လော့ရွှေမြစ်…
အိမ်သင်္ဘော၏ ကုန်းပတ်ပေါ်တွင်...
လူတိုင်းအပြည့်အဝ ပြင်ဆင်ပြီးစီးနေကြလေပြီဖြစ်သည်။
လူတစ်ယောက်စီတိုင်း၏ လက်ထဲတွင် ဇလုံတစ်လုံးစာ အရွယ်အစားခန့်ရှိပြီး အဖြူရောင် အမြှေးပါးကဲ့သို့သော စက်လုံးကြီး တစ်လုံးစီကို ကိုင်ဆောင်ထားကြ၏။
ထိုအရာများမှာ လော့ရွှေမြစ်ထဲရှိ ကြီးမားသော ငါးတစ်မျိုးထံမှ ရရှိသည့် ရေကူးဆီးအိမ်များဖြစ်ပြီး အတွင်း၌ လတ်ဆတ်သော လေများကို သိုလှောင်ထားနိုင်သည်။
ဤပစ္စည်းများမှာ ရေထဲသို့ ဝင်ရောက်ပြီးနောက် သူတို့အတွက် ဒုတိယ အသက်ကယ်ကြိုးပင် ဖြစ်တော့သည်။
...
သူတို့အားလုံးက ကျွမ်းကျင်သော သိုင်းပညာရှင်များ ဖြစ်ကြသော်ငြား ရေထဲသို့ ဝင်ရောက်သွားသည်နှင့် လက်ဖက်ရည် တစ်ဝက်သောက်ချိန်လောက်ပင် တောင့်ခံနိုင်စွမ်း မရှိကြချေ။
လတ်ဆတ်သော လေကို မရှူရှိုက်ရဘဲ ရေနက်ပိုင်းသို့ ငုပ်ဆင်းသွားပါက မည်မျှပင် ကျွမ်းကျင်သော သိုင်းပညာရှင် ဖြစ်နေပါစေ လေကုန်ခမ်းသွားသည်နှင့် ရေနစ်သေဆုံးရမည်ဖြစ်သည်။
ရှီရှောင်ယွမ်က အဖွဲ့သားများကို တစ်ချက် ဝေ့ကြည့်လိုက်၏။ သူတို့၏ တက်ကြွနေသော အမူအရာများကို မြင်တွေ့ရချိန်တွင် သူက ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။
ရေအောက်ရှိ သင်္ဘောပျက်မှာ နဂါးငါးဖြူ၏ ပိုင်နက်ဖြစ်ကြောင်း သူ ကောင်းစွာ သိရှိထားလေသည်။
ဟွမ်ဆန်း၏ ပြောပြချက်များနှင့် သူတို့၏ စွမ်းရည်များအရ ရေအောက်ရှိ နဂါးငါးဖြူ၏ စွမ်းအားမှာ သာမန်မဟုတ်ကြောင်း သိသာထင်ရှားလှ၏။
အကယ်၍ သူကိုယ်တိုင်သာ ဝင်ရောက် မတိုက်ခိုက်ပါက မြစိမ်းရောင်မြွေဂိုဏ်းမှ မည်သူတစ်ဦးတစ်ယောက်ကမျှ ထိုနဂါးငါးဖြူအား ရင်ဆိုင်နိုင်စွမ်းရှိမည် မဟုတ်ချေ။
ဘာပဲဖြစ်ဖြစ် ဟွမ်ဆန်းတို့ အဖွဲ့ထဲတွင် အစွမ်းထက်ဆုံးဟု ဆိုသောသူမှာ သွေးချီ အကြီးစား အောင်မြင်မှုအဆင့်သို့ ရောက်ရှိနေသည့် ကျွမ်းကျင်ပညာရှင်တစ်ယောက် ဖြစ်ကြောင်း ဖော်ပြထားသည် မဟုတ်ပါလား။
သို့သော် နဂါးငါးဖြူနှင့် ရင်ဆိုင်ရချိန်တွင် ထိုကဲ့သို့သော စွမ်းအား အဆင့်မျိုးကပင် ပြန်လည် ခုခံနိုင်စွမ်း အနည်းငယ်မျှသာ ရှိခဲ့ပေသည်။
ထို့ကြောင့် သူ့လုံခြုံရေးကို သူကိုယ်တိုင်မှလွဲ၍ မည်သူကမျှ အာမခံနိုင်မည် မဟုတ်ကြောင်း ရှီရှောင်ယွမ် ကောင်းစွာ သိရှိထား၏။
…
အခြား တစ်နေရာတွင်...
[ရေကူးခြင်း အတွေ့အကြုံ +၁]
ကျန်းနင်၏ အရှေ့၌ အသိပေးချက်တစ်ခု ထွက်ပေါ်လာတော့သည်။
[ကျွမ်းကျင်မှု] - ရေကူးခြင်း (ကန့်သတ်ချက် ဖောက်ထွက်ခြင်း တစ်ကြိမ် ၁၆၇၇/၂၀၀၀) (ဝိသေသလက္ခဏာ - ရေအောက် အသက်ရှူခြင်း)
ကျန်းနင်က သူ့စနစ်မျက်နှာပြင်ကို တစ်ချက် ဝေ့ကြည့်လိုက်ပြီးနောက် သူ့အကြည့်များက ရေပြင်ထက်ရှိ သင်္ဘောကြီးဆီသို့ ဆက်လက် ရောက်ရှိသွား၏။
သူက ဤနေရာသို့ စောစီးစွာ ရောက်ရှိနေခဲ့ပြီး ထိုသင်္ဘောကို ရှာဖွေတွေ့ရှိခဲ့သည်မှာ ကြာပြီဖြစ်သည်။
သင်္ဘောပေါ်ရှိ လူများ၏ စကားပြောသံများကလည်း သူ့နားထဲသို့ ရှင်းလင်းပြတ်သားစွာ ရောက်ရှိလာခဲ့လေသည်။
"ဒါက မထင်မှတ်ထားတဲ့ အံ့ဩစရာပဲ... ဝမ်ဟွာမဏ္ဍပ်မှာ လျှို့ဝှက်ချက်တချို့ ရှိနေသေးပုံရတယ်... ဒီလို တိတ်တဆိတ် သတင်းအချက်အလက်မျိုးကိုတောင် မှတ်တမ်းတင်ထားသေးတာပဲ"
"နဂါးငါးဖြူ... ဒီလို ဝိညာဉ်ငါးမျိုးက တကယ့် ရတနာပဲ... ပြီးတော့ သံရိုင်းတွေ အပြည့်ပါတဲ့ သိုလှောင်ရုံကလည်း မနည်းမနော စည်းစိမ်ဥစ္စာတစ်ခုပဲ"
"တကယ်လို့ ရှီရှောင်ယွမ် ပြောသလိုသာ အမှန်ဆိုရင် နဂါးငါးဖြူ နေထိုင်တဲ့ နေရာမှာ ပေါက်ရောက်နေတဲ့ ကောင်းကင်နဲ့ မြေကြီးရဲ့ ရတနာက အကြီးမားဆုံး ဆုလာဘ် ဖြစ်လာမှာပဲ"
ထိုသို့ တွေးတောမိသည်နှင့် ကျန်းနင်လည်း စိတ်အားထက်သန်လာတော့သည်။
အဘယ်ကြောင့်ဆိုသော် ဤဖြစ်နိုင်ချေမှာ အလွန်မြင့်မားကြောင်း သူ ခံစားနေရသောကြောင့်ပင်။
နဂါးငါးဖြူ အနေဖြင့် ထိုကဲ့သို့ ကြီးမားသော စွမ်းအားကို ပိုင်ဆိုင်ထားခြင်းမှာ ကိုယ့်ဘာသာ ကြီးထွားလာရုံဖြင့် ရရှိရန် အလွန်ခက်ခဲလှ၏။
ကောင်းကင်နှင့် မြေကြီး၏ ရတနာများ ရှိနေခြင်းကသာ ယုတ္တိအရှိဆုံး ဖြစ်နိုင်ချေ တစ်ခုပင်။
ယခုအခါ သူက ဆုံးဖြတ်ချက် ခိုင်မာစွာချပြီးလေပြီဖြစ်သည်။
အခြားလူများက ရှေ့မှ လမ်းရှင်းပေးနေသည်ဖြစ်ရာ သူက ဘာမှ ဝင်စွက်ဖက်နေစရာ မလိုပေ။
နဂါးငါးဖြူ၏ စွမ်းအားမှာ မည်မျှရှိမည်ကို မသိရသေးချေ။
ဘာပဲဖြစ်ဖြစ် သူသိထားသလောက် ဤကမ္ဘာတွင် မိစ္ဆာများ အမှန်တကယ် တည်ရှိနေသည် မဟုတ်ပါလား။
ရှေးခေတ်ကာလ၊ အင်မော်တယ်များ အများအပြား ရှိခဲ့စဉ် အချိန်ကတည်းကပင်...
မိစ္ဆာများမှာ လူသားမျိုးနွယ်ထက် အထက်စီးမှ ကြီးစိုးလွှမ်းမိုးနိုင်ခဲ့သော သတ္တဝါများ ဖြစ်ကြ၏။
ယခုခေတ်တွင်ပင် စာအုပ်များ၏ အဆိုအရ ဝေးလံခေါင်ဖျားသော အရိုင်းအစိုင်း နယ်မြေများ၌ ကြီးမြတ်သော မိစ္ဆာကြီးများ နေထိုင်ဆဲ ဖြစ်ကြောင်း သိရသည်။
သူတို့ထဲမှ အများစုမှာ တစ်နေရာရာတွင် ပုန်းကွယ် အိပ်စက်နေကြခြင်း ဖြစ်လောက်သည်။
ထို့ကြောင့် ဤမျှ အစွမ်းထက်သော ဝိညာဉ်ငါးတစ်ကောင် ဖြစ်သည့် နဂါးငါးဖြူမှာ အသိဉာဏ် ပွင့်လင်းနေသော ဝိညာဉ်ငါးတစ်ကောင် ဖြစ်ဖို့များပြီး သိုင်းပညာ အဆင့်ရှစ် ကျွမ်းကျင်သူ ရှီရှောင်ယွမ် ကိုယ်တိုင် ရေထဲသို့ ဝင်ရောက်ရန် လိုအပ်လာခြင်း ဖြစ်ပေမည်။
ထိုကဲ့သို့သော ဝိညာဉ်ငါးများကို မိစ္ဆာများဟု ခေါ်ဆိုနိုင်လေသည်။
အကယ်၍ နဂါးငါးဖြူ၏ စွမ်းအားက မျှော်လင့်ထားသည်ထက် ပိုမို ကြီးမားနေပါက မြစိမ်းရောင်မြွေဂိုဏ်းက ရှေ့မှ စမ်းသပ်ပေးနေသဖြင့် သူက အလွယ်တကူ ဆုတ်ခွာနိုင်မည် ဖြစ်၏။
အကယ်၍ နဂါးငါးဖြူမှာ ခြိမ်းခြောက်မှုတစ်ခု မဟုတ်ဘဲ ရှီရှောင်ယွမ်၏ ပြိုင်ဘက် မဟုတ်ခဲ့လျှင်...
သူက တံငါသည် တစ်ယောက်အဖြစ် သရုပ်ဆောင်ရန် ဝင်ရောက်စွက်ဖက်ရမည်မှာ သေချာလှသည်။
သူက လော့ရွှေခရိုင်ရှိ ပြည်သူများအတွက် အန္တရာယ်တစ်ခုကို ပေါ့ပေါ့ပါးပါး ဖယ်ရှားပေးလိုက်မည်ဖြစ်သည်။
သိုင်းပညာ အဆင့်ရှစ် နတ်ဘုရားစွမ်းအားနယ်ပယ် ကျွမ်းကျင်သူ ရှီရှောင်ယွမ်မှာ သူ့မျက်လုံးထဲတွင် မည်သည့် ခြိမ်းခြောက်မှုမျှ မဟုတ်တော့ချေ။
ယခုအခါ သူ၏ စွမ်းအားမှာ ထိုကဲ့သို့ ယုံကြည်မှုမျိုး ထားရှိနိုင်ရန် လုံလောက်နေပြီ ဖြစ်သည်။
အဆင့်ခုနစ် အောက်တွင် ပြိုင်ဘက်ကင်းသော ယုံကြည်မှုမျိုးပင်။
ရေအောက်တွင် ဖြစ်နေခြင်းကို ထည့်မပြောလျှင်ပင်။
ရေအောက်တွင် ဆိုပါက ရှီရှောင်ယွမ်ကို ထားလိုက်ပါတော့... ချောင်ယိုနှင့် ရင်ဆိုင်ရမည် ဆိုလျှင်တောင် အကြိမ်အနည်းငယ်မျှ တိုက်ခိုက်ရဲသေး၏။
ခဏအကြာတွင်...
ဗွမ်း…
ကုန်းပတ်ပေါ်မှ ပုံရိပ်အချို့ ရေထဲသို့ ခုန်ဆင်းသွားကြတော့သည်။
ထိုမြင်ကွင်းကို ကြည့်ရင်း ကျန်းနင်လည်း သူတို့၏ အနောက် အဝေးတစ်နေရာမှ လိုက်ပါသွား၏။
ယခုအခါ ရေအောက်တွင် ရှိနေခြင်းက သူ့အတွက် ကုန်းပေါ်တွင် ရှိနေခြင်းနှင့် ဘာမှ မကွာခြားတော့ချေ။
သူ ပုန်းကွယ်ချင်နေသရွေ့ မည်သူကမျှ သူ့အား ရှာတွေ့နိုင်မည် မဟုတ်ပေ။
အနည်းဆုံးတော့ ရှီရှောင်ယွမ်၏ စွမ်းအားဖြင့် သူ့ကို ရှာတွေ့ရန်မှာ လုံးဝ မဖြစ်နိုင်လှချေ။
ကျန်းနင်၏ အာရုံငါးပါးမှာ ယခုအခါ သာမန်လူများထက် များစွာ သာလွန်နေပြီ ဖြစ်သည်။
ရေအောက်တွင်ပင် သူက မီတာတစ်ရာကျော် အဝေးအထိ မြင်တွေ့နိုင်စွမ်း ရှိ၏။
သာမန်လူများ အနေဖြင့် လော့ရွှေမြစ်၏ ရေအရည်အသွေးအရ အများဆုံး မီတာ ဆယ်ခန့်သာ မြင်တွေ့နိုင်ကြသည်။
သို့သော် သူ၏ရေအောက် အမြင်အာရုံမှာ သာမန်လူ တစ်ယောက်ထက် အဆပေါင်း ဆယ်ဆကျော် ပိုမို ကောင်းမွန်နေပြီဖြစ်သည်။
သူ၏ အစွမ်းထက်သော အကြားအာရုံကလည်း ရေအောက်တွင် ရှိနေစဉ်မှာပင် မြစ်ပြင်ထက်ရှိ စကားပြောသံများကို ရှင်းလင်းပြတ်သားစွာ ကြားနိုင်စွမ်း ရှိစေသည်။
အမှန်တကယ် ကမ်းစပ်ပေါ်တွင် ရှိနေသည်ထက်ပင် ပို၍ ရှင်းလင်းနေသေး၏။
ထို့ကြောင့် ရှီရှောင်ယွမ်နှင့် သူ၏ အဖွဲ့ကို နောက်ယောင်ခံလိုက်ခြင်းမှာ ကျန်းနင်အတွက် အလွန် လွယ်ကူသော ကိစ္စတစ်ခုပင်။
သူက သူတို့အနောက် မီတာ နှစ်ဆယ်၊ သုံးဆယ်ခန့် အကွာမှ တောက်လျှောက် လိုက်ပါလာခဲ့သည်။
ရှီရှောင်ယွမ်နှင့် သူ၏ အဖွဲ့မှာ ရေတိမ်ပိုင်းမှ အလင်းရောင် ပိုမို မှေးမှိန်ပြီး အမြင်အာရုံ ပိုမို ကျဉ်းမြောင်းသော ရေနက်ပိုင်းသို့ ဝင်ရောက်သွားကြ၏။
ထိုနေရာတွင် ကျန်းနင်၏ အမြင်အာရုံမှာလည်း အနည်းငယ် ထိခိုက်လာခဲ့လေသည်။
ယခင် မီတာ တစ်ရာမှ ရုတ်တရက် ထက်ဝက်ခန့် ကျဆင်းသွားပြီး ယခုအခါ မီတာ ခြောက်ဆယ်ခန့်သာ မြင်ရတော့သည်။
အခြားတစ်ဖက်တွင်...
ရှီရှောင်ယွမ်နှင့် သူ၏ အဖွဲ့မှာ ရေအောက်တွင် လေလဲလှယ်ရန် စတင် ပြင်ဆင်နေကြလေသည်။
သူတို့က လေအိတ်များကို ပါးစပ်နှင့် တေ့ကာ အတွင်းရှိ လတ်ဆတ်သော အောက်ဆီဂျင်ကို ရှူရှိုက်လိုက်ကြ၏။
ထို့နောက်...
ရှီရှောင်ယွမ်က လက်ဟန်ပြ၍ သူတို့၏ ခရီးပန်းတိုင်နှင့် မည်မျှ ကွာဝေးသေးကြောင်း ဟွမ်ဆန်းအား မေးမြန်းလေသည်။
ရေအောက်တွင် လက်ဟန်ပြ ဆက်သွယ်ခြင်းမှာ ရေလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်း ပြုသူများ အတွက် မရှိမဖြစ် လိုအပ်သော ကျွမ်းကျင်မှု တစ်ခုပင်။
အဘယ်ကြောင့်ဆိုသော် ရေငုပ်သွားပြီးနောက် နှုတ်ဖြင့် စကားပြောဆို ဆက်သွယ်ရန် မဖြစ်နိုင်တော့ဘဲ လက်ဟန်ခြေဟန်များကိုသာ အသုံးပြုရသောကြောင့် ဖြစ်သည်။
ထိုသည်ကိုမြင်လျှင် ဟွမ်ဆန်းကလည်း လက်ဟန်ဖြင့် ပြန်လည် ဖြေကြားလိုက်၏။
အသက်တစ်ကြိမ်ရှူစာ အကွာအဝေး…
ထိုအဖြေကို မြင်လိုက်ရသည်နှင့် ရှီရှောင်ယွမ်က အခြားသူများကို လက်ဝှေ့ယမ်း ပြလိုက်သည်။
အဖွဲ့သားများလည်း ဟွမ်ဆန်း၏ အနောက်မှ ကပ်လျက် လိုက်ပါလာကြပြီး ရေအောက်သို့ ဆက်လက် ငုပ်ဆင်းသွားကြတော့သည်။
သူတို့အရှေ့၌ သင်္ဘောကြီး တစ်စင်း၏ ပုံရိပ်က ထွက်ပေါ်လာ၏။
ထိုမြင်ကွင်းကို မြင်လိုက်ရချိန်တွင် ရှီရှောင်ယွမ်၏ မျက်လုံးများ၌ အပြုံးတစ်ခုက ဖုံးကွယ်မရအောင် ထွက်ပေါ်လာတော့သည်။
သို့သော် ဟွမ်ဆန်း၏ မျက်လုံးများတွင်မူ ကြောက်ရွံ့မှုများက အထပ်ထပ် ဖုံးလွှမ်းသွားခဲ့လေသည်။
အဘယ်ကြောင့်ဆိုသော် သင်္ဘောကြီး၏ မှောင်မိုက်နေသော ကိုယ်ထည် အတွင်း၌ အဖြူရောင် အရိပ်တစ်ခု လျှပ်တစ်ပြက် ဖြတ်ပြေးသွားသည်ကို သူ မြင်လိုက်ရသောကြောင့်ဖြစ်သည်။
ထိုအရိပ်မှာ မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားသော်ငြား မှေးမှိန်နေသော ရေအောက် အလင်းရောင်ထဲတွင် အလွန် သိသာထင်ရှားနေပြီး သူ့အာရုံကို ချက်ချင်း ဖမ်းစားသွားခဲ့၏။
ယင်းက လွန်ခဲ့သော ရက်အနည်းငယ်က သူ ဤနေရာတွင် ကြုံတွေ့ခဲ့ရသည်များကိုပါ ပြန်လည် အမှတ်ရသွားစေသည်။
ထိုနေ့က သူ ထွက်ပြေးလွတ်မြောက်နိုင်ခဲ့ခြင်းမှာ နဂါးငါးဖြူက သူ့အား ဆက်လက် လိုက်လံ မတိုက်ခိုက်ခဲ့သောကြောင့် ဖြစ်သည်။
နောက်တစ်ခဏတွင်...
သူက ချက်ချင်း လက်ဟန်ပြ၍ သတိပေးလိုက်တော့သည်။
လှုပ်ရှားသွားသော ရေစီးကြောင်းများက ရှီရှောင်ယွမ်၏ အာရုံကိုလည်း ဖမ်းစားသွားခဲ့၏။
ရှီရှောင်ယွမ်ကလည်း သင်္ဘောပျက်၏ အခန်းတွင်း၌ လျှပ်တစ်ပြက် ဖြတ်ပြေးသွားသော အဖြူရောင် အရိပ်ကို မြင်တွေ့လိုက်ရလေသည်။
ထိုအရိပ်ကို မြင်လိုက်ရသည်နှင့်...
ရှီရှောင်ယွမ်က ၎င်းမှာ နဂါးငါးဖြူဖြစ်ကြောင်း ချက်ချင်း သိရှိသွားတော့သည်။
နဂါးငါးဖြူ... ဝိညာဉ်ငါး တစ်မျိုးပင်။
၎င်း၏ အကြေးခွံများ အားလုံးမှာ အဖြူရောင်ဖြစ်ပြီး ကိုယ်ခန္ဓာမှာ ရှည်လျားသွယ်လျကာ ဒဏ္ဍာရီလာ နဂါးများနှင့် ဆင်တူသောကြောင့် ထိုကဲ့သို့ အမည်ပေးထားခြင်း ဖြစ်၏။
ဤငါးမှာ အလွန် ရှားပါးပြီး ၎င်း၏ အသားမှာလည်း အလွန် အရသာရှိလသည်။
အရွယ်ရောက်ပြီးသော နဂါးငါးဖြူ တစ်ကောင်မှာ သူနေထိုင်ရာ ရေပြင်၏ အရှင်သခင်ဖြစ်ပြီး ကြယ်တံခွန် တစ်စင်းကဲ့သို့ မြန်ဆန်လှ၏။ ပါးစပ်အတွင်းရှိ သွားများမှာ သတ္တုများကိုပင် ကိုက်ဖြတ်နိုင်လောက်အောင် ထက်မြက်ပြီး ရေထဲတွင် ၎င်းအတွက် သဘာဝ ရန်သူဟူ၍ မရှိသလောက်ပင်။
အရေးအကြီးဆုံးမှာ ၎င်း၏ အသားမှာ ထူးကဲလှပြီး မည်သည့် သိုင်းပညာရှင် အတွက်မဆို ကြီးမားသော အာဟာရတစ်ခု ဖြစ်ပေသည်။
ယင်းက ကြွက်သားများနှင့် အရိုးများကို သန်မာစေပြီး ခန္ဓာကိုယ် ဖွဲ့စည်းပုံနှင့် သွေးချီများကို တိုးတက်ကောင်းမွန်စေနိုင်သည်။
နဂါးငါးဖြူကို စားသုံးရသော မည်သည့် သိုင်းပညာရှင်မဆို လပေါင်းများစွာ ကြိုးစားပန်းစား လေ့ကျင့်ရသည့် အကျိုးကျေးဇူးများနှင့် ညီမျှလှ၏။
ထို့ကြောင့် ရေပြင်၏ အရှင်သခင် ဖြစ်သော်ငြား နဂါးငါးဖြူများမှာ မကြာခဏ ဖမ်းဆီးခံရလွန်းသဖြင့် မျိုးသုဉ်းလုနီးပါး အခြေအနေသို့ပင် ရောက်ရှိနေပြီ ဖြစ်တော့သည်။
End
***