သည်။
အချိန်မီ မရှောင်တိမ်းနိုင်သူများမှာ ခြေထောက်များ တုန်ရီလျက် မျှော်လင့်ချက်မဲ့စွာ မော့ကြည့်နေကြရသည်။ သူတို့ရှေ့ရှိ တောင်တန်းကြီးကို ကျောကပ်ထားသော ပုံရိပ်ကသာ ထိုတိုက်ခိုက်မှုကို တားဆီးပေးနိုင်ပါစေဟု ဆုတောင်းနေကြတော့သည်။
ချန်ဟွိုက်အန်၏ မျက်လုံးများတွင် အေးစက်သော အရောင်အဝါတစ်ခု ဖြတ်ပြေးသွားသည်။ သူက ကောင်းကင်ယံသို့ မော့ကြည့်လိုက်၏။
လက်နှစ်ဖက်စလုံးဖြင့် ဓားကို ရှေ့သို့ တွန်းထုတ်လိုက်ရာ နောက်ကွယ်မှ တောင်တန်းကြီးမှာ ဓားအကာအရံ အတွင်းသို့ ပေါင်းစည်းသွားပြီး အတူတကွ တုန်ခါလာတော့သည်။
သူ၏ နှုတ်ခမ်းများ လှုပ်ရှားခြင်း မရှိသော်လည်း ဓားသံနှင့်အတူ သူတော်စင် ဂါထာသံများ ပဲ့တင်ထပ်လာသည်။
“လူတစ်ယောက်က တောင်ကြားလမ်းကို စောင့်နေရင်၊ ဘယ်သူမှ ဖြတ်ကျော်လို့ မရစေရဘူး...”
၎င်းမှာ တောင်တန်းများကြားမှ ခေါင်းလောင်းသံကဲ့သို့၊ ခြောက်သွေ့နေသော ရေတွင်းဟောင်း ထဲသို့ ကျောက်ခဲတစ်လုံး ပစ်ချလိုက်သကဲ့သို့ အသံထွက်ပေါ်လာသည်။
လက်သီးရိပ်များနှင့် ဓားအကာအရံတို့ ထိတွေ့မိသည့်ခဏတွင် နက်ရှိုင်းကာ ရှေးကျသော ဟိန်းဟောက်သံကြီး ပေါက်ကွဲထွက်ပေါ်လာသည်။ ထိုဖျက်ဆီးအားပြင်းသော တိုက်ကွက်မှာ သူ၏ ဦးခေါင်းထက် သုံးလံအကွာတွင် ရုတ်တရက် ရပ်တန့်သွားတော့သည်။
ချန်ကျန်းဓားက လက်မဝက်မျှပင် မလှုပ်ရှားပေ။ ဓားသွားပေါ် လှိုင်းအနည်းငယ် ပြေးသွားရုံသာ ရှိသည်။ လှိုင်းတစ်ခု ပြေးသွားတိုင်း သူ့ရှေ့မှ ဓားကန့်လန့်ကာမှာ ပို၍ ကျယ်ပြန့်ကာ ပို၍ ထူထဲလာတော့သည်။
ဒုတိယမြောက် မီးတောက်လက်သီး ကျဆင်းလာချိန်တွင် ဓားကန့်လန့်ကာမှာ ရေကြည်ကန်၏ ကောင်းကင်ယံတစ်ခုလုံးကို ဖုံးလွှမ်းသွားပြီး ကျင့်ကြံသူတိုင်း၏ ခေါင်းပေါ်တွင် မြင့်မားသော တံတိုင်းကြီးတစ်ခုအဖြစ် တည်ရှိနေပြီဖြစ်သည်။
“အံ့သြစရာပဲ... ဓားကျင့်ကြံသူတွေက တိုက်စစ်မှာပဲ ထူးချွန်ကြတယ်လို့ ပြောကြပေမဲ့၊ ဒီခံစစ်ကလည်း အဆင့်မြင့်လွန်းလှတယ်...”
အချို့သော ကျင့်ကြံသူများမှာ သက်ပြင်းချနိုင်သွားကြသည်။
သို့သော် ဝါရင့်သူများမှာမူ မျက်မှောင်ကြုတ်နေကြဆဲပင်။
“မသေချာသေးဘူး။ သေချာကြည့်။ ဘုန်းကြီးရဲ့ လက်သီးတစ်ချက် ကျတိုင်း အဲဒီဓားကျင့်ကြံသူရဲ့ ပုံရိပ်က အနည်းငယ် နိမ့်ဆင်းသွားတယ်။ တကယ်လို့ အဲဒီလက်သီးတွေ အကုန်ကျလာရင် သူ ရေကန်ထဲမှာ ကြိတ်ချေခံရမှာ မဟုတ်ဘူးလား။ သူ အကုန်လုံးကို တကယ် တားနိုင်ပါ့မလား။”
မိမိ၏ တိုက်ကွက်မှာ တားဆီးခံလိုက်ရသည်ကို မြင်သောအခါ ဖန်ခုန်း၏ အမူအရာမှာ အေးစက်သွားသည်။ သူသည် ပုတီးစေ့များကို ထပ်မံ မပစ်လွှတ်တော့ဘဲ လက်နှစ်ဖက်ကို ဘေးသို့ ဖြန့်လိုက်ကာ အောက်သို့ ပြင်းထန်စွာ ရိုက်ချလိုက်သည်။
သူ့နောက်ကွယ်ရှိ ကမ္ဘာငယ်ထဲမှ ရွှေရောင်ဗုဒ္ဓအလင်းတန်းများမှာ ချည်မျှင်များကဲ့သို့ သူ၏ ခန္ဓာကိုယ်အတွင်းသို့ စီးဝင်လာသည်။
ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါတစ်ခု ထွက်ပေါ်လာပြီး ကောင်းကင်ရှိ လက်သီးများ အားလုံးနှင့် သူ့ကို ဆက်သွယ်လိုက်သည်။ မူလက တစ်ခုပြီးမှတစ်ခု ကျဆင်းနေသော လက်သီးများမှာ ရုတ်တရက် အရှိန်မြင့်လာပြီး မိုးကြိုးပစ်သံလို ဟိန်းဟောက်သံကြီးများနှင့်အတူ ဓားလိုက်ကာကို တရစပ် ရိုက်ခတ်တော့သည်။
ဓားကန့်လန့်ကာမှာ ထိုတိုက်ခိုက်မှုအောက်၌ စတင်ပုံပျက်လာသည်။ အဝေးမှကြည့်လျှင် မီးပင်လယ်ကြီးအတွင်း ဝါးမျိုခံထားရသော ငွေဖြူရောင် တံတိုင်းကြီးတစ်ခုနှင့် တူနေတော့သည်။
“ညီလေး၊ မင်း ဆက်တောင့်ခံနိုင်သေးရဲ့လား။”
ချန်ဟွိုက်အန်က သူ၏ ဓားနည်းဗျူဟာကို ပြောင်းလဲရန် ပြင်ဆင်နေချိန် ဖြစ်သည်။ သူက အပြစ်မဲ့သော ကျင့်ကြံသူများ ထိုနေရာတွင် မသေဆုံးစေရန်အတွက် ခံစစ်ကို ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။ ၎င်းမှာ ကြင်နာတတ်၍ မဟုတ်ဘဲ လူကို ကယ်တင်ခြင်းမှာ ကုသိုလ်ရမှတ်များ ရရှိသောကြောင့်ဖြစ်ပြီး နောက်ပိုင်းတွင် ကံကောင်းမှုကို လောင်စာအဖြစ် သုံးသည့်အခါ ပြစ်ဒဏ် နည်းပါးစေရန် ဖြစ်သည်။
ယခု ကျန်းယိပိုင်၏ အသံကို ကြားလိုက်ရသောအခါ၊ သူ၏ မျက်လုံးများ တောက်ပသွားပြီး နာကျင်စွာ ညည်းတွားလိုက်သယောင် ဟန်ဆောင်လိုက်သည်။
“အာ... အစ်ကိုကျန်း၊ ကျွန်တော် ဒီကုလားအုတ်ကို လျှော့တွက်မိသွားတယ်။ သူ့ရဲ့ ပင်ကိုယ်မှော်လက်နက်က ဟာသမဟုတ်ဘူးပဲ။ ကံဆိုးတာက ကျွန်တော့်ရဲ့ ပင်ကိုယ်လက်နက်က ပျက်စီးနေတာပဲ။ မဟုတ်ရင် သူ ဒီလောက် မာန်တက်နေဖို့ ဘယ်လိုလုပ် အခွင့်အရေးရမလဲ။”
ကျန်းယိပိုင် ခေတ္တမျှ စကားဆွံ့သွားပြီးမှ ရေရွတ်လိုက်သည်။ “မင်းက... ဘယ်လို စဉ်းစားပြီး အဲဒီလို အညံ့စားဓားကိုမှ မင်းရဲ့ ပင်ကိုယ်လက်နက်အဖြစ် ရွေးခဲ့တာလဲ။”
ချန်ဟွိုက်အန်သည် ယခင်က ဝက်ဘ်ဝတ္ထုထဲက ဇာတ်လိုက်များ လုပ်သကဲ့သို့ ကြေးခွံနက်ဓားမှာ ထူးခြားသည်ဟု ခံစားရသဖြင့် လက်ချောင်းကို ဖောက်ကာ သွေးစက်ချခဲ့ပုံကို ပြန်လည်၍ သတိရလိုက်သည်။ ထိုအချိန်မှစ၍ ၎င်းမှာ သူ၏ ပင်ကိုယ်လက်နက် ဖြစ်လာခဲ့ပြီး ဝိညာဉ်လည်း တဖြည်းဖြည်း ဝင်လာခဲ့ခြင်းပင်။ သူက ကြေးခွံနက်ဓားကို အထင်မသေးပေ။ နောက်ဆုံးတွင် ၎င်းမှာ သူနှင့် အနီးကပ်ဆုံး ရှိခဲ့သည့် ပထမဆုံးသော ဓားဖြစ်သည် မဟုတ်ပါလား။
“ကျွန်တော် ငယ်သေးတော့ နည်းနည်း တုံးသွားတာပါ..” သူ ပြန်ဖြေလိုက်သည်။
“နားလည်ပါတယ်။ အင်း... နားလည်ပါတယ်...” ကျန်းယိပိုင် သက်ပြင်းချလိုက်သည်။ “အဲဒီတုန်းက... ငါ့ရဲ့ ပထမဆုံး ပင်ကိုယ်ဓားကလည်း သာမန်ဓား တစ်လက်ပါပဲ။ နောက်ပိုင်း ယင်ယန်ဓားအသိကို ကျင့်ကြံတဲ့အခါ နောက်တစ်လက် ထပ်သွန်းလုပ်ခဲ့တယ်။ အဲဒီပထမဓားကို လဲလှယ်ဖို့ အခွင့်အရေးတွေ အများကြီး ရှိခဲ့ပေမဲ့ ငါ မလဲနိုင်ခဲ့ဘူး။”
“ကောင်းပြီလေ။ မင်း အခက်တွေ့နေတယ်ဆိုတော့၊ ဒီနေ့ မင်းကို ပညာရပ် တစ်ခု သင်ပေးမယ်...”
ချန်ဟွိုက်အန် စိတ်ထဲမှ ပြုံးလိုက်သည်။ ဇာတိတူအစ်ကိုကြီးတွေကိုတော့ ချစ်ဖို့ကောင်းသားပဲ။
“မင်းက ခံစစ်ကနေ တိုက်စစ်ကို ပြောင်းဖို့ စဉ်းစားနေတာ မဟုတ်လား။ ဒါဆိုရင် အဲဒီအတွက် အသင့်တော်ဆုံး တိုက်ကွက်ကို ငါသင်ပေးမယ်။ သေချာ အာရုံစိုက်ထား...”
ကျန်းယိပိုင် ပြောလိုက်သည်နှင့် ချန်ဟွိုက်အန်၏ စိတ်ထဲတွင် ပုံရိပ်တစ်ခု ပေါ်လာသည်။
၎င်းမှာ တာအိုဝတ်ရုံကို ဝတ်ဆင်ထားပြီး အမြွှာဓားများကို ကိုင်ဆောင်ထားသော ကျန်းယိပိုင်ပင် ဖြစ်သည်။ ထိုပုံရိပ်၏ မျက်နှာကို မမြင်ရဘဲ ခန္ဓာကိုယ်တစ်ခုလုံးမှာ မင်ပန်းချီ တစ်ခုကဲ့သို့ မှောင်မည်းနေသည်။ ရုတ်တရက် အမှောင်ထုထဲမှနေ၍ ဓားပျံပေါင်းများစွာမှာ သူ့ထံသို့ ပျံသန်းလာကြသည်။ သူသည် အနေအထားကို ပြင်လိုက်ပြီး လက်နှစ်ဖက်ကို ဖြန့်လိုက်ရာ၊ သူ၏ ခြေထောက်အောက်တွင် လည်ပတ်နေသော ထိုက်ကျိ ပုံရိပ်ကြီးတစ်ခု ပေါ်လာသည်။
ဝင်လာသော ဓားများက မမြင်နိုင်သော အကာအကွယ်နှင့် ထိတွေ့ကာ သူ့ကို ဗဟိုပြု၍ ပတ်ချာလည် စတင်လည်ပတ်လာပြီး တဖြည်းဖြည်း နီးကပ်လာကြသည်။ ထိတွေ့တော့မည့် ဆဲဆဲမှာပင်၊ အကာအကွယ်မှာ အပြင်ဘက်သို့ ဝုန်းခနဲ ပေါက်ကွဲထွက်သွားသည်။
လည်ပတ်နေသော ဓားများက ဆန့်ကျင်ဘက်သို့ ပြောင်းပြန်လှည့်သွားပြီး မူလထက် ပိုမို၍ မြန်ဆန်သော အရှိန်ဖြင့် ပြန်လည် ပျံထွက်သွားကြသည်။ ထိုပုံရိပ်မှာ ပျောက်ကွယ်၍ သွားတော့သည်။
ကျန်းယိပိုင်၏ အသံမှာ သူ၏ စိတ်ထဲတွင် ပဲ့တင်ထပ်လာသည်။
[ ဒီတိုက်ကွက်က အင်အားကို အင်အားနဲ့ ပြန်တိုက်တာပဲ။ ခံစစ်ကနေ တိုက်စစ်ကို ပြောင်းလဲပေးတယ်။ အဲဒီနှစ်ခုလုံးကို အချိတ်အဆက်မိမိ ပေါင်းစပ်ပေးထားတယ် ]
[ ဒီတိုက်ကွက်ရဲ့ နာမည်က လီယွမ် “ငှက်တွေက သူတို့သိတဲ့ သစ်ပင်မှာပဲ နားကြသလို၊ ငါးတွေကလည်း ရေနက်ရာကနေ မခွာဘူး” လို့ အဓိပ္ပာယ်ရတယ် ]
[ တကယ်လို့ လီယွမ်သာ မပျက်စီးဘူးဆိုရင်၊ မြစ်ပေါင်း(၁၀၀)ဟာ... ပင်လယ်ကြီး ဖြစ်လာလိမ့်မယ်... ]
သူ၏အသံမှာ ရိုက်ခတ်နေသော လှိုင်းသံများကြား ပျောက်ကွယ်သွား၏။
ချန်ဟွိုက်အန်၏ မျက်စိရှေ့တွင် စနစ်၏ အသိပေးချက်အသစ်တစ်ခု ပေါ်လာသည်။
[ ကျန့်ဝူမြင့်မြတ်နယ်မြေ အရှင်သခင် ကျန်းယိပိုင်က သင့်အား ကျန့်ဝူ လျို့ဝှက်ပညာရပ် လီယွမ် သင်ကြားပေးနေပါသည် ]
[ သင်ယူမှုကို လက်ခံမလား ]
[ လက်ခံလိုက်သည်နှင့် သင်ကည် လီယွမ် အခြေခံအဆင့်ကို ရရှိပါမည်။ သင့်တွင် မူလတာအိုခန္ဓာရှိနေ၍ လီယွမ်ကျွမ်းကျင်အဆင့်ကို အလိုအလျောက် နားလည် သဘောပေါက် သွားပါမည်... ]
အားပါးပါး...
မူလတာအိုခန္ဓာကိုယ်နဲ့ ပေါင်းစည်းလိုက်တာ ဘာအကျိုးကျေးဇူးမှ မတွေ့ရဘူးလို့ တွေးနေခဲ့တာ။ ကျင့်ကြံမှုအဆင့် ရုတ်တရက် တိုးမလာဘူး။ လေ့ကျင့်မှုတွေ မြန်မလာဘူး။ အခုကြည့်တော့မှ ဒါကို စောင့်နေခဲ့တာကိုး။
တွန့်ဆုတ်နေစရာ မလိုတော့ပေ။ ချန်ဟွိုက်အန် ချက်ချင်းပင် အတည်ပြုလိုက်သည်။
[ သင်သည် ကျန့်ဝူ လျို့ဝှက်ပညာရပ် လီယွမ်(ကျွမ်းကျင်အဆင့်)ကို ရရှိသွားပါပြီ ]
“ကောင်းလိုက်တာ...” ချန်ဟွိုက်အန် တဟားဟား ရယ်မောလိုက်သည်။
ကျန်းယိပိုင်၏ အသံမှာ ကျန်ရှိနေဆဲပင်...
[ ညီလေး၊ မင်း ဟင်းလင်းပြင်ပေါင်းစည်းခြင်းအဆင့်ကို ရောက်နေတာက မင်းရဲ့ ပါရမီကို သက်သေပြနေတာပဲ။ ဒါပေမဲ့ ငါ့ရဲ့ လီယွမ်က သင်ယူဖို့ မလွယ်ဘူး။ မင်းအနေနဲ့ အပေါ်ယံ လောက်ကိုပဲ ရဦးမှာပါ။ ဒါပေမဲ့ ဒါက မင်းအတွက် အချိန်တော့ ဆွဲပေးနိုင်မှာ သေချာတယ်... ]
ချန်ဟွိုက်အန် ဘာမှ မပြောတော့ဘဲ လက်နှစ်ဖက်ကို ဘေးသို့ ဖြန့်လိုက်သည်။
သူ၏ ကျောရိုးထဲမှ မြူခိုးများ ထွက်ပေါ်လာသည်။ နက်နဲသော ယင်ဓားအသိများမှာ သူ၏ လက်မောင်းများဆီသို့ စီးဝင်လာသည်။
နောက်တစ်စက္ကန့်တွင် ရေကြည်ကန်၏ ရေများက ထူးဆန်းသော ဆွဲအားတစ်ခုအောက်တွင် မြင့်တက်လာပြီး၊ သူ့ကို တစ်ကိုယ်လုံး ပတ်ပတ်လည် ဝိုင်းရံသွားကာ ဓားကန့်လန့်ကာထက်တွင် ရေဖြင့်ပြုလုပ်ထားသော ဝိုင်းစက်သည့် ဒိုင်းလွှားကြီးတစ်ခုကို ဖွဲ့စည်းလိုက်သည်။
ကောင်းကင်ကို ပိတ်ဆို့ထားသော ထိုရေကာရံကြီး အတွင်းတွင်...
ရေများဖြင့် ဖွဲ့စည်းထားသော ကြီးမားသည့် ဓားကျင့်ကြံသူတစ်ဦးက ထိုက်ကျိ ပုံစံတစ်ခုကို လုပ်ဆောင်နေသည်ကို ဝေဝါးစွာ မြင်တွေ့နိုင်သည်။ ရေစီးကြောင်းအတွင်းမှာ ငါးကလေးများပင် အေးအေးလူလူ ကူးခတ်နေကြ၏။
ဖန်ခုန် ပစ်လွှတ်လိုက်သော မီးတောက်လက်သီးကြီးများမှာ ထိုရေဒိုင်းလွှားနှင့် ထိတွေ့သည်နှင့် အေးခဲသွားသယောင် ရှိနေတော့သည်။ ရေပုံရိပ်ကြီး လှည့်လိုက်သည်နှင့် လက်သီး တိုက်ကွက်များမှာ ၎င်းကို ဗဟိုပြု၍ ပတ်ချာလည် လည်ပတ်သွားကြသည်။ လက်သီးများက ပို၍ ပို၍ တင်းကျပ်စွာ ဆွဲယူခံလိုက်ရပြီး၊ နှင်းလုံးကြီး တစ်ခုကဲ့သို့ တဖြည်းဖြည်း ပို၍ ပို၍ ကြီးမားလာတော့သည်။
၎င်းကို မြင်လိုက်ရသောအခါ ဖန်ခုန်း၏ ဦးရေပြားမှာပင် ထုံကျင်သွားသည်။ သူ၏ အန္တိမအဆင့် မှော်လက်နက်ဖြစ်သော ရွှေရောင်ဆွမ်းခံသပိတ်ကို ထုတ်ကာ လှုပ်ခါလိုက်သည်။
မရဘူး။ ဒါက တားနိုင်မှာ မဟုတ်ဘူး။
ထို့နောက် သူ ပုံမှန်အားဖြင့် ဝတ်ဆင်ရန် နှမြောနေသော ဝိညာဉ်အဆင့် ကသိုဏ်းသင်္ကေတ ဝတ်ရုံကို ထုတ်လိုက်ပြန်သည်။ သူ ခေါင်းခါနေမိဆဲပင်။ အလကားပဲ။
အကယ်၍ ခံစစ်ရတနာ နှစ်ခုလုံးက အလုပ်မဖြစ်ဘူးဆိုလျှင် ကျန်ရှိသည့် ရွေးချယ်စရာ တစ်ခုတည်းသာ ရှိတော့သည်။ ၎င်းမှာ ထွက်ပြေးရန်ပင်။
သို့သော် နောက်ကျသွားလေပြီ။
ဓားသွားကဲ့သို့ ထက်ရှသော သတ်ဖြတ်ချင်စိတ်တစ်ခုက သူ့ကို ပစ်မှတ်အဖြစ် သေသေချာချာ သတ်မှတ်ထားပြီးသား ဖြစ်သည်။
“မီးလုံးတွေနဲ့ ကစားရတာ ဝါသနာပါတာလား။” ချန်ဟွိုက်အန် သွားဖြူဖြူလေးများ ပေါ်အောင် ပြုံးလိုက်သည်။
သူက လက်ဖဝါးနှစ်ဖက်လုံးကို ရှေ့သို့ တွန်းထုတ်လိုက်ရာ ရေပုံရိပ်ကြီးနှင့် တစ်သားတည်း ဖြစ်သွားတော့သည်။ တောင်တစ်လုံးခန့် ကြီးမားလှသော စုစည်းနေသည့် မီးတောက် လက်သီးလုံးကြီးမှာ ထိုလှုပ်ရှားမှုနောက်သို့ လိုက်ပါသွားပြီး ဟိန်းဟောက်
သံကြီးနှင့်အတူ အောက်သို့ ပြင်းထန်စွာ ရိုက်ချလိုက်တော့သည်။
“ဒါဆိုရင် အကုန်လုံးကို ပြန်ယူသွားလိုက်တော့...”
“မီးစွမ်းအင် - မဟာမီးတောက် ဂျုစု...”
***