တစ်ချိန်တည်းမှာပင်၊ ကျန့်ဝူမြင့်မြတ်နယ်မြေ၌...
“ဖန်ကျင်းနယ်မြေဆီက ဘာသတင်းရလဲ။ သူတို့ စစ်ကူ လွှတ်လိုက်ပြီလား။”
ယောင်ချီမြင့်မြတ်နယ်မြေ တပ်ဖွဲ့များကို ဦးဆောင်လာသူမှာ ဟင်းလင်းပြင်ပေါင်းစည်းခြင်း သတ္တမအဆင့် ရှိသည့် သူတော်စင် ချင်ကျူး ဖြစ်သည်။
သူ့အပြင် အခြားသော ဟင်းလင်းပြင်အဆင့် ကျင့်ကြံသူ ခြောက်ဦးလည်း ပါဝင်နေသည်။
ထိုဟင်းလင်းပြင်ပေါင်းစည်းအဆင့် ပညာရှင်များက ယောင်ချီ မြင့်မြတ်နယ်မြေ၏ နောက်ဆုံးနှင့် အမာခံအင်အားစုများပင်။
အမှန်အတိုင်းပြောရလျှင် သူတော်စင် ယွိယောင်က ကျန့်ဝူကို အဘယ်ကြောင့် ရုတ်တရက် တိုက်ခိုက်ခိုင်းသည်ကို ချင်ကျူးကိုယ်တိုင်ပင် နားမလည်နိုင်ပေ။
ယောင်ချီ၏ အင်အားမှာ ဖန်ကျင်းနယ်မြေနှင့် ယှဉ်လျှင် အသာစီးမရနိုင်သေးပေ။ ယခုအချိန်မှာ ငြိမ်ငြိမ်လေးနေရင်း အင်အားပြန်ဖြည့်ရမည့် အချိန်ဖြစ်သည်။
“သူတော်စင်။ ဖန်ကျင်းဘက်က ငြင်းပယ်လိုက်ပါတယ်။”
“ထင်သားပဲ။”
ချင်ကျူး၏ မျက်နှာမှာ မှောင်မှောင်မည်းမည်း ဖြစ်သွားပြီး သူ၏ တပည့်ကို လက်ဟန်ဖြင့် ပြန်ခိုင်းလိုက်သည်။
လက်ရှိအခြေအနေအရ သူသာ ဆရာတော်ဖန်ယဲ့ နေရာတွင် ဆိုလျှင်လည်း ကျားနှစ်ကောင် သတ်ပုတ်နေသည်ကို ဘေးမှထိုင်ကြည့်နေပြီးမှ အမြတ်ထုတ်မည့် တံငါသည် နေရာကိုသာ ရွေးချယ်မိလိမ့်မည်။
“သခင်မ... အရမ်းကို စိတ်လိုက်မာန်ပါ လုပ်နေပြီ...” ချင်ကျူး စိတ်ထဲမှ သက်ပြင်းချလိုက်မိသည်။
ကျန့်ဝူကို အနိုင်ရလျှင်ပင် ယောင်ချီဘက်မှ အထိနာလိမ့်မည်။ ထိုအခါ ဆရာတော် ဖန်ယဲ့က သူတို့ကို သစ္စာဖောက်ရန် ဆုံးဖြတ်ခြင်း၊ မဆုံးဖြတ်ခြင်းမှာ သူ၏ စိတ်အခြေအနေပေါ်မှာသာ မူတည်တော့မည်။
“သခင်မရဲ့ ယုံကြည်မှုက ဒီလျို့ဝှက်ဆန်းပြားတဲ့ အစေ့အပေါ်မှာပဲ မူတည်နေတာလား...”
ချင်ကျူးက လက်ဖဝါးပေါ်ရှိ ကလေးလက်သီးအရွယ်ခန့်ရှိကာ မှိန်ပျပျ အလင်းထွက်နေသော အစေ့ကို ငုံ့ကြည့်ရင်း တစ်ယောက်တည်း ရေရွတ်လိုက်သည်။
၎င်းမှာ မထွက်ခွာမီ သူတော်စင် ယွိယောင် ပေးအပ်လိုက်သော လျို့ဝှက်ဆန်းပြားသည့် အစေ့ ဖြစ်သည်။ သူ၏အဆိုအရ ထိုအစေ့မှာ အရေးကြီးသော အချိန်တွင် အစွမ်းထက်သော အကူအညီ ဖြစ်စေလိမ့်မည်။ တိုက်ပွဲအတွင်း မျိုချလိုက်ရုံသာ။
နှစ်၂၀၀၀နီးပါး ကျင့်ကြံမှုအဆင့်ရှိသည့်တိုင် ချင်ကျူးသည် ထိုအစေ့၏ သဘောသဘာဝကို ခွဲခြားမသိနိုင်ပေ။ သို့သော် သူတော်စင် ယွိယောင် ပြောထားသည်ဖြစ်ရာ သံသယဝင်စရာ အကြောင်းမရှိပေ။
ထိုအချိန်တွင် ကျန့်ဝူမြင့်မြတ်နယ်မြေ တံခါးဝရှိ တိုက်ပွဲမှာ အရှိန်အဟုန် အပြင်းဆုံး အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။
တစ်ဦးချင်း တိုက်ခိုက်မည် ဆိုပါက ယောင်ချီ၏ ဟင်းလင်းပြင်အဆင့် ကျင့်ကြံသူများသည် ကျန့်ဝူမှ ကျင့်ကြံသူများကို ယှဉ်နိုင်မည်မဟုတ်ပေ။ သို့သော် သူတို့ဘက်တွင် ဟင်းလင်းပြင် ပေါင်းစည်းအဆင့် ပညာရှင်နှစ်ဦး ပိုများနေခြင်းက အဆုံးအဖြတ်ပေးသည့် အသာစီးရရှိမှု ဖြစ်နေ၏။
“သူတော်စင် ယွိယောင်က ပြောလိုက်တယ်။ အခု လက်နက်ချမယ်ဆိုရင် ရှင်တို့အတွက် အသက်ရှင်ဖို့ လမ်းစရှိသေးတယ်...”
ဟင်းလင်းပြင်ပေါင်းစည်းခြင်း ဆဋ္ဌမအဆင့် ရှိသော သူတော်စင် လင်ရှုက ကျန့်ဝူ ဓားကျင့်ကြံသူ တစ်ဦး၏ ရင်ဘတ်ကို ခြေထောက်နှင့် နင်းထားရင်း လှောင်ပြောင်လိုက်သည်။
“ရှင်တို့အတွက် မဟုတ်ရင်တောင် ရှင်တို့ရဲ့ တပည့်တွေအတွက် စဉ်းစားဦး။ ကျန့်ဝူမှာ ပါရမီရှင် လူငယ်တွေ အများကြီး ရှိတာပဲ။ ဒီကျောက်ဖြစ်ရုပ်ကြွင်း အဘိုးကြီးတွေနဲ့အတူ သူတို့အားလုံး အသတ်ခံရတာကို ရှင်တို့ တကယ်ပဲ မြင်ချင်တာလား။”
“ငါတို့ရဲ့ ကျန့်ဝူဘိုးဘေးကြီးကို မင်းတို့တွေ သတ်လိုက်တာ မဟုတ်လား။”
ဓားကျင့်ကြံသူ၏ ပါးစပ်မှ သွေးများ စီးကျနေသော်လည်း သူ၏ အကြည့်များမှာ ဓားကဲ့သို့ ထက်မြက်နေဆဲပင်။
“ကျန့်ဝူမြင့်မြတ်နယ်မြေမှာ ငါတို့က မတ်တတ်ရပ်ပြီး ရှင်သန်မယ်။ ဒါမှမဟုတ် မတ်တတ်ရပ်ပြီး သေမယ်...”
“အစီအရင် ခင်းကျင်းကြ...”
ကျန့်ဝူတောင်တန်း တံခါးဝမှနေ၍ အသံပေါင်းများစွာ ထပ်တူကျထွက်ပေါ်လာသော ဟိန်းသံကြီး တစ်ခု ထွက်ပေါ်လာသည်။ ၎င်းမှာ ကြေးခေါင်းလောင်းကို ကျောက်တုံးနှင့် ထုလိုက်သကဲ့သို့ ပြင်းထန်လှပြီး ကောင်းကင်ယံမှ တိမ်တိုက်များကိုပင် လွင့်စင်သွားစေသည်။
တိုက်ခတ်လာသော ဆောင်းဦးလေပြေထဲတွင် ကျန့်ဝူတပည့် တစ်ထောင်ကျော်က ဓားအစီအရင် တစ်ခုကို ဖွဲ့စည်းလိုက်ကြသည်။ ရှေ့ဆုံးတွင်မူ ဟင်းလင်းပြင်ပေါင်းစည်းအဆင့် ဓားကျင့်ကြံသူ တစ်ဦး ရပ်နေသည်။
သူ၏ ရှည်လျားသော ဆံပင်နက်များမှာ လေထဲတွင် ဝေ့ယမ်းနေသော်လည်း ကြမ်းတမ်းသော လေတိုက်နှုန်းအောက်တွင် ၎င်းတို့မှာ ဖြူဖွေးသော အရောင်သို့ ပြောင်းလဲနေပြီဖြစ်သည်။ မျက်စိ၊ နား၊ နှာခေါင်း အပါအဝင် ဒွါရ(၇)ပေါက်မှ သွေးများ စီးကျနေသော်လည်း သူ၏ ဓားမှာမူ ကောင်းကင်သို့ မယိုင်မလဲ ဦးတည်ထားဆဲပင်။
သူ၏သွေးများက လေထဲတွင် လွင့်စင်သွားကာ သူ၏ ဝိညာဉ်နှင့်အတူ လောင်ကျွမ်းနေသော အသက်ဓာတ်များက အစီအရင်အတွင်းသို့ စီးဝင်သွားတော့သည်။
“ဒီနေ့ ငါ ဝမ်ချန်လင်းက ငါ့ရဲ့ ဝိညာဉ်ကို အစီအရင်အတွက် ယဇ်ပူဇော်တယ်။ ကျန့်ဝူ မြင့်မြတ်နယ်မြေအတွက် နောက်ဆုံးအခွင့်အရေး ရနိုင်ဖို့ ကောင်းကင်နဲ့ မြေကြီးရဲ့ စွမ်းအားကို ငါ ခေါ်ယူတယ်...”
ကောင်းကင်ကြီးက တုံ့ပြန်လိုက်သယောင် မိုးခြိမ်းသံများ ထွက်ပေါ်လာပြီး တိမ်မည်းများ အုံ့မှိုင်းလာ၏။
သူသည် ခုနက လီကျစ်ဖျင်ကို ဆက်သွယ်ခဲ့သူ ဖြစ်သည်။ သို့သော်လည်း အခြေအနေများက အလွန်မြန်ဆန်စွာ ပြောင်းလဲသွားခဲ့သည်။ စစ်မြေပြင်မှာ အလွန်စိုးရိမ်ရသော အခြေအနေသို့ ရောက်ရှိသွားခဲ့ပြီ။ လီကျစ်ဖျင်နှင့် ကျန်းမုန့်ချူးတို့ အပြန်ကို စောင့်ရန် အချိန်မရှိတော့ပေ။
လူသားလောကရှိ ပန်းပဲဖိုတစ်ခုတွင်...
နေခင်းဘက် တစ်ရေးအိပ်နေသော ပန်းပဲဆရာ တစ်ဦးမှာ သတ္တုချင်း ထိခိုက်သံများကြောင့် ရုတ်တရက် လန့်နိုးလာ၏။ သူ မျက်လုံးဖွင့်ကြည့်လိုက်ရာ ယခုလေးတင် ထုလုပ်ပြီးစီးထားသော ဓားများမှာ နံရံမှ ပြုတ်ကျနေသည်ကို မြင်လိုက်ရသည်။ ထို့နောက် မမြင်နိုင်သော စွမ်းအား တစ်ခုက ဆွဲယူလိုက်သကဲ့သို့ ထိုဓားများက အိမ်ခေါင်မိုးကို ဖောက်ထွက်ကာ ကောင်းကင်ယံသို့ ပျံတက်ရင်း ပျောက်ကွယ်သွားတော့သည်။
အခြားတစ်နေရာရှိ စစ်မြေပြင်တွင် နိုင်ငံနှစ်ခု ရင်ဆိုင်နေကြသည်။ ဆန့်ကျင်ဘက် စစ်သူကြီး နှစ်ဦးက သူတို့တပ်ဖွဲ့များရှေ့တွင် တစ်ဦးချင်း ယှဉ်ပြိုင်တိုက်ခိုက်နေစဉ် ရုတ်တရက်သူတို့၏ ဓားများသည် ခါးမှနေ၍ အလိုအလျောက် ကျွတ်ထွက်သွားကာ အရှေ့ဘက်သို့ ပျံထွက်၍ သွားကြသည်။ သူတို့နောက်မှ စစ်သည်တော်များမှာ မယုံနိုင်စရာမြင်ကွင်းကြောင့် အံ့အားသင့် နေကြကာ ပါးစပ်အဟောင်းသား ဖြစ်ကျန်ခဲ့ကြသည်။
စစ်မြေပြင်၏ အထက်ကောင်းကင်ယံတွင် မည်းနက်နေသော ဓားအုပ်ကြီးမှာ ပြောင်းပြန် မိုးရွာနေသကဲ့သို့ ပျံသန်းနေကြသည်။
ကျန့်ဝူမြင့်မြတ်နယ်မြေ၊ လော့ယွဲ့ ဓားဂေဟာ၊ ဓားရိပ်ဂိုဏ်း၊ ဓားနှင့် ပတ်သက်ဆက်နွှယ်နေသော မည်သည့်ဂိုဏ်းမဆို ဓားသင်္ချိုင်းများ တုန်ခါနေသည်ကို မြင်တွေ့ကြရသည်။ ကျိုးပဲ့နေသော ဓားဟောင်းများမှာ မြေပြင်မှ ထိုးထွက်လာပြီးနောက် ကျန့်ဝူ၏ အရပ်မျက်နှာဆီသို့ ဦးတည်၍ ပျံသန်းကုန်ကြသည်။
သစ်ရွက်ခြောက်များအောက်တွင် မြှုပ်နှံထားသော တောင်တောများကြားမှ မြေအောက်ထဲ၌ နှစ်ပေါင်းများစွာ ဝှက်ကွယ်နေသည့် ရှေးဟောင်းဓားများမှာလည်း ပြင်းထန်စွာ တုန်ခါလာပြီးက် မြေပြင်ကို ဖောက်ထွက်ကာ ကောင်းကင်ယံရှိ ဓားပင်လယ်အတွင်း ပူးပေါင်းဝင်ရောက်သွား၏။
ကျန့်ဝူ မြင့်မြတ်နယ်မြေ ရှေ့တွင် ဓားတစ်သောင်းက ကောင်းကင်ကို ဖုံးလွှမ်းသွားတော့သည်။
ထောင်သောင်းချီသော ဓားများတွင် ဝမ်ချန်လင်း၏ စိတ်ဆန္ဒများ ကိန်းဝပ်နေသည်။ ၎င်းမှာ ကျန့်ဝူတပည့် တစ်ထောင်၏ စိတ်ဆန္ဒပင်။
ဝမ်ချန်းလင်က ရှေ့ဆုံးတွင် ရပ်နေသည်။ သူ၏ အရှိန်အဝါများမှာ ပျောက်ကွယ်သွားပြီ ဖြစ်သည်။ သို့သော် သူ၏ပုံရိပ်မှာမူ ထင်းရှူးပင်တစ်ပင်ကဲ့သို့ မယိုင်မလဲ မတ်မတ်ရပ်နေဆဲပင်။
ထိုဓားအစီအရင်မှာ မဟာတက်လှမ်းခြင်းအဆင့် ကျင့်ကြံသူ ကျန်းယိပိုင်ကဲ့သို့သောသူက ၎င်း၏ အစွမ်းကုန် စွမ်းအားကို ထုတ်ဖော်ရန်အတွက် ရည်ရွယ်ထားခြင်း ဖြစ်သည်။ ယခု ဝမ်ချန်လင်းနှင့် ကျန်ရှိနေသော ကျန့်ဝူတပည့်များ၏ အားနည်းလှသော စွမ်းအားဖြင့်ဆိုလျှင် ထိုအစီအရင်သည် ယောင်ချီ မြင့်မြတ်နယ်မြေမှ ဟင်းလင်းပြင်ပေါင်းစည်းခြင်းအဆင့် ကျင့်ကြံသူ တစ်ဦးကိုမျှ သတ်နိုင်မည် မဟုတ်ပေ။
သို့သော် သတ်နိုင်ရန် မလိုအပ်ပေ။ သူတို့ကို နောက်ဆုတ်သွားအောင် လုပ်နိုင်လျှင် လုံလောက်ပြီ ဖြစ်သည်။
လီကျစ်ဖျင်နှင့် ကျန်းမုန့်ချူးတို့ ပြန်ရောက်လာသောအခါ သူတို့က ဝမ်ချန်လင်း၏ ခြေရင်းတွင် ကျန်ရစ်ခဲ့သော ဓားကို ကောက်ကိုင်ပြီး ယောင်ချီထံမှ သူတို့နှင့် ထိုက်တန်သော တရားမျှတမှုကို တောင်းဆိုနိုင်လိမ့်မည်။
“စတော့...”
အစီအရင်အတွင်းမှနေ၍ ဝမ်းနည်းကြေကွဲသံများ ရောယှက်နေသော အော်ဟစ်သံတစ်ခု ထွက်ပေါ်လာသည်။ ၎င်းမှာ အဆုံးမရှိသော ကောင်းကင်ယံတွင် သွေးမျက်ရည်ကျကာ အော်ဟစ် နေသော သိမ်းငှက်တစ်ကောင်၏ အသံနှင့် တူနေ၏။
ထောင်သောင်းချီသော ဓားပျံများက သည်းထန်သော မိုးရေများကဲ့သို့ ကျဆင်းလာပြီး စစ်မြေပြင်နှင့် ယောင်ချီ၏ ကျူးကျော်သူများကို လွှမ်းခြုံသွားတော့သည်။ ကျန့်ဝူ၏ ဘိုးဘေး ဓားအစီအရင်မှ စွမ်းအားများကြောင့် ဓားများမှာ အရှိန်အဟုန် အလွန်ပင် မြင့်မားလာပြီး ဓားတစ်လက်ချင်းစီမှာ လေတိုးသံများနှင့်အတူ မိုးခြိမ်းသံများ ဟိန်းဟောက်လျက် မီးပွားများ ထွက်ပေါ်နေသည်။
၎င်းတို့မှာ ဟိန်းဟောက်သော စွမ်းအားများဖြင့် ကောင်းကင်ယံမှ ထိုးဆင်းလာပြီး လေထုလွှာများကို ဖောက်ထွက်လာကြသည်။ မည်သူမျှ မတားဆီးနိုင်၊ မဖျက်ဆီးနိုင်ပေ။ သူတို့၏ လမ်းကြောင်းတွင် ပိတ်ဆို့နေသော တောင်တန်းများနှင့် မြေအောက်ကြောများ ရှိနေလျှင်ပင် အပိုင်းပိုင်း ပြတ်တောက်သွားမည့်အလား ဖြစ်နေသည်။
ဓားများ ကျဆင်းလာလေပြီ။
သူတော်စင် ချင်ကျူးက ရှေ့သို့ တက်လာပြီး ဓားတစ်လက်ကို ထိပ်တိုက်ရင်ဆိုင်လိုက်သည်။ သူ၏ ပင်ကိုယ်လက်နက်မှာလည်း ဓားတစ်လက်ပင် ဖြစ်သည်။ ပုံမှန်အားဖြင့် သူ၏ ခါးတွင် ပတ်ထားလေ့ရှိသော ပျော့ပျောင်းသည့် ဓားတစ်လက် ဖြစ်သော်လည်း ဆွဲထုတ်လိုက်လျှင်မူ သံမဏိထက်ပင် မာကျောလှ၏။
ဓားချင်း ထိတွေ့သံမှာ ကျောက်တုံးကို မိုးကြိုးပစ်လိုက်သကဲ့သို့ ပေါက်ကွဲသံပင်။
ချင်ကျူး ခြေတစ်လှမ်း နောက်ဆုတ်သွားရသည်။ ထို့နောက် ဒုတိယမြောက်ဓား ကျဆင်း၍ လာပြန်သည်။ ထိုတစ်ကြိမ်တွင်မူ ခြေနှစ်လှမ်း နောက်ဆုတ်သွားရ၏။
(၄၇)လက်မြောက်ဓား ကျဆင်းလာချိန်တွင်မူ သူ၏ လက်မှာ ထုံကျင်လာပြီ ဖြစ်သည်။ အသက်ရှူသံများမှာလည်း မမှန်တော့။ ၎င်းမှာ သူတို့ထဲတွင် အသန်မာဆုံးသူ၏ အခြေအနေပင် ဖြစ်သည်။
ကျန်ရှိသော ယောင်ချီအကြီးအကဲများမှာမူ ပို၍ ဆိုးရွားလှသည်။ ဟင်းလင်းပြင်ပေါင်းစည်းခြင်း အဆင့်အောက်ရှိ မည်သည့် ကျင့်ကြံသူဆို ဓားသုံးလက်ထက် ပို၍ တောင့်မခံနိုင်ကြပေ။ ပေါင်းစည်းခြင်းအဆင့် အောက်တွင်လား။ ဓားတစ်လက် ဆိုလျှင်ပင် သူတို့ကို အပိုင်းပိုင်း ပြတ်တောက်သွားစေရန် လုံလောက်သည်။
“နောက်ဆုတ်ကြ...” ချင်ကျူး အော်ဟစ်လိုက်သည်။
ယောင်ချီကျင့်ကြံသူများက အစီအရင်၏ အကွာအဝေးပြင်ပသို့ ဆုတ်ခွာသွားကြပြီး ကျဆင်း လာနေသော ဓားများကို အဝေးမှနေ၍ ကြည့်နေကြတော့သည်။
ချင်ကျူး၏ မျက်နှာမှာ တည်တင်းနေသော်လည်း လုပ်ဖော်ကိုင်ဖက်များကို အားပေးလိုက်သည်။
“ကင်းခြေမြားက သေရင်တောင် တွန့်လိမ်နေဦးမှာပဲ။ ဒီကာကွယ်ရေး ဓားအစီအရင်က အစွမ်းထက်ပေမဲ့ အကြာကြီး မခံနိုင်ပါဘူး။ တိုက်ခိုက်နိုင်တဲ့ အကွာအဝေးလည်း ကန့်သတ်ချက် ရှိပါတယ်။ ငါတို့ စောင့်နေရုံပဲ။ ဒီစွမ်းအားတွေ ကုန်သွားတာနဲ့ ငါတို့ ပြန်တိုက်မယ်။”
“တကယ်လို့ သူတို့ နောက်ထပ် ဟင်းလင်းပြင်ပေါင်းစည်းအဆင့် တစ်ယောက်ကို စတေးပြီး အစီအရင်ကို ပြန်စရင်ရော။” အကြီးအကဲ တစ်ဦးက မေးလိုက်သည်။
ချင်ကျူးက ထုံကျင်နေသော လက်မောင်းကို လှုပ်ခါရင်း ဓားကို ဓားအိမ်ထဲ ပြန်ထည့်လိုက်ကာ အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။
“ကျန့်ဝူမှာ အဲဒီလိုလုပ်ရဲတဲ့ သတ္တိရှိတယ်ဆိုရင်တော့ ငါတို့အတွက် အလုပ် သက်သာတာပေါ့။ သူတို့ရဲ့ ဟင်းလင်းပြင်ပေါင်းစည်းခြင်းအဆင့် ကျင့်ကြံသူတွေ အကုန်သေသွားမယ်ဆိုရင် အဲဒါက ငါတို့ လိုချင်တဲ့အရာပဲ မဟုတ်ဘူးလား။”
ယောင်ချီဘက်မှ တိတ်ဆိတ်စွာ စောင့်ဆိုင်းနေစဉ်မှာပင်...
ဓားအစီအရင်၏ မိုးရေစက်များ ဖုံးလွှမ်းထားသည့် နေရာအတွင်း၌။
ဟင်းလင်းပြင် လှိုင်းတွန့်တစ်ခု ရုတ်တရက် ပေါ်ပေါက်လာ၏။
လီကျစ်ဖျင်က ထိုဟင်းလင်းပြင်အက်ကွဲကြောင်းမှ ပထမဆုံး ထွက်ပေါ်လာသူ ဖြစ်သည်။ သူက ပဲ့တင်ထပ်နေသော ဓားသံများကို ကြားလိုက်ရ၏။ သူ ဇဝေဇဝါဖြစ်စွာဖြင့် မျက်မှောင်ကြုတ်ကာ မော့ကြည့်လိုက်ရာ...
သူ့ထံသို့ တန်းတန်းမတ်မတ် ဦးတည်ပျံသန်းလာသော ဓားပျံတစ်လက်နှင့် မျက်နှာချင်းဆိုင် တိုးသွားတော့သည်။
…
***