ဒါက ကောင်းကင်တောင်ရဲ့ ထိပ်ဆုံးပဲလား။
ချင်စန်းက တိတ်တဆိတ် တွေးတောနေမိပြီး စူးစမ်းလိုစိတ်များ ရင်ထဲတွင် လှုပ်ရှားလာသည်။ ဒီခမ်းနားထည်ဝါသော နန်းတော်များနှင့် လျှို့ဝှက်ဆန်းကြယ်သော နက်မှောင်သည့် မျှော်စင်ကို တစ်ချိန်က ဘာအတွက် အသုံးပြုခဲ့ကြသနည်း။ ပြီးတော့ အဘယ်ကြောင့် ယခုလို အပျက်အစီးဘဝ ရောက်ခဲ့ရသနည်း။
ကျီဝေနန်းတော်ထဲ ဝင်ရောက်ကတည်းက ထူးဆန်းအံ့ဖွယ် နေရာများစွာ ကြုံတွေ့ခဲ့ရပြီး ထိုကဲ့သို့ မြင်ကွင်းများကို ခံနိုင်ရည် ရှိလာခဲ့လေပြီ။
ချိုးမူပိုင်နှင့် အခြားသူများမှာမူ သူတို့ ပတ်ဝန်းကျင်မှ မြင်ကွင်းကြောင့် အကြည့်မလွှဲနိုင်လောက်အောင် ဖမ်းစားခံထားရသည်။ သူတို့ရှေ့ရှိ မြင်ကွင်းကျယ်ကြီးက သူတို့ကို နက်ရှိုင်းစွာ တုန်လှုပ်စေခဲ့၏။
"ငါတို့ မျှော်စင်ပေါ် အတူတူ တက်ရင် ပိုမြန်နိုင်တယ်... သူတို့ ကောင်းကင်ဘုံ အစီအရင်ကို မဖြိုခွင်းခင် အပေါ်ရောက်အောင် သွားတာ အကောင်းဆုံးပဲ... အဲ့ဒီ အဘိုးကြီး အများစုက ဗဟိုချက် နေရာဆီ ဦးတည်သွားကြမှာ ဆိုပေမဲ့ တစ်ယောက်ယောက် ဖြတ်သွားရင်း ငါတို့ကို မတွေ့ဘူးလို့ အာမမခံနိုင်ဘူးလေ"
တုန်ယန်းပိုက သူ့သက်စောင့် ဝိညာဉ်လက်နက်ဖြစ်သော မိုးကြိုးလက်ကောက်ကို ဆင့်ခေါ်လိုက်သည်။
ချန်ယန်ကလည်း ဓားတစ်လက် ထုတ်လိုက်၏။ ဓားမှာ သွယ်လျပြီး လှပသော ပုံသဏ္ဍာန် ရှိသည်။ ဓားလက်ကိုင်ကို အပြစ်အနာအဆာ ကင်းမဲ့သော သလင်းကျောက်ဖြင့် ဖီးနစ်ငှက် ပုံစံ ထွင်းထုထားပြီး ပြိုင်ဘက်ကင်း လှပနေသည်။
ဖီးနစ်ဓားကို ကိုင်ဆောင်ထားချိန်တွင် သူမပုံစံမှာ ရဲရင့်ပြီး အမိန့်ပေးနိုင်စွမ်း ရှိသူ တစ်ယောက်အလား။
ရွှမ်း...
သူမ ဖီးနစ်ဓားကို ဝှေ့ယမ်းလိုက်သည်နှင့် ဓားချီစွမ်းအင် လှိုင်းတစ်ခုက ဖီးနစ်ငှက် ပုံစံဖြင့် ပျံထွက်သွားပြီး စူးရှသော အော်သံတစ်သံ ထွက်ပေါ်လာသည်။
တုန်ယန်းပိုက အချိန်ကိုက် လိုက်ပါပြီး မိုးကြိုးလက်ကောက်ကို အသက်သွင်းကာ လက်ကောက်ရိပ် တစ်ခု ပစ်လွှတ်လိုက်သည်။ ဖီးနစ်ပုံစံ ဓားချီစွမ်းအင်နှင့် အတူတကွ ပေါင်းစပ်ပြီး မျှော်စင်တံခါးကို ဝင်ဆောင့်တော့သည်။
ချွင်...
သတ္တုချင်း ရိုက်ခတ်သံကဲ့သို့ အသံတစ်သံ ထွက်ပေါ်လာပြီး ဖီးနစ်ဓားချီရော လက်ကောက်ရိပ်ပါ ပျောက်ကွယ်သွားလေပြီ။ မျှော်စင်တံခါးမှာ အလင်းရောင်များ လက်ခနဲ ဖြစ်သွားပြီး မရေမတွက်နိုင်သော ထူးဆန်းသည့် သင်္ကေတများ ပေါ်လာကာ နတ်ဆိုး ပုံရိပ်များနှင့် တူနေတော့သည်။
တုန်ယန်းပို၏ မျက်နှာထား လေးနက်သွားသည်။ မုယီဖုန်း ထပ်မံ အသက်သွင်းပြီး ပုလဲကုံး တစ်ကုံးအလား လက်ကောက်ရိပ်များကို ဆက်တိုက် ပစ်လွှတ်လိုက်သည်။ ချန်ယန်လည်း အားမလျော့ဘဲ သူမ၏ အစွမ်းကုန် အင်အားဖြင့် ပူးပေါင်း တိုက်ခိုက်သည်။
နှစ်ယောက်သား အချိတ်အဆက် မိမိ ပူးပေါင်းဆောင်ရွက်ကြသည်။
မကြာမီ မျှော်စင်တံခါးပေါ်ရှိ သင်္ကေတများမှာ နက်ရှိုင်းသော တုန်ခါသံနှင့်အတူ ကွဲကြေသွားပြီး တံခါးက တကျွီကျွီ မြည်လျက် ဖြည်းညှင်းစွာ ပွင့်လာတော့သည်။
"ဝင်ကြ"
တုန်ယန်းပိုက မိုးကြိုးလက်ကောက်ကို ပြန်ရုပ်သိမ်းပြီး တိုးတိုးလေး အော်ဟစ်ကာ မဟူရာမျှော်စင်ထဲသို့ ပြေးဝင်သွားသည်။ အခြားသူများလည်း အလျင်အမြန် လိုက်ပါသွားကြသည်။
မျှော်စင် အတွင်းပိုင်းမှာ ကျဉ်းမြောင်းသော နေရာလပ် မဟုတ်ဘဲ အဆုံးအစ မမြင်နိုင်သော ကျယ်ပြောသည့် နယ်မြေတစ်ခု ဖြစ်နေလိမ့်မည်ဟု မည်သူမျှ ထင်မှတ်မထားခဲ့ကြပေ။
အတွင်းပိုင်း တစ်ခုလုံး မှောင်မိုက်နေပြီး မတ်စောက်သော တောင်တန်းများက နေရာအနှံ့ နိမ့်ချည်မြင့်ချည် ရှိနေသည်။
သို့သော် ထိုနေရာမှာ လုံးဝ သက်မဲ့ဖြစ်နေ၏။ မည်သည့် စိမ်းလန်းမှုမျှ မရှိဘဲ တောင်ကတုံးများသာ ရှိသည်။ ရံဖန်ရံခါ မြစ်ကြမ်းပြင်များ တွေ့ရသော်လည်း အားလုံးမှာ လုံးဝ ခြောက်သွေ့နေလေပြီ။
အထိတ်လန့်စရာ အကောင်းဆုံး မြင်ကွင်းမှာ ကြမ်းပြင် တစ်ခုလုံးကို အရိုးဖြူများ ဖုံးလွှမ်းထားခြင်းပင်။ အရိုးများမှာ နေရာတိုင်းတွင် ပုံနေပြီး အချို့နေရာများ၌ ကျိုးပဲ့နေသော လက်နက်များကို အရိုးများကြားတွင် တွေ့မြင်နေရသည်။
ကြည့်ရသည်မှာ ဤနေရာသည် တစ်ချိန်က သွေးချောင်းစီးခဲ့သော စစ်မြေပြင် တစ်ခု ဖြစ်ခဲ့ပုံရသည်။
ချိုးမူပိုင်နှင့် အခြားသူများမှာ ထိုမြင်ကွင်း၏ ကြောက်မက်ဖွယ် ကောင်းမှုကြောင့် မှင်သက်နေကြသည်။
ဤမှောင်မိုက်ပြီး သာမန်ဟု ထင်ရသော မျှော်စင်ငယ်လေးမှာ သတ်ဖြတ်ခြင်း နယ်မြေတစ်ခု ဖြစ်နေသည် မဟုတ်ပါလား။
အရိုးများမှာ ကြေမွနေပြီး လူအရိုးလား သားရဲအရိုးလား ဆိုသည်ကိုပင် ခွဲခြား၍ မရနိုင်တော့ပေ။ အရိုးများကြား ပြန့်ကျဲနေသော လက်နက်များမှာလည်း လုံးဝ ဆွေးမြေ့နေပြီး စွမ်းအား အားလုံး ဆုံးရှုံးနေပြီ ဖြစ်သည်။
တစ်ခုတည်းသော နှစ်သိမ့်မှုမှာ တိတ်ဆိတ်ငြိမ်သက်နေခြင်းပင်။ ဤနေရာတွင် ကြောက်မက်ဖွယ်ရာ ဘာမှ ကျန်ရှိတော့ပုံ မရ။
အကယ်၍ ဤအသက်ပေါင်း များစွာကို သတ်ဖြတ်ခဲ့သော အင်အားစုသာ ရှိနေသေးလျှင် သူတို့ထဲမှ ဘယ်သူမှ ယှဉ်နိုင်မည် မဟုတ်ချေ။
သူတို့အားလုံး တောင်ထိပ်တစ်ခုပေါ် ရောက်နေကြပြီး နောက်ကျောတွင် ကျောက်ကမ်းပါး တစ်ခု ရှိနေသည်။ ထိုကမ်းပါး၏ အလယ်ဗဟိုတွင် မသဲမကွဲ မြင်ရသော တံခါးရိပ်တစ်ခု လေထဲတွင် ဝဲပျံနေပြီး ဖျတ်ခနဲ ပေါ်လိုက် ပျောက်လိုက် ဖြစ်နေသည်။
တုန်ယန်းပိုနှင့် ချန်ယန်တို့က အရိုးပင်လယ်ကြီးကို ဂရုမစိုက်ပေ။ မရပ်မနားဘဲ တောင်တန်းများကို ဖြတ်ကျော်၍ နက်မှောင်သော ကျောက်တုံးကြီး တစ်တုံးဆီ ရောက်သည်အထိ ပျံသန်းသွားကြသည်။
ကျောက်တုံးကြီးကို အတူတကွ တိုက်ခိုက်လိုက်သည်။ မကြာမီ ယင်းကလည်း ဖုံးကွယ်ထားသော အတားအဆီး တစ်ခုကို ထုတ်ဖော်ပြလာ၏။ အတားအဆီးကို ဖြိုခွင်းပြီးနောက် ပထမတံခါးနှင့် ထပ်တူညီသော တံခါးတစ်ချပ် ပေါ်လာပြီး ကျောက်ကမ်းပါးပေါ်က အတိုင်းပင်။
တံခါးတစ်ချပ်က မဟူရာမျှော်စင်၏ အလွှာတစ်လွှာကို ကိုယ်စားပြုပုံရသည်။
မဟူရာမျှော်စင်တွင် အလွှာဘယ်နှစ်ခု ရှိမှန်း မည်သူမျှ မသိကြပေ။
ချင်စန်းနှင့် ချိုးမူပိုင်တို့က နောက်မှ တိတ်ဆိတ်စွာ လိုက်ပါလာပြီး တုန်ယန်းပိုနှင့် ချန်ယန်တို့ တံခါး တစ်ချပ်ပြီး တစ်ချပ် ဖြိုခွင်းနေသည်ကို ကြည့်နေကြသည်။ အလွှာသစ် တစ်ခုသို့ တက်ရောက်တိုင်း အတွင်းရှိ နေရာလပ်မှာ ကျယ်ဝန်းမြဲ ကျယ်ဝန်းနေဆဲပင်။
ရှုခင်းများ ပြောင်းလဲသွားသော်လည်း အလွှာတိုင်းတွင် တူညီသော အချက်တစ်ခု ရှိသည်။ အရိုးများဖြင့် ပြည့်နှက်နေပြီး ကြီးမားသော သွေးချောင်းစီးမှုများကို ကြုံတွေ့ခဲ့ရခြင်းပင်။
နောက်ပိုင်းတွင် စိတ်အနှောင့်အယှက် အဖြစ်ဆုံး မြင်ကွင်းများပင် သူတို့၏ အာရုံများကို ထုံထိုင်းသွားစေသည်။ ဤမျှော်စင်ထဲတွင် အသက်ပေါင်း မည်မျှ သေဆုံးခဲ့သည်ကို သူတို့ မရေတွက်နိုင်တော့ပေ။
အမြင့်သို့ ရောက်လေလေ တံခါးများက ပိုဖုံးကွယ်ထားလေ ဖြစ်ပြီး အတားအဆီးများလည်း ပိုအားကောင်းလာလေ ဖြစ်သည်။
တုန်ယန်းပိုနှင့် ချန်ယန်တို့၏ အရှိန်မှာ နှေးကွေးလာသည်။ နောက်ဆုံးတွင် သူတို့ ရပ်တန့်၍ ဝိညာဉ်ဆေးလုံးများ သောက်သုံးကာ အားပြန်ဖြည့်ပြီးမှ နောက်ထပ် အတားအဆီးကို ဆက်လက် ဖြိုခွင်းနိုင်ကြသည်။
သို့သော် ထိုအချိန် တစ်လျှောက်လုံး သူတို့က ချင်စန်းနှင့် အခြားသူများကို ကူညီရန် ဘယ်တော့မှ မတောင်းဆိုခဲ့ပေ။
"သတ္တမမြောက် အလွှာ..."
နောက်ထပ် တံခါးတစ်ချပ် ကျွီခနဲ ပွင့်သွားသည်။
ဤတံခါးကို ဖွင့်ရန် ကြီးမားသော အားထုတ်မှု လိုအပ်ခဲ့သည်။ တုန်ယန်းပိုနှင့် ချန်ယန်တို့က သူတို့၏ အင်အား အကုန်သုံးပြီးမှ နောက်ဆုံးတွင် အတားအဆီးကို ဖြိုခွင်းနိုင်ခဲ့ခြင်း ဖြစ်သည်။
ချင်စန်းက သူတို့နောက်မှ လိုက်ပါလာပြီး နေရာသစ် တစ်ခုထဲ ဝင်ရောက်ရင်း အလွှာအရေအတွက်ကို တိတ်ဆိတ်စွာ ရေတွက်နေမိသည်။ အောက်ခြေရှိ ပထမတံခါး အပါအဝင် ဤသည်မှာ သူတို့ ဖွင့်ခဲ့သော သတ္တမမြောက် တံခါး ဖြစ်သည်။ ဆိုလိုသည်မှာ သူတို့ ယခု မဟူရာမျှော်စင်၏ သတ္တမမြောက် အလွှာသို့ ရောက်ရှိနေလေပြီ။
ထပ်မံ၍ သူတို့ရှေ့တွင် အဆုံးအစ မရှိသော အရိုးဖြူ လွင်ပြင်ကြီး ဖြန့်ကျက်နေပြန်သည်။
ချင်စန်းက ပတ်ဝန်းကျင် မြင်ကွင်းကို ငေးငိုင်စွာ ကြည့်နေပြီး သူ့မျက်နှာထားမှာ ခံစားချက်မဲ့နေသည်။ လေထုမှာ အလွန် ခြောက်ခြားစရာ ကောင်းလွန်းသဖြင့် မည်သူမျှ စကားမပြောချင်ကြတော့ပေ။
ချိုးမူပိုင်နှင့် အခြားသူများ၏ မျက်နှာပေါ်မှ သက်သောင့်သက်သာ ရှိမှုများ ကြာမြင့်စွာကတည်းက ပျောက်ကွယ်သွားပြီ ဖြစ်သည်။ တစ်ယောက်ချင်းစီတိုင်း အတွေးနက်နေကြပြီး တစ်စုံတစ်ရာသော အသိတရား ရသွားသကဲ့သို့ပင်။
သူတို့က ဂိုဏ်းအတွင်းရှိ ရွယ်တူများကြား ထိပ်တန်း အဆင့်များ ဖြစ်ပြီး သူတို့၏ ကျင့်ကြံခြင်း အဆင့်တွင် ထူးချွန်သူများ ဖြစ်ကာ အလားအလာကောင်းများ ပိုင်ဆိုင်ထားကြသည်။ မာန်မာန ဆိုသည်မှာ သဘာဝကျစွာပင် သူတို့ နှလုံးသားထဲ အမြစ်တွယ်နေခဲ့၏။ သို့သော် မရေမတွက်နိုင်သော သေဆုံးသူများ၏ အရိုးများဖြင့် ပြည့်နှက်နေသည့် ဤမျှော်စင်ကို မြင်ပြီးနောက် သူတို့အားလုံး တိတ်ဆိတ်သွားကြသည်။
ဒီလူတွေ အသက်ရှင်စဉ်က သူတို့ရဲ့ မပြောပလောက်တဲ့ ကျင့်ကြံခြင်း အဆင့်နဲ့ ယှဉ်ရင် ဘယ်လောက်တောင် သန်မာခဲ့ကြမလဲ… သူတို့ အနားတောင် ကပ်နိုင်မှာ မဟုတ်တာမျိုး ဖြစ်နိုင်တယ်… ဂုဏ်ယူစရာ ဘာရှိလို့လဲ။
တုန်ယန်းပိုနှင့် ချန်ယန်တို့ အားပြန်ဖြည့်ပြီးနောက် ရှေ့ဆက် ခရီးနှင်လာကြသည်။
အချိန်အတော်ကြာ ပျံသန်းပြီးနောက် အရိုးတောင်ပို့ တစ်ခု ရှေ့သို့ ရောက်လာ၏။
ယင်းကို ရှင်းလင်းလိုက်ရာ ဖုံးကွယ်ထားသော ဂူတစ်ခု ပေါ်လာသည်။ ဤအလွှာ၏ တံခါးမှာ မြေအောက်ဂူ တစ်ခုထဲတွင် မြှုပ်နှံထားခြင်း ဖြစ်သည်။ သူတို့ ရှာတွေ့ခဲ့ပုံအား မည်သူမျှ မသိကြပေ။
ဂူအတွင်းပိုင်းတွင် အရိုးများ နေရာအနှံ့ ပြန့်ကျဲနေသည်။ ခြေလှမ်းတိုင်းတွင် အရိုးကျိုးသံများ တဂျွတ်ဂျွတ် မြည်နေ၏။ လှိုဏ်ခေါင်း၏ အဆုံးတွင် မြေသားနံရံ တစ်ခုနှင့် တွေ့ဆုံလိုက်ရသည်။ တုန်ယန်းပိုက ငါးယောက်သား ဘက်သို့ လှည့်၍ အမိန့်ပေးလိုက်သည်။
"မင်းတို့ရဲ့ ငါးဖြာဒြပ်စင် သားရဲတံဆိပ်တွေကို ထုတ်လိုက်ကြ... သားရဲဝိညာဉ်တွေကို ဆင့်ခေါ်ပြီး အတားအဆီး ဖြိုခွင်းရာမှာ ငါတို့နှစ်ယောက်ကို ကူညီကြစမ်း..."
ငါတို့ နောက်ဆုံးတော့ မျှော်စင်ထိပ်ကို ရောက်တော့မှာလား။
ချင်စန်းက တိတ်ဆိတ်စွာ တွေးတောရင်း သူ့စိတ်စွမ်းအင်ကို ခန္ဓာကိုယ်ထဲရှိ သားရဲတံဆိပ်ပေါ် အာရုံစိုက်ပြီး ဆင့်ခေါ်လိုက်သည်။
မြေအောက် နေရာလပ်မှာ မကျယ်ဝန်းပေ။ မြေသားနံရံရှေ့ ရပ်နေသော သူတို့ ငါးယောက်နှင့်ပင် ပြည့်လုနီးပါး ဖြစ်နေလေပြီ။ တုန်ယန်းပိုနှင့် ချန်ယန်တို့က ဘေးတစ်ဖက်တစ်ချက်စီ ရွှေ့လိုက်ပြီး တစ်ယောက်ချင်းစီ သူတို့၏ ဝိညာဉ်လက်နက်များကို ဆင့်ခေါ်ကာ အတားအဆီး ဖြိုခွင်းရန် ပြင်ဆင်လိုက်ကြသည်။
ငါးဖြာဒြပ်စင် သားရဲတံဆိပ်များကို အရပ်မျက်နှာ ငါးခုနှင့်အညီ စီစဉ်လိုက်သည်။
ကျီချင်းက ကုန်ချန်တံဆိပ်ကို ကိုင်ဆောင်ပြီး အလယ်ဗဟိုတွင် ရှိနေသော်လည်း အစီအရင်၏ အစစ်အမှန် ဗဟိုချက်မှာ ချိုးမူပိုင် ဖြစ်သည်။ သူ့အင်အားမှာ အထင်ရှားဆုံးပင်။
"အစီအရင် ဖွဲ့စည်း..."
ငါးယောက်သား နေရာယူပြီး သူတို့၏ သားရဲတံဆိပ်များကို မြှောက်လိုက်ကြသည်။
ချိုးမူပိုင်၏ အမိန့်ပေးသံနှင့်အတူ တစ်ယောက်ချင်းစီ စိတ်ကို စုစည်းပြီး သက်ဆိုင်ရာ သားရဲတံဆိပ်များထဲ အသိစိတ်များ နှစ်မြှုပ်ကာ ချိပ်ပိတ်ထားသော သားရဲဝိညာဉ်များကို ဖွင့်လှစ်လိုက်ကြသည်။
ဝါး...
ချက်ချင်းပင် မိုးခြိမ်းသံကဲ့သို့ သားရဲ ဟိန်းသံများက ကျဉ်းမြောင်းသော လှိုဏ်ခေါင်းထဲ ပြည့်နှက်သွားလေပြီ။
ကြမ်းပြင်ပေါ် ပြန့်ကျဲနေသော အရိုးစများ လေထဲသို့ လွင့်စဉ်သွားကြ၏။
ဝါး... ဝါး...
သားရဲတံဆိပ် ငါးခုလုံး တစ်ပြိုင်နက် တောက်ပသော အလင်းရောင်များ ထွက်ပေါ်လာသည်နှင့်အမျှ ဟိန်းသံများမှာ ပိုပြင်းထန်လာသည်။
ချင်စန်း၏ ရွှမ်ဝူတံဆိပ်မှ အရိပ်သားရဲ တစ်ကောင် ထွက်ပေါ်လာသည်။ ထူထဲပြီး သန်မာသော ခြေလက်များ၊ လေးလံသော လိပ်ခွံတစ်ခုနှင့် ချွန်ထက်သော အစွယ်များ ပါရှိသည်။ ကြည့်ရသည်မှာ အစစ်အမှန် ရွှမ်ဝူ တစ်ကောင်နှင့် တစ်ပုံစံတည်း တူညီနေ၏။
အခြား သားရဲဝိညာဉ်များလည်း ထပ်တူ ကွက်ကွက်ကွင်းကွင်း ရှိနေသည်။ လူလုပ် ဖန်တီးထားခြင်း ဖြစ်သော်လည်း သက်ရှိ တစ်ကောင်ကဲ့သို့ အသက်ဝင်နေသည်။
ဤသားရဲဝိညာဉ်များက ကြမ်းတမ်းပြီး ရိုင်းစိုင်းသော ရည်ရွယ်ချက်များကို ထုတ်လွှတ်နေသည်။ အချိန်မရွေး ခုန်အုပ်ပြီး သခင်များကို ပြန်လည် တိုက်ခိုက်တော့မည့်ပုံ ပေါက်နေသော်လည်း အခိုင်အမာ ဖိနှိပ်ထားခြင်း ခံရသည်။
"ငါ့ဦးဆောင်မှုနဲ့ ဒြပ်စင်ငါးပါးကို တစ်ခုတည်း အဖြစ် ပေါင်းစပ်..."
သားရဲဝိညာဉ်များ တည်ငြိမ်သွားသည်နှင့် ချိုးမူပိုင်က အားပါးတရ အော်ဟစ်လိုက်သည်။ ချင်စန်းနှင့် အခြားသူများက သူတို့၏ သားရဲဝိညာဉ်များကို အလျင်အမြန် တွန်းပို့ပြီး ချိုးမူပိုင်၏ ကျားဖြူ သားရဲဝိညာဉ်ဆီသို့ ဦးတည်ပေးသည်။
တစ်ကောင်ပြီး တစ်ကောင် အရိပ်ပုံစံများက ကျားဖြူထဲသို့ ပေါင်းစပ်ဝင်ရောက်သွားကြသည်။
ငါးဖြာဒြပ်စင် သားရဲဝိညာဉ်များ ပေါင်းစပ်သွားသောအခါ ရလဒ်အဖြစ် ထွက်ပေါ်လာသော သတ္တဝါမှာ ထူးဆန်းပြီး ရုပ်ဆိုး အကျည်းတန်သော ပုံစံ ဖြစ်လာသည်။ မူလပုံစံကို ခွဲခြား၍ မရတော့ပေ။
ချိုးမူပိုင်မှာ ဖိအားဒဏ်ကို အများဆုံး ခံစားရသည်။ သူ့မျက်နှာမှာ သေလူတစ်ယောက်ကဲ့သို့ ဖြူဖျော့သွား၏။ သူ့လက်ထဲရှိ သားရဲတံဆိပ် အရင်ဆုံး ကွဲကြေသွားပြီးနောက် အခြားသူများ၏ တံဆိပ်များလည်း တစ်ခုပြီး တစ်ခု လိုက်ပါသွားကာ အပိုင်းပိုင်းအစစ ပေါက်ကွဲသွားကြသည်။
"သွား..."
နောက်ဆုံး လက်ကျန် အင်အားဖြင့် ချိုးမူပိုင်က ပေါင်းစပ်ထားသော သားရဲဝိညာဉ်ကို မြေသားနံရံဆီ ပစ်လွှတ်လိုက်တော့သည်။
***