ချင်စန်းက ကြေးစိမ်းရောင် အပိုင်းအစကို အသက်သွင်းရန် ကြိုးစားသော်လည်း နောက်ဆုံးတွင် ကျရှုံးသွားခဲ့သည်။
အပိုင်းအစကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ပြီး သူ ကျောက်ခန်းမဆောင်မှ ထွက်ခွာလာခဲ့၏။
သူလာရာလမ်းကို ပြန်လှည့်ကြည့်ရာ ရုပ်သေးငှက်မှာ တောင်ကမ္ဘာ နေမင်းမီးလျှံ အတွင်း၌ ရုန်းကန်နေဆဲ ဖြစ်သည်ကို တွေ့လိုက်ရသည်။ ယင်းကိုယ်ထည် အများစုမှာ အရည်ပျော်ကျနေပြီ ဖြစ်ပြီး ပုံသဏ္ဍာန်မှာ မှိန်ဖျော့ကာ သက်တမ်း ကုန်ဆုံးလုနီးပါး ဖြစ်နေလေပြီ။
ချင်စန်းက ကြေးစိမ်းရောင် အပိုင်းအစကို လက်တစ်ဖက်ဖြင့် ကိုင်ဆောင်ပြီး ဓားပျံစီးကာ ဝေဟင်သို့ ပျံတက်၍ လာရာလမ်းအတိုင်း ပြန်လှည့်လာခဲ့သည်။
ဒီတစ်ခါ တောင်ကမ္ဘာ နေမင်းမီးလျှံကို ဖြတ်သန်းချိန်တွင် တစ်စုံတစ်ရာ ကွဲပြားနေသည်ကို သူ ခံစားလိုက်ရသည်။
ယခင်က အချိန်မရွေး ပြာကျသွားတော့မလို ခံစားခဲ့ရသော ပူပြင်းသည့် ဖိအားမှာ ယခုအခါ သိသိသာသာ လျော့နည်းသွားလေပြီ။ သူ့လက်ထဲရှိ ကြေးစိမ်းရောင် အပိုင်းအစမှ မှိန်ဖျော့သော နွေးထွေးမှု တစ်ခု ထွက်ပေါ်လာပြီး မီးလျှံ၏ ပြင်းထန်မှုကို သူ့အစား စုပ်ယူပေးနေသကဲ့သို့ပင်။
ကြေးနီ၏ အစိမ်းရောင် အလင်းတန်းအောက်တွင် တောင်ကမ္ဘာ နေမင်းမီးလျှံပင် အနည်းငယ် မှိန်ဖျော့သွားသလို ထင်ရသည်။
ရွှီး...
ချင်စန်းက တောင်ကမ္ဘာ နေမင်းမီးလျှံကို ဘေးကင်းစွာ ဖြတ်သန်းပြီး မြေပြင်ပေါ်သို့ ဆင်းသက်လိုက်သည်။
မိစ္ဆာမီးလျှံ အတွင်းမှ ရုပ်သေးငှက်က တိတ်ဆိတ်စွာ ဝမ်းနည်းဖွယ် အော်မြည်လိုက်၏။ ချင်စန်း မြေပြင်ပေါ် ခြေချလိုက်သည့် ခဏမှာပင် ၎င်းလည်း ပြာအဖြစ် ပြောင်းလဲသွားတော့သည်။
လေနှင်ရာ ခရီးသည်က မြေပြင်ပေါ်တွင် ခွေခွေလေး ထိုင်နေပြီး ချွေးများ စိုရွှဲကာ မောပန်းနွမ်းနယ်မှုကြောင့် လဲကျလုနီးပါး ဖြစ်နေသည်။ ဝိညာဉ် အစီအရင်နှင့် ရုပ်သေးငှက် နှစ်ခုလုံးကို ထိန်းချုပ်လိုက်ရခြင်းက သူ့ ပြန်လည် သက်သာလာစ ခွန်အားကို အကန့်အသတ်ထိ တွန်းပို့လိုက်ခြင်း ဖြစ်သည်။
"ဒီကြေးစိမ်းရောင် အပိုင်းအစက တကယ်ပဲ တောင်ကမ္ဘာ နေမင်းမီးလျှံကို ပြီးပြည့်စုံစွာ ခုခံနိုင်တာပဲ..."
ချင်စန်းက စောစောက အခိုက်အတန့်ကို ပြန်တွေးရင်း အံ့အားသင့်စွာဖြင့် သူ့လက်ထဲရှိ အပိုင်းအစကို ငုံ့ကြည့်လိုက်သည်။ သို့သော် ဤစွမ်းရည် တစ်ခုမှလွဲ၍ သတ္တုအပိုင်းအစ တစ်ခုနှင့် ဘာမှ မခြားနားပေ။
ကောင်းကင်ဘုံ ဆေးပေါင်းအိုးက တစ်ချိန်တုန်းက ဘယ်လောက်ပဲ ကြီးကျယ်ခမ်းနားခဲ့ပါစေ... အခုချိန်မှာတော့ သူနဲ့ ဘာမှ မသက်ဆိုင်တော့ဘူး... ကျိုးပဲ့နေတဲ့ အပိုင်းအစ တစ်ခုပဲ...
"စီနီယာ... ဘယ်လို နေသေးလဲ"
ချင်စန်းက လျှောက်သွားပြီး ကြေးစိမ်းရောင် အပိုင်းအစကို လေနှင်ရာ ခရီးသည်ထံ ကမ်းပေးရင်း သူ့ကို တွဲထူပေးကာ သတိပေးလိုက်၏။
"သတိထားပါ... အရမ်း လေးတယ်”
လေနှင်ရာ ခရီးသည်၏ မျက်လုံးများ စိတ်လှုပ်ရှားမှုဖြင့် တောက်ပလာသည်။ သူက ကြေးစိမ်းရောင် အပိုင်းအစကို လက်နှစ်ဖက်ဖြင့် လှမ်းယူပြီး ချက်ချင်းပင် ယင်း၏ အလေးချိန်က သူ့လက်မောင်းများ အိကျသွားသည်ကို ခံစားလိုက်ရသဖြင့် မြေကြီးပေါ် ပြန်ချထားလိုက်ရသည်။ သူက ချင်စန်း၏ အကူအညီကို လက်ကာပြပြီး ကိုယ့်ဘာသာ မတ်တပ်ရပ်ကာ…
"ကျေးဇူးတင်ပါတယ် ညီလေးချင်... မင်း လက်ကောက်ဝတ်က အမှတ်အသား အခြေအနေ ဘယ်လိုလဲ... ငါ လှုပ်ရှားမှု မစခင် ခွန်အားပြန်ပြည့်ဖို့ တရားထိုင်ရဦးမယ်... အခုတော့ မင်းကို အရင် ပြန်ပို့ပေးပါရစေ"
ချင်စန်းက လက်ကောက်ဝတ်ကို မြှောက်ပြလိုက်သည်။ သစ်သားလက်ကောက်ပေါ်တွင် ထင်ရှားသော အက်ရာ ခုနစ်ခု၊ ရှစ်ခုလောက် ရှိနေပြီး နဂါးကြေးခွံ တစ်ခုဆိုလျှင် ကွဲကြေပင် သွားခဲ့လေပြီ။
ကြာကြာ ခံတော့မည် မဟုတ်ကြောင်း ထင်ရှားလှသည်။
စကားပို မဆိုတော့ဘဲ ချင်စန်းက လေနှင်ရာ ခရီးသည် အောင်မြင်ပါစေကြောင်း ဆုတောင်းပေးပြီး လမ်းကြောင်းမှ ထွက်ခွာရန် ပြင်တော့သည်။
"ညီလေးချင်... ပြန်ဆုံတွေ့ကြတာပေါ့"
တာအိုဝတ်ရုံ ဝတ်ဆင်ထားသော လေနှင်ရာ ခရီးသည်က လှိုဏ်ခေါင်း ဝင်ပေါက်တွင် မားမားမတ်မတ် ရပ်ရင်း လက်သီးဆုပ်ကာ နှုတ်ဆက်လိုက်သည်။ ပူပန်မှု ကင်းမဲ့သော အပြုံးဖြင့်…
"တကယ်လို့ ငါ ကျရှုံးသွားခဲ့ရင် နောက်တစ်ခါ ကျီဝေနန်းတော်ထဲ ဝင်လာတဲ့အခါ ငါ့အတွက် အမွှေးတိုင် တစ်တိုင်လောက် ထွန်းပေးပါ... အဲ့ဒါဆို လုံလောက်ပါပြီ"
"ပြန်ဆုံတွေ့ကြတာပေါ့"
ချင်စန်းက လေးနက်သော ရိုသေမှုဖြင့် ပြန်လည် နှုတ်ဆက်လိုက်သည်။
တကယ်လို့ လေနှင်ရာ ခရီးသည်သာ မီးထဲကနေ ပြန်လည် မွေးဖွားဖို့ ကျရှုံးခဲ့ရင် ဒီနှုတ်ဆက်ခြင်းက တကယ်ပဲ နောက်ဆုံး ဖြစ်သွားလိမ့်မယ်...
မှောင်မိုက်သော လမ်းကြောင်းက ဖြည်းညှင်းစွာ ပိတ်သွားလေပြီ။ ချင်စန်းက မူလနေရာတွင် ရပ်ရင်း လေနှင်ရာ ခရီးသည် တွေဝေခြင်း မရှိဘဲ လှည့်ထွက်ပြီး တောက်လောင်နေသော မီးလျှံများဆီ ခိုင်မာသော ခြေလှမ်းများဖြင့် လျှောက်လှမ်းသွားသည်ကို ကြည့်နေလိုက်သည်။
ဂွပ်...
နဂါးပုံသဏ္ဍာန် သစ်သားလက်ကောက်ပေါ်တွင် နောက်ထပ် အက်ရာတစ်ခု ထပ်ပေါ်လာသည်။ သည်တစ်ခါ နဂါးခေါင်းပေါ်တွင် ဖြစ်သည်။ နှုတ်ခမ်းမွှေး တစ်ချောင်း ကျိုးပဲ့သွားပြီး မြေပြင်ပေါ်သို့ လွင့်ကျသွား၏။
ချင်စန်း၏ ခန္ဓာကိုယ် အနည်းငယ် ရပ်တန့်သွားပြီးနောက် အရှိန်မြှင့်တင်ကာ တောင်ခြေသို့ ပြေးဆင်းလာခဲ့သည်။
လမ်းတစ်လျှောက်တွင် ကျီဝေနန်းတော်ထဲ ဝင်ရောက်လာကတည်းက ရရှိခဲ့သော ပစ္စည်းများကို စတင် စီစဉ်လိုက်၏။
နေရာအနှံ့ သွားလာခဲ့ပြီး အများကြီး ကြုံတွေ့ခဲ့ရသော်လည်း တိကျသော သတင်းအချက်အလက်များကြောင့် ခရီးစဉ်မှာ အချိန် သိပ်မကြာလိုက်ပေ။ အချိန် အများစုမှာ ခရီးသွားလာခြင်းဖြင့်သာ ကုန်ဆုံးခဲ့သည်။
သစ်သားလက်ကောက် လမ်းတစ်ဝက်တွင် ကျိုးသွားပြီး သူ့တည်နေရာကို တုန်ယန်းပို သိသွားမည်ကို စိုးရိမ်သောကြောင့် ချင်စန်း အသက်ရှူချိန် တစ်ကြိမ်စာပင် မနားရဲပေ။
အံ့ဩစရာ ကောင်းသည်မှာ ကျီဝေနန်းတော်သို့ လာရောက်သည့် သူ့ကနဦး ရည်မှန်းချက် နှစ်ခုလုံးဖြစ်သော ခရမ်းရောင် တိမ်တိုက်သီးနှင့် မူလဝိညာဉ် ဓားမွေးမြူခြင်း၏ နောက်ဆက်တွဲ ကျင့်စဉ်တို့ကို ရရှိခဲ့ရုံသာမက မျှော်လင့်မထားသော ရတနာများကိုပါ ပိုင်ဆိုင်ခဲ့ရသည်။
တုအယ်ဆေးလုံး ဖော်စပ်ရန် အဓိက သော့ချက်ဖြစ်ပြီး ချင်စန်း အတန်ဖိုးအထားဆုံး အရာအဖြစ် သတ်မှတ်ထားသည့် သုံးပါးရောင်ခြည် ကျောက်စိမ်းရည် အကြောင်း ပြောစရာပင် မလိုတော့။
ဆယ်မျက်နှာ ယမမင်းတံခွန်က အလယ်အလတ်အဆင့် ဝိညာဉ်လက်နက် ဖြစ်လာဖို့ အလားအလာ ရှိနေပြီး သန့်စင်ထားသော အလောင်းကောင်မှာလည်း စစ်မှန်သော အသူရာ အလောင်းကောင် အဖြစ် အသွင်ပြောင်းလဲဖို့ အခွင့်အလမ်း များနေသည်။ ရွှေအမြူတေ အစောပိုင်းအဆင့် ကျင့်ကြံသူများကို အားနည်းချက် မရှိဘဲ ယှဉ်ပြိုင်နိုင်စွမ်း ရှိလာပေလိမ့်မည်။
ဒီအကျိုးအမြတ်တွေ အားလုံး ပေါင်းစပ်လိုက်ရင်... ရွှေအမြူတေ ဖွဲ့စည်းပြီးတာနဲ့ ဝိညာဉ်သန္ဓေသား အဆင့် တံခါးဝအထိ လမ်းကြောင်းက ပွင့်လင်းသွားပြီ...
တစ်ခုတည်းသော ဝမ်းနည်းစရာမှာ ကျင့်ကြံခြင်း လမ်းစဉ် မပြည့်စုံသေးဘဲ နောက်ဆုံးအပိုင်း ပျောက်ဆုံးနေခြင်းသာ။
တောင်အောက် ဆင်းလာရင်း ချင်စန်းက အလောင်းကောင် ရုပ်သေးအိတ်ထဲမှ အသူရာ အလောင်းကောင်ကို ဆင့်ခေါ်လိုက်သည်။
မလှုပ်မယှက် ရှိနေဆဲပင်။ ယင်း၏ မူလဝိညာဉ်မှာ မတည်ငြိမ်သေးဘဲ အသွင်ပြောင်းလဲခြင်း လုပ်ငန်းစဉ်မှာ သူ မျှော်လင့်ထားသည်ထက် ပိုနှေးကွေးနေသည်။ ပြီးပြည့်စုံဖို့ အချိန် နည်းနည်း ပိုကြာဦးမည်။
ယခုတွင် ချင်စန်း ရေကန်ငယ်လေး၏ ကမ်းစပ်သို့ ပြန်ရောက်နေပြီ ဖြစ်သည်။ အသူရာ အလောင်းကောင်ကို ပြန်သိမ်းပြီး လေနှင်ရာ ခရီးသည် ပေးခဲ့သော သံလိုက်အိမ်မြှောင်ကို ထုတ်ယူကာ ပုံရိပ်ယောင် ဝင်္ကပါထဲသို့ ဝင်ရောက်လိုက်သည်။
ပုံရိပ်ယောင် ဝင်္ကပါမှာ ရှေးဟောင်းခေတ်မှ ကျန်ရစ်ခဲ့သော အရာဖြစ်ပြီး အားနည်းချက် အများအပြား ရှိနေသည်။
သံလိုက်အိမ်မြှောင်ကို လမ်းပြအဖြစ် အသုံးပြု၍ ချင်စန်းက ထိုကဲ့သို့ အားနည်းချက် တစ်ခုကို လျင်မြန်စွာ ရှာတွေ့ပြီး ချဉ်းကပ်သွား၏။
သံလိုက်အိမ်မြှောင်ကို ပြန်သိမ်းပြီး သူ့ကိုယ်သူ သေချာ စစ်ဆေးကာ ကျန်ရစ်ခဲ့သော ခြေရာလက်ရာများ မရှိကြောင်း သေချာအောင် လုပ်လိုက်သည်။ ထို့နောက် လက်ထဲရှိ သစ်သားလက်ကောက်ကို ချေမွပြီး အားနည်းသော နေရာမှတဆင့် ဖြတ်သန်းလာခဲ့တော့သည်။
ဇဝေဇဝါ ဖြစ်ပြီး ထိတ်လန့်နေဟန်ဆောင်ကာ ပုံရိပ်ယောင် ဝင်္ကပါထဲတွင် ခေါင်းပြတ်နေသော ယင်ကောင် တစ်ကောင်ကဲ့သို့ ဟိုပြေးဒီပြေး လုပ်ရင်း လမ်းပျောက်ပြီး ထွက်ပေါက် မရှာတွေ့နိုင်သည့် ပုံစံမျိုး ဖန်တီးလိုက်သည်။
ဟိုဟိုဒီဒီ ပြေးလွှားနေစဉ် ရုတ်တရက် သူ့တစ်ကိုယ်လုံး ချုပ်နှောင်ခံလိုက်ရသလို ခံစားလိုက်ရသည်။ အရိပ်တစ်ခုက သူ့ကို ဝါးမြိုသွားသည်ကို တွေ့လိုက်ရသဖြင့် လန့်ဖြန့်သွား၏။
ချင်စန်း ရင်ခုန်သံ မြန်ဆန်သွားသည်။ ခေါင်းကို ဆတ်ခနဲ မော့ကြည့်ရာ ကြီးမားသော လက်တစ်ဖက်က စက္ကူကို ဆုတ်ဖြဲသကဲ့သို့ ပုံရိပ်ယောင် ဝင်္ကပါကို အလွယ်တကူ ထိုးဖောက်ပြီး လျှပ်စီးကဲ့သို့ သူ့ဆီ လှမ်းလာနေသည်ကို တွေ့လိုက်ရသည်။
ခုခံဖို့ အင်အား မရှိတော့။ မျက်တောင်တစ်ခတ် အတွင်းမှာပင် ထိုလက်ကြီးက သူ့ကို ကြက်ပေါက်လေး တစ်ကောင်ကဲ့သို့ ဆုပ်ကိုင်ပြီး လေထဲသို့ ဆွဲတင်သွားတော့သည်။
နောက်တခဏတွင် သူ့အာရုံများ ကြည်လင်လာ၏။ ပုံရိပ်ယောင် ဝင်္ကပါထဲမှ တိုက်ရိုက် ဆွဲထုတ်ခံလိုက်ရပြီး ကောင်းကင်ယံထဲ ရောက်ရှိနေကြောင်း သဘောပေါက်လိုက်သည်။
ခြေကုပ်ပြန်ယူရင်း ယိုင်နဲ့သွားပြီးနောက် သူ့ရှေ့တွင် တုန်ယန်းပို ရပ်နေသည်ကို တွေ့လိုက်ရ၏။ မျက်နှာထားမှာ ဒေါသကြောင့် မည်းမှောင်နေပြီး မျက်လုံးများတွင် ဒေါသမီးများ တောက်လောင်နေသည်။
ဝိညာဉ်သန္ဓေသား အဆင့် ဘိုးဘေး တစ်ယောက်ကို ရင်ဆိုင်ရခြင်းမှာ တစ်ချက် ကြည့်လိုက်ရုံဖြင့်ပင် ကြီးမားသော ဖိအားကို ခံစားရစေသည်။
ချင်စန်း ကျောပြင်တွင် ချွေးစေးများ ချက်ချင်း စိုရွှဲလာသည်။ သူ အလျင်အမြန် အရိုအသေပေးပြီး ဝန်ခံလိုက်သည်။
“ဆရာသခင်... ခွင့်လွှတ်ပါ... ကျွန်တော် ပုံရိပ်ယောင် ဝင်္ကပါထဲမှာ ပိတ်မိနေပြီး ထွက်ပေါက် ရှာမတွေ့ခဲ့ပါဘူး... အဲ့ဒီထဲမှာပဲ သေတော့မယ်လို့ ထင်ခဲ့တာ... ကယ်တင်ခံရတာ ကံကောင်းပါတယ်... ဆရာသခင့် အစီအစဉ်တွေကို နှောင့်နှေးစေခဲ့တဲ့အတွက် ကျွန်တော် သေဒဏ်နဲ့ ထိုက်တန်ပါတယ်”
နှောင့်နှေးမှုအတွက် တုန်ယန်းပို ဒေါသထွက်လိမ့်မည်ဟု သူ ကြိုတင် မျှော်လင့်ထားပြီးသား ဖြစ်သည်။
သို့သော် သူ ရွေးချယ်ခဲ့သော ဆင်ခြေမှာ ကျိုးကြောင်းဆီလျော်မှု ရှိသည်။
ပုံရိပ်ယောင် ဝင်္ကပါ၏ အချို့ အစိတ်အပိုင်းများက ခြေရာခံ အမှတ်အသား၏ စွမ်းအင် အတက်အကျများကို ဖုံးကွယ်ထားနိုင်သည်။ ကျောက်စိမ်းနံရံမှတဆင့် နန်းတော်အတွင်းပိုင်းသို့ ဝင်ရောက်သူ အနည်းငယ်သာ ကောင်းကင်ဘုံ အတားအဆီးထဲ တိုက်ရိုက် ကျရောက်လေ့ ရှိသော်လည်း ဖြစ်နိုင်ချေ လုံးဝ မရှိသည်တော့ မဟုတ်ပေ။
မတော်တဆမှု တစ်ခုအဖြစ် ဟန်ဆောင်ခြင်းဖြင့် သူ့တန်ဖိုး ရှိနေသရွေ့ တုန်ယန်းပို မည်မျှပင် ဒေါသထွက်နေပါစေ နေရာတွင် ပေါက်ကွဲလိမ့်မည် မဟုတ်ပေ။
ကျီဝေနန်းတော်မှ ထွက်ခွာပြီး သူ ရွှေအမြူတေ အောင်မြင်စွာ ဖွဲ့စည်းနိုင်သည်နှင့် သူ့တန်ဖိုးမှာ အရင်လို ဖြစ်တော့မည် မဟုတ်။ တုန်ယန်းပို အနေဖြင့် ဤမတော်တဆမှုကို အပြစ်တင်တော့မည် မဟုတ်လောက်ပေ။
ငါ့အနာဂတ်အတွက် တုန်ယန်းပိုရဲ့ ဒေါသကို စွန့်စားရတာ တန်ပါတယ်...
သူက ကြောက်ရွံ့သော မျက်နှာထားဖြင့် ကာကွယ်ပြောဆိုမှုများကို တရစပ် ပြောဆိုနေလိုက်သည်။
တုန်ယန်းပို၏ အကြည့်က အေးစက်ပြီး လေးနက်နေသည်။ ချင်စန်းကို ခဏတာ စိုက်ကြည့်ပြီးနောက် တောင်ပေါ်ရှိ ပုံရိပ်ယောင် ဝင်္ကပါဆီ လှမ်းကြည့်ကာ အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။
“ဒီနေရာက ကောင်းကင်ဘုံ အတားအဆီးတွေနဲ့ ပြည့်နှက်နေတာ... အသက်ရှင်နေတာ မင်းကံကောင်းလို့ပဲ”
ထိုသို့ပြောပြီးနောက် တုန်ယန်းပိုက လက်ကို ဝှေ့ယမ်းလိုက်လျှင် စစ်မှန်သော အနှစ်သာရ လှိုင်းလုံး တစ်ခုက ချင်စန်းအား လမင်းနောက် လိုက်ပါနေသော ကြယ်တံခွန် တစ်ခုကဲ့သို့ ဆွဲယူပြီး ကောင်းကင်တောင်ဆီ တည့်တည့် ပျံသန်းသွားတော့သည်။
ချင်စန်းက လေထဲတွင် သယ်ဆောင်သွားခြင်းကို ခံယူရင်း တိတ်တဆိတ် သက်ပြင်းချလိုက်သည်။ အမှန်တရားကို အောင်မြင်စွာ ဖုံးကွယ်နိုင်ခဲ့ပုံပင်။ ကံကောင်းစွာဖြင့် တုန်ယန်းပိုတွင် ပိုအရေးကြီးသော ကိစ္စများ ရှိနေသဖြင့် ထပ်မံ စစ်ဆေးမေးမြန်းခြင်း မပြုတော့ပေ။
တုန်ယန်းပိုရဲ့ အမိန့်တွေကို အမှားအယွင်း မရှိ လိုက်နာသရွေ့ ဒီကိစ္စက ပြီးပြတ်သွားမှာပါ...
တုန်ယန်းပိုက အံ့မခန်း အရှိန်ဖြင့် ပျံသန်းနေပြီး အောက်ဘက်ရှိ ရှုခင်းများမှာ ဝါးတားတားဖြင့် လျင်မြန်စွာ နောက်ဆုတ်သွားသည်။
အဝေးမှ ကောင်းကင်တောင်ကြီး မကြာမီ သူတို့ရှေ့တွင် ကြီးမားစွာ ပေါ်လာတော့သည်။
***