လုံချန်းသည် ဤအခန်း၏ ခုနစ်ဆယ်ရာခိုင်နှုန်းခန့်ကို ကျော်ဖြတ်ပြီးပြီ ဖြစ်သည်။ ဖိအား၏ သက်ရောက်မှု ရှိနေသော်လည်း မိစ္ဆာဘုရင် ခန္ဓာကိုယ်ကို အစွမ်းကုန် အသုံးချထားသဖြင့် ဒူးထောက် သွားရလောက်အောင်တော့ မပြင်းထန်သေးပေ။
'ဒီနေရာက ဆွဲငင်အား လှေကားထစ်တွေလောက်တော့ မခက်ခဲပါဘူး။ ငါ အနားယူစရာမလိုဘဲ ဒီအခန်းကို ဖြတ်ကျော်နိုင်မယ် ထင်တယ်။ အဲဒါက ငါ့အတွက် အချိန်ကုန်သက်သာစေမှာပဲ၊ ဒါပေမဲ့ အဲဒီလို လုပ်သင့်ရဲ့လား။ အပြင်ကလူတွေ အကုန်လုံး ငါ့ကို စောင့်ကြည့်နေကြမှာလေ' လုံချန်းက မျက်မှောင်ကြုတ်ရင်း တွေးလိုက်သည်။
'ဘာပဲဖြစ်ဖြစ်... သူတို့ကို ဂရုစိုက်မနေတော့ဘူး။ သူတို့မျက်စိထဲမှာ မူလင်းက ပါရမီရှင်တစ်ယောက်ပဲ၊ အခုလည်း ပါရမီတွေ အကုန်ပြန်ရလာပြီလို့ ထင်နေကြတာ။ ပါရမီတွေ ပြန်ရလာတာနဲ့တင် သူတို့ကို အံ့သြအောင် လုပ်နိုင်ခဲ့တဲ့ သူတစ်ယောက်အတွက် တစ္ဆေကျောင်းတော်မှာ ဘယ်သူနဲ့မှ မနှိုင်းယှဉ်နိုင်တဲ့ ထိပ်တန်းလူတစ်ယောက် မဟုတ်သရွေ့တော့ ဒါက သိပ်မခက်ခဲသင့်ဘူး။ အချိန်ဖြုန်းမနေတော့တာ အကောင်းဆုံးပဲ' လုံချန်းသည် ဆုံးဖြတ်ချက်ချကာ ရှေ့သို့ ဆက်လက် လျှောက်လှမ်းခဲ့သည်။
ရှေ့ဆုံးတွင် ရောက်နေသောသူများမှာ ကျင့်ကြံခြင်းအဆင့် အမျိုးမျိုးရှိသည့် ဂိုဏ်း၏ ပါရမီရှင် တပည့်များ ဖြစ်ကြသည်။ ဤအခန်းကို လူတိုင်း၏ အဆင့်အတန်းအလိုက် ခက်ခဲမှု တူညီနေစေရန် ဖန်တီးထားခြင်း ဖြစ်သည်။ သူတို့က ကျင့်ကြံခြင်းအဆင့် မြင့်မားသဖြင့် သူတို့အပေါ် သက်ရောက်သည့် ဆွဲငင်အားကလည်း ပိုမို ပြင်းထန်သည်။ လုံချန်းက သူတို့ထက် ပိုမို သန်မာနေခြင်းမှာ အခြားသော အချက်အလက်များကြောင့်သာ ဖြစ်ပြီး သူ၏ အစစ်အမှန် ကျင့်ကြံခြင်းအဆင့်မှာ ကောင်းကင် အဆင့် ၁ သာ ဖြစ်ရာ ဤနေရာရှိ လူများထဲတွင် အနိမ့်ပိုင်း၌သာ ရှိနေသည်။
မီယင်ပင်လျှင် အဆင့် ၄ မှာ ရှိနေပြီး သူမက ဂိုဏ်း၏ ထိပ်တန်းတပည့်လည်း မဟုတ်သေးပေ။
လုံချန်း မသိသေးသည်မှာ သူ အခန်းထဲသို့ ဝင်လာချိန်တွင် ဂိုဏ်း၏ တကယ့် ထိပ်တန်းတပည့်အချို့မှာ ဤအခန်းကို ကျော်ဖြတ်သွားနှင့်ပြီ ဖြစ်ခြင်းပင်။
ဝမ်ကျွင်းနှင့် မီယင်တို့မှာမူ သူတို့၏ ခန္ဓာကိုယ်ကို ဆွဲငင်အားနှင့် အသားကျအောင် ဤနေရာတွင် စောင့်ဆိုင်းနေကြဆဲ ဖြစ်သည်။ ဝမ်ကျွင်းက တရားမှတ်သည့် ပုံစံဖြင့် အေးအေးဆေးဆေး အသက်ရှူနေသည်။ မီယင်က ကျင့်ကြံခြင်းအဆင့် ပိုနိမ့်သော်လည်း ဝမ်ကျွင်း၏ ဘေးနားတွင်ပင် ထိုင်နေသည်မှာ အံ့သြစရာပင်။ သူမက သူမ၏ ကျင့်ကြံခြင်းအဆင့်ထက် ပိုသန်မာနေခြင်းလော၊ သို့မဟုတ် ဝမ်ကျွင်းက ရှေ့သို့ ဆက်သွားနိုင်သော်လည်း သူမနှင့်အတူ ရည်ရွယ်ချက်ရှိရှိ ထိုင်နေခြင်းလော ဆိုသည်မှာမူ မသေချာပေ။
ဝမ်ကျွင်းသည် လုံချန်း သူတို့ဘေးမှ ကျော်ဖြတ်သွားသည်ကို ရုတ်တရက် မြင်လိုက်ရသည်။ အပြင်ဘက်တွင် လုံချန်းက သူ့ကို စော်ကားခဲ့ပုံများကို သတိရသွားသဖြင့် သူ၏ မျက်နှာမှာ ဒေါသကြောင့် ပုံပျက်သွားတော့သည်။
မီယင်လည်း လုံချန်း သူတို့ကို ကျော်သွားသည်ကို မြင်လိုက်ရသည်။ လုံချန်းမှာ ချွေးပင် မထွက်ဘဲ မည်သည့် အခက်အခဲမျှ မရှိသကဲ့သို့ လျှောက်လှမ်းနေခြင်းပင်။
သူမသည် ချက်ချင်းပင် မတ်တပ်ရပ်လိုက်သည်။ ဝမ်ကျွင်းလည်း ထိုအတိုင်းပင် လိုက်လုပ်ကာ ဆက်လက် လျှောက်လှမ်းကြသည်။ သူတို့၏ ခန္ဓာကိုယ်မှာ ဤနေရာရှိ ဖိအားနှင့် အသားကျသွားပြီ ဖြစ်သည်။
'ဟင်... မင်းတို့က ငါ့ကို လိုက်မီအောင် ကြိုးစားနေကြတာလား' လုံချန်းက ဝမ်ကျွင်းနှင့် မီယင်ကို လှည့်ကြည့်ကာ မသိမသာ ပြုံးရင်း တွေးလိုက်သည်။
သူသည် သူတို့ကို လျစ်လျူရှုကာ အခန်း၏ အဆုံးသို့ ရောက်သွားပြီး တံခါးမှတစ်ဆင့် ထွက်ခွာသွားတော့သည်။
ဝမ်ကျွင်းမှာမူ တံခါးနှင့် မီတာအနည်းငယ်အကွာသို့ ရောက်ချိန်တွင် ခက်ခဲပင်ပန်းနေပုံရသည်။ ကလေးတစ်ယောက်နောက်မှာ ကျန်ရစ်ခဲ့ရသည့် အရှက်ကို မခံနိုင်သဖြင့် သူသည် အတင်းအကျပ် ရှေ့တိုးရန် ကြိုးစားသော်လည်း မရဘဲ ဒူးထောက်ကျသွားတော့သည်။ မီယင်က သူ့ကို လှမ်းဖမ်းကာ ထိုင်ခိုင်းလိုက်ရသည်။
'ဒီအဖျင်းကောင်... အခန်းကိုတောင် ဘေးကင်းအောင် မဖြတ်နိုင်ဘဲနဲ့ အတင်းလုပ်နေတယ်။ ထားလိုက်ပါတော့... ငါလည်း ဒီမှာပဲ ခဏ စောင့်ဦးမယ်။ အာရုံအများကြီး အစိုက်မခံချင်ဘူး' မီယင်က တွေးကာ ဝမ်ကျွင်း၏ ဘေးတွင် ထိုင်လိုက်သည်။
လုံချန်းသည် မီတာ ရာနှင့်ချီ ရှည်လျားပုံရသော စင်္ကြံလမ်းတစ်ခုထဲသို့ ရောက်ရှိသွားသည်။ ထိုလမ်း၏ ဘေးတစ်ဖက်တစ်ချက်စီတွင် တံခါးများစွာ ရှိနေပြီး တံခါးတစ်ခန်းစီမှာ တစ်နေရာစီနှင့် ဆက်သွယ်ထားပုံရသည်ဟု လုံချန်း ခန့်မှန်းလိုက်သည်။
သူ့အပြင် အခြားမည်သူ့ကိုမျှ ဤနေရာတွင် မတွေ့ရပေ။ သူသည် ဘယ်ဘက်ခြံမှ ပထမဆုံး တံခါးဆီသို့ လျှောက်သွားသည်။ ထိုတံခါးမှာ အဖြူရောင်ဖြစ်ပြီး မီးတောက်သင်္ကေတတစ်ခု ပါရှိသည်။ လုံချန်းသည် တံခါးကို ဖွင့်လိုက်သည်။
"ဟင်... သူက မီးတောက်စမ်းသပ်မှု တံခါးထဲကို ဝင်တော့မလို့လား။ ဟူး... လူတွေက အမြဲတမ်း အလျင်စလိုဖြစ်နေကြတော့ ပထမဆုံး တံခါးတွေကိုပဲ ရွေးတတ်ကြတယ်၊ တကယ်တော့ အဲဒီ ပထမဆုံး တံခါးတွေကလည်း တော်တော်လေး အန္တရာယ်များတယ်ဆိုတာ သူတို့ မသိကြဘူး" ယဇ်ပုရောဟိတ်က သက်ပြင်းချရင်း ရေရွတ်လိုက်သည်။
"တကယ်လို့ သူသာ အဲဒီအခန်းထဲ ဝင်သွားရင်တော့ သူ့ကို ကယ်ရမယ့်အချိန်က နီးလာပြီ ထင်တယ်" သူက လက်ပိုက်ရင်း ဆိုသည်။
သေမင်းခန်းမ အပြင်ဘက်ရှိ ဖန်သားပြင်မှာမူ လောလောဆယ်တွင် အရှေ့ဆုံးမှ ဦးဆောင်နေသော ဂိုဏ်း၏ ထိပ်တန်းတပည့်ကို ပြသနေသော်လည်း တပည့်အမျိုးမျိုးဆီသို့ တစ်လှည့်စီ ပြောင်းလဲပြသနေကာ လုံချန်းကိုလည်း ရံဖန်ရံခါ ပြသနေသည်။
"အခုထိတော့ အဆင်ပြေနေတုန်းပဲ။ သူက ရှေ့ဆုံးကလူတွေနောက်မှာ ကျန်နေသေးပေမဲ့ ပိုပြီးတော့ တည်တည်ငြိမ်ငြိမ် ရှိတယ်။ ဒီလို တည်ငြိမ်တဲ့ စိတ်ဓာတ်ကိုသာ ဆက်ထိန်းထားနိုင်ရင် သူ သေချာပေါက် လုပ်နိုင်မှာပါ" ရွမ်းယီက စင်္ကြံလမ်းထဲရှိ လုံချန်းကို ကြည့်ကာ မူယွမ်ကို ပြောလိုက်သည်။
"သူ ဘေးကင်းနေသရွေ့တော့ ငါ့အတွက် အဆင်ပြေပါတယ်" မူယွမ်က စိုးရိမ်တကြီး မျက်နှာဖြင့် ဖန်သားပြင်ကို စိုက်ကြည့်ရင်း ပြန်ဖြေသည်။
"အဲဒါကို စိတ်ပူနေစရာတောင် မလိုပါဘူး။ သူက အထဲမှာ အဘေးကင်းဆုံးလူပဲလေ" ရွမ်းယီက ရယ်မောရင်း ခေါင်းခါလိုက်သည်။
လုံချန်းတွင် ကျောင်းတော်သခင်၏ ဆွဲကြိုးရှိနေသဖြင့် အသက်ပေးဆေးလုံးဖြင့် ပြန်ရှင်အောင် လုပ်နိုင်သောကြောင့် သူ့အတွက် တကယ့်အန္တရာယ် မရှိကြောင်း သူမ သိသည်။ အခြားတစ်ဖက်တွင်မူ အခြားတပည့်များမှာ အသက်ပေးဆေးလုံးနှင့်ပင် ပြန်ရှင်ရန် မဖြစ်နိုင်သဖြင့် သေဆုံးနိုင်ခြေ အန္တရာယ် ပိုများသည်။
"သူက အနိုင်ရဖို့ အခွင့်အရေး မရှိပါဘူး။ အကြီးအကဲရွမ်း... နင့်အနေနဲ့ ဘာလို့ သူ့ကို ဒီလောက် အန္တရာယ်များတဲ့ စမ်းသပ်ပွဲထဲ ထည့်လိုက်တာလဲဆိုတာ ငါ အခုထိ နားမလည်နိုင်သေးဘူး။ အကြီးအကဲယွမ်... နင့်အနေနဲ့လည်း ဒါကို ဘာမှ ကန့်ကွက်မပြောခဲ့ဘူးလား။ အကြီးအကဲရွမ်းရဲ့ ဒီလို ရူးသွပ်တဲ့ လုပ်ရပ်ကို နင့်အနေနဲ့ တားသင့်တာပေါ့။ သူက နင့်ကလေးရဲ့ အသက်ကို အန္တရာယ်ထဲ တွန်းပို့နေတာလေ" ဝမ်ကျွင်းနှင့် မီယင်၏ ဆရာဖြစ်သူ အကြီးအကဲ ဖုမင်က ဆိုသည်။
"အကြီးအကဲမင်... နင့်ရဲ့ တပည့်တွေကိုပဲ ပိုပြီး အာရုံစိုက်သင့်ပါတယ်။ သူတို့က ပထမအခန်းထဲကတောင် မထွက်နိုင်သေးဘူး၊ နင်က အဲဒီအခန်းကို ကျော်သွားတဲ့သူတွေအကြောင်း လာပြောနေတာလား။ အဲဒါက ဘယ်လောက်တောင် ရယ်စရာကောင်းလဲဆိုတာ နင် သိရဲ့လား" ရွမ်းယီက မျက်လုံးလေး ကလည်ကလည် လုပ်ရင်း ပြန်ပြောလိုက်သည်။
"နင်..." အကြီးအကဲ ဖုမင်မှာ ထိုစကားကြောင့် ဆွံ့အသွားကာ မျက်နှာကြီး ရဲတက်သွားတော့သည်။
"ဒါက အစပဲ ရှိသေးတာလေ။ အခုချိန်မှာ အဆုံးအဖြတ်ပေးဖို့ အချိန်မကျသေးဘူး။ ငါ့တပည့်တွေပဲ နိုင်မှာပါ" သူမက ဆိုသည်။
"ဪ... ဒါဆိုရင် မူလင်းက နင့်တပည့်တွေထက် ရှေ့ရောက်နေတာတောင် နင့်အနေနဲ့ ဘာလို့ သူ့ကို လာပြီး ဝေဖန်နေတာလဲ။ အကြီးအကဲတစ်ယောက်ဖြစ်ပြီးတော့ နင့်စကားတွေက ရှေ့နောက်မညီ ဖြစ်နေပါလား။ နင် နေမကောင်းဖြစ်နေတာများလား" ရွမ်းယီက ဖုမင်၏ မျက်လုံးများကို စိုက်ကြည့်ကာ မေးလိုက်သည်။
"ငါ... ငါ နင်နဲ့ စကားပြောဖို့ အချိန်မရှိဘူး" အကြီးအကဲ ဖုမင်က ပြန်မဖြေတော့ဘဲ နှာခေါင်းရှုံ့ကာ ဖန်သားပြင်ကိုသာ လှည့်ကြည့်နေတော့သည်။
ကျောင်းတော်သခင်သည်လည်း သူ၏ နေရာမှနေ၍ ယဇ်ပူဇော်ပွဲကို စောင့်ကြည့်နေသည်။ အခြားဖန်သားပြင်များက ကိုယ်စားလှယ်များကြား ကူးပြောင်းပြသနေသော်လည်း သူ၏ ဖန်သားပြင်မှာမူ လုံချန်း ဘာလုပ်နေသည်ဆိုသည်ကိုသာ အသေပြသနေသည်။
"မီးတောက်အခန်းတဲ့။ သူ ဒါကို အောင်မြင်အောင် လုပ်နိုင်ပါ့မလား။ တကယ်လို့ သူ့မှာ သူ့အဖေရဲ့ အရည်အချင်းတွေ ရှိနေမယ်ဆိုရင်တော့ အခွင့်အရေး အများကြီး ရှိပါတယ်။ မဟုတ်ရင်တော့ မှတ်ဉာဏ်တွေ ပျောက်ဆုံးနေတဲ့အတွက် သူ့ရဲ့ နားလည်သဘောပေါက်မှုက သိပ်အားနည်းနေမှာမို့ ကျော်ဖြတ်နိုင်မှာ မဟုတ်ဘူး။ သူက သူ့ရဲ့ အရင်အရည်အချင်းတွေကိုပဲ ပြန်ရတာလား၊ ဒါမှမဟုတ် သူ့အဖေရဲ့ အရည်အချင်းတွေကိုပါ နိုးထလာတာလားဆိုတာ ကြည့်ရသေးတာပေါ့" ကျောင်းတော်သခင်က ပြုံးလျက် ရေရွတ်လိုက်သည်။
ညစ်ပတ်ပေရေနေသော ထောင်ခန်းထဲတွင် လုံချန်း၏ ဖခင် ထိုင်နေသည်။ ထိုအမျိုးသမီးက သူ၏ ဘေးတွင် ရပ်နေဆဲပင်။
"အဲဒီကလေးက အဲဒီတည်ရှိမှုကြီးရဲ့ သားဖြစ်နေလို့ ကံကောင်းတာ၊ မဟုတ်ရင် သူ အသက်ရှင်နေမှာ မဟုတ်ဘူး။ ဒါက နင်တို့မိသားစုရဲ့ သွေးမျိုးဆက် နောင်မှာ မပြတ်တောက်သွားဖို့တော့ အနည်းဆုံး အာမခံချက်ရှိတာပေါ့။ ဒါပေမဲ့ ရယ်စရာကောင်းတာက... ဒီမိသားစု သွေးမျိုးဆက်ရဲ့ သားတစ်ယောက်က ဟိုဝေးလံတဲ့ တိုင်းပြည်မှာ ဘာမှမဟုတ်တဲ့သူတစ်ယောက်လို ရှင်သန်နေရလိမ့်မယ်။ သူက အဓိပ္ပာယ်မဲ့တဲ့ ဘဝနဲ့ ရှင်သန်ပြီး ပိုးမွှားတစ်ကောင်လိုပဲ သေဆုံးသွားလိမ့်မယ်" လုံကျွင်း၏ ဘေးတွင် ရပ်နေသော အမျိုးသမီးက ပြောလိုက်တော့သည်။
***