ကောင်းကင်တောင်က ရှေ့တွင် မားမားမတ်မတ် ရှိနေ၏။
မိုးကောင်းကင်ကို ထိုးဖောက်နေသော ဓားမကြီးတစ်လက် အလား ခန့်ညားထည်ဝါပြီး အံ့မခန်းဖွယ်ရာပင်။
တိမ်တိုက်များက တောင်ခါးပန်းတွင် ရစ်ခွေနေပြီး ရှေးဟောင်း နန်းဆောင်များက တောင်ထွတ်များပေါ်၌ အစီအရီ နေရာယူထားသည်။ ထို့အပြင် တောင်တန်း တစ်လျှောက်တွင် တောက်ပသော ကောင်းကင်ဘုံ အလင်းတန်း အတားအဆီးများ ထူထပ်စွာ ရှိနေသည်။
ကောင်းကင်ယံ၌ ကြယ်တံခွန်ကဲ့သို့ အလင်းတန်းတစ်ခု ဖြတ်သန်းသွားပြီး အလင်းအတားအဆီးကို ထိုးဖောက်ကာ ရှေးဟောင်း နန်းဆောင် တစ်ခုထဲသို့ ဝင်ရောက်သွားသည်အား ချင်စန်း မြင်လိုက်ရသည်။ နောက်ထပ် ဝိညာဉ်သန္ဓေသား အဆင့် ဘိုးဘေးကြီး တစ်ပါး ရောက်လာပြန်ပြီ ဖြစ်ကြောင်း သူ သိလိုက်၏။
တုန်ယန်းပိုက လူရိပ်လူယောင် တွေ့သွားမည်ကို စိုးရိမ်သည့်ဟန်ဖြင့် ကောင်းကင်မှ အလျင်အမြန် ဆင်းသက်ကာ သူ့အော်ရာကို ဖုံးကွယ်၍ သစ်တောထဲမှ တဆင့် ကောင်းကင်တောင်ဆီ တိတ်တဆိတ် ချဉ်းကပ်သွားသည်။
နောက်ပိုင်းတွင် တောင်၏ အဝေးတစ်ဖက်ခြမ်းသို့ လှည့်ပတ်သွားပြီး ခြေလျင် ခရီးနှင်ကာ တောင်ပေါ်သို့ စတင် တက်ရောက်တော့သည်။ အရှိန်ကမူ အံ့မခန်း မြန်ဆန်နေဆဲပင်။
တုန်ယန်းပို၏ ခေါ်ဆောင်ခြင်း ခံထားရသော ချင်စန်းမှာ လှုပ်ရှားမှုများကို ထိန်းချုပ်နိုင်စွမ်း မရှိပေ။ ကောင်းကင်တောင်၏ ရှုခင်းများကို ဖျတ်ခနဲ ဖြတ်သန်းသွားသော မြင်ကွင်းကျယ် တစ်ခုအလား ကြည့်ရှုရင်း တုန်ယန်းပိုနှင့် ချန်ယန်တို့ ဤနေရာသို့ လာရသည့် ရည်ရွယ်ချက် အစစ်အမှန်ကို တိတ်တဆိတ် တွေးတောနေမိသည်။
သူတို့က ဘာကြောင့် ဒီလောက်ထိ လူမသိသူမသိ ဖြစ်အောင် ကြိုးစားနေရတာလဲ…
တောင်ခါးပန်းသို့ နီးကပ်လာချိန်တွင် တုန်ယန်းပိုက ရုတ်တရက် ရပ်တန့်၍ ပတ်ဝန်းကျင်ကို အကဲခတ်ပြီးနောက် ဘယ်ဘက်သို့ ဦးတည်သွားလိုက်သည်။
ကြည့်ရသလောက် မတ်စောက်သော ကျောက်ကမ်းပါး ဖြစ်သော်လည်း အနီးကပ်သွားကြည့်မှ ကျောက်လမ်းကျဉ်းလေး တစ်ခု ဖုံးကွယ်ထားကြောင်း တွေ့လိုက်ရ၏။ ဤလမ်းမှာ လူလက်ဖြင့် ထွင်းထုထားကြောင်း ထင်ရှားသော်လည်း သဘာဝ မြေပြင်အနေအထားနှင့် တစ်သားတည်း ဖြစ်နေသဖြင့် လုံးဝ အဆင်မပြေ ဖြစ်မနေပေ။
လမ်း၏ အဆုံးတစ်ဖက်တွင်တော့ ပွင့်ဖူးနေသော ပန်းများဖြင့် ဖုံးလွှမ်းထားသည့် ရင်သပ်ရှုမောဖွယ် တောင်ကြားတစ်ခု ရှိနေသည်။
တောင်ကြားကြမ်းပြင်မှာ ပြန့်ပြူးပြီး စိမ်းလန်းစိုပြေလျက်။ ရောင်စုံ တောပန်းများက ကော်ဇော တစ်ချပ်အလား ခင်းကျင်းထားပြီး တောက်ပသော ပန်းပင်လယ်ကြီး တစ်ခုကို ဖန်တီးထားသည်။ ထိုပန်းပင်လယ်ကြီး၏ အလယ်ဗဟိုတွင်တော့ ရေကန်ငယ် တစ်ကန် ရှိနေ၏။
ထိုရေကန်မှာ ပန်းများကြား မြှုပ်နှံထားသော ပုလဲတစ်လုံးနှင့် တူပြီး ရေမျက်နှာပြင်မှာ မှန်ကဲ့သို့ ကြည်လင် တောက်ပနေသည်။ အထက်ရှိ တိမ်ပင်လယ်နှင့် ကောင်းကင်တောင်၏ ပုံရိပ်တို့ကို ထင်ဟပ်နေသည်။
ဘုန်း…
ချင်စန်း တစ်ကိုယ်လုံး တင်းကျပ်သွားပြီး တုန်ယန်းပိုက သူ့ကို ကန်ဘေးရှိ ပန်းခင်းထဲသို့ ကန်ကန်ရေရေမရှိ ပစ်ချလိုက်သည်။
လုံးဝ အငိုက်မိသွားသဖြင့် သူ ယိုင်နဲ့သွားပြီး ခက်ခက်ခဲခဲ ဟန်ချက်ထိန်းလိုက်ရသည်။ ထိုစဉ် သူ့အနီးနားတွင် ရပ်နေသော အခြားပုံရိပ် အနည်းငယ်ကို တွေ့လိုက်ရသဖြင့် အံ့အားသင့်သွား၏။ အလျင်အမြန် ကြည့်လိုက်ရာ ချိုးမူပိုင်၊ မုယီဖုန်းနှင့် အခြားသူများ ဖြစ်နေသည်။
သူတို့ လေးယောက်လုံး ဘယ်အချိန်ကတည်းက ရောက်နေမှန်း မသိပေ။
လွန်ခဲ့သော ခဏက သူတို့နှင့် အလွန် နီးကပ်စွာ ရှိနေခဲ့သော်လည်း ချင်စန်းမှာ ဘာမှ အာရုံမခံမိခဲ့။ ဤနေရာသို့ ပစ်ချခံလိုက်ရမှသာ သူတို့ကို သတိထားမိခြင်း ဖြစ်သည်။ ထို့အပြင် သူ ယခု ရပ်နေသော နေရာမှ အပြင်ဘက်ကို လှမ်းကြည့်လျှင် မြင်ကွင်းမှာ ယခင်နှင့် မခြားနားပေ။
ဝိညာဉ်သန္ဓေသား အဆင့် ဘိုးဘေးကြီး တစ်ပါး၏ နည်းလမ်းများမှာ အမှန်တကယ်ပင် ခန့်မှန်းရ ခက်ခဲလှသည်။
ချိုးမူပိုင်နှင့် အခြားသူများကလည်း ချင်စန်းကို အံ့အားသင့်စွာ ကြည့်နေကြသည်။
သူတို့၏ အမှတ်အသားများမှာ ချိတ်ဆက်ထားပြီး ဖြစ်သည်။ အတွင်းနန်းဆောင်ထဲ ဝင်ရောက်ပြီး မကြာမီမှာပင် တုန်ယန်းပိုက သူတို့ကို ရှာတွေ့ခဲ့ပြီး ဤနေရာသို့ ခေါ်ဆောင်လာခဲ့ခြင်း ဖြစ်သည်။ သူတို့ ရောက်နေသည်မှာ အချိန်အတော်ကြာပြီ ဖြစ်ပြီး ချင်စန်း အဘယ်ကြောင်း ကြန့်ကြာနေရသနည်း ဟု စိတ်ဝင်စားနေကြ၏။
"အစ်ကိုကြီးချိုး… အစ်ကိုကြီးမု…" ချင်စန်းက တစ်ယောက်ချင်းစီကို နှုတ်ဆက်လိုက်သည်။
မုယီဖုန်းက ရှေ့သို့ တိုးလာပြီး ချင်စန်း ရင်ဘတ်ကို ခပ်ဖွဖွ တစ်ချက်ထိုးကာ စိုးရိမ်စိတ်ရောဒေါသပါ ရောထွေးနေသော အမူအရာဖြင့် မေးမြန်းလာ၏။
"မင်း ဘယ်ဂျောင်တွေ လျှောက်ပြေးနေတာလဲကွ… ဘာလို့ အခုမှ ပေါ်လာရတာလဲ… ငါက မင်းကို…"
ချင်စန်းက သူ့နောက်သို့ လှမ်းကြည့်လိုက်သည်။
တုန်ယန်းပိုက ရေကန်ဘေးတွင် ရပ်နေပြီး ရေထဲသို့ ငေးကြည့်လိုက်၊ အဝေးမှ တောင်ထိပ်ကို လှမ်းကြည့်လိုက် လုပ်နေသည်။ ချန်ယန်မှလွဲ၍ လူတိုင်း စုံလင်နေပြီ ဖြစ်သည်။ သူမကလည်း သူ့ကို ရှာဖွေရန် ထွက်သွားခြင်း ဖြစ်လောက်သည်။
ချင်စန်းက အသံကို နှိမ့်၍ ရှင်းပြလိုက်သည်။
"ကျုပ် အတွင်းနန်းဆောင်ထဲ ဝင်ဝင်ချင်းပဲ ပုံရိပ်ယောင် အစီအရင် တစ်ခုထဲ ကျသွားခဲ့တာပါ… အထဲက ပုံရိပ်ယောင်တွေက ကြောက်စရာ ကောင်းလွန်းတယ်… အစစ်နဲ့ အတု ခွဲခြားလို့ မရလောက်အောင်ပဲ… အစတုန်းက အကုန်လုံး အစစ်လို့ ထင်ပြီး ဘာအပြစ်အနာအဆာမှ ရှာမတွေ့ခဲ့ဘူး… နောက်ပိုင်းမှ တစ်ခုခု မှားနေတာ သတိထားမိပြီး ရိပ်ယောင် အစီအရင် ဆိုတာ သိလိုက်ရတယ်… ဒါပေမဲ့ သိရင်တောင် လွတ်မြောက်ဖို့ နည်းလမ်းမရှိဘူး… အဲ့ဒါက ရှေးဟောင်း ကောင်းကင်ဘုံ အစီအရင်ရဲ့ အစိတ်အပိုင်း တစ်ခုလေ… လက်ရှိ ကျုပ် ကျင့်ကြံခြင်း အဆင့်နဲ့ ဘယ်လိုမှ မယှဉ်နိုင်ဘူး… ဘိုးဘေးသာ ကယ်မပေးခဲ့ရင် ကျုပ် အဲ့ဒီမှာ ထာဝရ ပိတ်မိနေတော့မှာ…"
"မင်းကတော့ ကံဆိုးလိုက်တာကွာ…" မုယီဖုန်း တစ်ယောက် ချင်စန်း ပျောက်ဆုံးလုနီးပါး ဖြစ်ခဲ့သည်ကို တွေးပြီး တုန်လှုပ်သွားသည်။ သူတို့ လေးယောက်လုံး အပြင်ဘက် အပိုင်းအစများပေါ် ကျရောက်ခဲ့ပြီး မည်သည့် အန္တရာယ်မှ မကြုံတွေ့ခဲ့ရပေ။ ချင်စန်း တစ်ယောက်တည်းသာ ရှားရှားပါးပါး ကံဆိုးမိုးမှောင် ကျခဲ့ခြင်း ဖြစ်သည်။
"ပုံရိပ်ယောင် အစီအရင် ဖြစ်နေတာပဲ ကံကောင်းတယ် မှတ်ရမယ်… အခြေအနေက ဒီထက်ပိုဆိုးသွားနိုင်တယ်" မုယီဖုန်းက သက်ပြင်းချလိုက်သည်။
"ရှေးဟောင်း ကောင်းကင်ဘုံ အစီအရင်က ဘယ်လိုပုံစံမျိုးလဲ… ညီလေးချင်… ငါတို့ကို ပြောပြပါလား" ကျီချင်းက စူးစမ်းလိုစိတ်ဖြင့် မေးလာသည်။
ချိုးမူပိုင်နှင့် ယွီဝမ်ဆန်းတို့လည်း စိတ်ဝင်စားနေကြ၏။
ကျီဝေနန်းတော်၏ ဒဏ္ဍာရီများမှာ သူတို့ လေးစားအားကျမှုကို ဖမ်းစားထားသည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့လေပြီ။ သူတို့ တစ်ယောက်စီတိုင်း ရှေးဟောင်း ကျင့်ကြံသူများ၏ ရတနာများကို ရရှိရန် အိပ်မက်မက်ခဲ့ကြသည်။
အတုအယောင် ရွှေအမြူတေ အဆင့် ကာလအတွင်း နန်းတော်ထဲ ဝင်ရောက်ခွင့် ရရှိခဲ့သော်လည်း ယခုချိန်ထိ ဘာမှ မမြင်တွေ့ရသေးပေ။ ဤနေရာသို့ တန်းရောက်လာပြီး စူးစမ်းလေ့လာခွင့် မရခဲ့ကြ။ ပြင်ပကမ္ဘာနှင့် ပတ်သက်ပြီး သူတို့ စူးစမ်းလိုကြသည်မှာ နားလည်ပေးနိုင်သော ကိစ္စပင်။
ချင်စန်းက ခေါင်းခါယမ်းပြီး လေးနက်စွာ ပြောလိုက်သည်။
"ကောင်းကင်ဘုံ အစီအရင်တွေက ကြောက်စရာ ကောင်းတယ်… စူးစမ်းလိုစိတ်ကြောင့် ကိုယ့်ကိုယ်ကိုယ် ဒုက္ခမပေးကြနဲ့… ကျွန်တော်က အစီအရင် အျပက်အစီး တစ်ခုထဲ ကျသွားတာတောင် ဒီလောက် ခံလိုက်ရတာ… ကျီဝေနန်းတော် တစ်ခုလုံးမှာ ဒီလိုနေရာမျိုးတွေ မရေမတွက်နိုင်အောင် ရှိနေမှာ… အဲ့ဒီနေရာတွေက ကျွန်တော်တို့ကို အလွယ်တကူ သတ်ပစ်နိုင်တယ်… လျှောက်မသွားကြနဲ့… ဒီအတိုင်း…"
စကားမဆုံးခင်မှာပင် လေပြေတစ်ချက် တိုက်ခတ်သွားပြီး အသံတိတ်သွားတော့သည်။
လှည့်ကြည့်လိုက်ရာ ချန်ယန်က ရေကန်ဘေးတွင် မည်သည့်အချိန်ကတည်းက ရောက်နေမှန်း မသိ ရပ်နေလေပြီ။
တုန်ယန်းပိုက ချင်စန်းကို လက်ညှိုးထိုးပြပြီး ချန်ယန်ကို ပြောလိုက်သည်။
"ဒီတပည့်မိုက်က ဓားရာတွေ ပြည့်နေတဲ့ တောင်ကုန်းပေါ် ရောက်သွားပြီး ပုံရိပ်ယောင် အစီအရင်ထဲ ပိတ်မိနေတာလေ… သူ ကံကောင်းလို့ အားနည်းတဲ့ နေရာတစ်ခုကို ဝင်တိုက်မိပြီး အမှတ်အသားရဲ့ တုန်ခါမှုကို ငါ အာရုံခံမိလိုက်တာ… ကံကောင်းပြီး မင်းရဲ့ အစီအစဉ်တွေကို မနှောင့်နှေးစေခဲ့ဘူး… မဟုတ်ရင် ငါကိုယ်တိုင် သူ့ကို သတ်ပစ်လိုက်ပြီ"
ချန်ယန်က ချင်စန်းကို ဖျတ်ခနဲ တစ်ချက်ကြည့်ပြီး အေးစက်စွာ ပြောသည်။
"လူတွေ့ပြီဆိုရင်တော့ ပြဿနာ ထပ်ရှာနေစရာ မလိုတော့ပါဘူး… အခု ငါးဖြာဒြပ်စင် သားရဲတံဆိပ်တွေ အကုန် စုမိပြီဆိုတော့… တာအိုရောင်းရင်း တုန်ယန်း… ကျွန်မတို့ ထွက်ခွာသင့်ပြီ မဟုတ်လား"
တုန်ယန်းပိုက လှည့်၍ ကောင်းကင်တောင်၏ တောင်ထွတ်ကို မော့ကြည့်လိုက်သည်။
သူ့အကြည့်နောက်သို့ လိုက်၍ ချင်စန်းနှင့် အခြားသူများလည်း ထိုအရပ်ကို ကြည့်လိုက်သော်လည်း ကျယ်ပြောသော တိမ်တိုက် ဖြူဖြူများကိုသာ မြင်တွေ့ရ၏။
တုန်ယန်းပိုက တစ်စုံတစ်ရာကို သတိထားမိပုံရပြီး လေးနက်စွာ ပြောလာသည်။
"လူ သိပ်မရောက်သေးဘူး… အထူးသဖြင့် တာအိုရောင်းရင်း ကျန်းရီ မရှိဘူး… အဲ့ဒီ ခွေးအိုကြီးက ရတနာ ရှာဖွေဖို့ထက် စစ်မျက်နှာပြင်ကို ပိုစိတ်ပူနေတယ် ထင်ပါတယ်လေ… အဲ့ဒါဆို ငါတို့မှာ အချိန်အများကြီး ရှိသေးတယ်… ငါ့နောက်လိုက်ခဲ့"
ပြောပြီးသည်နှင့် တုန်ယန်းပိုက ဝတ်ရုံလက်ကို ဝှေ့ယမ်းလိုက်ရာ ရေပြင်မှာ အလယ်မှ ကွဲအက်သွားပြီး အောက်ခြေတွင် အဖြူရောင် ကျောက်စိမ်းများဖြင့် ခင်းထားသော လှေကားထစ် တစ်ခု ပေါ်လာသည်။ ထိုလှေကားမှာ ကန်အောက်ခြေ ဗဟိုရှိ ဝိုင်းစက်သော ကျောက်တုံး ပလ္လင်တစ်ခုဆီသို့ ဦးတည်နေ၏။
တုန်ယန်းပိုက ရှေ့မှ ဦးဆောင်သွားပြီး ချင်စန်းနှင့် အခြားသူများမှာ အလိုအလျောက် ဆွဲခေါ်ခံရသကဲ့သို့ နောက်မှ ပါသွားကြသည်။ ချန်ယန်ကမူ နောက်ဆုံးမှ လိုက်ပါလာသည်။
ကျောက်တုံးပလ္လင်ပေါ် ရောက်သည်နှင့် တုန်ယန်းပိုက လေးထောင့်ပုံစံ ကျောက်စိမ်း တံဆိပ်တုံး တစ်ခု ထုတ်ယူ၍ ပလ္လင်၏ အလယ်ဗဟိုသို့ ဖိချလိုက်သည်။
ထိုအခါမှသာ ထိုနေရာတွင် ချိုင့်ခွက်တစ်ခု ရှိနေကြောင်း ချင်စန်းတို့ သတိပြုမိလိုက်ကြသည်။ ကျောက်စိမ်း တံဆိပ်တုံးက ကွက်တိ ဝင်သွားပြီး တစ်သားတည်း ဖြစ်သွားသည်။
နောက်တစ်ခဏတွင် ပလ္လင်က ရုတ်တရက် လင်းလက်လာပြီး အတားအဆီး တစ်ခု မြင်ကွင်းထဲ ပေါ်လာတော့သည်။
"မိန်းကလေး ချန်ယန်… ကြွပါ"
တုန်ယန်းပိုက ကျောက်စိမ်း တံဆိပ်တုံးကို ပြန်ယူပြီး သူတို့ကို ရှေ့တိုးရန် လက်ပြလိုက်သည်။
ချန်ယန်က ကျောက်တုံး ပလ္လင်ကို ကြည့်ရင်း မျက်မှောင်ကြုတ်ရင်း…
"ဒါက ကျွန်မဆရာ ပျောက်ဆုံးသွားတဲ့ နေရာကို တကယ် ရောက်နိုင်မှာလား"
တုန်ယန်းပိုက ရယ်မောကာဖြင့်…
"ငါတို့ ဒီလောက်ထိ ရောက်လာပြီးမှ မင်းကို လိမ်စရာလား… ငါတို့ ပထမဆုံး တွေ့တုန်းက အချိန်ကို မေ့သွားပြီလား… အဲ့တုန်းက ငါ့ကျင့်ကြံခြင်း အဆင့်က မင်းဆရာထက် အများကြီး နိမ့်ပေမဲ့ ငါ့အမြန်နှုန်းကတော့ မင်းတို့ထက် မလျော့ခဲ့ဘူး… အဲ့ဒါတွေ အားလုံးက ဒီဖြတ်လမ်းကြောင့်ပဲ"
ချန်ယန်က မှုမယူသော ပုံစံဖြင့် ခေါင်းညိတ်ပြီး ပလ္လင်ပေါ်သို့ တက်ကာ ထပ်မေးလိုက်သည်။
"ဒီနေရာကို ဖုံးကွယ်ထားဖို့ အစီအရင် တစ်ခုလောက် တည်ဆောက်သင့်တာ မဟုတ်ဘူးလား"
"မလိုပါဘူး" တုန်ယန်းပိုက ခေါင်းခါယမ်းပြီး… "မင်းဆရာကို ကယ်တင်ဖို့ စိတ်လောနေတာ ငါနားလည်ပါတယ်… ပြီးတော့ သတိထားတာက ဘယ်တော့မှ မမှားပါဘူး… ဒါပေမဲ့ စိတ်ချပါ… ဒီနေရာက ထွက်ဖို့ပဲ ရတာ… ဝင်ဖို့ မရဘူး… ပလ္လင်ပေါ်က အတားအဆီးကို အသက်သွင်းဖို့ ဒီကျောက်စိမ်း တံဆိပ်တုံး ရှိမှ ရမှာ… ဟိုအဘိုးကြီးတွေ အကုန်လုံးက ကောက်ကျစ် စဉ်းလဲကြတယ်… တကယ်လို့ ငါတို့သာ ဒီမှာ အစီအရင် တစ်ခု တည်ဆောက်ခဲ့ရင် သူတို့ အာရုံစိုက်တာကို ပိုခံရလိမ့်မယ်"
သူတို့ ခြောက်ယောက်သား ပလ္လင်၏ အလယ်ဗဟိုတွင် ရပ်လိုက်ကြသည်။
တုန်ယန်းပိုက ကျောက်စိမ်း တံဆိပ်တုံးကို မြှောက်ကိုင်ပြီး အစစ်အမှန်ချီ စွမ်းအင်များ ပို့လွှတ်ကာ ပလ္လင်၏ အတားအဆီးကို အသက်သွင်းလိုက်သည်။ အဖြူရောင် အလင်းတန်းတစ်ခုက ကတော့ပုံစံ မြေကြီးထဲမှ ထိုးထွက်လာပြီး ချင်စန်းနှင့် အခြားသူများကို မြေအောက်သို့ ဆွဲခေါ်သွားတော့သည်။
မျက်စိတစ်မှိတ် အတွင်းမှာပင် ခြောက်ယောက်လုံး ပျောက်ကွယ်သွားပြီး ပလ္လင်နှင့် ရေကန်ငယ်မှာ မူလအခြေအနေသို့ ပြန်ရောက်သွားလေပြီ။
ချင်စန်း၏ မြင်ကွင်းမှာ အလင်းနှင့် အမှောင် တစ်လှည့်စီ ဖြစ်သွားသည်။ သူ့အာရုံများ တည်ငြိမ်သွားချိန်တွင် မှောင်မဲနေသော မြေအောက် ဥမင်လိုဏ်ခေါင်း တစ်ခုထဲ ရောက်ရှိနေကြောင်း တွေ့လိုက်ရတော့သည်။
***