[ သင်သည် ဆရာတော် ဖန်ခုန်းကို သတ်ဖြတ်လိုက်ပါပြီ။ ဖြောင့်မှန်သောလမ်းစဉ် ကျင့်ကြံသူ အပိုင်းအစ ၁၀၀ ရရှိပါသည်။ တိုက်ကွက်မှာ အလွန်ပြင်းထန်လွန်းသဖြင့် မည်သည့်ပစ္စည်းမှ ကျလာခြင်းမရှိပါ ]
“ပစ္စည်းတွေ တစ်ခုမှ မကျတော့ဘူးလား။ အေးပါ... ရတယ်လေ။”
ချန်ဟွိုက်အန် သက်ပြင်းတစ်ချက် ချလိုက်သည်။
သူ၏ တကယ့်ပြိုင်ဘက်များမှာ သူတော်စင် ယွိယောင်နှင့် ဆရာတော် ဖန်ယဲ့ ကဲ့သို့သော မဟာတက်လှမ်းခြင်းအဆင့်သို့ ရောက်ရှိသူများ ဖြစ်သည်။ အန္တိမအဆင့် ဝိညာဉ်လက်နက် တစ်ခုသည်ပင် သူ့အတွက် အသုံးမဝင်တော့ပေ။ ၎င်းမှာ ဝိညာဉ်ရတနာနှင့် ထိတွေ့လိုက်သည်နှင့် ကြေမွသွားမည်သာ ဖြစ်သည်။ ထို့ကြောင့် ဝိညာဉ်ရတနာအဆင့်ရှိသော ဓားသန္ဓေသားလောင်း တစ်ခုကို စနစ်တကျ စတင်သွန်းလုပ်ခြင်းက ပို၍မှန်ကန်ပေလိမ့်မည်။
သို့သော်လည်း မိစ္ဆာလမ်းစဉ်အရောင်းဆိုင်ကို မစစ်ဆေးဖြစ်သည်မှာ အတော်ကြာပြီ ဖြစ်ရာ ကောင်းနိုးရာရာ တစ်ခုခုများ အသစ်ရောက်နေမလားဟု သူ လှမ်းကြည့်လိုက်သည်။ အဓိက ရန်သူကို ရှင်းလင်းပြီးပြီ ဖြစ်သလို လီကျစ်ဖျင် တစ်ယောက်သာ ကျန်ရှိတော့သဖြင့် သူက အေးအေးဆေးဆေးပင် ကြည့်ရှုလိုက်ရာ အံ့အားသင့်သွားရတော့သည်။
[ အလယ်အလတ်အဆင့် ဝိညာဉ်ရတနာ - နေဝင်ချိန်ဝရဇိန်လက်နက်။ ဈေးနှုန်း - ဖြောင့်မှန်သောလမ်းစဉ် အပိုင်းအစ ၁၅၀၀၀၊ ဝိညာဉ်ပုံဆောင်ခဲ ၁၀၀၀ ]
[ အဆင့်မြင့် ဝိညာဉ်ရတနာ - ဗုဒ္ဓဝရဇိန်လက်ချောင်းရိုး။ ဈေးနှုန်း - အပိုင်းအစ ၅၀၀၀၀၊ ဝိညာဉ်ပုံဆောင်ခဲ ၅၀၀၀ ]
[ အလယ်အလတ်အဆင့် ဝိညာဉ်ရတနာ - သုံးလောကဝိညာဉ်နွယ်ပင်။ ဈေးနှုန်း - အပိုင်းအစ ၁၂၀၀၀၊ ဝိညာဉ်ပုံဆောင်ခဲ ၁၂၀၀ ]
…
မိစ္ဆာလမ်းစဉ်ကျင့်ကြံသူအရောင်းဆိုင်က အသစ်များ တိုးလာရုံသာမက ယခုအခါ ဝိညာဉ်ရတနာ (၉)မျိုးအထိ ရှိနေပြီ ဖြစ်သည်။
သို့သော် လက်ရှိအပိုင်းအစ အရေအတွက်အရဆိုလျှင် ၎င်းတို့အနက် တစ်ခုကိုမျှ ဝယ်ယူနိုင်ရန် အလှမ်းဝေးနေဆဲပင်။ သို့သော်လည်း ဖြောင့်မှန်သောလမ်းစဉ် အပိုင်းအစများကို ရှာဖွေရသည်မှာ လွယ်ကူလှသည်။ ယောင်ချီ မြင့်မြတ်နယ်မြေ သို့မဟုတ် ဖန်ကျင်း မြင့်မြတ်နယ်မြေမှ တပည့် အချို့ကို ရှာပြီး သတ်လိုက်ရုံသာ။
၎င်းတို့က အပိုင်းအစများကို အမြောက်အမြား ပေးရုံသာမက တကယ့်ကို ပိုလျှံနေအောင် ပေးတတ်ကြသည်။ ချန်ဟွိုက်အန်သည် တစ်ချိန်က ငြိမ်းချမ်းရေးကို မြတ်နိုးသူ ဖြစ်သော်လည်း ယခုတော့ စိတ်မထိန်းနိုင်တော့ပေ။ ထိုမြင့်မြတ်နယ်မြေနှစ်ခုဆီသို့ သွားကာ “ရေစက်” အချို့ကို သွားရောက်ဖန်တီးချင်သည့် စိတ်ဆန္ဒများ တားမရဆီးမရ ဖြစ်ပေါ်လာတော့သည်။
“စီနီယာ... ကျွန်တော် နှိမ့်ချစွာ တောင်းဆိုပါရစေ။ ဓားဝိညာဉ်ကို ကျန့်ဝူ မြင့်မြတ်နယ်မြေဆီ ပြန်ပေးပါ။ အပြန်အလှန်အနေနဲ့ ခင်ဗျား လိုချင်တဲ့ ဘယ်လို အရင်းအမြစ်ကိုမဆို ပေးဖို့ အသင့်ပါပဲ။”
ဖန်ခုန်းနှင့် တိုက်ပွဲဖြစ်နေစဉ်အတွင်း လီကျစ်ဖျင် ဝင်ရောက်စွက်ဖက်ခြင်း မပြုခဲ့ပေ။ သို့သော် တိုက်ပွဲအပြီးတွင်မူ ချန်ဟွိုက်အန်၏ ရှေ့၌ ဒူးထောက်ကာ အသနားခံနေပြန်သည်။
ဟင်းလင်းပြင်ပေါင်းစည်းခြင်း သတ္တိမအဆင့်ရှိသူတစ်ဦးအနေဖြင့် သူက ချန်ဟွိုက်အန်လောက် မသန်မာသော်လည်း ဟင်းလင်းပြင်ပေါင်းစည်းခြင်းအဆင့် ကျင့်ကြံသူတစ်ဦး၏ ဂုဏ်သိက္ခာတော့ ရှိသေးသည်။ ထိုအဆင့်ရှိသူတစ်ဦးက မိမိကိုယ်မိမိ ဒူးထောက်ခြင်းမှာ မိမိ၏ ကိုယ်ပိုင်ဂိုဏ်းမှ စီနီယာများအပေါ်တွင်သာ ပြုလုပ်လေ့ရှိသည်။ မဟာတက်လှမ်းခြင်းအဆင့် ကျင့်ကြံသူ တစ်ဦးပင်လျှင် သူ့ကဲ့သို့ လူမျိုးကို စိတ်ရင်းမပါဘဲ ဒူးထောက်အောင် မလုပ်နိုင်ပေ။
ထို့ကြောင့် သူ ယခုလုပ်ဆောင်နေခြင်းမှာ မည်မျှအထိ စိတ်ရင်းမှန်ကြောင်း သက်သေ ပြနေခြင်းပင်။ ချန်ဟွိုက်အန်မှာ သူ့ကိုကြည့်ပြီး ခေါင်းကိုက်သွားရသည်။ သူက ကြေးခွံနက်ဓားကို ကမ်းပေးလိုက်ပြီး လက်ခါပြလိုက်သည်။
“မင်းတို့ဂိုဏ်း တည်ထောင်သူနဲ့ပဲ စကားပြောလိုက်တော့။”
လီကျစ်ဖျင် မျက်တောင်ခတ်ရင်း ထိုဓားကို ငေးငိုင်စွာ ယူလိုက်သည်။ သူ စကားမပြော နိုင်ခင်မှာပင် သူ၏ စိတ်ထဲ၌ အသံတစ်သံ ပဲ့တင်ထပ်လာသည်။
[ လီကျစ်ဖျင်၊ ငါ မင်းကို ဘာတွေ သင်ပေးခဲ့လဲ။ ကျန့်ဝူ မြင့်မြတ်နယ်မြေက ဘယ်တုန်းက တခြားသူတွေကို အနိုင်ကျင့်ပြီး အတင်းအဓမ္မ လုယူတတ်တဲ့ အမျိုးအစား ဖြစ်သွားရတာလဲ။ ဒီနေ့ ငါ ဖြစ်နေလို့ မင်းက ဓားဝိညာဉ်ကို အတင်းတောင်းဆိုနေတယ်ဆိုရင် မနက်ဖြန်ကျရင် မင်း လိုချင်တဲ့ ကံကြမ္မာတစ်ခုအတွက် တခြားတစ်ယောက်ကို သတ်ဖြတ်ပြီး လုယူတော့မှာလား... ]
ဘိုးဘေးကြီး၏ အသံကို ကြားလိုက်ရသဖြင့် လီကျစ်ဖျင် မျက်ရည်ပင် ကျလုမတတ် ဖြစ်သွားရ၏။ သူက စကားများ ထစ်ငေါ့လျက် ပြောလိုက်သည်။
“ဘိုးဘေးကြီး... ကျွန်တော် ကျန့်ဝူရဲ့ စည်းကမ်းတွေကို အမြဲတမ်း လိုက်နာခဲ့ပါတယ်။ လုယက်ဖို့ ဒါမှမဟုတ် လူသတ်ဖို့ စိတ်ကူးမျိုး တစ်ခါမှ မရှိခဲ့ပါဘူး။ ဒါပေမဲ့... ဓားဝိညာဉ်က ဘိုးဘေးကြီး ဖြစ်နေလို့ပါ။ အပြင်လူ တစ်ယောက်က ဘိုးဘေးကြီးကို ခေါ်သွားတာကို ကျွန်တော် ဘယ်လို ကြည့်နေနိုင်မှာလဲ။”
[ အပြင်လူ ဟုတ်လား။ မင်းကရော အပြင်လူ မဟုတ်လို့လား... ]
လီကျစ်ဖျင် မှင်တက်သွား၏။
ငါ ဘယ်တုန်းက ကျန့်ဝူအတွက် ပြင်ပလူ ဖြစ်သွားရတာပဲ။ ဘိုးဘေးကြီးက... ဓားကျောင်းတော် ဘိုးဘေး အတွက်နဲ့ ဂိုဏ်းတပည့်တစ်ယောက်ကို တကယ်ပဲ စွန့်ပစ်တော့မှာလား။
[ ဟိုးအရင်တုန်းက နာမည်မရှိတဲ့ ဂိုဏ်းလေးတစ်ခုကနေ မင်းကို ငါ ကောက်ယူခဲ့တာ မဟုတ်ဘူးလား။ မင်းကလည်း ကျန့်ဝူရဲ့ မြေပေါ်မှာ မွေးလာတာ မဟုတ်ဘူးမလား... ]
လီကျစ်ဖျင်က ရုတ်တရက် အလင်းပွင့်သွားသကဲ့သို့ ချန်ဟွိုက်အန်ကို ကြည့်ကာ သတိထားပြီး မေးလိုက်သည်။
“ဒါဆို... ကျွန်တော်တို့က ဓားကျောင်းတော်ဘိုးဘေးကို ကျန့်ဝူ မြင့်မြတ်နယ်မြေထဲ ဝင်ဖို့ ဖိတ်ခေါ်ရမယ်ပေါ့။ သူက ဂိုဏ်းတူအစ်ကို ဖြစ်လာရင် ဓားဝိညာဉ်ကို ဆောင်ထားတာက ဘိုးဘေးကြီးကို အိမ်ပြန်ခေါ်လာသလိုမျိုး ဖြစ်မှာပဲပေါ့။ ဟုတ်သားပဲ...”
[ ပေါက်ကရတွေ... ငါပြောတာက ကျန့်ဝူ မြင့်မြတ်နယ်မြေ တစ်ခုလုံးက ဓားကျောင်းတော် ဘိုးဘေးရဲ့ နောက်ကို လိုက်သင့်တယ်လို့ ပြောတာ... ]
“ဘယ်လို...”
လီကျစ်ဖျင် အံ့အားသင့်လွန်း၍ အော်ဟစ်မိသွားသည်။
“ဘိုးဘေးကြီး ဘာဖြစ်သွားတာလဲ။ ကျန့်ဝူ မြင့်မြတ်နယ်မြေက ဓားကျောင်းတော်ရဲ့ နောက်ကို လိုက်ရမယ် ဟုတ်လား။ ဒါပေမဲ့ ကျွန်တော်တို့က ကျန့်ဝူလေ... ဘာဖြစ်လို့ ကျွန်တော်တို့က...”
[ ဘာလို့လဲ ဟုတ်လား။ ဘာဖြစ်လို့လဲဆိုတော့ မင်းတို့ရဲ့ အကြီးအကဲတွေထဲမှာ တစ်ယောက်မှ မဟာတက်လှမ်းခြင်းအဆင့်ကို မရောက်လို့ပဲ... ]
ကျန်းယိပိုင်၏ အသံတွင် လှောင်ပြောင်သံများ ပါဝင်နေ၏။
[ အဟက်... မဟာတက်လှမ်းခြင်းအဆင့်ကို ထားလိုက်ပါဦး။ ဟင်းလင်းပြင်ပေါင်းစည်းခြင်း နဝမ်အဆင့် တစ်ယောက်တောင် မရှိကြဘူး... မင်းတို့ထဲမှာ အသန်မာဆုံးက ကျန်းမုန့်ချူး မဟုတ်လား။ ဒီမှာကြည့်... ဒီဓားကျောင်းတော်ဘိုးဘေးက ဘာတွေ ဖြစ်နေတယ်ဆိုတာ ငါ့ကို ပြောပြပြီးပြီ။ နောက်မှ သူ့ကိုသွားမေးကြည့်လိုက်။ သူ ကန့်ကွက်မကွက် ဆိုတာကိုပေါ့...]
ချန်ဟွိုက်အန်က သူ၏အစ်ကိုကြီးကို စိတ်ထဲမှနေ၍ လက်မထောင်ပြလိုက်သည်။ ကမ္ဘာဖော် ကမ္ဘာဖက်ဆိုတာ ဒါမျိုးမှပေါ့။ မျက်နှာသာပေးပြီဆိုရင် အပြတ်အသတ်ပဲ။
သူက ကျန့်ဝူ မြင့်မြတ်နယ်မြေကို ကမ္ဘာငယ်ထဲသို့ ဝင်ရောက်ရန် မည်သို့ စည်းရုံးရမလဲဟု စဉ်းစားနေခဲ့ခြင်း ဖြစ်သည်။ ကျန်းမုန့်ချူးကို ပြောပြရန်မှာလည်း အနည်းငယ် ခက်ခဲနေခဲ့သည်။ သို့သော် ယခု ကျန်းယိပိုင်ကြောင့် လမ်းကြောင်းက ဖြောင့်ဖြူးသွားပြီဖြစ်သည်။
လီကျစ်ဖျင်မှာမူ မှင်တက်နေပြီး အရှက်ရလွန်းသဖြင့် မလှုပ်နိုင်တော့ပေ။ သူ မတ်တပ် မရပ်နိုင်သလို၊ ထိုင်လည်း မထိုင်နိုင်တော့။ အလွန်ချစ်မြတ်နိုးသော ကျန့်ဝူ မြင့်မြတ်နယ်မြေကို “ဓားကျောင်းတော်လေး”ထဲသို့ ဘာမှမလုပ်ဘဲ ပေါင်းထည့်လိုက်သည်ကို သူ လက်မခံနိုင်ပေ။ ၎င်းက ကျန့်ဝူတပည့်များအားလုံးကို အားနည်းသူများအဖြစ် မထင်ရပေဘူးလား။ အကယ်၍ သူ ယခု တစ်ခုခု မလုပ်လျှင် သူ့ကိုယ်သူ ဘယ်တော့မှ ခွင့်လွှတ်နိုင်မည် မဟုတ်ပေ။
စိတ်အားထက်သန်မှုနှင့်အတူ သူက ချန်ဟွိုက်အန်ကို စိုက်ကြည့်လိုက်ပြီး ဒေါသများ ထွက်ပေါ် လာတော့သည်။
“ဓားသခင်ချန်... ခင်ဗျားရဲ့ စွမ်းအားက အနှိုင်းမဲ့နေရင်တောင် ဒီနေ့ လီကျစ်ဖျင်ဖြစ်တဲ့ ကျွန်တော် ခင်ဗျားကို စိန်ခေါ်တယ်...”
ကြေးခွံနက်ဓားအတွင်းမှ ကျန်းယိပိုင်မှာ ဒေါသထွက်လွန်းသဖြင့် မေ့လဲလုမတတ် ဖြစ်သွား၏။ အားလုံးကို ရှင်းရှင်းလင်းလင်း ပြောပြပြီးပြီဟု သူ ထင်ခဲ့သော်လည်း ထိုကောင်စုတ်က အဘယ်ကြောင့် ယခုထိ ငတုံးလို လုပ်နေရသေးသနည်း။
ချန်ဟွိုက်အန်က စိတ်ထဲမထားပေ။ စကားနည်းနည်းပြောပြီး တိုက်ခိုက်ခြင်းက သူ့စတိုင်ပင်...
“လာလေ...”
သူ ချက်ချင်းပင် အနေအထား ပြင်လိုက်သည်။ ညာလက်က ချန်ကျန်းဓားကို ဆုပ်ကိုင်ထားပြီး၊ ဘယ်လက်က လီကျစ်ဖျင်ကို လာခဲ့ရန် လက်ယပ်ခေါ်လိုက်၏။
“သေစမ်း...”
လီကျစ်ဖျင်က ဓားကိုမြှောက်ကာ ရှေ့သို့ ပြေးဝင်လာသည်။ မည်သည့် ပညာရပ်မှ မပါဘဲ ရိုးရိုးရှင်းရှင်းပင် တိုက်ခိုက်ခြင်း ဖြစ်သည်။ ချန်ဟွိုက်အန်က နှုတ်ခမ်းကို တစ်ချက်တွန့်လိုက်ပြီး ရှေ့သို့ တိုးကာ တည့်တည့် လက်သီးနှင့် ထိုးလိုက်ရာ...
လီကျစ်ဖျင်၏ နှာခေါင်းတည့်တည့်ကို ကွက်တိ ထိသွားတော့သည်။ အချိန်ကိုက်မှုနှင့် တိကျမှုမှာ အံ့မခန်းပင်။ တကယ်တမ်းကြည့်လျှင် လီကျစ်ဖျင်က မျက်နှာနှင့် လက်သီးကို လာတိုက်သလိုပင် ထင်ရသည်။
“အား...”
လီကျစ်ဖျင် အော်ဟစ်ရင်း မြေပြင်ပေါ်သို့ လဲကျသွားသည်။ သူက ကောင်းကင်ကို မော့ကြည့်ရင်း တုန်ရီနေသော လက်များဖြင့် ကြေးခွံနက်ဓားကို ဖြည်းညှင်းစွာ မြှောက်လိုက်သည်။
“ဘိုးဘေးကြီး... ကျွန်တော် ခုခံခဲ့ပါတယ်။ ကျွန်တော်က သူရဲဘောကြောင်သူ မဟုတ်ပါဘူး။ ကျန့်ဝူမြင့်မြတ်နယ်မြေကို သစ္စာဖောက်တဲ့သူလည်း မဟုတ်ပါဘူး။ အာ့...”
ထို့နောက် သူက မျက်လုံးများကို မှိတ်လိုက်ပြီး ဟန်ဆောင်ကာ “မေ့လဲ”သွားတော့သည်။
ကျန်းယိပိုင် - “..”
ချန်ဟွိုက်အန် - “...”
ကြည့်ရတာ သူတို့ရဲ့ ခေါင်းမာတဲ့ ဂုဏ်သိက္ခာအပြင်... ကျန့်ဝူတပည့်တွေမှာ အသက်ကို ပေးရရင်တောင် အရှက်ကို စောင့်ထိန်းရမယ်ဆိုတဲ့ မယိုင်လဲတဲ့ စိတ်ဓာတ်တော့ ရှိတဲ့ပုံပဲ။
ချန်ဟွိုက်အန်က ကြေးခွံနက်ဓားကို မြဲမြံစွာ ဆုပ်ကိုင်ထားသော လီကျစ်ဖျင်၏ လက်ချောင်းကို တစ်ချောင်းချင်း ဖြုတ်ယူပြီး ဓားကို ပြန်ယူလိုက်သည်။ ကျန်းယိပိုင်၏ ရှက်ကိုးရှက်ကန်း အသံ ထွက်ပေါ်လာ၏။
[ ညီလေး... အခုလို အရှက်ရစရာတွေကို မြင်လိုက်ရတဲ့အတွက် စိတ်မကောင်းပါဘူး။ ကျန့်ဝူ မြင့်မြတ်နယ်မြေမှာ ဟာကွက်တွေ ရှိတာတော့ အမှန်ပဲ။ ဒါပေမဲ့ ငါ့ကို ယုံပါ၊ တပည့်တိုင်းကို ငါ ကိုယ်တိုင် စိစစ်ပြီး ရွေးချယ်ခဲ့တာပါ။ သူတို့ရဲ့ စိတ်ဓာတ်နဲ့ တန်ဖိုးထားမှုတွေက ခိုင်မာပါတယ်။ လူဆိုး တစ်ယောက်မှ မပါပါဘူး... ]
“ကျွန်တော် အပြည့်အဝ သဘောတူပါတယ်။”
ချန်ဟွိုက်အန် ခေါင်းညိတ်လိုက်သည်။ လီကျစ်ဖျင်မှာ ခေါင်းမာသော်လည်း တကယ့် ရန်လိုမှုကို တစ်ခါမှ မပြခဲ့ပေ။ သူက တစ်ချိန်လုံး... အဝါရောင် (ကြားနေ) အဆင့်မှာပဲ ရှိနေခဲ့တာပါ။ ထိုဆရာတော် ဖန်ခုန်းလိုမျိုး နဖူးမှ အနီရောင်အချက်ပြများ တောက်နေသူမျိုး မဟုတ်ပေ။
[ ဟို... ညီလေးရေ၊ နောက်ထပ် တစ်ခုလောက် တောင်းဆိုလို့ ရမလား... ]
“ပြောလေ။”
[ ကျန့်ဝူ မြင့်မြတ်နယ်မြေကို မမြင်ရတာ အတော်ကြာပြီ။ ငါ့တပည့်တွေ ဘယ်လို နေကြလဲ မသိဘူး ]
ကျန်းယိပိုင်၏ အသံတွင် ခံစားချက်များ ပါဝင်နေ၏။
[ တကယ်လို့ သိပ်ပြီး အလုပ်မရှုပ်ဘူးဆိုရင်... ငါ့ကို အလည်တစ်ခေါက်လောက် ခေါ်သွားပေးလို့ ရမလား ]
ဒါက ဘာတောင်းဆိုချက်ပါလိမ့်။ အစ်ကိုကြီးကျန်းက နှိမ့်ချလွန်းနေပြီ။
ချန်ဟွိုက်အန်က သဘောတူရန် ပါးစပ်ပြင်လိုက်စဉ်မှာပင် လီကျစ်ဖျင်၏ ခါးရှိ အဆက်အသွယ် လုပ်သည့် ကျောက်စိမ်းပြားမှာ အရူးအမူး လင်းလာသည်ကို မြင်လိုက်ရသည်။
“သတိလစ်နေသော” လီကျစ်ဖျင်မှာ ရုတ်တရက် မျက်မှောင်ကြုတ်သွားပြီး နောက်စက္ကန့်တွင် ဝုန်းခနဲ ပြန်ထလာတော့သည်။
***