"မင်းတို့ ငါးယောက်... အခု မင်းတို့ အာရုံတွေကို ပိတ်ပြီး ဒီတိမ်တိုက်ပေါ်မှာ ထိုင်လိုက်ကြ" တုန်ယန်းပိုက ထရပ်ပြီး ခရမ်းရောင် တိမ်တိုက်တစ်ခု ရုတ်တရက် ဆင့်ခေါ်၍ ချင်စန်းနှင့် အခြားသူများကို ပြောလိုက်သည်။
ငါးယောက်သား လန့်ဖြန့်သွားပြီး အကြည့်ချင်း ဖလှယ်လိုက်ကြသည်။ တုန်ယန်းပို၏ အမိန့်ကို မလွန်ဆန်ရဲသလို မေးခွန်းလည်း မထုတ်ရဲပေ။ ခရမ်းရောင် တိမ်တိုက်ပေါ်သို့ တိတ်တဆိတ် ပျံတက်ပြီး အာရုံငါးပါးလုံးကို ကိုယ်တိုင် ပိတ်လိုက်တော့သည်။
လောကကြီးမှာ အမှောင်ထုထဲ နစ်မြုပ်သွားလေပြီ။ သူတို့ ပတ်ဝန်းကျင်ကို လုံးဝ သတိမပြုမိတော့ပေ။
ချန်ယန်က သူတို့ကို ဘေးတိုက်ကြည့်ပြီး အေးဆေးစွာ ပြောလိုက်သည်။
"တာအိုရောင်းရင်း တုန်ယန်း... ရှင်က တော်တော်လေး သတိကြီးတာပဲ... ကိုယ့်တပည့်အရင်းတွေကိုတောင် မယုံတာလား"
"မယုံတာ မဟုတ်ပါဘူး... ကြိုတင်ကာကွယ်မှု သက်သက်ပါပဲ"
တုန်ယန်းပို လက်ကို မြှောက်လိုက်လျှင် ခရမ်းရောင် တိမ်တိုက်က ချင်စန်းနှင့် အခြားသူများကို သယ်ဆောင်၍ သူ့နောက်မှ ငြိမ်သက်စွာ လိုက်ပါလာသည်။
"ဒီလျှို့ဝှက်လမ်းကြောင်းရဲ့ ဝင်ပေါက်က ကောင်းကင်တောင် တစ်လျောက် အမြဲတမ်း နေရာရွှေ့ပြောင်းနေတာ... ဒီတစ်ခါ ရေကန်အောက် ရောက်နေပေမဲ့ နောက်တစ်ခါကျရင် ရှေးဟောင်းသစ်ပင်ကြီး တစ်ပင်အောက် ရောက်နေနိုင်တယ်... ဘယ်လိုရှာရမလဲ ဆိုတာ ငါတစ်ယောက်တည်းပဲ သိတာ"
"ဒါပေမဲ့ လျှို့ဝှက်လမ်းကြောင်းရဲ့ ထွက်ပေါက်ကတော့ ဘယ်တော့မှ မပြောင်းလဲဘူး"
"နောက်တစ်ခါ ငါအဲ့ဒီကနေ ထွက်လာတဲ့အခါ ခြုံခိုတိုက်ခိုက် မခံချင်ဘူးလေ"
"ဆံနီ ခွေးအိုကြီးက ဒီလမ်းကြောင်းကို လိုချင်နေတာ ကြာပြီ... ချွန်းရန်ဂိုဏ်းရဲ့ ဂိုဏ်းချုပ်ဟောင်းနဲ့ ငါ့ဆရာ ရှိစဉ်ကတည်းက သူတို့က ဒီလမ်းကြောင်းနဲ့ ငါပိုင်ဆိုင်ထားတဲ့ သော့ကို ပေါ်ပေါ်ထင်ထင်ရော၊ လျှို့ဝှက်စွာရော လုယူဖို့ ကြိုးစားခဲ့ကြတာ... ကံကောင်းလို့ ဒီလမ်းကြောင်းက ဗဟိုချက်ဆီ မရောက်ဘဲ အစီအရင်တွေကို ကွေ့ပတ်သွားရုံလောက်ပဲ ဖြစ်နေတာ... မဟုတ်ရင် ငါလို အရည်အချင်းမရှိတဲ့ မျိုးဆက် တစ်ယောက်က လက်လွှတ်လိုက်ရတာ ကြာပေါ့"
"အဲ့ဒီ အဘိုးကြီးက ထူးဆန်းတဲ့ လူတစ်ယောက်... ကောင်းတာနဲ့ ဆိုးတာကြားမှာ ရပ်တည်နေတာ... တကယ်လို့ ငါ့တပည့်တွေ ပြန်ထွက်သွားပြီး တစ်ခုခု ပေါက်ကြားသွားရင်... သူတို့ အဖမ်းခံရပြီး ချွန်းရန်ဂူထဲမှာ ဝိညာဉ်ရှာဖွေတာ ခံလိုက်ရရင်တောင် အံ့ဩစရာ မဟုတ်တော့ဘူး"
"သူတို့ကို ဘာမှ မသိခိုင်းတာက တကယ်တော့ သူတို့ကောင်းကျိုး အတွက်ပါပဲ"
"ရှင့် ပြောတဲ့အတိုင်းဆို... နောက်ကျရင် လမ်းကြောင်းကနေ ထွက်တဲ့အခါ ရှင် စိတ်ချရအောင် ကျွန်မလည်း အာရုံတွေကို ပိတ်ထားပေးရမလား" ချန်ယန်က တည်ငြိမ်စွာ ပြန်ပြောလိုက်သည်။
တုန်ယန်းပိုက ရယ်မောပြီး ခေါင်းခါရင်း…
"တကယ်လို့ မင်းသာ ထွက်ပေါက်ကို မသိရင် စိတ်ချပါ့မလား မိန်းကလေး ချန်ယန်... ငါ ဘယ်သူ့ကိုမှ မဖြစ်နိုင်တာတွေ အတင်းအကြပ် မခိုင်းပါဘူး... မင်းနဲ့ မင်းဆရာက ရေခဲလွင်ပြင်က ကျင့်ကြံသူတွေ မဟုတ်ဘူးလေ... မင်းတို့ ဒီကို ရောက်လာတာက တိုက်ဆိုင်မှု တစ်ခုပါ... မင်းရဲ့ ခွန်အားနဲ့ နောက်ခံအရ မင်းဆရာကို ကယ်တင်ပြီးတာနဲ့ ဒီလွင်ပြင် သေးသေးလေးမှာ တွယ်တာစရာ ဘာမှ မရှိလောက်ဘူး မဟုတ်လား... လွန်ခဲ့တဲ့ နှစ်ရာအတွင်း မင်း ရှောက်ဟွာတောင်မှာ လာနေကတည်းက ငါမင်းကို ဘယ်တုန်းကမှ မနှိပ်စက်ခဲ့ဖူးပါဘူး... ကျင့်ကြံခြင်း အရင်းအမြစ်တွေ ထောက်ပံ့ပေးခဲ့ရုံတင် မကဘူး မင်းဆရာကို ရှာဖွေရာမှာလည်း ကူညီပေးခဲ့တယ်လေ... ငါ့ကို သစ္စာဖောက်ဖို့ မင်းမှာ ဘာအကြောင်းပြချက် ရှိမှာလဲ"
ချန်ယန်က ခဏတာ တိတ်ဆိတ်သွားပြီးနောက်…
"ကျီဝေနန်းတော်ကနေ ထွက်တာနဲ့ ဒီလျှို့ဝှက်လမ်းကြောင်း အကြောင်း ဘယ်သူ့ကိုမှ၊ ငါ့ဆရာ အပါအဝင် ဘယ်သူ့ကိုမှ ထုတ်မပြောပါဘူးလို့ အတွင်းစိတ်မိစ္ဆာကို တိုင်တည်ပြီး သစ္စာဆိုပါ့မယ်"
"အဲ့ဒါ အကောင်းဆုံးပဲ" တုန်ယန်းပိုက သဘောတူစွာ ခေါင်းညိတ်လိုက်သည်။ ထို့နောက် ခရမ်းရောင် တိမ်တိုက်ကို ဆွဲခေါ်ပြီး လမ်းကြောင်းထဲ ပိုနက်ရှိုင်းစွာ ဝင်ရောက်သွားတော့သည်။
ချန်ယန်လည်း အလျင်အမြန် လိုက်ပါသွား၏။
ခရီးစဉ်မှာ ချောမွေ့နေသည်။ အတားအဆီးများ သို့မဟုတ် တိုက်ခိုက်မှုများ လမ်းတွင် မရှိပေ။ တိမ်တိုက်ပေါ် ထိုင်နေသော ငါးယောက်သားမှာ ငြိမ်သက်စွာဖြင့် ရှေ့သို့ ပါသွားကြသည်။
လမ်းကြောင်းကို သေချာစွာ ရှင်းလင်းထားပြီး ဖြစ်သောကြောင့် ရှုပ်ပွနေခြင်း မရှိပေ။
ချိုးကွေ့ အနည်းငယ် ကွေ့ပြီးနောက် အပြာရောင် အုတ်နံရံ တစ်ခု ရှေ့တွင် ပေါ်လာပြီး လမ်းကို လုံးဝ ပိတ်ဆို့ထားသည်။
တုန်ယန်းပိုက ချန်ယန်ကို တစ်ချက်ကြည့်ပြီးနောက် သူမ မျက်စိရှေ့တွင် လက်သင်္ကေတ အနည်းငယ် ပြုလုပ်၍ နံရံထဲသို့ ဖိနှိပ်လိုက်သည်။ ချက်ချင်းပင် မျက်နှာပြင်က ရေကဲ့သို့ လှုပ်ခတ်သွားပြီး မှိန်ဖျော့ဖျော့ လင်းလက်လာကာ ဖောက်ထွင်းမြင်ရလုနီးပါး ဖြစ်လာပြီး ရေနံရံ တစ်ခုအဖြစ် ပြောင်းလဲသွားတော့သည်။
ရေနံရံ၏ တစ်ဖက်တွင်တော့ ပြိုကျလုနီးပါး ခန်းမဆောင်ကြီး တစ်ခု ရှိနေသည်။ နေရာလပ်မှာ တိတ်ဆိတ်ပြီး ဗလာဖြစ်နေ၏။
ချန်ယန်နှင့် တုန်ယန်းပိုတို့ နံရံကို ဖြတ်ကျော်ပြီး ခန်းမဆောင်ထဲ ရောက်လာကြသည်။ ပြန်လှည့်ကြည့်လိုက်ရာ ရေနံရံ ပျောက်ကွယ်သွားပြီး အပြာရောင် အုတ်နံရံ ပြန်ပေါ်လာကာ အရောင်မှိန်ဖျော့ပြီး ရှေးကျသော ပုံစံ ပေါက်နေသည်။
ကြည့်ရသည်မှာ လုံးဝ သာမန်ပင်။ ၎င်းနောက်ကွယ်တွင် လျှို့ဝှက်လမ်းကြောင်း တစ်ခု ဖုံးကွယ်ထားသည်ဟု မည်သူမျှ သံသယ ဝင်မည် မဟုတ်ပေ။
သူတို့ ခန်းမဆောင် အပြင်ဘက်သို့ ထွက်လာကြသည်။
ထူထဲသော တိမ်တိုက်များက နေကို ဖုံးကွယ်ထားသည်။ သူတို့ အမြင်အာရုံမှာ ခပ်တိုတို အကွာအဝေးသာ ရောက်ရှိသည်။
ကြည့်ရသလောက် သူတို့လည်း တိမ်ပင်လယ်၏ နက်ရှိုင်းသော နေရာ၊ ကောင်းကင်တောင်၏ ထိပ်ဆုံးသို့ ရောက်ရှိနေကြပြီ ဖြစ်သည်။ သို့သော် သူတို့ ပတ်ဝန်းကျင်ရှိ နေရာမှာ လေစီးကြောင်းများ လှုပ်ခတ်ခြင်း မရှိဘဲ မယုံကြည်နိုင်လောက်အောင် ငြိမ်သက်နေ၏။
ကျီဝေနန်းတော်၏ အခြား နေရာများနှင့် အလွန် ကွာခြားသည်။
သူတို့ ပတ်ပတ်လည်တွင် ခုနက ထွက်လာသော ခန်းမဆောင်နှင့် ထပ်တူညီသော အဆောက်အအုံများ စနစ်တကျ တန်းစီနေကြသည်။ ရှေးဟောင်း နန်းတော် အတန်းလိုက်ကြီးများက တစ်ခုနှင့်တစ်ခု ကပ်လျက် တည်ရှိနေ၏။ ဤကဲ့သို့ နေရာမျိုးတွင် မည်သူမျှ နံရံတစ်ချပ်တည်းကို သေချာ စစ်ဆေးကြည့်မည် မဟုတ်ပေ။
တိမ်ပင်လယ်၏ နက်ရှိုင်းသော နေရာတွင် ဝေဝါးသော ပုံရိပ်များ မသဲမကွဲ လှုပ်ရှားနေပြီး လျှို့ဝှက်ဆန်းကြယ်မှုများ လွှမ်းခြုံထားသည်။
တုန်ယန်းပိုနှင့် ချန်ယန်တို့က ပတ်ဝန်းကျင်ကို စိတ်ဝင်စားခြင်း မရှိပေ။ ခေတ္တမျှ အကဲခတ်ပြီးနောက် ရှင်းလင်းပြတ်သားသော ရည်ရွယ်ချက်ဖြင့် အပေါ်သို့ တက်လှမ်းသွားကြသည်။
အချို့နေရာများမှာ သူတို့အတွက်ပင် တိုက်ရိုက်ဖြတ်သန်းရန် အန္တရာယ် များလွန်းသဖြင့် ကွေ့ပတ်သွားရသည်။
အမြင့်သို့ ရောက်လေလေ နန်းတော် အဆောက်အအုံများမှာ ပိုခမ်းနားထည်ဝါလေလေပင်။ အလှဆင်ထားသော အရာများမှာ ကြွေကျပျက်စီးနေပြီ ဖြစ်သော်လည်း အဆောက်အအုံများ ကိုယ်တိုင်မှာမူ မပျက်မစီး ကျန်ရှိနေပြီး ကြီးမားသော အရှိန်အဝါ တစ်ခု ထုတ်လွှတ်နေဆဲ။
"ရောက်ပြီ"
တုန်ယန်းပိုက လက်ကိုမြှောက်၍ ရှေ့သို့ ညွှန်ပြလိုက်သည်။
ထူထပ်သော တိမ်တိုက်များ၏ နက်ရှိုင်းသော နေရာမှ ရေကန်တစ်ခု မြင်ကွင်းထဲ ဝင်လာသည်။ ရေကန်၏ အစွန်းတစ်လျှောက်တွင် တစ်ချိန်က စံအိမ်များနှင့် လျှောက်လမ်းများ ရှိခဲ့သော်လည်း ယခုအခါ လုံးဝနီးပါး ပျက်စီးနေလေပြီ။ ကျိုးပဲ့နေသော ကျောက်တုံးများ နေရာအနှံ့ ပြန့်ကျဲနေပြီး ပျက်စီးဆုံးရှုံးမှုမှာ ကြည့်ရှုရန်ပင် မသင့်တော်လောက်အောင်ပင်။
ရေကန်၏ တစ်ဖက်ခြမ်းတွင် မြင့်မားသော မျှော်စင်ငယ် တစ်ခု ရှိနေသည်။
ဤမျှော်စင်မှာ ပေတစ်ရာခန့် မြင့်မားသည်။ ဖွဲ့စည်းပုံ တစ်ခုလုံးမှာ နက်မှောင်နေပြီး မျက်နှာပြင်ပေါ်တွင် အမိုက်စား ချီစွမ်းအင် အငွေ့အသက်များ ဝဲပျံနေကာ ကြည့်လိုက်သူ၏ အကြည့်ကိုပင် စုပ်ယူသွားနိုင်သကဲ့သို့ အလွန် ထူးဆန်းအံ့ဖွယ် ကောင်းလှသည်။
မဟူရာမျှော်စင်၏ ထောင့်လေးထောင့်တွင် ကြီးမားသော သံကြိုးလေးချောင်းက မျှော်စင်ထိပ်မှ မြေကြီးအထိ သွယ်တန်းထားပြီး မျှော်စင်ကို နေရာမရွေ့အောင် ချည်နှောင်ထားသကဲ့သို့ ရှိသည်။ သံကြိုး လေးချောင်းလုံးမှာ သံချေးတက်နေပြီး ရာသီဥတုဒဏ် ခံထားရကာ မရေမတွက်နိုင်သော နှစ်ကာလများ၏ အမှတ်အသားများကို ဆောင်ကြဉ်းထားပြီး နားလည်ရခက်သော သင်္ကေတများ ယင်းတို့ပေါ်တွင် ထွင်းထုထားသည်။
မျှော်စင် ပတ်လည်တွင် ရှေးဟောင်း နန်းဆောင် တစ်ခုမှ မရှိပေ။ ထိုနေရာတွင် တစ်ခုတည်း အထီးကျန်စွာဖြင့် ခန့်ညားစွာ တည်ရှိနေသည်။
မဟူရာမျှော်စင်ကို မြင်လိုက်ရသည့်အခါ ယခုအချိန်ထိ ရေကဲ့သို့ တည်ငြိမ်နေသော ချန်ယန်မှာ ရုတ်တရက် သူမ၏ အေးဆေးသော မျက်လုံးများထဲတွင် ပြင်းထန်သော စိတ်လှုပ်ရှားမှုများ ဖြစ်ပေါ်လာတော့သည်။
တုန်ယန်းပိုနှင့် ချန်ယန်တို့ ရေကန်ကို ဖျတ်ခနဲ ဖြတ်ကျော်ပြီး မျှော်စင်၏ ဝင်ပေါက်ရှေ့သို့ ဆင်းသက်လိုက်ကြသည်။
ချန်ယန်က တစ်ယောက်တည်း ရှေ့သို့ တိုးသွားပြီး တံခါးပေါ်သို့ လက်ကို ညင်သာစွာ တင်လိုက်ရာ မျက်နှာပြင်မှ ထွက်ပေါ်လာသော အေးစက်မှုကို ခံစားလိုက်ရသည်။ ထို့နောက် သူမ အကြည့်ကို မြှောက်၍ မျှော်စင်၏ အလွှာအသီးသီးကို ကျော်လွန်ကာ ထိပ်ဆုံးအထိ ကြည့်လိုက်သည်။
တုန်ယန်းပိုက သူမကို ခဏတာ တိတ်ဆိတ်စွာ ကြည့်နေပြီးနောက် နောက်ဆုံးတွင် စကားပြောလာသည်။
"မိန်းကလေး ချန်ယန်... ဒီတံခါးပေါ်က အတားအဆီး ဘယ်လောက် စွမ်းအားကြီးလဲ ဆိုတာ အခု မင်းကိုယ်တိုင် မြင်ရပြီ မဟုတ်လား... ငါမင်းကို မလိမ်ခဲ့ပါဘူး"
"အမြင့် ရောက်လေလေ အတားအဆီးက ပိုအားကောင်းလေလေပဲ... အဆင့်တိုင်းက အရင်အဆင့်ထက် သာလွန်တယ်"
"မင်းဆရာက ခြွင်းချက် တစ်ခုပဲ... ရေခဲလွင်ပြင် တစ်ခုလုံးနဲ့ ထျန်ရှင်းမဟာမိတ် အဖွဲ့ကို ပေါင်းလိုက်ရင်တောင် ဝိညာဉ်သန္ဓေသား နှောင်းပိုင်း အဆင့် ကျင့်ကြံသူ တစ်ယောက်မှ မရှိတော့ဘူး... သူတစ်ယောက်တည်းပဲ မျှော်စင်ပေါ် တစ်ကိုယ်တည်း တက်နိုင်တဲ့ အင်အား ရှိခဲ့တာ"
"ငါတို့ အတွက်ကတော့... ဖြတ်လမ်းနည်း သုံးဖို့ ငါးဖြာဒြပ်စင် သားရဲတံဆိပ်ကို သုံးရင်တောင် ဒီတံခါး ဖွင့်ဖို့ အနည်းဆုံး ဝိညာဉ်သန္ဓေသား အဆင့် ကျင့်ကြံသူ နှစ်ယောက် လိုအပ်တယ်... ဒါကြောင့် တကယ်လို့ မင်း ဝင်ပြီး သူ့ကို ကယ်ချင်ရင် မင်းကိုယ်တိုင် ဝိညာဉ်သန္ဓေသား အဆင့်ကို ချိုးဖောက်ဝင်ရောက်မှ ရမှာ"
"အဲ့တုန်းက မင်းကို အတင်းအကျပ် ဖိအားပေးခဲ့တာ ငါ့ကို မမုန်းဘူးမလား"
စကားပြောနေရင်း တုန်ယန်းပို၏ အကြည့်က ချင်စန်းကို ပေါ့ပါးစွာ ဖြတ်ကျော်ကြည့်လိုက်ရာ ထူးဆန်းသော အပြုံးတစ်ခု သူ့နှုတ်ခမ်းထောင့်တွင် တွဲခိုနေသည်။
ချင်စန်းက ခရမ်းရောင် တိမ်တိုက်ပေါ်တွင် တင်ပျဉ်ခွေ ထိုင်နေပြီး အာရုံများ ပိတ်ထားဆဲ ဖြစ်သဖြင့် သူ့ပတ်ဝန်းကျင်တွင် ဖြစ်ပျက်နေသမျှကို မသိပေ။
သို့သော် ချန်ယန်က တုန်ယန်းပို၏ စကားများထဲတွင် ဖုံးကွယ်ထားသော အဓိပ္ပာယ်ကို ရှင်းရှင်းလင်းလင်း သဘောပေါက်လိုက်သည်။ သူမ ရုတ်တရက် လှည့်ပြီး မဲမှောင်သော မျက်နှာထားဖြင့် စူးစိုက်ကြည့်၍…
"ကိုယ့်လုပ်ရပ်အတွက် ကိုယ်တာဝန်ယူတယ်... ကျွန်မ ရွေးချယ်ခဲ့တဲ့ လမ်းက ကျွန်မသဘောပဲ... တခြားသူကို အပြစ်မတင်ဘူးသလို မတင်လည်း မတင်သင့်ဘူး... ရှင် ဘာကို ဆိုလိုချင်တာလဲ"
"မင်း ငါ့ကို အပြစ်မတင်ရင် ပြီးတာပါပဲ မိန်းကလေး ချန်ယန်... မင်း နှလုံးသားထဲက အဖုအထစ်ကို မဖြေရှင်းနိုင်ဘဲ အတွင်းစိတ်မိစ္ဆာ ဖြစ်လာမှာ စိုးရိမ်လို့ပါ... အဲ့ဒါဆိုရင် ငါ့အပြစ် ဖြစ်သွားမှာပေါ့... ငါ စကားမှားသွားတယ်"
တုန်ယန်းပိုက ခြောက်ကပ်ကပ် ရယ်မောလိုက်ပြီး ဘာမှ ဆက်မပြောတော့ပေ။ လက်ချောင်း တစ်ချက် တောက်လိုက်ရာ အစစ်အမှန်ချီ စွမ်းအင်တစ်ခု ထွက်ပေါ်လာပြီး ခရမ်းရောင် တိမ်တိုက်ကို ဖြိုခွင်းကာ ချင်စန်းနှင့် အခြားသူများ၏ အာရုံများကို အတင်းအကျပ် ပြန်ဖွင့်ပေးလိုက်သည်။
ငါးယောက်သား မြေပြင်ပေါ် ပြုတ်ကျသွားကြသည်။ အာရုံများ ပြန်ရလာသည်နှင့် အလျင်အမြန် ဟန်ချက်ထိန်းလိုက်ကြပြီး စိတ်အားထက်သန်စွာ ပတ်ဝန်းကျင်ကို မကြည့်ဘဲ မနေနိုင်တော့။
မြူပင်လယ်ထဲ ဖုံးကွယ်ထားသော ရှေးဟောင်း နန်းဆောင်များ ဖြစ်စေ၊ သူတို့ ရှေ့ရှိ မဟူရာမျှော်စင် ဖြစ်စေ... နှစ်ခုလုံးက လွှမ်းမိုးထားသော ဆွဲဆောင်မှု တစ်ခုကို ထုတ်လွှတ်နေသည်။
***