ယောင်ချီ မြင့်မြတ်နယ်မြေမှ လူများက တကယ့်ကို ဘဝင်မြင့်လွန်းလှ၏။
သူတို့ လက်မလှုပ်ခင်မှာပင် စကားလုံးများနှင့်တင် တော်တော်လေး မောက်မာလွန်းနေပြီ။
သူတို့၏ လေသံနဲ့ ဝင့်ကြွားပုံများက အကယ်၍ ချန်ဟွိုက်အန်သာ ဟင်းလင်းပြင်ပေါင်းစည်းခြင်း အဆင့် ကျင့်ကြံသူ ဆယ်ယောက်ထက်မနည်းကို သတ်ဖြတ်ခဲ့ဖူးခြင်း မရှိခဲ့လျှင် တကယ်ပဲ လန့်သွားမိနိုင်သည်။
သူ့ပတ်ဝန်းကျင်မှ ကျန့်ဝူ မြင့်မြတ်နယ်မြေ အကြီးအကဲတများ၏ မျက်လုံးထဲမှ ရှုပ်ထွေးနေသော အကြည့်များကို မြင်လိုက်ရသောအခါ...
အခု သူသာ အစွမ်းမပြနိုင်လျှင် နောက်ကျ ထိုအဘိုးကြီးများကို သူ့ဘက်ပါအောင် စည်းရုံးရန် ခက်ခဲသွားလိမ့်မည်ဖြစ်ကြောင်း သူသိလိုက်သည်။
တစ်ခုတည်းသော ဖြေရှင်းချက်မှာ ပိုင်ဆိုင်ထားသော အတောက်ပြောင်ဆုံး ဓားပညာရပ်များကို သုံးပြီး ယောင်ချီ မြင့်မြတ်နယ်မြေမှ ဒီဟင်းလင်းပြင်ပေါင်းစည်းခြင်းအဆင့် ကျင့်ကြံသူအားလုံးကို ခြေမှုန်းပစ်ရန်ပင်။
ဖြစ်နိုင်လျှင် ကြာစိမ်းဓားသိုင်းကျမ်းထဲမှ ဓားကွက် (၁၂)ကွက်လုံးကို တစ်ကွက်ချင်း ထုတ်ပြ ချင်နေ၏။
ထိုအခါမှသာ ထိုအဘိုးကြီးများက ချန်ဟွိုက်အန် ဆိုသောသူတွင် မည်မျှအထိ ခိုင်မာသော အခြေခံနှင့် စွမ်းအားရှိကြောင်းကို သိသွားကြပေမည်။
ပြောရန်မှာ လွယ်ကူသော်လည်း တကယ်လုပ်ရန် မလွယ်လှပေ။ သူ အစွမ်းပြချင်သော်လည်း တစ်ဖက်က ယောင်ချီ၏ ဟင်းလင်းပြင်ပေါင်းစည်းခြင်းအဆင့် ကျင့်ကြံသူ (၇)ယောက်က အလိုက်သင့် ကစားပေးရန် စိတ်ကူးမရှိကြသည်မှာ ထင်ရှားပေသည်။
[ ညီလေးရေ... မင်း ရင်ဆိုင်နေရတာ ဟင်းလင်းပြင်ပေါင်းစည်းခြင်းအဆင့် (၇)ယောက်နော်။ မင်း သူတို့ကို နိုင်ပါ့မလား ]
ကြေးခွံနက်ဓားက အနည်းငယ် တုန်ခါသွားပြီး ကျန်းယိပိုင်၏အသံက ထွက်ပေါ်လာသည်။
ချန်ဟွိုက်အန် ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်သည်။
ကျန့်ဝူ မြင့်မြတ်နယ်မြေမှ ဟင်းလင်းပြင်ပေါင်းစည်းခြင်းအဆင့် ကျင့်ကြံသူ အများစုသည် တိုက်ခိုက်ရန် မသင့်တော်တော့ကြောင်း သူ တွေ့လိုက်ရသည်။ လီကျစ်ဖျင်မှလွဲ၍ ကျန်သော အကြီးအကဲများက ဒဏ်ရာရထားကြသလို၊ အစောပိုင်း တိုက်ပွဲတွင်လည်း သူတို့၏ စွမ်းအားများ အကုန်နီးပါး သုံးစွဲထားပြီးသား ဖြစ်နေ၍ပင်။
“အစ်ကိုကြီး... ကျွန်တော့်ကို နောက်ထပ် နှစ်ကွက်လောက် သင်ပေးပါလား။” ချန်ဟွိုက်အန်က စနောက်လိုက်သည်။ “အစ်ကိုကြီးရဲ့ ပညာတွေကို သုံးပြီး သူတို့ကို နှိမ်နင်းလိုက်ရင် အစ်ကိုကြီးရဲ့ တပည့်တွေက ကျွန်တော့်နောက်ကို လိုက်ဖို့ ဝန်လေးမှာ မဟုတ်တော့ဘူးလေ...”
[ အိုးဟိုး... အခုကျတော့ ငါ့ဆီကနေ ပညာတွေ လိမ်ယူဖို့ ကြိုးစားနေတာလား ]
ကျန်းယိပိုင်က ချန်ဟွိုက်အန်သည် မိမိထံမှ ပညာရပ်များ နှိုက်နေမှန်း သိလိုက်သော်လည်း စိတ်မဆိုးပေ။
သူ့စိတ်ထဲတွင် ဟင်းလင်းပြင်ပေါင်းစည်းခြင်း အဋ္ဌမအဆင့်က ပြိုင်ဘက် (၇)ယောက်ကို မြန်မြန်ဆန်ဆန်နှင့် ထိထိရောက်ရောက် နှိမ်နင်းနိုင်ရန် ကျန့်ဝူ၏ မည်သည့် အဓိက ပညာရပ်က အကောင်းဆုံးဖြစ်မလဲ ဆိုသည်ကိုပင် စတင်စဉ်းစားနေလေပြီ။
သို့သော် ထိုအချိန်မှာပင်...
ချန်ဟွိုက်အန်၏ မြင်ကွင်းထဲ သတိပေးချက်တစ်ခု ရုတ်တရက် ပေါ်လာ၏။
[ သတိပေးချက်... ]
[ ကစားသူ၏ အနီးအနားတွင် ခြိမ်းခြောက်မှု အများအပြားကို တွေ့ရှိရပါသည်။ မိနစ်၃၀ အတွင်း တိုက်ခိုက်ခံရနိုင်ပါသည်။ ကျေးဇူးပြု၍ ဗီအာဦးထုပ်ကို ချွတ်ပြီး “ပုံရိပ်ယောင်ကောင်မလေး” ဂိမ်းမှ ချက်ချင်း ထွက်ပါ။ အကယ်၍ သင် သေဆုံးသွားပါက သင်၏ ဂိမ်းဇာတ်ကောင်လည်း အပြီးတိုင် ပျက်စီးသွားပါလိမ့်မည်... ]
သွေးရောင်လွှမ်းနေသော သတိပေးချက်က သတ္တုနံ့လို ညှော်နံ့တစ်ခု ပါလာသလို ခံစားရစေ၏။
ချန်ဟွိုက်အန် လက်တွေ့ဘဝကို သတိပြန်ဝင်လာသည်။
ဒါဟာ တကယ့်ခန္ဓာကိုယ်မှာ တစ်ခုခု ဖြစ်ပျက်နေပြီဆိုတဲ့ အဓိပ္ပာယ်ပဲ။
သို့သော် သူက မိစ္ဆာနှိမ်နင်းသူဗျူရိုကို ယခုတလော လျှောက်မသွားရန်နှင့် အထူးသဖြင့် မိစ္ဆာချိပ်ပိတ်မျှော်စင်များနှင့် ပတ်သက်သော မစ်ရှင်များကို မယူရန် ပြောထားပြီးသားပင်။ မြေပုံအရဆိုလျှင် ထိုမျှော်စင်များက C ပြည်နယ် ဗျူရိုနှင့် အဝေးကြီးတွင် ရှိနေ၏။
ဒါဆိုရင်... အဲဒီမိစ္ဆာတွေက C ပြည်နယ် မိစ္ဆာနှိမ်နင်းသူဗျူရိုကို တိုက်ရိုက် တိုက်ခိုက်မှာလား။
ဒီလောက်အထိ ရူးသွပ်နေကြတာလား...
ချန်ဟွိုက်အန်၏ စိုးရိမ်စိတ်များ တိုးလာသည်။
သူ အစွမ်းပြရန် ဂရုမစိုက်နိုင်တော့ပေ။
[ ညီလေး... ငါ ကျန့်ဝူရဲ့ အဓိက အစွမ်းထက် လျို့ဝှက်ချက်တစ်ခုဖြစ်တဲ့ “ကောင်းကင်နဲ့ မြေကြီးဟာကြင်နာမှုမရှိ” ကို သင်ပေးမယ်။ အဲဒါက တကယ့်ကို အစွမ်းထက်ပြီး ရန်သူတွေ အများကြီးကို တိုက်ခိုက်တဲ့နေရာမှာ ကောင်းတယ်။ ဒါပေမဲ့ အဲဒါက စိတ်ဝိညာဉ်ချီစွမ်းအင် အများကြီး ကုန်ခမ်းစေသလို ထပ်ခါတလဲလဲလည်း သုံးလို့မရဘူး။ မင်းသာ ကျွမ်းကျင်မှု မရှိသေးရင် သုံးတာနဲ့ စိတ်ဝိညာဉ်ချီစွမ်းအင် ကုန်ခမ်းတဲ့အခြေအနေကို ရောက်သွားနိုင်တယ်...]
“မလိုတော့ဘူး အစ်ကိုကြီး။ အချိန်မရှိတော့ဘူး။”
ချန်ဟွိုက်အန် မျက်လုံးတွေကို မှေးလိုက်သည်။
ဟင်းလင်းပြင်ပေါင်းစည်းခြင်းအဆင့် ကျင့်ကြံသူ (၇)ယောက်ကို ရင်ဆိုင်ရင်း သူက ရှေ့ကို တစ်လှမ်းချင်း လှမ်းလိုက်၏။
သူ၏ ခြေလှမ်းတိုင်းက မြေပြင်ကို တစ်လက်မချင်း တိုင်းတာနေသလိုမျိုး တည်ငြိမ်ပြီး ခိုင်မာ၍ နေသည်။ ခြေလှမ်းတိုင်းနှင့်အတူ သူ့ပတ်ဝန်းကျင်က ဖိအားများက ပိုပြီး လေးလံလာသည်။
ပတ်ဝန်းကျင်မှ လေထုများက ပုံပျက်ရှုပ်ထွေးလာပြီး နေရာလွတ်များ အက်ကွဲလာ၏။ ခြောက်သွေ့ ဆိတ်သုဉ်းနေပြီး ကျယ်ပြောလှသော ကမ္ဘာတစ်ခု၏ ပုံရိပ်ယောင်က သူ၏ နောက်ကျောမှာ စတင်ဖြစ်ပေါ်လာသည်။
သူ၏ ခြေလှမ်းများက နှေးကွေးသွား၏။
ယောင်ချီ ကျင့်ကြံသူများကို နောက်ဆုတ်ရန် အခွင့်အရေး တမင်သက်သက် ပေးနေသလိုပသ်။ အကယ်၍ သူတို့သာ နောက်မဆုတ်လျှင်... ထိုနေရာမှ လုံးဝ ထွက်ခွာနိုင်မည် မဟုတ်တော့ပေ။
သူတော်စင် ချင်ကျူးက နောက်ဆုတ်ရန် အစီအစဉ်မရှိပေ။
သူက မျက်မှောင်ကြုတ်ရင်း ထိုဆိတ်သုဉ်းနေသော ကမ္ဘာကြီးကို စိုက်ကြည့်နေမိသည်။
ထိုလူ့နောက်မှ ကမ္ဘာက သူတို့ (၇)ယောက်စလုံးရဲ့ ကမ္ဘာများ ပေါင်းထားသည်ထက်ပင် ပိုပြီး ကြီးမားနေ၏။ ကမ္ဘာငယ် ပိုကြီးလေလေ၊ ကျင့်ကြံသူက ပိုသန်မာလေလေ ဖြစ်သည်။
“ရှင်က ဘယ်သူလဲ။ ကြည့်ရတာ ကျန့်ဝူ မြင့်မြတ်နယ်မြေက လူလည်း မဟုတ်ဘူး။ ဘာလို့ ကျွန်မတို့ ယောင်ချီနဲ့ ကျန့်ဝူကြားက ကိစ္စတွေမှာ ဝင်ပါနေတာလဲ။”
“ကျွန်မတို့ ယောင်ချီ မြင့်မြတ်နယ်မြေရဲ့ သခင်မက လက်ရှိခေတ်ရဲ့ မဟာတက်လှမ်းခြင်းအဆင့် ကျင့်ကြံသူတွေထဲက တစ်ယောက်ဆိုတာကို ရှင် မသိဘူးလား။”
ချင်ကျူးက သူတော်စင် ယွိယောင်၏နာမည်ကို သုံးပြီး ခြိမ်းခြောက်လိုက်သည်။
သို့သော် သူ မသိလိုက်သည်မှာ...
ထိုသူ မကြောက်ဆုံးသူက... အစတည်းက တစ်ကိုယ်လုံး အပေါက်ဖောက်ခံထားရသော သူတော်စင် ယွိယောင် ဆိုသည်ပင်။
“စကားတွေ အများကြီး ပြောမနေနဲ့တော့။ တိုက်မယ်...”
ချန်ဟွိုက်အန်က မမြင်ရသော ဓားတစ်လက်ကို ဆုပ်ကိုင်လိုက်သလို အမူအရာ လုပ်လိုက်၏။ သူ ဓားထုတ်လိုက်သည်ကို ဘယ်သူမှ မမြင်လိုက်သော်လည်း လက်ကောက်ဝတ်မှ ဓားအလင်းတန်း တစ်ခု တောက်ပကာ ထွက်ပေါ်လာသည်။
ထိုဓားအလင်းတန်းက စက္ကူချပ်တစ်ခုလိုမျိုး ပြန့်ကားသွားပြီး ခဏချင်းမှာပင် ကျန့်ဝူ မြင့်မြတ်နယ်မြေ၏ တံခါးဝရှေ့မှ ကျယ်ပြောလှသော နေရာတစ်ခုလုံးကို ဖုံးလွှမ်းသွား၏။
လူတိုင်းက ထိုခန့်ညားထည်ဝါမှုကြောင့် မှင်တက်သွားကြလေသည်။ ထိုအလင်းတန်းထဲတွင် ကြယ်စုတန်းများ လည်ပတ်နေသည်နှင့် နဂါးငွေ့တန်းများ လှုပ်ရှားနေသည်ကို ဝိုးတဝါး မြင်တွေ့နေရ၏။ ထိုနဂါးငွေ့တန်းက ကောင်းကင်အနက်ရှိုင်းဆုံးဆီမှ စီးဆင်းလာပြီး ဓားကို ကိုင်ထားသော ပုံရိပ်တွင် လာပေါင်းဆုံကာ ကြယ်စင်ပင်လယ်ကြီး ဖြစ်သွားသည်။
“ပေပေါင်း(၁၀၀) စီးဆင်းရာ...”
နတ်ဘုရားတစ်ပါး၏ အသံလိုမျိုး ကောင်းကင်ယံမှ ပဲ့တင်ထပ်လာ၏။
ထိုကြယ်များ ပြည့်နေသော နဂါးငွေ့တန်းပေါ်တွင်...
ဝတ်ရုံဖြူဝတ် ဓားကျင့်ကြံသူတစ်ဦး၏ ပုံရိပ်ယောင်က အရက်သောက်ရင်း ကခုန်နေ၏။
သူက အရက်ပြင်းပြင်း တစ်ငုံ သောက်လိုက်သော အချိန်မှာပင် ဓားအလင်းတန်းတစ်ခု ကျဆင်း၍ လာခဲ့သည်။
“...နဂါးငွေ့တန်းကြီး။ ကောင်းကင်ကိုးထပ်ကနေ ပြုတ်ကျလာသလိုမျိုးပဲ...”
လွတ်လပ်ပေါ့ပါးပြီး အရိုင်းဆန်သော ရယ်မောသံတစ်ခု ပဲ့တင်ထပ်သွား၏။
နတ်စောင်းသံများနှင့် ဓားသံများက ကောင်းကင်တစ်ခုလုံးကို လှုပ်ခါစေသော မိုးခြိမ်းသံအဖြစ် ပေါင်းစပ်သွားသည်။ ထိုကဲ့သို့ အုန်းအုန်းမြည်သံက ရုတ်တရက် ကျလာသော မိုးရေလှိုင်းများလို၊ မြွေနဂါးကြီး လူးလိမ့်နေသလိုပင်။ ဒီဓားတစ်ချက်အောက်မှာ ကမ္ဘာကြီးတစ်ခုလုံး တုန်ခါ၍ သွားရသည်။
နတ်ဘုရားများနှင့် ဝိညာဉ်များပင် မျက်နှာပျက်ကုန်ကြရ၏။
ထိုလရောင်လို ဓားအလင်းတန်းက ပိုပြီး ထူထပ်လာသလို ပိုပြီးလည်း အေးစက်လာ၏။
“ဒီဓားပညာက... လောကမှာ အနှိုင်းမဲ့ပဲ...”
လီကျစ်ဖျင် တစ်ယောက်တည်းတင် မဟုတ်။ ကျန့်ဝူ မြင့်မြတ်နယ်မြေမှ အကြီးအကဲများနှင့် တပည့်များအားလုံးက ထိုဓားအလင်းတန်းထဲတွင် ကြောင်အမ်းအမ်း ဖြစ်နေကြရသည်။
လီကျစ်ဖျင်က ကျန့်ဝူ၏ တပည့်တစ်ယောက် အနေနဲ့ရော မြင့်မြတ်နယ်မြေ၏ အကြီးအကဲ တစ်ယောက်အနေနှင့်ပါ ကိုယ်ပိုင် ဂုဏ်သိက္ခာနှင့် ယုံကြည်ချက်များ ရှိသည်။
သူက ယင်ယန် ဓားအသိမှာ တခြားဘယ်အရာထက်မဆို နိမ့်ကျမည်ဟု လုံးဝ မယုံကြည်ခဲ့ပေ။
ကျန့်ဝူ၏ ပညာရပ်များကို ကျော်လွန်နိုင်သေစာ ဓားပညာ ဟူ၍လည်း ရှိလိမ့်မည်ဟု သူ မထင်ခဲ့ပေ။
သို့သော် အခုအချိန်တွင်တော့ သူလည်း မအံ့သြဘဲ မနေနိုင်တော့ပေ။
အကယ်၍ ဓားတစ်လက်က “အနှိုင်းမဲ့”ဟူသော ဘွဲ့နှင့် ထိုက်တန်လျှင်...
၎င်းက ထိုဓားပင်...
နတ်ဘုရားအသံက ဖော်ပြသလိုပင်။ ထိုဓားက...
ရေတံခွန်လို၊ စီးဆင်းနေသော ရေများလိုပင်။
ကောင်းကင်ယံမှ ကြယ်များအားလုံးနှင့် သွန်းလုပ်ထားလေသည်။
ဟင်းလင်းပြင်ပေါင်းစည်းခြင်း အဋ္ဌမအဆင့်ကို ရောက်နေသော ချန်ဟွိုက်အန်က နဂါးငွေ့တန်း ဓားမိုး၏ အစွမ်း ၇၀မှ ၈၀%လောက်ကို ထုတ်ဖော်နိုင်နေပြီ ဖြစ်သည်။ သူ ဓားထုတ်လိုက်ရာ နဂါးငွေ့တန်းကြီး တစ်ခုလုံး ပြိုကျလာသလိုပင်။ သူ၏ ဓားအသိမှာ ကောင်းကင်ပေါ်က ကြယ်စင်တန်းများ’ ကိုယ်ပွားတစ်ခု ဖြစ်နေ၏။
ထို့ပြင် ထိုနဂါးငွေ့တန်းကို ထိပ်တိုက်ရင်ဆိုင်သူ မည်သူမဆို...
နောက်ဆုံးမှာတော့ ဝါးမျိုခံလိုက်ရမည်သာ။
ဓားအလင်းတန်းက ဟိန်းဟောက်ပြီး ရောက်ရှိလာ၏။
၎င်းက အရာအားလုံးကို ဖောက်ထွက်သွားသည်။ တားမရသလို ရှောင်၍လည်း မရပေ။
မျက်စိတစ်မှိတ်အတွင်းမှာပင် သူတို့ဆီကို ရောက်လာနေလေပြီ။
ဓားအလင်းတန်းက လရောင်လို၊ လရောင်ကလည်း ရေလိုပင်။
တိတ်ဆိတ်သော်လည်း အေးစက်ပြီး သေစေနိုင်သော စိတ်ဆန္ဒများနှင့် ပြည့်နှက်နေသည်။
ချင်ကျူး၏ မျက်နှာ သိသိသာသာ ပျက်သွား၏။ သူက ကာကွယ်ရေး ဝိညာဉ်လက်နက်ကို ချက်ချင်း အသက်သွင်းလိုက်သည်။
၎င်းက အစိမ်းရောင် ဝါးယပ်တောင် တစ်ခုပင်။
သူ၏ ပင်ကိုယ် အသက်စည်းနှာင် ရတနာ ဖြစ်သည်။
၎င်းကို အသက်သွင်းလိုက်သည်နှင့် သူ၏ ပတ်ပတ်လည်တွင် ဝါးတောတစ်ခု ဖြစ်ပေါ်လာ၏။ ထိုအထဲတွင် သူ၏ အရှိန်အဝါနှင့် တည်နေရာကို ရှာဖွေရန် ခက်ခဲသွားမည် ဖြစ်သလို မဟာတက်လှမ်းခြင်းအဆင့် ကျင့်ကြံသူများအတွက်ပင် ရှာရန် မလွယ်ကူပေ။
သို့သော် လရောင်က ဝါးတောကို ထိလိုက်သည့် ခဏမှာပင် ထိုဝါးတောက တစ်လက်မချင်း ပြိုလဲပျက်စီးလာ၏။
အန္တိမအဆင့် ဝိညာဉ်လက်နက်တစ်ခုတောင်မှ ဒီလူရဲ့ ဓားတစ်ချက်ကို တောင့်မခံနိုင်ဘူးလား...
ချင်ကျူး၏ နှလုံးသားက အောက်ဆုံးအထိ ကျဆင်းသွား၏။
သူက နောက်လှည့်ပြီး ဝါးတောထဲ ပုန်းနေသည့် ကျန်သော အကြီးအကဲ ခြောက်ယောက်ကို အော်ပြောလိုက်သည်။
“ကာကွယ်ရေး ရတနာတွေကို ထုတ်ကြ။ အစွမ်းကုန် မထုတ်ရင် ငါတို့အားလုံး အသက်ရှင်ရက် ထွက်သွားနိုင်မှာ မဟုတ်ဘူး...”
အဆင့်မြင့် ရတနာမျိုးစုံက ဝါးတောထဲ လင်းလက်လာ၏။
သို့သော် ဓားအလင်းတန်းက ဧရာမ လက်ဝါးကြီးတစ်ခုလိုမျိုး တောက်လျှောက် ဖိနှိပ်လာပြီး ဝါးတောနှင့် ယောင်ချီအကြီးအကဲများ အသက်ရှင်ရန် ကျန်နေသော နေရာလွတ်များကို ကျုံ့ဝင်၍ သွားစေသည်။
“ဒါ နောက်ဆုံးပဲ...”
ချင်ကျူးက အံကို တင်းတင်းကြိတ်ရင်း နီးကပ်လာတဲ့ ဓားအလင်းတန်းကို စိုက်ကြည့်နေမိသည်။
သုံးလို့ရမယ့် နောက်ဆုံး လှည့်ကွက် ကျန်သေးလား။
ရုတ်တရက် အတွေးတစ်ခု ဝင်လာ၏။
အစိမ်းရောင် အစေ့လေး တစ်စေ့က သူ၏စိတ်တ်ထဲတွင် ပေါ်လာခဲ့သည်။
၎င်းက ကျန်ရှိနေသည့် တစ်ခုတည်းသော ဝှက်ဖဲ ဖြစ်နိုင်၏။
သူတော်စင် ယွိယောင်က ထိုသို့ကျပ်အတည်းကို ဟိုးအရင်တည်းက ကြိုတင်တွက်ချက် ထားခဲ့ခြင်း ဖြစ်နိုင်သည်။
သို့သော် သူ အစေ့ကို မျိုချခါနီးမှာပင် ထိတ်လန့်စရာ ခံစားချက်ကြီးတစ်ခုက သူ့ကို လွှမ်းမိုး၍ သွားခဲ့သည်။
ကြောက်စရာကောင်းသော အရာတစ်ခုခု ဖြစ်တော့မည့် အတိုင်းပင်။
သို့သော်လည်း သူတော်စင် ယွိယောင်အပေါ် ထားရှိသော သူ၏ ယုံကြည်မှုကြောင့်ပင်...
ထိုအစေ့ကို ပါးစပ်ထဲ အတင်းထိုးထည့်ပြီး မျိုချလိုက်တော့သည်။
…
***