ထို့ကြောင့် အောက်ဘက်တွင် မမျှော်လင့်ထားသော အပြောင်းအလဲ တစ်စုံတစ်ရာ ဖြစ်ပျက်သွားကြောင်း ဤအခိုက်အတန့်၌ သူ သိလိုက်ရ၏။
ရေအောက်ရှိ နစ်မြုပ်နေသော သင်္ဘောပျက်ထဲတွင် သူတို့အဖွဲ့အပြင် တခြားသူများလည်း ရှိနေသေးသည် မဟုတ်ပါလား။
"ငါ နေခဲ့သင့်လား... ဒါမှမဟုတ် ထွက်သွားသင့်ပြီလား"
ဟွမ်ဆန်းက သူ့ကိုယ်သူ တိတ်တဆိတ် မေးခွန်းထုတ်လိုက်သည်။
အကယ်၍ သူသာ ထွက်သွားလိုလျှင် သေချာပေါက် လွတ်မြောက်နိုင်ကြောင်း ကောင်းစွာ သိထားလေသည်။
သို့သော် သူက တစ်ကောင်ကြွက် မဟုတ်ပေ။ သူ့ဇနီးနှင့် သမီးများမှာ မြစိမ်းရောင်မြွေဂိုဏ်း၏ ထိန်းချုပ်မှုအောက်တွင် ရှိနေသေးသည် မဟုတ်ပါလား။
ထို့အပြင် အင်အားကြီးမားသော မြစိမ်းရောင်မြွေဂိုဏ်းရှေ့တွင် သူ့ခွန်အားမှာ ပြောပလောက်သည့် အဆင့်တွင်ပင် မရှိချေ။
ထိုအချက်ကို တွေးမိသည်နှင့် ဟွမ်ဆန်းက စိတ်ထဲ ရေရွတ်မိတော့၏။
"ဘာပဲဖြစ်ဖြစ် ငါ တစ်ယောက်တည်း ထွက်သွားလို့ မဖြစ်ဘူး"
"ငါသာ ထွက်သွားခဲ့ရင်... ခေါင်းဆောင်ရှီ သိသွားတဲ့ တစ်နေ့ ငါကိုယ်တိုင် အကျိုးဆက်တွေကို ခံစားရုံသာမက ဇနီးနဲ့ သမီးတွေပါ ငါ့ကြောင့် ဒုက္ခရောက်ကုန်လိမ့်မယ်"
အတွေးများကို ရှင်းလင်းပြီးနောက် ဟွမ်ဆန်းက နေရာတွင်ပင် ဆက်နေရန် ရွေးချယ်လိုက်ပြီး ဆက်လက် စောင့်ဆိုင်းနေတော့သည်။
...
သင်္ဘောခန်း အတွင်း၌ကား...
ကျန်းနင်က တောင်အသေးစားလေး တစ်လုံးပမာ စုပုံနေသော သံရိုင်းတုံးများ ပတ်လည်တွင် လျှောက်သွားနေပြီး သူ့ရင်ထဲ၌ ဝမ်းသာပီတိများ ပြည့်နှက်နေ၏။
သံရိုင်း တစ်ပေါင်လျှင် မည်မျှ တန်ဖိုးရှိကြောင်း သူ မသိသော်လည်း ဤမျှများပြားသော သံရိုင်းများမှာ အလွန် တန်ဖိုးကြီးမားမည် ဆိုတာကိုတော့ ကောင်းစွာ သဘောပေါက်ထားသည်။
သံရိုင်းများကို အကဲခတ်ပြီးနောက် သူက ရှီရှောင်ယွမ်နှင့် နဂါးငါးဖြူတို့ ယခုလေးတင် တိုက်ခိုက်ခဲ့သည့် နေရာဆီသို့ ခြေလှမ်းများ ရွှေ့လာခဲ့သည်။
သင်္ဘောခန်း ကြမ်းပြင်ထက်တွင် ရှီရှောင်ယွမ် လွှင့်ပစ်ထားခဲ့သော လက်နက်ကို သူ ကောက်ယူလိုက်ရာ...
"အတော် လေးတာပဲ..." ကျန်းနင်က ညည်းတွားမိ၏။
ဓားရှည်ကြီးကို မ,တင်လိုက်သည်နှင့် လက်ထဲရှိ လက်နက်၏ အလေးချိန်မှာ ပေါင်နှစ်ရာခန့် ရှိမည်ဟု ကျန်းနင် ခန့်မှန်းမိလိုက်သည်။
"ပေါင်နှစ်ရာလောက် လေးတဲ့ လက်နက်ကို သုံးနိုင်တာ ကြည့်ရင် ရှီရှောင်ယွမ်ရဲ့ ခွန်အားက တကယ်ကို သာမန် မဟုတ်ဘူးပဲ"
ကျန်းနင်က စိတ်ထဲ တွေးလိုက်မိသည်။
ထို့နောက် သူက ဓားရှည်ကြီးကို သေချာ လေ့လာကြည့်လိုက်၏။ ဓားသွားမှာ အလွန် ထူထဲပြီး ပေါ့ပါးပါးလွှာသော အမျိုးအစား မဟုတ်ဘဲ အလွန် ခိုင်ခံ့တောင့်တင်းသော ပုံစံမျိုးပင်။
အထူးသဖြင့် ဓား၏ အရှည်မှာ လေးပေနှင့် သုံးလက်မတိတိ ရှိနေခြင်းပင်။
ရှည်လျားလွန်းသဖြင့် သာမန် အသုံးပြုရန်အတွက် သိပ်ပြီး အဆင်ပြေမည် မဟုတ်ပေ။
"ပိုရှည်လေ ပိုသန်မာလေ" ဆိုသည့် စကား ရှိသော်လည်း အလွန် ရှည်လျားသော ဓားတစ်လက်မှာ တစ်ခါတစ်ရံတွင် ထိုင်းမှိုင်းလေးလံသွားစေတတ်ပြီး ဓားသိုင်းကွက်များအတွက် အသုံးမဝင် ဖြစ်တတ်သည် မဟုတ်ပါလား။
ထို့ကြောင့် ဤဓားမှာ နတ်ဆိုးအသွင် ပြောင်းလဲပြီးနောက် ရှီရှောင်ယွမ်နှင့်သာ အကိုက်ညီဆုံး ဖြစ်ကြောင်း ထင်ရှားလှ၏။
နောက်တစ်ခဏတွင်...
သူက ကိုယ်ပိုင် ဓားရှည်ကို ဆွဲထုတ်ပြီး ရှီရှောင်ယွမ်၏ ဓားကြီးဆီသို့ အားကုန် ခုတ်ချလိုက်တော့သည်။
ချွင်...
မီးပွားများ လွင့်စင်သွားပြီး သတ္တုချင်း ရိုက်ခတ်သံကြီးက သူ့နားထဲသို့ ပဲ့တင်ထပ်သွား၏။
ပြင်းထန်သော ရိုက်ခတ်မှုကြောင့် ပတ်ဝန်းကျင်ရှိ ကန်ရေများမှာ အရပ်မျက်နှာအနှံ့ လွင့်စဉ်သွားပြီး ထိုတုန်ခါမှုကြောင့် သင်္ဘောခန်း တစ်ခုလုံးလည်း နောက်တစ်ကြိမ် နောက်ကျိသွားရတော့သည်။
"တကယ့် ဓားကောင်းပဲ..." လက်ထဲရှိ ရှီရှောင်ယွမ်၏ ဓားရှည်ကြီးကို ကြည့်ရင်း ကျန်းနင်က စိတ်ထဲမှ တိတ်တဆိတ် ချီးကျူးလိုက်မိသည်။
သူ့ဝိညာဉ်လက်နက် မည်မျှ ထက်မြက်ကြောင်း သူ ကောင်းစွာ သိထားလေသည်။ သာမန် လက်နက်များဆိုလျှင် ဓားတစ်ချက် ဝှေ့ယမ်းလိုက်ရုံဖြင့် နှစ်ပိုင်း ပြတ်သွားမည် မဟုတ်ပါလား။
ယခင်က အကြိမ်တစ်ရာမက သွန်းလုပ်ထားသည့် သူ့သစ်နက် ဓားရှည်ပင် ဤဝိညာဉ်လက်နက်၏ ခုတ်ပိုင်းမှုကြောင့် နှစ်ပိုင်း ကွဲသွားခဲ့ဖူးသည် မဟုတ်ပါလား။
သို့သော် ယခုအခါ ပို၍ ပြင်းထန်သော ခွန်အားကို အသုံးပြုခဲ့သည့်တိုင် ရှီရှောင်ယွမ်၏ လက်နက်ပေါ်တွင် တစ်စင်တီမီတာခန့် နက်သော ဓားရာတစ်ခုသာ ဖန်တီးနိုင်ခဲ့၏။
ဤသည်ကပင် အလွန်အံ့ဩဖွယ် ကောင်းနေပြီ ဖြစ်သော်လည်း လက်ရှိ အခြေအနေကို ကြည့်လျှင် အကယ်၍ ရှီရှောင်ယွမ်သာ သူ့လက်နက်ကို ပြန်လည် ရယူနိုင်ခဲ့ပါက ပြဿနာများ အဆပေါင်းများစွာ ပိုကြီးသွားနိုင်ပေသည်။
"သူ့လက်နက် ပြန်ယူဖို့ သင်္ဘောခန်းထဲ ပြန်မဝင်ခိုင်းလိုက်တာ ကံကောင်းသွားတယ်"
ကျန်းနင်က စိတ်ထဲ တွေးလိုက်မိ၏။
စမ်းသပ်ပြီးနောက် လက်ထဲရှိ ဝိညာဉ်လက်နက်၏ ထက်မြက်မှုအပေါ် သူ၏ နားလည်မှုက ပိုမို ရှင်းလင်းသွားတော့သည်။
ထို့နောက် သူက ရှီရှောင်ယွမ်၏ ဓားကို ကောက်ယူပြီး နစ်မြုပ်နေသော သင်္ဘောပျက်ထဲ ဆက်လက် စူးစမ်း ရှာဖွေလာခဲ့သည်။
အကြောင်းမှာ သူ ရှာမတွေ့သေးသော အရာတစ်ခု ကျန်ရှိနေသေးသောကြောင့်ပင်။
ထိုအရာက ကောင်းကင်နှင့် မြေကြီး၏ သဘာဝရတနာများ ရှိနေနိုင်သောကြောင့် ဖြစ်သည်။
ပုံမှန်အားဖြင့် နဂါးငါးဖြူ ကဲ့သို့သော သတ္တဝါများမှာ သာမန် လူသားများထက် အနည်းငယ်သာ ပိုမို သန်မာတတ်ကြသည်။ ပြည့်စုံသော ပစ္စည်းကိရိယာများ ပါရှိမည့် သာမန်လူတစ်ယောက် အနေဖြင့် သာမန် နဂါးငါးဖြူ တစ်ကောင်ကို ဖမ်းဆီးနိုင်ဖို့ သေချာပေါက် မျှော်လင့်နိုင်ပေသည်။
သို့သော် ဤနဂါးငါးဖြူမှာမူ ထူးဆန်းလွန်းနေ၏။
ကိုးအဆင့် သိုင်းပညာရှင် တစ်ယောက်ပင် နဂါးငါးဖြူနှင့် တစ်ကြိမ် ရင်ဆိုင်လိုက်ရုံဖြင့် အသက်ပျောက်သွားခဲ့ရသည် မဟုတ်ပါလား။
ရှီရှောင်ယွမ် ကဲ့သို့သော ရှစ်အဆင့် နတ်ဘုရားခွန်အား နယ်ပယ် ကျွမ်းကျင်သူ တစ်ယောက်ပင် ဤနဂါးငါးဖြူကို အနိုင်ယူရန် အသွင်ပြောင်းလဲခြင်းကို အသုံးပြုခဲ့ရလေသည်။
၎င်း၏ စွမ်းအားမှာ သာမန် ရှစ်အဆင့် နတ်ဘုရားခွန်အား နယ်ပယ်ထက်ပင် ပိုမို ကြောက်မက်ဖွယ် ကောင်းနေ၏။
ထူးဆန်းလွန်းသည်... ပုံမှန်မဟုတ်ပေ။
ထို့အပြင် နဂါးငါးဖြူ၏ ကြီးမားသော အရွယ်အစားကြောင့် ဤနေရာ တစ်ဝိုက်တွင် သဘာဝရတနာ တစ်စုံတစ်ရာ သေချာပေါက် ရှိနေမည်ဟု ကျန်းနင် ကောက်ချက်ချလိုက်သည်။
သဘာဝရတနာများ၏ အကူအညီသာ မပါလျှင် နဂါးငါးဖြူ အနေဖြင့် ထိုမျှ ကြောက်မက်ဖွယ် ကောင်းသော စွမ်းအားမျိုး ပိုင်ဆိုင်နိုင်မည် မဟုတ်ချေ။
အချိန်ကာလ ကြာမြင့်မှု သက်သက်ဖြင့် ဤအဆင့်ထိ ကြီးထွားလာရန် မဖြစ်နိုင်ပေ။
သင်္ဘောပျက်အတွင်း ရှာဖွေပြီးနောက် ကျန်းနင်က ၎င်း၏ ပတ်ပတ်လည်သို့ ဆက်လက် ရှာဖွေရန် ထွက်ခွာလာခဲ့တော့သည်။
အချိန်များ တရွေ့ရွေ့ ကုန်ဆုံးသွား၏။
မူလက ရေအောက်ခြေတွင် စောင့်ဆိုင်းနေသော ဟွမ်ဆန်းမှာ ယခုအခါ ရေမျက်နှာပြင်ပေါ်သို့ ပြန်လည် ရောက်ရှိနေလေသည်။
အကြောင်းမှာ သူ သယ်ဆောင်လာသော ငါးဖောင်းပါး အတွင်းရှိ လတ်ဆတ်သော လေများ လုံးဝ ကုန်ဆုံးသွားသောကြောင့်ဖြစ်သည်။
အောက်ဘက်ရှိ သင်္ဘောပျက်ဆီမှ အသံများမှာလည်း သိပ်မကြာမီအချိန်ကတည်းက ပျောက်ကွယ်သွားခဲ့ပြီး ရှီရှောင်ယွမ်တို့ အဖွဲ့မှ တစ်ယောက်မျှ ထွက်မလာကြချေ။
ဤအခြေအနေအောက်တွင် ဟွမ်ဆန်း အနေဖြင့် ရေအောက်ခြေမှ ရေမျက်နှာပြင်ပေါ်သို့ တက်လာရန်သာ ရွေးချယ်စရာ ရှိတော့သည်။
သို့သော် လက်ရှိအချိန်တွင် သူ ထွက်မသွားရဲသလို သင်္ဘောပေါ် တက်၍လည်း သူ ပြန်ရောက်နေကြောင်း အပေါ်မှ လူများကို အသိမပေးရဲပေ။
ရှီရှောင်ယွမ် သူနှင့်အတူ ပြန်မပါလာသဖြင့် အကယ်၍ ထိုလူများရှေ့ သူ တစ်ယောက်တည်း ပေါ်သွားပါက အခက်အခဲတချို့နှင့် မလွှဲမရှောင်သာ ရင်ဆိုင်ရမည်ကို သူ ကောင်းစွာ သိထား၏။
မြစိမ်းရောင်မြွေဂိုဏ်းမှ လူများက သူ့ကို ကြင်ကြင်နာနာ ဆက်ဆံကြမည် မဟုတ်ပေ။
ထွက်ပြေးရန် ဆိုသည်မှာလည်း လောလောဆယ်တွင် သူ မလုပ်ရဲသေးချေ။
ပထမအချက်အနေဖြင့် ရှီရှောင်ယွမ်နှင့် တခြားသူများ၏ ကံကြမ္မာကို မသိရသေးပေ။ အကယ်၍ သူတို့သာ အသက်ရှင်နေပြီး သူ ထွက်ပြေးသွားကြောင်း သိလိုက်ရလျှင် လက်ရှိအချိန်၌ လွတ်မြောက်သွားနိုင်သည့်တိုင် နောင်လာမည့် နောက်ဆက်တွဲ ပြဿနာများမှ ပြေးလွတ်မည် မဟုတ်ပါလား။
ထို့အပြင် ရေထဲတွင် ရှိနေစဉ် သူ့လက်မောင်းက ဒဏ်ရာရထားဆဲဖြစ်ပြီး ရေထဲ အချိန်ကြာမြင့်စွာ စိမ်ထားရသဖြင့် မခံမရပ်နိုင်အောင် နာကျင်မှုကို ခံစားနေရလေသည်။
သို့သော် ယခုအချိန်တွင်မူ အခွင့်အရေး တစ်ခုကို မျှော်လင့်ရင်း သင်္ဘောကြီးအောက်တွင် တိတ်တဆိတ် ဆက်လက် စောင့်ဆိုင်းနေရန်သာ ရွေးချယ်နိုင်တော့သည်။
အခြားတစ်ဖက်တွင်...
ရေအောက်လိုဏ်ဂူ တစ်ခုအတွင်း၌...
"ဒါက နဂါးငါးဖြူ အသွင်ပြောင်းလဲခြင်းရဲ့ အရင်းအမြစ်များလား..."
ကျန်းနင်က ရှေ့ရှိ ကျောက်နံရံအောက်မှ ရေအိုင်လေးကို ကြည့်ရင်း မျက်လုံးများ ပြူးကျယ်သွားတော့သည်။
ရေအောက်ကြမ်းပြင်တွင် ပန်းကန်လုံး အသေးစား အရွယ်အစားခန့် ရှိသော ရေအိုင်လေး တစ်ခု ရှိနေခြင်းက သူ့ကို အံ့အားသင့်သွားစေ၏။
ရေထဲကရေ...
ဤကဲ့သို့သော အရာမျိုးကို သူ တစ်ခါမှ မမြင်ဖူးခဲ့ချေ။
မကြာမီမှာပင်...
သူက ရေအိုင်လေး အနီးသို့ ချဉ်းကပ်သွားပြီး ဖြည်းညှင်းစွာ ထိုင်ချလိုက်သည်။
အနီးကပ် လေ့လာကြည့်ရာ ရေအိုင်လေးမှာ ပို၍ပင် ကြည်လင်နေသည်ကို တွေ့လိုက်ရ၏။
ရေထဲတွင် ငွေရောင် အလင်းတန်းလေးများ ပျံဝဲနေပြီး သူ့အတွက် အမြင်အာရုံ အနည်းငယ် ပေးစွမ်းနေသည်။
ဤအခိုက်အတန့် ရေအိုင်လေး ရှေ့တွင် ကျန်းနင်က သူ ရေအောက်တွင် ရောက်နေခြင်း မဟုတ်ဘဲ ကုန်းမြေပေါ် ရောက်နေသကဲ့သို့ ခံစားလိုက်ရသည်။
"ဒီလောက် လျှို့ဝှက်ဆန်းကြယ်တဲ့အရာ... ဒါက သေချာပေါက် နဂါးငါးဖြူ အသွင်ပြောင်းလဲခြင်းရဲ့ ဇာစ်မြစ်ပဲ ဖြစ်ရမယ်"
ထိုအတွေးဖြင့် ကျန်းနင်က ရေအိုင်လေးကို လက်ညှိုးဖြင့် ထိုးကြည့်လိုက်သည်။
သူ့အသားအရေနှင့် ထိတွေ့လိုက်သည်နှင့် အအေးဓာတ် တစ်ခုက အရေပြားကို ဖောက်ထွင်းကာ ခန္ဓာကိုယ်ထဲ စီးဝင်သွားသည်ကို ချက်ချင်း ခံစားလိုက်ရ၏။
ထို့အပြင် တခြား ဘာမှ မခံစားရပေ။
အချိန်အနည်းငယ် ကြာပြီးနောက်...
ကျန်းနင်က ခေါင်းကို အနည်းငယ် ညိတ်လိုက်ပြီး တိတ်တဆိတ် ရေရွတ်မိသည်။
"ပြဿနာ မရှိလောက်ဘူး"
ထို့နောက် ရေအိုင်ထဲမှ ရေတစ်စက်ကို ထုတ်ယူရန် ကြိုးစားလိုက်၏။
ထူးဆန်းသော ဖြစ်စဉ်များနှင့် ပြည့်နှက်နေသည့် ဤရေမျိုးနှင့် သူ မရင်းနှီးသလို ၎င်း၏ လုပ်ဆောင်ချက်များကိုလည်း သူ မသိပေ။
သို့သော် ဤအရာက နဂါးငါးဖြူ အသွင်ပြောင်းလဲခြင်း၏ ဇာစ်မြစ် ဖြစ်ရမည်ဟု သူ၏ပင်ကိုယ် အသိစိတ်က ပြောနေသည်။
မည်သို့ပင်ဖြစ်စေ ဘေးကင်းရေး အတွက်တော့ သူ ပေါ့ဆရဲခြင်း မရှိချေ။
ထို့ကြောင့် မြည်းစမ်းကြည့်ရန် ရေတစ်စက်ကိုသာ ယူရန် ရွေးချယ်လိုက်သည်။
ကြိုးစားမှု အပြီးတွင်တော့ သေးငယ်သော ရေတစ်စက်ကို အလွယ်တကူပင် ခွဲထုတ်နိုင်ခဲ့လေသည်။
ထိုရေစက်လေးက ပုလဲငယ်လေး တစ်လုံးပမာ သူ့လက်ဖဝါးထဲသို့ ကျဆင်းလာသည်။
ရေဟု ဆိုသော်လည်း သာမန်ရေနှင့် ကွဲပြားနေကြောင်း သိသာလှ၏။ ရေအောက်တွင်ပင် ပျော်ဝင်မသွားဘဲ ပြဒါးကဲ့သို့ စုစည်းနေဆဲပင်။
"အာနိသင်ကို စမ်းကြည့်ရအောင်..."
ကျန်းနင်က စိတ်ထဲ တွေးလိုက်ပြီးနောက် ပုလဲကဲ့သို့ စုစည်းနေသော ထိုရေစက်လေးကို ပါးစပ်ဆီသို့ ယူဆောင်သွားတော့သည်။
ထိုကန်ရေ တစ်ကျိုက်ကိုပင်...
မျိုချလိုက်ရာ ရေစက်လေးက လည်ချောင်းမှတစ်ဆင့် ဝမ်းဗိုက်ထဲသို့ ကျဆင်းသွား၏။
ရေစက်လေး သူ့အစာအိမ်ထဲ ရောက်သွားသည်နှင့် တစ်ပြိုင်နက်...
ရေခဲတိုက်၏ နက်ရှိုင်းသော နေရာသို့ ရောက်သွားသကဲ့သို့ အအေးဓာတ် တစ်ခုက ဝမ်းဗိုက်ထဲမှ ချက်ချင်း ထိုးတက်လာပြီး ထိုအအေးဓာတ်က သူ့ခန္ဓာကိုယ်အတွင်း အငွေ့ပျံသွားတော့သည်။
[ရေကူးခြင်း အတွေ့အကြုံ +၁]
သူ့ရှေ့တွင် လျင်မြန်စွာ ပေါ်လာသော စနစ်စာတန်းများကို မြင်လိုက်ရသဖြင့် ကျန်းနင် အံ့အားသင့်သွားရသည်။
"ဒါက... ခုနက ရေစက်လေးရဲ့ အာနိသင်လား..."
သူ့ရှေ့တွင် သိသိသာသာ အကြိမ်ရေ ပြောင်းလဲသွားသော စာတန်းများကို ကြည့်ရင်း ထိုသို့ မတွေးဘဲ မနေနိုင်တော့ချေ။
ထို့နောက်...
သူ ဆက်လက် စောင့်ကြည့်နေလိုက်၏။
[...]
အချိန်တို အတွင်းမှာပင် သူရှေ့တွင် ဆက်တိုက် ပေါ်လာတော့သည်။
ဤအကြိမ်ရေမှာ ယခင်ကထက် အဆပေါင်း မရေမတွက်နိုင်အောင် မြန်ဆန်နေသည် မဟုတ်ပါလား။
ထိုအခိုက်အတန့်တွင် သူ့ရင်ထဲ၌ နားလည် သဘောပေါက်မှုတစ်ခု ဖြစ်ပေါ်လာသည်။
ရေကူး ကျွမ်းကျင်မှု အတွေ့အကြုံများ တစ်ဟုန်ထိုး တက်လာခြင်းမှာ သူ မျိုချလိုက်သော ရေစက်လေးဆီမှလာခြင်း သေချာပေါက် ဖြစ်ပေလိမ့်မည်။
သူ့မျက်စိရှေ့ရှိ စာတန်းများ၏ အကြိမ်ရေမှာ ပုံမှန်အတိုင်း ပြန်ဖြစ်သွား၏။
[ကျွမ်းကျင်မှု] : ရေကူးခြင်း (ကန့်သတ်ချက် တစ်ကြိမ် ဖောက်ထွင်းမှု ၁၈၅၅/၂၀၀၀) (ဝိသေသလက္ခဏာ - ရေအောက် အသက်ရှူခြင်း)
End
***