လီကျစ်ဖျင်က ချန်ဟွိုက်အန်၏ ထူးဆန်းသော အမူအရာကို ဂရုမစိုက်အားဘဲ ဆက်သွယ်ရေး ကျောက်စိမ်းပြားကို ကိုင်ကာ အသာအယာ ထွက်ခွာသွားသည်။
သူက အသံလုံအတားအဆီးတစ်ခုကို ဟန်ပြလောက်သာ ဖန်တီးလိုက်သည်။ ချန်ဟွိုက်အန်ကဲ့သို့ လူမျိုးရှေ့တွင် ၎င်းမှာ အပိုအလုပ်မှန်း သူသိ၏။
“ဘာဖြစ်လို့လဲ။ ငါ အခု အပြင်မှာ အလုပ်ကိစ္စနဲ့ ရောက်နေတာ။ အရေးမကြီးရင် ငါ့ကို မဆက်သွယ်ပါနဲ့လို့ မပြောထားဘူးလား။”
လီကျစ်ဖျင်က မျက်မှောင်ကြုတ်ကာ ကျောက်စိမ်းပြားထဲသို့ တိုးတိုးလေး ပြောလိုက်ပြီး ခြေထောက်ကို မြေပြင်နှင့် ဂနာမငြိမ်စွာ ပွတ်တိုက်နေမိသည်။ သူ့ကျောပြင်ကို စိုက်ကြည့် နေသော မျက်လုံးများကြောင့် သူက ကျင်းတူးပြီး ပုန်းနေချင်စိတ်ပင် ပေါက်နေတော့သည်။
[ အကြီးအကဲလီ၊ အကြီးအကဲကျန်းကို ဆက်သွယ်လို့ ရလား။ ခင်ဗျားတို့ နှစ်ယောက်လုံး ချက်ချင်း ပြန်လာဖို့ လိုအပ်နေပြီ။ ယောင်ချီ မြင့်မြတ်နယ်မြေက တိုက်ခိုက်နေတယ်... ]
“ဘာပြောတယ်...”
လီကျစ်ဖျင်၏အသံမှာ ကျယ်လောင်စွာ ထွက်ပေါ်လာပြီး ဖုံးကွယ်ရန်ပင် မကြိုးစားတော့ပေ။
“တိုက်ခိုက်နေတယ် ဟုတ်လား။ ယောင်ချီ မြင့်မြတ်နယ်မြေကလား။ ဘယ်တုန်းက ဖြစ်တာလဲ။ အခု အခြေအနေက ဘယ်လိုလဲ။”
[ တာဝန်ကျ အကြီးအကဲ ငါးယောက်ကတော့ သူတို့ကို ဟန့်တားဖို့ သွားကြပြီ။ သူတော်စင် ယွိယောင် ကိုယ်တိုင် ဆင်းမလာသေးပေမဲ့၊ ယောင်ချီဘက်က ဟင်းလင်းပြင်ပေါင်းစည်းခြင်း အဆင့် ကျင့်ကြံသူတွေက ကျွန်တော်တို့ထက် နှစ်ယောက် ပိုများနေတယ်။ သူတို့ အကြာကြီး တောင့်မခံနိုင်ဘူး။ ခင်ဗျားနဲ့ အကြီးအကဲကျန်း ပြန်လာဖို့ အရေးတကြီး လိုအပ်နေတယ် ]
“ကောင်းပြီ။ အစွမ်းကုန် တောင့်ခံထားကြ။ ငါ အခုချက်ချင်း ပြန်လာခဲ့မယ်...”
သူက ကျောက်စိမ်းပြားကို ပိတ်ကာ အတားအဆီးကို ဖျက်သိမ်းပြီး သုံးစက္ကန့်မျှ ငြိမ်သက်လျက် ရပ်နေလိုက်သည်။
ထို့နောက် မြေပြင်ပေါ်သို့ ချောမွေ့စွာ ဒူးထောက်လျှောတိုက် သွားလိုက်ပြီး ချန်ဟွိုက်အန်၏ ရှေ့တွင် ဝုန်းခနဲ ဦးချလိုက်တော့သည်။
“ဓားသခင်ချန်၊ ယောင်ချီမြင့်မြတ်နယ်မြေက ကျန့်ဝူမြင့်မြတ်နယ်မြေကို တိုက်ခိုက်နေပါပြီ...
အကြီးအကဲကျန်းကလည်း ပျောက်နေတယ်။ ကျွန်တော်တို့ကို ကူညီနိုင်တာ ခင်ဗျားပဲ ရှိပါတော့တယ်။ ဘိုးဘေးကြီးရဲ့ မျက်နှာကို ထောက်ထားပြီး ကျေးဇူးပြု၍ ကူညီပေးပါဦး။ ကျွန်တော် လီကျစ်ဖျင်က ဒီနေ့ကစပြီး ခင်ဗျားရဲ့ အမိန့်ကိုပဲ နာခံပါတော့မယ်...”
ဒုန်း...
နဖူးနှင့်မြေပြင် ထိတွေ့သံမှာ ပြတ်သားစွာ ထွက်ပေါ်လာ၏။
“ညီအစ်ကိုလီ၊ ထပါဦး...”
ချန်ဟွိုက်အန်က သူ့ကို အလျင်အမြန် ဆွဲထူလိုက်ပြီး တည်ကြည်စွာ ပြောလိုက်သည်။
“မင်းက အခု ဓားကျောင်းတော်ထဲက တစ်ယောက် ဖြစ်နေပြီပဲ။ ဓားကျောင်းတော်ဘိုးဘေး အနေနဲ့ ငါက မကူညီဘဲ နေပါ့မလား။”
လီကျစ်ဖျင် - “…”
နေပါဦး။ ငါ ဘယ်တုန်းက ဓားကျောင်းတော်ထဲက ဖြစ်သွားတာလဲ။
ဒီဓားကျောင်းတော်ဘိုးဘေးကြီးကတော့ တကယ့်ကို တစ်မျိုးပဲ...
ဘယ်လိုလုပ်ပြီး ဒီလောက် ရက်စက်တဲ့ စကားတွေကို အပြစ်ကင်းစင်တဲ့ မျက်လုံးကြီးတွေနဲ့ ပြောနိုင်ရတာလဲ။
သို့သော် ယခုအချိန်တွင် သူက အကူအညီတောင်းနေရသူ ဖြစ်သည်။ စိတ်ထဲ ဘယ်လောက်ပင် ခါးသီးနေပါစေ၊ မျိုသိပ်ထားရုံမှတစ်ပါး အခြားမရှိပေ။
“မင်း ဘာမှမပြောဘူးဆိုတော့ သဘောတူတယ်လို့ပဲ မှတ်လိုက်မယ်။”
ချန်ဟွိုက်အန်က ဝင်းလက်နေသော သွားအစုံပေါ်အောင် ပြုံးပြရင်း ပုခုံးကို ပုတ်လိုက်သည်။
“ညီလေးလီ...”
“...ဘိုးဘေးကြီးရဲ့ အကူအညီကို တောင်းခံပါတယ်။”
လီကျစ်ဖျင်က နှုတ်ခမ်းကို တင်းတင်းစေ့ကာ ခေါ်ဝေါ်ပုံကို သင့်တော်သလို ပြောင်းလဲလိုက် ရတော့သည်။
“ဟားဟားဟား... သိပ်ကောင်းတယ်...” ချန်ဟွိုက်အန် ပြုံးဖြီးနေတော့သည်။ နောက်ထပ် စစ်သူကြီးတစ်ယောက် ထပ်ရပြီပေါ့။
“ညီလေးလီ၊ လမ်းပြပေဦး။ ငါက ကျန့်ဝူ မြင့်မြတ်နယ်မြေက ဘယ်မှာလဲဆိုတာ တကယ် မသိဘူး။ အဲဒီနေရာက သိပ်ပြီး နက်နဲလွန်းလို့။ ဒါပေမဲ့ အဲဒီကို ရောက်သွားတာနဲ့ ငါ့ရဲ့ အစွမ်းထက်တဲ့ဓားက ဘယ်လောက်တောင် ထက်သလဲဆိုတာ အဲဒီ ယောင်ချီက ကောင်မတွေကို သိအောင် လုပ်ပေးလိုက်မယ်။ အဟက်...”
ထိုသို့ လှည့်စားတတ်သော အပြုံးကြောင့် လီကျစ်ဖျင်၏ ဦးရေပြားမှာပင် ထုံကျင်သွားသည်။ သူက ဓားပေါ်တက်ကာ ရှေ့မှ လမ်းပြရင်း တစ်လမ်းလုံး စိတ်ထဲမှ ရေရွတ်နေမိတော့သည်။
ဘိုးဘေးကြီး။ ဒီလူက တကယ်ပဲ ဘိုးဘေးရဲ့ အမွေကို ဆက်ခံဖို့ သင့်တော်တဲ့သူ ဟုတ်ရဲ့လား...
ထိုအတောအတွင်း...
ဖန်ကျင်း မြင့်မြတ်နယ်မြေ၌ ဖြစ်သည်။
ချောမောသော ကိုရင်ငယ်တစ်ဦးက ဘုရားကျောင်းအပြင်ဘက်တွင် ဒူးထောက်ကာ အရိုအသေ ပေးနေသည်။
“အရှင်မြတ်၊ အရေးပေါ်သတင်းပါ။ သူတော်စင်ယွိယောင်က ကျန့်ဝူမြင့်မြတ်နယ်မြေကို ပူးပေါင်း ချေမှုန်းဖို့အတွက် အရှင်မြတ်ရဲ့ အကူအညီကို တောင်းခံထားပါတယ်။”
ကောင်းကင်မီးတောက်ဆောင် အတွင်း၌ ဆရာတော် ဖန်ယဲ့က ဝရဇိန်ပလ္လင် အထက်တွင် ထိုင်နေသည်။ သူက မျက်လုံးတစ်ဖက်ကို ရုတ်တရက် ဖွင့်လိုက်ရာ၊ မှုန်ရီနေသော မျက်လုံးအိမ်မှာ ဖြည်းညှင်းစွာ လည်ပတ်သွားပြီး အံ့သြရိပ် အနည်းငယ် ပေါ်လာသည်။
“ကျန့်ဝူမြင့်မြတ်နယ်မြေကို အမြစ်ပြတ်ချေမှုန်းမယ်။ ဒီလောက်ကြီး ရုတ်တရက်လား။”
သူသည် အရင်က ထိုကိစ္စအတွက် သူတော်စင် ယွိယောင်နှင့် ပူးပေါင်းရန် ကြိုးစားခဲ့ဖူးသည်။ သို့သော် သူက အကြောင်းပြချက် အမျိုးမျိုးပေးကာ အချိန်ဆွဲခြင်း၊ ရှောင်လွှဲခြင်းများ ပြုလုပ်ခဲ့သဖြင့် နောက်ဆုံးတွင် သူလည်း ထိုစိတ်ကူးကို ခေတ္တလက်လျှော့ထားခဲ့ခြင်း ဖြစ်သည်။
အခုမှ ဘာလို့ စိတ်ပြောင်းသွားတာလဲ။
တစ်ခုခုတော့ သံသယဖြစ်စရာ ကောင်းနေသည်။ အထူးသဖြင့် နောက်ပိုင်းတွင် သူတော်စင် ယွိယောင်က... ထူးဆန်းစွာ ပြုမူနေ၏။ ယခင်က သူသည် အေးစက်ပြီး မထိရက်သူ ဖြစ်ခဲ့သည်။
အခုကျမှ ဘုန်းကြီးတွေကို လာမြှူဆွယ်နေတာလား။ ဒါက တကယ် ဖြစ်နိုင်လို့လား။
ကံကောင်းသည်မှာ သူက မိန်းမများကို စိတ်မဝင်စားခြင်းပင်။ သူက ယောက်ျားချင်းဘက်ကို အနည်းငယ် ပိုယိမ်း၏။ မဟုတ်လျှင် ချင်းယွန်ဘုံ တစ်ခုလုံးတွင် အဆွဲဆောင်နိုင်ဆုံးသော အမျိုးသမီး ကျင့်ကြံသူဖြစ်သည့် သူတော်စင် ယွိယောင်ကို မည်သူက ခုခံနိုင်ပါ့မည်နည်း။
“သူက အကြောင်းပြချက် တစ်ခုခု ပေးခဲ့လား။” သူက မေးလိုက်သည်။
ကိုရင်ငယ်က ပြန်ဖြေသည်။ “အချိန်တန်ပြီလို့ပဲ ပြောခဲ့ပါတယ်...”
“...အချိန်တန်ပြီ ဟုတ်လား။ ကောင်းပြီလေ။”
ဆရာတော် ဖန်ယဲ့က မတ်တတ်ရပ်ကာ ပုခုံးကို လှုပ်လိုက်သည်။ သူက ကျန့်ဝူကို တိုက်ခိုက်ရန် ဆန္ဒရှိသည်။ သိုသော် ပြင်ဆင်မှုတော့ လိုအပ်နေသေးသည်။ ပို၍တိကျစွာ ပြောရလျှင် သူ၏ အကောင်းဆုံး ဝိညာဉ်ရတနာများကို ယူသွားရပေမည်။
သူ့တွင် ဝိညာဉ်ရတနာ အများအပြား ရှိသော်လည်း လူသိရှင်ကြား ထုတ်သုံးနေသည်မှာ အနိမ့်စားများသာ ဖြစ်သည်။ သူ၏ တကယ့် ဝှက်ဖဲအစစ်များ ဖြစ်သော အလယ်အလတ်နှင့် အဆင့်မြင့် ဝိညာဉ်ရတနာများကိုမူ သူ၏ ရတနာတိုက်ခန်းထဲတွင် အမြဲတမ်း သော့ခတ်ထားလေ့ ရှိသည်။
ထိုရတနာတိုက် ခိုးယူခံရသည်မှာ အတော်ကြာခဲ့ပြီ။ သူခိုးကို ဘယ်တုန်းကမှ မမိခဲ့ပေ။ သို့သော် သူခိုးကို မမိရုံနှင့် သူက ဘာမှမလုပ်ဘဲ မနေခဲ့ပေ။ ထိုအချိန်မှစ၍ သူသည် ရတနာတိုက်၏ လုံခြုံရေးကို အတားအဆီးပေါင်း ထောင်ချီနှင့် သတ်ဖြတ်ခြင်း အစီအရင်များဖြင့် ပိုမိုခိုင်မာအောင် ပြုလုပ်ထားခဲ့သည်။
ယခု ရတနာတိုက်၏ အပေါက်ဝတွင် ရပ်နေစဉ် သူ့ဘေးမှ ကိုရင်ငယ်မှာ ထွက်ပေါ်လာသော အရှိန်အဝါကြောင့်ပင် တုန်ရီနေတော့သည်။
“မင်း ဒီမှာ စောင့်နေ။ မကြာဘူး။”
ဆရာတော် ဖန်ယဲ့က တယ်လီပို့အစီအရင်ထဲ လှမ်းဝင်ကာ ရတနာတိုက်အတွင်းသို့ ဝင်သွားသည်။
မကြာမီမှာပင်...
ဝိညာဉ်ကို တုန်လှုပ်စေသော၊ သွေးပျက်ဖွယ် အော်ဟစ်သံကြီးတစ်ခု အတွင်းဘက်မှ ပဲ့တင် ထပ်ထွက်ပေါ်လာသည်။
ကိုရင်ငယ် မှင်တက်သွား၏။ ထိုအသံမှာ... သေချာပေါက် အရှင်မြတ်၏ အသံပင်။ ဘဲသံကဲ့သို့ ထိုအသံကို သူ မှတ်မိသည်။ ထိုအော်သံထဲတွင် အကြောက်တရားများ ပါဝင်နေသည်ကိုပင် သူ ကြားလိုက်ရသည်။
ဒါပေမဲ့... အရှင်မြတ်က မဟာတက်လှမ်းခြင်းအဆင့် ကျင့်ကြံသူ မဟုတ်လား။ ဘာကများ သူ့ကို ဒီလောက်အထိ ထိတ်လန့်သွားစေတာလဲ။
ကိုရင်ငယ်၏ ကျောရိုးထဲသို့ အအေးဓာတ်တစ်ခု ဖြတ်ပြေးသွားသည်။ တကယ့် ဗုဒ္ဓအစစ်များ ဆင်းသက်လာတာလား...
ရတနာတိုက်အတွင်း၌။
ဆရာတော် ဖန်ယဲ့က လွတ်နေသော သေတ္တာ သုံးလုံးကို စိုက်ကြည့်နေမိသည်။
သူ၏နှုတ်ခမ်းများ တုန်ရီနေ၏။
သူ့လက်များ တုန်ယင်နေသည်။
သူ၏တစ်ကိုယ်လုံး တုန်ခါနေတော့သည်။
“မရှိတော့ဘူး။ အကုန်ကုန်ပြီ....”
ထိုသေတ္တာသုံးလုံးထဲတွင် သူ၏ အစွမ်းထက်ဆုံး ဝိညာဉ်ရတနာ သုံးမျိုး ရှိခဲ့သည်။ ၎င်းတို့မှာ သူတော်စင် ယွိယောင်နှင့် နောင်တွင် ကြုံတွေ့ရမည့် ကောင်းကင်အတိဒုက္ခများကို ရင်ဆိုင်ရန် သူ၏ ဝှက်ဖဲများပင်။
ယခုတော့ သေတ္တာများမှာ ဗလာနတ္ထိ ဖြစ်နေချေပြီ။
သူက ရတနာတိုက် တစ်ခုလုံးကို အရူးတစ်ယောက်လို နှိုက်နှိုက်ချွတ်ချွတ် ရှာဖွေတော့သည်။ ထောင့်တိုင်း၊ နေရာတိုင်းကို မကျန်အောင် ရှာသော်လည်း...
ဘာမှ မရှိတော့ပေ။
သူ သေသေချာချာ သိသည်မှာ ဝိညာဉ်ရတနာတစ်ခုတွင် ဝိညာဉ် ရှိနေလျှင်ပင် သခင်၏ အမိန့်မပါဘဲ အလိုအလျောက် ထွက်ပြေးသွားစရာ အကြောင်းမရှိပေ။
“ငါ့ရဲ့ နေဝင်ချိန် ဝရဇိန်လက်နက်၊ ဗုဒ္ဓလက်ချောင်းရိုး ပြီးတော့ ဆယ့်နှစ်ဆင့် ပိုးသင်္ကန်း...”
တစ်ခုချင်းစီကို ရရှိရန် ထောင်စုနှစ်ချီ ကြိုးစားခဲ့ရခြင်း ဖြစ်သည်။ အချို့မှာ ရှေးဟောင်း ကျင့်ကြံသူများထံမှ အမွေရခဲ့ခြင်းဖြစ်ပြီး၊ အချို့ကိုမူ သူကိုယ်တိုင် ရတနာသန္ဓေသားလောင်းမှ ပင်ပန်းကြီးစွာ သွန်းလုပ်ခဲ့ရခြင်း ဖြစ်သည်။ တစ်ခုချင်းစီမှာ သူ၏ အသည်းနှလုံးများပင်။
“ဘယ်သူလဲ။ ဘယ်သူက ဒါကို လုပ်တာလဲ...”
ဆရာတော် ဖန်ယဲ့က ကောင်းကင်ကို မော့၍ ဟိန်းဟောက်လိုက်သည်။ သွေးတက်နေသော သူ၏ မျက်လုံးများတွင် ဒေါသအဟုန်များ တောက်လောင်နေပြီး အိုမင်းသော မျက်နှာထက်တွင် အကြောများမှာ ဖောင်းတက်နေတော့သည်။
အချိန်အနည်းငယ် ကြာပြီးနောက်...
သူက ရတနာတိုက်ထဲမှ ထွက်လာသည်။
ကိုရင်ငယ် အပြေးအလွှား ရောက်လာသည်။ “အရှင်မြတ်၊ အခု ဘာဆက်လုပ်ရမလဲ။ ယောင်ချီ မြင့်မြတ်နယ်မြေနဲ့ ပူးပေါင်းဖို့ ဘုရားကျောင်းက ဆရာတော်တွေကို စုလိုက်ရမလား။”
“...မလိုဘူး။”
ဆရာတော် ဖန်ယဲ့သည် ကိုရင်ငယ်ကို အေးစက်စွာ စောင်းငဲ့ကြည့်လိုက်ရာ ထိုအကြည့်မှာ အလွန်အေးစက်လွန်းသဖြင့် ကိုရင်လေးမှာ ခြေထောက်များ ပျော့ခွေကာ မြေပြင်ပေါ်သို့ လဲကျသွားရသည်။
“ဒီနေ့ကစပြီး ငါ ရတနာတိုက်ထဲမှာပဲ တံခါးပိတ် ကျင့်ကြံမယ်။ ပြီးတော့လည်း... တစ်ခါတည်း အသိပေးလိုက်။”
“တာဝန်ကျအဖွဲ့တွေ အားလုံး ချက်ချင်း ပြန်လာကြ။ အခုကစပြီး မင်းတို့ရဲ့ တစ်ခုတည်းသော အလုပ်က ဒါပဲ။ ငါ့ဆီကနေ ခိုးယူရဲတဲ့ အဲဒီသူခိုးကို ရှာကြ...”
ထိုသို့ပြောပြီးနောက် သူက ကျောကုန်းကို ကိုင်းလျက် ရတနာတိုက်ထဲ ပြန်ဝင်သွားတော့သည်။ သူ့တွင် ရတနာအချို့ ကျန်သေးသည်။ ထိုအ
ရာအားလုံးကို ရတနာတိုက်ထဲတွင် ထားပြီး သူကိုယ်တိုင် စောင့်ကြည့်နေမည်။
၎င်းတို့ကို ငါးစာအဖြစ် သုံးမည်။ ထိုတစ်ခါလည်း သူခိုးကို မမိနိုင်ဟု သူ လုံးဝ မယုံကြည်ပေ။
...
***