သူ ထိုအစိမ်းရောင်အစေ့ကို မျိုချလိုက်သည့် ခဏမှာပင်...
မည်သည့် နတ်ဘုရားပညာရပ်မှ ပေါ်မလာ၊ မည်သည့် ဝိညာဉ်ရတနာမှလည်း ထွက်မလာခဲ့ပေ။
ဝိညာဉ်၏ အနက်ရှိုင်းဆုံးနေရာမှ လာသော သည်းမခံနိုင်စရာ နာကျင်မှုနှင့် ဝေဒနာဆိုးကြီးသာ ဖြစ်ပေါ်လာခဲ့သည်။
လက်သည်းများဖြင့် သူ၏ ဝိညာဉ်ကို တစ်လက်မချင်း ဆွဲဖြဲနေသကဲ့သို့ ခံစားနေရသည်။ အစိမ်းရောင်အစေ့မှ ထွက်လာသော အမြစ်များမှာ သူ၏ အသက်ဓာတ်ကို ဝါးမျိုနေပြီး စွမ်းအင်များကို စုပ်ယူနေတော့သည်။
“သူတော်စင်... အဟွတ် အဟွတ်။ ရှင်...”
သူတော်စင် ချင်ကျူး အကူအညီတောင်းရန်ပင် အချိန်မရလိုက်ဘဲ ပါးစပ်မှ သွေးများ ပန်းထွက်လာသည်။
ကျန်ရှိနေသော ဟင်းလင်းပြင်ပေါင်းစည်းခြင်းအဆင့် ကျင့်ကြံသူ ခြောက်ဦးမှာမူ ဘာကိုမှ သတိမထားမိကြပေ။
သူ အစေ့ကို မျိုချသည်ကို မြင်သောအခါ၊ သူတို့လည်း တွန့်ဆုတ်မနေဘဲ လိုက်လုပ်ကြသည်။
အဆုံးတွင်တော့ ၎င်းမှာ သေရေးရှင်ရေး အခြေအနေ မဟုတ်ပါလား။
သူတို့ မြင့်မြတ်နယ်မြေ၏ ဂိုဏ်းချုပ် ပေးထားသည့် မည်သည့် ဝှက်ဖဲကိုမဆို ယခု အသုံးမချလျှင် ဘယ်တော့မှ အခွင့်အရေး ရတော့မည် မဟုတ်ပေ။
သို့သော် သူတို့ မသိသည်မှာ...
၎င်းကို အသုံးပြုခြင်းက သေမင်းထံသို့ တည့်တည့်လျှောက်သွားခြင်းနှင့် အတူတူပင်။
“ဟမ်...”
ချန်ဟွိုက်အန်က စိမ်းစိုနေသော ဝါးတောကို ကြည့်ကာ မျက်မှောင်ကြုတ်လိုက်သည်။
သူ၏ ဓားချက်မှာ သေချာပေါက် အစွမ်းထက်လှ၏။
ယောင်ချီအကြီးအကဲ (၇)ယောက်၏ ကမ္ဘာငယ် ခုနစ်ခု ပေါင်းစည်းထားသည့် အင်အားဖြင့်ပင် သူ့ကို မတားဆီးနိုင်ခဲ့ပေ။
သူတို့၏ ကျင့်ကြံမှုမှာ ဟင်းလင်းပြင်ပေါင်းစည်းခြင်း အဋ္ဌမအဆင့် ရှိသည့် ကျင့်ကြံသူတစ်ဦးကို ယှဉ်ရန် မလုံလောက်ပေ။
အထူးသဖြင့် တိုက်ခိုက်ရေးအတွက် သီးသန့်သွန်းလုပ်ထားသော ဓားကျင့်ကြံသူတစ်ဦးကိုပင်။
သို့သော်လည်း သူတို့က ခဏလောက်တော့ တောင့်ခံနိုင်သင့်သည်။
ယခုမူ အသက်သုံးရှိုက် အချိန်အတွင်းမှာပင် သူတို့၏ ကမ္ဘာငယ်စွမ်းအားနှင့် အဆင့်မြင့် ရတနာများဖြင့် ဖန်တီးထားသော ကာကွယ်ရေး အတားအဆီးမှာ လုံးဝ ပြိုလဲသွားခဲ့လေပြီ။
၎င်းမှာ သူတို့ဘက်မှ ရုတ်တရက် ခုခံမှုကို လက်လျှော့လိုက်သလိုပင်။
“ဘာဖြစ်တာလဲ။ သူတို့ အရှုံးပေးလိုက်တာလား။ သူတို့မှာ အသက်ရှင်ချင်တဲ့ ဆန္ဒလေးတောင် အစအန မကျန်တော့ဘူးလား။ ဒါက ယောင်ချီ မြင့်မြတ်နယ်မြေရဲ့ ပြတ်သားမှုနဲ့ မာန်မာနလား။”
ချန်ဟွိုက်အန် မျက်လုံးများကို မှေးလိုက်၏။
တစ်ခုခုတော့ မှားနေပြီ။
ထိုဟင်းလင်းပြင်ပေါင်းစည်းခြင်းအဆင့် ကျင့်ကြံသူများက တစ်စုံတစ်ရာသော လျို့ဝှက်ချက်ကို ဖုံးကွယ်ထားခြင်းလည်း ဖြစ်နိုင်သည်။
ရန်သူက မလှုပ်လျှင် သူလည်း မလှုပ်ဘဲ ဝါးတောကိုသာ စိုက်ကြည့်လျက် သတိရှိနေလိုက်သည်။
ထိုစဉ်...
[ သင်သည် ယောင်ချီ မြင့်မြတ်နယ်မြေ၏ ဟင်းလင်းပြင်ပေါင်းစည်းခြင်းအဆင့် ကျင့်ကြံသူ သူတော်စင် ချင်ကျူးကို သတ်ဖြတ်လိုက်ပါပြီ။ ဆုလာဘ် - ဖြောင့်မှန်သောလမ်းစဉ်ကျင့်ကြံသူ အပိုင်းအစ ၁၂၀၀။ ထူးခြားသောအခြေအနေကြောင့် အခြားပစ္စည်းများ ရရှိခြင်း မရှိပါ ]
[ သင်သည် ယောင်ချီ မြင့်မြတ်နယ်မြေ၏ ဟင်းလင်းပြင်အဆင့် ကျင့်ကြံသူ သူတော်စင် ကျူ့အိုး ကို သတ်ဖြတ်လိုက်ပါပြီ။ ဆုလာဘ် - ဖြောင့်မှန်သောလမ်းစဉ်ကျင့်ကြံသူ အပိုင်းအစ ၈၀၀။ ထူးခြားသောအခြေအနေကြောင့် အခြားပစ္စည်းများ ရရှိခြင်းမရှိပါ ]
…
သတ်ဖြတ်မှု အစီရင်ခံစာ စုစုပေါင်း (၇)ခု တက်လာသည်။
ယောင်ချီ၏ ဟင်းလင်းပြင်ပေါင်းစည်းခြင်းအဆင့် ကျင့်ကြံသူ (၇)ယောက်လုံး သေဆုံးသွားပြီ။
ထိုမျှ လွယ်လွယ်ကူကူနှင့်ပင်။
ချန်ဟွိုက်အန်က လရောင်ကဲ့သို့သော ဓားကို ဓားအိမ်ထဲ ပြန်ထည့်လိုက်သည်။
ငွေရောင်အလင်းတန်းများ လွှမ်းခြုံထားသော ကမ္ဘာမှာ မှောင်မိုက်ခြင်းသို့ ပြန်လည်၍ ရောက်ရှိသွားသည်။
ယခုမူ ဝါးတောရှိခဲ့သော နေရာတွင် အလောင်း (၇)လောင်းသာ ကျန်ရစ်တော့သည်။
ချန်ဟွိုက်အန် လမ်းလျှောက်သွားကာ အနီးကပ်ကြည့်လိုက်ရာ သူ၏ မျက်မှောင်မှာ ပို၍ပင် တွန့်သွားတော့သည်။
ယောင်ချီ မြင့်မြတ်နယ်မြေ၏ အကြီးအကဲ ခုနစ်ယောက်လုံးမှာ ကြောက်မက်ဖွယ်ကောင်းသော အခြေအနေဖြင့် သေဆုံးနေကြသည်။
သူတို့၏ အရေပြားများမှာ အရိုးပေါ် အရေတင်ဖြစ်လျက် ကျုံ့ဝင်နေပြီး မျက်လုံးများမှာ အပြင်သို့ ပြူးထွက်နေကာ မျက်နှာအမူအရာများမှာလည်း ကြောက်လန့်တကြား ဖြစ်နေကြသည်။
သေခါနီးတွင် မတွေးဝံ့စရာ ဝေဒနာကို ခံစားခဲ့ရသည့်အလားပင်။
၎င်းမှာ သေချာပေါက် သူ၏ဓားကြောင့် ဖြစ်လာသော ရလဒ် မဟုတ်ပေ။
အကယ်၍ သူသာ ဓားကို ပြန်မရုပ်သိမ်းခဲ့လျှင် သူတို့ လုံးဝ ပျက်စီးသွားပေလိမ့်မည်။ သန့်ရှင်းပြီး နာကျင်မှုမရှိဘဲနှင့်ပင်။
သတ်ဖြတ်မှု သတိပေးချက်များ တက်လာချိန် သူ၏ ဓားအလင်းမှာ သူတို့ကို ထိပင် မထိသေးပေ။
သူတို့က သူ့ဓားသွားကြောင့် သေဆုံးခဲ့ခြင်း မဟုတ်။
သို့မဟုတ် အနည်းဆုံးတော့ တိုက်ရိုက်သေဆုံးခြင်း မဟုတ်ပေ။
“ဘယ်သူလဲ။ ဘယ်သူက ငါ့ကို ကူညီသွားတာလဲ။ ဒါမှမဟုတ်... ဒီနေရာမှာ တခြားတစ်ခုခု ဖြစ်နေတာလား။”
ထိုကဲ့သို့သော အချိန်တွင် သူ့ကို ကူညီရန် မည်သူမျှ တကူးတက လာလိမ့်မည်ဟု ချန်ဟွိုက်အန် မယုံကြည်ပေ။
အထူးသဖြင့် သူ တစ်ခါမှ မကြားဖူးသောသူမျိုးဆီမှပင်။
ထိုသူကလည်း လုံးဝ ပုန်းကွယ်နေခဲ့သည်။
သူ အလောင်းများကို ပြန်လည်စစ်ဆေးသော်လည်း သဲလွန်စ မတွေ့ရပေ။
ကြောက်မက်ဖွယ်ကောင်းသော သေဆုံးမှုမှလွဲ၍ အခြား အသုံးဝင်သော အချက်အလက် မရှိချေ။
လီကျစ်ဖျင်နှင့် ကျန်ရှိနေသော ကျန့်ဝူမြင့်မြတ်နယ်မြေမှ အကြီးအကဲများမှာလည်း စုရုံးရောက် ရှိလာပြီး မြေပြင်ပေါ်တွင် ဖရိုဖရဲ လဲလျောင်းနေသော အလောင်း (၇)လောင်းကို လေးနက်စွာ စိုက်ကြည့်နေကြသည်။
မျက်လုံးရှိသူတိုင်း မြင်နိုင်သည်မှာ တစ်ခုခုတော့ မှားနေပြီ ဟူ၍ပင်။
“ဒါက မိစ္ဆာအတတ်ရဲ့ ဘေးထွက်ဆိုးကျိုး ဖြစ်နိုင်တယ်...” လီကျစ်ဖျင်က မေးစေ့ကို ပွတ်ရင်း မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။
“ဟမ့်... ယောင်ချီက အဲဒီမိစ္ဆာမတွေဟာ အရင်ကတည်းက မိစ္ဆာပညာတွေကို လေ့ကျင့်နေခဲ့တာ ဖြစ်မှာပေါ့။ သူတို့ လုပ်ခဲ့တဲ့ ကိစ္စတွေကိုပဲ ကြည့်လေ။ နှမြောစရာကောင်းတာက ငါတို့ အကြီးအကဲ ဝမ်ကို ဆုံးရှုံးလိုက်ရတာပဲ...” အခြားအကြီးအကဲတစ်ဦးက သက်ပြင်းချသံနှင့်အတူ ပြောလိုက်သည်။
ဝမ်ချန်လင်း၏ သေဆုံးမှုမှာ ကျန့်ဝူ မြင့်မြတ်နယ်မြေ တစ်ခုလုံးအတွက် ကြီးမားသော ဆုံးရှုံးမှုပင်။
တပည့်များသာ ဝမ်းနည်းနေကြဆဲ ဖြစ်သည်။
အကြီးအကဲများမှာမူ ရှင်ခြင်းနှင့် သေခြင်း၏ လက်တွေ့ဘဝကို လက်ခံထားကြပြီးသားပင်။
အကယ်၍ ဝမ်ချန်လင်းသာ ရှေ့ဆုံးမှ ထွက်မတိုက်ခဲ့လျှင် သူတို့ထဲမှ တစ်ယောက်ယောက်က ရန်သူကို တားဆီးရန် အသက်ပေးကြရမည်သာ ဖြစ်သည်။
ချန်ဟွိုက်အန်မှာမူ သူ၏ ပါရမီရှင်ဦးနှောက်ကို အပင်ပန်းခံ၍ အဖြေရှာမနေတော့ပေ။
သံသယရှိလျှင် ဝန်ဆောင်မှုစနစ်ကိုသာ မေးလိုက်မည် ဖြစ်သည်။
“ကောင်းကင်နက္ခတ်တွက်ချက်ခြင်း၊ အဲဒီ ယောင်ချီအကြီးအကဲ (၇)ယောက် ဘယ်လိုမျိုး သေသွားလဲဆိုတာ ငါ့အတွက် တွက်ချက်ပေး။”
[ ဒါက ဒီနေ့အတွက် သင်၏ ပထမဆုံး တွက်ချက်မှုဖြစ်၍ အခမဲ့ ဖြစ်ပါတယ် ]
ကျန့်ဝူမြင့်မြတ်နယ်မြေ၏ အထက်တွင် လေတိုးသံများ ဟိန်းဟောက်လာပြီး တိမ်တိုက်များ လူးလိမ့်လာသည်။
ကောင်းကင်နက္ခတ် တွက်ချက်ခြင်းက ချန်ဟွိုက်အန် ရှိရာနေရာ၌ စုစည်းလာတော့သည်။
ကောင်းကင်ဘုံတာအို၏ ဖိအားအနည်းငယ်မှာ သူ့ထံမှ စတင်ပျံ့လွင့်လာသည်။
သဲများ လွင့်စင်လာပြီး သစ်ပင်များ ကိုင်းညွတ်ကုန်၏။
ပတ်ဝန်းကျင်ရှိ ကျန့်ဝူအကြီးအကဲများသည် တစ်ဦးကိုတစ်ဦး စိုးရိမ်တကြီး ကြည့်လိုက်ကြပြီး သိသိသာသာ တုန်လှုပ်နေကြသည်။
သူတို့အားလုံးမှာ ဟင်းလင်းပြင်ပေါင်းစည်းခြင်းအဆင့် ကျင့်ကြံသူများ ဖြစ်ကြသော်လည်း မည်သူကမျှ ကောင်းကင်နက္ခတ်ကို ထိုကဲ့သို့ မလှုံ့ဆော်နိုင်ကြပေ။
သမိုင်းတစ်လျှောက်တွင် ထိုကဲ့သို့ လုပ်ဆောင်နိုင်သူများမှာ ကံကြမ္မာ၏ လှိုင်းလုံးများကို လှုပ်ခတ်နိုင်သူများသာ။
မှန်ပေသည်။
အတိဒုက္ခ ကြုံရချိန်တွင် ထိုကဲ့သို့ ကျင့်ကြံသူများက မိုးကြိုး အပြင်းထန်ဆုံး ပစ်ခံရသူများလည်း ဖြစ်ပေသည်။
ကောင်းကင်နက္ခတ်ကို ဆက်သွယ်ခြင်းက ကောင်းကင်တာအို၏ အမှတ်အသား ပြုခြင်းကို ခံရခြင်းပင်။
အင်မော်တယ်အဆင့်သို့ မရောက်ခင် ကောင်းကင်နက္ခတ်ကို ခေါ်ယူသည့် မည်သည့် ဂါထာမဆို အခြေခံအားဖြင့် စွမ်းအားကို ခိုးယူခြင်း ဖြစ်သည်။
ကောင်းကင်ထံမှ ခိုးယူသူများမှာ... အမြဲ ပြန်လည်၍ ပေးဆပ်ရလေ့ရှိသည်။
အချို့သော လျို့ဝှက်ပညာရပ်များမှာ တန်ပြန်သက်ရောက်မှုကို ရွှေ့ဆိုင်းပေးရုံသာ ရှိသည်။ ကောင်းကင်ဘုံအတိဒုက္ခ ကျရောက်ချိန်တွင်မူ အားလုံး စုပြုံကျလာပေလိမ့်မည်။
ထို့ကြောင့် အကြီးအကဲများ၏ မျက်လုံးထဲတွင်မူ...
ဓားကျောင်းတော်ဘိုးဘေးသည် အနာဂတ်ကို လောင်ကျွမ်းပစ်နေခြင်း ဖြစ်သည်။
သူက မိမိကိုယ်ကို စတေးနေခြင်းပင်။
မျက်ရည်ကျလောက်စရာ တကယ့် ယောကျာ်းကောင်းပင် ဖြစ်လေသည်။
[ ကောင်းကင်နက္ခတ် တွက်ချက်ခြင်း ပြီးဆုံးပါပြီ ]
[ ယောင်ချီ မြင့်မြတ်နယ်မြေမှ အကြီးအကဲ (၇)ယောက်ကို သူတော်စင် ယွိယောင် သတ်ဖြတ်ခဲ့ခြင်း ဖြစ်ပါတယ်... ]
[အသေးစိတ်အချက်အလက်များကို ဖုံးကွယ်ထားသဖြင့် တွက်ချက်၍ မရနိုင်ပါ။ နောက်ထပ် တွက်ချက်မှု မလုပ်ခင် လက်တွေ့ဘဝ ကျင့်ကြံမှုကို ရွှေရောင်အနှစ်သာရ အလယ်အလတ်အဆင့် သို့ မြှင့်တင်ပါ ]
“ဘာ။ သူတို့ကို သတ်သွားတာ သူတော်စင် ယွိယောင် ဟုတ်လား။” ချန်ဟွိုက်အန် မျက်လုံးများ ပြူးသွား၏။
လုံးဝ ထင်မထားမိခဲ့ပေ။
သူက ဆရာတော် ဖန်ယဲ့ဆိုသည့် မြေခွေးအိုကြီးကို သံသယဝင်ခဲ့သော်လည်း...
သူတော်စင် ယွိယောင်လား။ သူ စိတ်ကူးထဲပင် မထည့်ခဲ့မိပေ။
ဒါပေမဲ့ ဘာလို့င့် သူတော်စင် ယွိယောင်က သူရဲ့ အကြီးအကဲ (၇)ယောက်ကို သတ်ရတာလဲ။
သူတို့ တာဝန်မကျေလို့လား။
ချန်ဟွိုက်အန် ဇဝေဇဝါ ဖြစ်နေမိသည်။
ကံမကောင်းစွာဖြင့် တွက်ချက်မှု ရလဒ်မှာ အလွန်ဝေဝါးလွန်းနေပြီး နောက်ထပ် အဖြေများမှာ သူ၏ လက်တွေ့ဘဝ ကျင့်ကြံမှုအဆင့်ပေါ်တွင် မူတည်နေသည်။
ထို့ကြောင့် သူ မကြာခင် သိနိုင်လိမ့်မည် မဟုတ်ပေ။
သို့သော် တစ်ခုတော့ ရှင်းနေသည်။
သူတော်စင် ယွိယောင်က သူ့ကို ကူညီရန်အတွက် သူတို့ကို သတ်ခဲ့ခြင်း မဟုတ်သည်ပေ။
သူက ကိုယ်ကျိုးအတွက်သာ လုပ်ခဲ့ခြင်း ဖြစ်ရမည်။
သူက ဓာတ်ကြီးငါးပါး အန္တိမခန္ဓာရှိသော ယွဲ့ချန်ချီ ကယ်ထုတ်ခဲ့ပြီးပြီ ဖြစ်သည်။
သူတော်စင် ယွိယောင်တွင် အခြားအစီအစဉ်တစ်ခု ရှိနေရပေမည်။
ထိုမိန်းမက အင်မော်တယ်ဖြစ်ရန် ဘာမဆို လုပ်မည့်သူ ဖြစ်သည်။ သူက ထိုမျှလွယ်လွယ်နှင့် လက်လျှော့မည် မဟုတ်ပေ။
ယခု ယောင်ချီ၏ ဟင်းလင်းပြင်ပေါင်းစည်းခြင်းအဆင့် ကျင့်ကြံသူများ သေသွားပြီ ဖြစ်သဖြင့်....
အင်အားချည့်နဲ့နေသော ကျန့်ဝူမြင့်မြတ်နယ်မြေက သူ၏ နောက်ထပ် စ်မှတ် ဖြစ်လာနိုင်သည်။
ကျန့်ဝူ၏လုံခြုံရေးကို စိတ်ချရစေရန် နည်းလမ်းနှစ်ခုသာ ရှိသည်။
ပထမတစ်ခုမှာ ကျန်းယိပိုင်ကို ပြန်လည်ရှင်သန်စေရန်ပင်။
ဒုတိယမှာ ကျန့်ဝူ မြင့်မြတ်နယ်မြေကို ကမ္ဘာငယ်ထဲသို့ ထည့်သွင်းကာ သူ့နောက်လိုက်စေရန်ပင်။
ပထမနည်းလမ်းမှာ မဖြစ်နိုင်ပေ။
သူ့တွင် မဟာတက်လှမ်းခြင်းအဆင့်ကို ပြန်လည်ရှင်သန်စေနိုင်သည့် နည်းလမ်းမရှိချေ။
ဒုတိယနည်းလမ်းမှာ ဖြစ်နိုင်သော်လည်း တကယ့်ကို ခက်ခဲပေလိမ့်မည်။
ချန်ဟွိုက်အန်က ယောင်ချီမှ အလောင်းများကို ဝိုင်းအုံကြည့်ကာ ကန်ကျောက် ဆဲဆိုနေကြသော အဘိုးကြီးများကို ကြည့်လိုက်သည်။
သူ၏ ဦးနှောက်မှာ တစီစီ မြည်နေ၏။
သူ့တွင် အချိန် မိနစ်(၂၀)ပင် မကျန်တော့ပေ။
အကယ်၍ သူက နောက်ဆုံးစက္ကန့်အထိ စောင့်ပြီးမှ ထွက်မည်ဆိုပါက ဒုက္ခရောက်ပေလိမ့်မည်။
ထို့ကြောင့် တကယ်တမ်းဆိုလျှင် ၁၀မိနစ်
ပင် မကျန်တော့ပေ။
ဒီခေါင်းမာလှတဲ့ အဘိုးကြီးတစ်အုပ်ကို ၁၀မိနစ် အတွင်းမှာ ဓားကျောင်းတော်ရဲ့ နောက်ကို လိုက်လာအောင် ဘယ်လိုများ... စည်းရုံးရပါ့မလဲ။
အမှန်အတိုင်း ပြောရရင်လား။
အဆင့်မြင့်သင်္ချာထက်တောင် ပိုပြီးတော့ ခက်သေးတယ်။
***