"ငါလည်း မြင်လိုက်တယ်။ အံ့သြစရာပဲ"
အရင်က တစ်ခါမှ မပြုံးဖူးသော တင်းမာလှသည့် အကြီးအကဲရွမ်း ပြုံးနေသည်ကို မြင်လိုက်ရသည့်အတွက် တပည့်များမှာ ပို၍ပင် အံ့သြကုန်ကြသည်။
လုံချန်းသည် အခန်းထဲမှ ထွက်လာပြီးနောက် တစ်နေရာသို့ ဦးတည်နေသော ရှည်လျားသည့် စင်္ကြံလမ်းထဲသို့ ခြေချလိုက်သည်။ ထိုလမ်းအတိုင်း မိနစ်နှစ်ဆယ်ကျော်ကြာ လျှောက်လှမ်းပြီးနောက် လမ်းသုံးခွဆုံ တစ်နေရာသို့ ရောက်ရှိသွားသည်။ လမ်းတစ်လမ်းက ဘယ်ဘက်၊ တစ်လမ်းက ညာဘက်နှင့် ကျန်တစ်လမ်းမှာ တည့်တည့်သွားသော လမ်းဖြစ်သည်။
လမ်းသုံးလမ်းစလုံးမှာ ပုံမှန်အတိုင်းပင် ဖြစ်ပြီး ထူးခြားသည့် အန္တရာယ်ရှိပုံမရပေ။ လုံချန်းသည် ဘယ်ဘက်လမ်းကို ရွေးချယ်ကာ ဝင်လိုက်သည်။ နောက်ထပ် ဆယ်မိနစ်ခန့် တည့်တည့်လျှောက်ပြီးနောက် ကျယ်ဝန်းသော ကွင်းပြင်ကြီးတစ်ကွင်းသို့ ရောက်သွားသည်။ ကွင်းပြင်တစ်ကွင်းလုံးကို အလွန်နက်ပုံရသော ရေများဖြင့် ပြည့်နှက်နေသည့် အိုင်ကြီးတစ်အိုင်က ဖုံးလွှမ်းထားသည်။
လုံချန်း၏အနားတွင်တော့ အိုင်ထဲ၌ မျောနေသော လှေငယ်တစ်စင်း ရှိနေသည်။
'ဒီအိုင်ကို ငါ ပျံပြီး ဖြတ်သွားလို့ ရပေမဲ့... စောင့်ကြည့်နေတဲ့ မျက်လုံးတွေ အများကြီးရှိနေတော့ အဲဒါက ခက်ခဲလိမ့်မယ်။ ရေကူးပြီး ဖြတ်လို့လည်း ရနိုင်ပေမဲ့ ဒီအိုင်ထဲမှာ တစ်ခုခု အန္တရာယ်ရှိနေလို့သာ ဒီလှေကို ထားထားတာ ဖြစ်ရမယ်။ ဒါပေမဲ့ ဒီလှေကလည်း အကောင်းဆုံး ရွေးချယ်မှုတော့ မဟုတ်လောက်ဘူး။ ဒါက နောက်ထပ် စမ်းသပ်မှုတစ်ခု ဖြစ်ရမယ်၊ ဒီလောက်တော့ မရိုးရှင်းနိုင်ဘူး။ တကယ်လို့ ဒီလှေနဲ့ အေးအေးဆေးဆေး ဖြတ်သွားလို့ ရနေရင် ဒါက အရမ်း လွယ်ကူလွန်းနေမှာပေါ့' လုံချန်းက မျက်မှောင်ကြုတ်ကာ တွေးတောနေမိသည်။
သူသည် လှေအနားသို့ လျှောက်သွားပြီး အနီးကပ် စစ်ဆေးကြည့်လိုက်သည်။ သစ်သားလှေမှာ ပုံမှန်အတိုင်းပင် ဖြစ်ပြီး လူတစ်ယောက်စာသာ ဆံ့သည်။ လှေထဲတွင် ရေပုံးငယ်တစ်ပုံးမှအပ ဘာမှမရှိပေ။
"ဘာပဲဖြစ်ဖြစ်လေ... ဒါက စမ်းသပ်မှုတစ်ခုဆိုရင်လည်း ငါ ဒီစမ်းသပ်မှုကို အောင်မြင်အောင် လုပ်ရုံပဲရှိတာပေါ့" လုံချန်းက ရေရွတ်ရင်း လှေပေါ်သို့ လှမ်းတက်လိုက်သည်။
အပြင်ဘက်က အကြီးအကဲများကတော့ ဖန်သားပြင်ကတစ်ဆင့် သေမင်းခန်းမထဲက တပည့်များကို စောင့်ကြည့်နေဆဲပင်။ လောလောဆယ်မှာတော့ ဖန်သားပြင်က ရှေ့ဆုံးမှ ဦးဆောင်နေသော တပည့်ကို ပြသနေသည်။
"သူက တော်တော် မြန်တာပဲ။ တခြားသူတွေထက် အရင်ဆုံး အဆုံးသတ်ကို ရောက်ပြီး အနိုင်ရလိမ့်မယ် ထင်တယ်" အကြီးအကဲတစ်ဦးက ဆိုသည်။
"မဟုတ်ဘူး... သူ တစ်ယောက်တည်းတော့ မလုပ်နိုင်ပါဘူး။ နောက်ဆုံးစမ်းသပ်မှုရဲ့ အဆုံးကို ရောက်သွားရင်တောင် တစ်ယောက်တည်း အဆုံးသတ်လို့ မရဘူး။ တခြားသူတွေ ရောက်လာတဲ့အထိ စောင့်ပြီး ယှဉ်ပြိုင်ရဦးမှာ။ ဒီပွဲကို အဲဒီလိုပဲ စီစဉ်ထားတာလို့ ငါ ကြားတယ်"
"ဟုတ်လား၊ အဲဒါ ဘယ်သူပြောတာလဲ"
"အဲဒါတော့ ပြောလို့မရဘူး"
"ထားလိုက်ပါတော့ဗျာ... ဒီသတင်းက အမှန်ဆိုရင် ယဇ်ပုရောဟိတ်ပဲ ဖြစ်မှာပါ။ သူ့နာမည်ကိုလည်း ငါ မမေးတော့ပါဘူး"
အကြီးအကဲ နှစ်ဦး စကားပြောနေစဉ် ဖန်သားပြင်က ပြောင်းလဲသွားပြီး လုံချန်းကို ပြသတော့သည်။ လုံချန်းက လှေပေါ်သို့ လှမ်းတက်နေသည်ကို သူတို့ မြင်လိုက်ရသည်။
"အိုး... သူ နာကျင်ခြင်းအိုင်ထဲ ရောက်နေပြီပဲ။ မကြာခင် သူ့ရဲ့ အော်ဟစ်သံတွေကို ငါတို့ ကြားရတော့မယ် ထင်တယ်" အကြီးအကဲတစ်ဦးက သက်ပြင်းချရင်း ဆိုသည်။
"ဟုတ်တယ်... ဒီစမ်းသပ်မှုကိုတော့ သူ တခြားစမ်းသပ်မှုတွေလို လွယ်လွယ်ကူကူ ကျော်ဖြတ်နိုင်မှာ မဟုတ်ဘူး" အခြားအကြီးအကဲတစ်ဦးကလည်း ထောက်ခံသည်။
အကြီးအကဲ မူယွမ်နှင့် ရွမ်းယီတို့ကတော့ မျက်မှောင်ကြုတ်ကာ ဖန်သားပြင်ကို ကြည့်နေကြသည်။ မူယွမ်၏ မျက်နှာတွင် စိုးရိမ်မှုများ အထင်းသား ပေါ်လွင်နေပြီး သူမသည် လက်သီးကို တင်းတင်းဆုပ်ကာ လုံချန်းအား စိုက်ကြည့်နေတော့သည်။
"စိတ်မပူပါနဲ့။ ယောကျ်ားကောင်းဆိုတာ နာကျင်မှုကို မကြောက်တတ်ပါဘူး။ မူလင်း သေချာပေါက် လုပ်နိုင်မှာပါ။ သူ အောင်မြင်လိမ့်မယ်၊ တကယ်လို့ ကျရှုံးခဲ့ရင်တောင် သူ ဘေးကင်းမှာပါ" ရွမ်းယီက မူယွမ်ကို အားပေးစကား ဆိုလိုက်သည်။
"ငါ အဆင်ပြေပါတယ်" မူယွမ်က ခေါင်းညိတ်ပြသော်လည်း သူမ၏ စိုးရိမ်မှုများကတော့ လျော့ပါးမသွားသေးပေ။
လှေသည် အိုင်၏ အခြားတစ်ဖက်သို့ ဦးတည်၍ စတင်ရွေ့လျားလာသော်လည်း၊ အလယ်ခေါင်သို့ ရောက်သောအခါ ရုတ်တရက် ရပ်တန့်သွားသည်။ လုံချန်း မည်သို့ပင် ကြိုးစားစေကာမူ လှေက ရှေ့မတိုးတော့ပေ။ ထိုအချိန်တွင် ရေကျသံတစ်သံကို သူ ကြားလိုက်ရသည်။
ဘယ်ဘက်သို့ လှည့်ကြည့်လိုက်ရာ လေဟာနယ်ထဲမှ အနက်ရောင် အရည်အချို့ ပေါ်လာပြီး လှေပေါ်ရှိ ရေပုံးထဲသို့ ကျလာသည်ကို မြင်လိုက်ရသည်။ စက္ကန့်အနည်းငယ်အတွင်း ရေပုံးမှာ အနက်ရောင်အရည်များဖြင့် ပြည့်သွားပြီး အရည်များ ကျလာခြင်း ရပ်တန့်သွားသည်။
လုံချန်းသည် ထိုနေရာတွင် ထိုင်ကာ ဤအနက်ရောင်အရည်များ ပြည့်နေသည့် ရေပုံးကို မည်သို့ လုပ်ရမှန်း စဉ်းစားနေမိသည်။ သူ တွေးတောနေစဉ်မှာပင် ယခင်အခန်းကကဲ့သို့ ထူးဆန်းသောအသံကို သူ၏ဦးနှောက်ထဲတွင် ကြားလိုက်ရသည်။
"မင်းအနားက ရေပုံးထဲမှာ တစ်ခုခု ရှိနေတယ်။ အဲဒီအရည် တစ်စက်လောက်သာ အိုင်ထဲကို ကျသွားရင် ဝိညာဉ်တွေက ဒေါသတကြီး ထွက်လာပြီး မင်းကို တိုက်ခိုက်လိမ့်မယ်။ တကယ်လို့ အဲဒီအရည် တစ်စက်လောက်သာ လှေပေါ်ကို ကျသွားရင် လှေက ပျက်စီးသွားပြီး မင်းကို ဝိညာဉ်အိုင်က ဝါးမျိုသွားလိမ့်မယ်။ အဲဒီအရည်တွေကို ပုံးထဲကနေ မဖယ်ရှားမချင်း လှေက ရှေ့မတိုးဘူး။ တကယ်လို့ မင်း ဒီအခန်းကနေ ၁၀ မိနစ်အတွင်း မထွက်နိုင်ရင် ဝိညာဉ်တစ်ကောင်က မင်းရဲ့ခန္ဓာကိုယ်ကို ပူးကပ်ပြီး သတ်ပစ်လိမ့်မယ်။ ဘာလုပ်မလဲဆိုတာ ဆုံးဖြတ်စမ်း"
"ဒါက နောက်ထပ် ပဟေဠိတစ်ခုပဲ။ အကြီးအကဲ ပြောတာ မှန်တယ်... သေမင်းခန်းမဆိုတာ ကျင့်ကြံခြင်းထက် တခြားစွမ်းရည်တွေကို ပိုစစ်ဆေးတာပဲ။ ဒီပဟေဠိကတော့ တကယ်ကို ရှုပ်ထွေးတာပဲ။ ဒီအရည်တွေကို ပုံးထဲမှာ ထားလို့မရသလို၊ အပြင်ကို သွန်ထုတ်လို့လည်း မရဘူး။ လှေပေါ်ကျရင် လှေပျက်မယ်၊ ရေထဲကျရင် တိုက်ခိုက်ခံရမယ်။ မဖယ်ရင်လည်း လှေက ရှေ့မတိုးဘူး" လုံချန်းက ရေရွတ်လိုက်သည်။
'ဒီအရည်တွေကို တခြားပုံးတစ်ခုထဲ ပြောင်းထည့်လိုက်ရင်ကော။ ဒါဆို မူလပုံးက အလွတ်ဖြစ်သွားမှာပေါ့' ရွှင်းက လုံချန်းအနားတွင် ပေါ်လာကာ အကြံပေးသည်။
"ငါလည်း အဲဒီအတိုင်း စဉ်းစားနေတာ။ ဒါပေမဲ့ ဒီပဟေဠိကို ဖန်တီးတဲ့သူကလည်း ဒါကို ကြိုတွေးထားမှာ သေချာတယ်" လုံချန်းက ဆိုသည်။
"ဒီကောင်လေးက သူ့ဘာသာ စကားပြောတာ တော်တော် ဝါသနာပါတာပဲ" ကျောင်တော်သခင်က ဖန်သားပြင်ရှိ လုံချန်းကို ကြည့်ကာ ရေရွတ်သည်။ "သူ့အဖေရဲ့ တစ်ယောက်တည်း စကားပြောတတ်တဲ့ အကျင့်ကိုပါ ရလာတာ ထင်တယ်"
'ငါတော့ အဲဒီလို မထင်ဘူး။ တကယ်လို့ သူတို့ ကြိုတွေးထားရင် ပဟေဠိထဲမှာ ထည့်ပြောမှာပေါ့။ ဘာမှ စိတ်မပူနဲ့၊ စမ်းကြည့်လိုက်စမ်းပါ' ရွှင်းက တိုက်တွန်းသည်။
"ကောင်းပြီလေ" လုံချန်းက ခေါင်းညိတ်ကာ သိုလှောင်လက်စွပ်ထဲမှ အခြားရေပုံးတစ်ပုံးကို ထုတ်လိုက်သည်။
သူသည် အနက်ရောင်အရည်များ ပါသည့် ပုံးကို မလိုက်ပြီး ဒုတိယပုံးထဲသို့ စတင် လောင်းထည့်လိုက်တော့သည်။
"မဆိုးတဲ့ အကြံပဲ၊ ဒါပေမဲ့ မှန်ကန်တဲ့ အဖြေတော့ မဟုတ်ဘူး။ သူ ဒီနည်းနဲ့တော့ အောင်မြင်မှာ မဟုတ်ပါဘူး။ လူငယ်တွေက အကြီးအကဲတွေ တွေးထားတာထက် သူတို့က ပိုတွေးနိုင်တယ်လို့ ထင်တတ်ကြတာပဲ" ကျောင်းတော်သခင်က ပြုံးလျက် ခေါင်းခါလိုက်သည်။
လုံချန်းသည် အနက်ရောင်အရည်များကို အကုန် လောင်းထည့်လိုက်သော်လည်း သူ မျှော်လင့်ထားသလို ဖြစ်မလာပေ။ သူ စိုးရိမ်ခဲ့သည့်အတိုင်း ဤအကြံအစည်မှာ ချက်ချင်း ကျရှုံးသွားသည်။ ဒုတိယရေပုံးမှာ အနက်ရောင်အရည်များ ထိသည်နှင့် တစ်ပြိုင်နက် စတင် အရည်ပျော်သွားတော့သည်။
အရည်အားလုံးမှာ လှေ၏ ကြမ်းပြင်ပေါ်သို့ ဖိတ်ကျကုန်သည်။
'နင် ပြောတာ မှန်သွားပြီ။ ငါ အမှားလုပ်မိသွားတာပဲ။ ဒါပေမဲ့ ကိစ္စမရှိပါဘူး၊ စိတ်မပူနဲ့။ ဝိညာဉ်တွေက နင့်ကို ဘာမှ မလုပ်နိုင်ဘူးလေ။ လှေပေါ်က ဆင်းပြီး ဟိုဘက်ကိုသာ ကူးသွားလိုက်တော့' ရွှင်းက ရှက်ကိုးရှက်ကန်း အပြုံးဖြင့် ဆိုသည်။
"ငါ့မှာ တခြားရွေးချယ်စရာ ရှိသေးလို့လား" လုံချန်းက လှေပါ စတင်အရည်ပျော်နေသည်ကို ကြည့်ကာ ပြန်ပြောလိုက်သည်။ လှေသည် အိုင်ထဲသို့ စတင်နစ်မြုပ်သွားတော့သည်။
လုံချန်းသည် လှေပေါ်မှ ခုန်ချကာ အိုင်၏ အခြားတစ်ဖက်သို့ စတင်ကူးခတ်တော့သည်။ အိုင်ထဲက ဝိညာဉ်များ ထွက်ပေါ်လာပြီး သူ့ကို တိုက်ခိုက်သော်လည်း သူ၏ ခန္ဓာကိုယ်ထဲသို့ မည်သို့မှ ဝင်ရောက်၍ မရကြပေ။
အမှန်စင်စစ် လုံချန်းတွင် အကာအကွယ် နှစ်ထပ်ရှိနေခြင်း ဖြစ်သည်။ အပြင်က လူကြီးများ အမြင်တွင်မူ ယင်းက ကျောင်းတော်သခင် ပေးထားသော ဆွဲကြိုးကြောင့်ဟု ထင်နေကြမည်ဖြစ်ပြီး တကယ်တမ်းတွင်မူ လုံချန်း၏ သွေးမျိုးဆက်နှင့် အမှောင်နိယာမကြောင့် ဖြစ်သည်။ ဤသို့သော အထင်မှားမှုက လုံချန်းအတွက်တော့ အကျိုးရှိသွားပြီး သူ့ကို မည်သူမျှ သံသယမဝင်တော့ဘဲ ဆွဲကြိုးကြောင့်ဟုသာ ယူဆလိုက်ကြတော့သည်။
***