တံခါးပေါ်ရှိ အစီအရင် အတားအဆီးကို ချင်စန်း နားမလည်သော်လည်း သားရဲဝိညာဉ်မှတစ်ဆင့် အတွင်း၌ ပြောင်းလဲမှုများ ဖြစ်ပေါ်နေကြောင်း ဝိုးတဝါး အာရုံခံမိလိုက်သည်။
ဤသားရဲဝိညာဉ်မှာ မဟူရာမျှော်စင် တံခါးပေါက်ရှိ အတားအဆီးကို ဖြိုခွင်းရန် သီးသန့် သန့်စင်ထားပုံရသည်။ အာနိသင်မှာ လက်ငင်းပင်။ နံရံထဲသို့ ဝင်ရောက်သွားသည်နှင့် ပြင်းထန်သော တုံ့ပြန်မှုတစ်ခု စတင် ဖြစ်ပေါ်လာသည်။
သားရဲဝိညာဉ်က အော်ဟစ်ပြီး အတားအဆီးကို နှောင့်ယှက် ဖျက်ဆီးပစ်လိုက်၏။
ရုတ်တရက် နံရံအတွင်းမှ မရေမတွက်နိုင်သော အနက်ရောင်ချီ လှိုင်းလုံးများ ထွက်ပေါ်လာပြီး သံကြိုးများသဖွယ် အရပ်မျက်နှာ အနှံ့ လိမ်ယှက် ရစ်ပတ်သွားတော့သည်။
အနက်ရောင်ချီ အသွင်ယူလာသည်နှင့် တုန်ယန်းပိုနှင့် ချန်ယန်တို့က လှုပ်ရှားလိုက်ကြသည်။ မိုးကြိုးလက်ကောက်နှင့် ဖီးနစ်ဓားတို့က အနက်ရောင်ချီ သံကြိုးများကို အလွှာလိုက် အလွှာလိုက် ပိုင်းဖြတ် ချေမှုန်းပစ်လိုက်၏။ တဖြည်းဖြည်းနှင့် အနက်ရောင် မြူခိုးများအောက်တွင် ဖုံးကွယ်နေသော တံခါးတစ်ချပ် ပေါ်လာတော့သည်။
ဝိညာဉ်သန္ဓေသားအဆင့် ကျင့်ကြံသူ နှစ်ယောက် ပူးပေါင်းဆောင်ရွက်သည့်တိုင် အတားအဆီးကို ဖြိုခွင်းရန်မှာ ခက်ခဲသော ကြိုးပမ်းမှုတစ်ခု ဖြစ်နေဆဲပင်။
သားရဲဝိညာဉ်၏ အော်ဟစ်သံ တဖြည်းဖြည်း တိုးဝင်သွားချိန်တွင် သူတို့ ဖြတ်တောက်လိုက်သော အနက်ရောင်ချီ ကြိုးမျှင် တစ်ခုစီတိုင်းအတွက် ကြီးမားသော စွမ်းအင် ပေးဆပ်ရသည်။
နောက်ဆုံးတွင် ကျန်ရှိနေသည့် အနက်ရောင်ချီ ကြိုးမျှင်တစ်ချောင်း ကြေမွသွားပြီး တံခါးမှာ အပြည့်အဝ ပေါ်လာတော့သည်။
တံခါး တဖက်ခြမ်းရှိ အရာမှာ အံ့အားသင့်ဖွယ် ကောင်းလှ၏။
အောက်ဘက် ခုနစ်လွှာရှိ ကျယ်ပြန့်သော မြေပြင်အနေအထားနှင့် မတူညီပေ။
ကြမ်းပြင်မှာ အုတ်ချပ်များဖြင့် သေသပ်စွာ ခင်းကျင်းထားသဖြင့် ဤနေရာမှာ မဟူရာမျှော်စင်၏ အစစ်အမှန် အတွင်းပိုင်း ဖြစ်ကြောင်း ညွှန်ပြနေသည်။
လေထဲတွင် မှိန်ဖျော့ဖျော့ အနက်ရောင် မြူခိုးများ ဝဲပျံနေပြီး တံခါးပေါ်ရှိ အနက်ရောင် သံကြိုးများနှင့် သဘောသဘာဝချင်း ဆင်တူသည်။ ၎င်းက အမြင်အာရုံကို ဝါးသွားစေရုံသာမက စိတ်စွမ်းအင် ဖြန့်ကျက်မှုကိုလည်း များစွာ ကန့်သတ်ထားသည်။
“မင်းတို့ ဒီမှာပဲ နေခဲ့”
တုန်ယန်းပိုက မှာကြားပြီးနောက် ချန်ယန်နှင့်အတူ မြူခိုးများထဲသို့ ဝင်ရောက်သွားသည်။
ချိုးမူပိုင်၏ အခြေအနေမှာ ဆိုးရွားလှသည်။ သူက ခွန်အားများ အလွန်အကျွံ ထုတ်သုံးထားသဖြင့် သူ့အော်ရာမှာ အားနည်းနေ၏။ အခြားသူများ၏ အကူအညီဖြင့် သူ ထိုင်ချကာ ပြန်လည် ကုစားနေရသည်။
ချင်စန်းနှင့် ကျန်လူများမှာမူ အခြေအနေ ပိုကောင်းမွန်သည်။ သူတို့က ချိုးမူပိုင်ကို အကာအကွယ်ပေးရန် ဝန်းရံထားပြီး မဆင်မခြင် လှုပ်ရှားရဲခြင်း မရှိပေ။
မဟူရာမျှော်စင်မှာ ကျိန်စာသင့်နေသော နေရာတစ်ခုပင်။ အောက်ဘက် ခုနစ်လွှာလုံးတွင် အရိုးများ ပြန့်ကျဲနေသည် မဟုတ်ပါလား။ ဤအလွှာတွင် ဘာရှိနေမည်ကို မည်သူ သိနိုင်မည်နည်း။ သူတို့က တစ်စုံတစ်ရာသော မကောင်းဆိုးဝါး ပေါ်လာမည်ကို စိုးရိမ်နေမိသည်။
ထိုနှစ်ယောက်က မြူခိုးများထဲသို့ နက်ရှိုင်းစွာ ဝင်ရောက်သွားကြသည်။
အကွာအဝေး တစ်ခုအထိ လျှောက်သွားပြီးနောက် ကြေးနီတံခါး တစ်ချပ်က သူတို့လမ်းကြောင်းကို ပိတ်ဆို့ထား၏။
ရှေးဟောင်း ကြေးနီတံခါးမှာ တင်းကျပ်စွာ ပိတ်ထားပြီး တည်ကြည် ခက်ထန်ကာ လွှမ်းမိုးနိုင်စွမ်းရှိသော အော်ရာတစ်ခု ထုတ်လွှတ်နေသည်။
တုန်ယန်းပိုက ချန်ယန်ကို မျှော်လင့်ချက်ဖြင့် ကြည့်ကာ တိုးတိုးလေး မေးလိုက်သည်။
“မိန်းကလေး ချန်ယန်… တခုခု အာရုံခံမိလား”
သူမ၏ အာရုံစူးစိုက်မှုကို မနှောင့်ယှက်မိစေရန် သတိထား၍ အသံကို တိုးထားလိုက်ခြင်း ဖြစ်သည်။
ချန်ယန်က ကြေးနီတံခါးကို အချိန်အတော်ကြာ စိုက်ကြည့်နေသည်။ ထို့နောက် သတိပေးခြင်း မရှိဘဲ သူမ၏ ဖီးနစ်ဓားကို ဆွဲထုတ်ကာ လက်ကောက်ဝတ်ကို လှီးဖြတ်လိုက်၏။ သူမ၏ သွေးများက ကြေးနီမျက်နှာပြင်ပေါ်သို့ ပက်ဖျန်းသွားသည်။
သွေးများက အောက်သို့ စီးကျွန်မလာဘဲ အသက်ဝင်လာသကဲ့သို့ တံခါးမျက်နှာပြင်ပေါ် တွားသွား လှုပ်ရှားလျက်။ ကြည့်ရသည်မှာ မျက်နှာပြင်ပေါ် တွားသွားနေသော သွေးသန်ကောင်များ ကဲ့သို့ပင်။
ချန်ယန်က လျှို့ဝှက်ကျင့်စဉ် တစ်ခုကို ထုတ်ဖော်၍ သူမခန္ဓာကိုယ်မှ သွေးများကို ပိုညှစ်ထုတ်လိုက်သည်။ သွေးများက တံခါးပေါ်တွင် စုဝေးလာပြီး ကြီးမားသော သွေးအစီအရင် တစ်ခု ဖြစ်ပေါ်လာတော့သည်။
အစီအရင်က ထူးဆန်းသော မိစ္ဆာဆန်သည့် အနီရောင် အလင်းတန်းဖြင့် တလက်လက် တောက်ပနေသည်။
ခဏအကြာတွင် ကြေးနီတံခါး အတွင်းမှ တောက်ပသော အနီရောင် အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး သွေးအစီအရင်နှင့် ပေါင်းစပ်သွားတော့သည်။
ထိုသည်ကို မြင်လျှင် ချန်ယန်နှင့် တုန်ယန်းပို နှစ်ယောက်လုံး စိတ်လှုပ်ရှားမှုဖြင့် တောက်ပလာကြသည်။
“မင်းရဲ့ ဆရာက တကယ်ကို ထူးခြားတာပဲ” တုန်ယန်းပိုက လေးစားစွာ ရေရွတ်လိုက်သည်။ “ထိပ်တန်း အင်အားစု တစ်ခုရဲ့ အဆင့်မြင့် ကျင့်ကြံသူ တစ်ယောက်ဆီက မျှော်လင့်ထားတဲ့ အတိုင်းပဲ… ဘယ်သူမှ ဖွင့်ဖို့ မစွမ်းဆောင်နိုင်ခဲ့တဲ့ ရေခဲလွင်ပြင်က ဒီကြေးနီတံခါးကို သူတစ်ယောက်တည်း ဖွင့်နိုင်ခဲ့တယ်… သူထားခဲ့တဲ့ အရေးပေါ် နည်းလမ်းက နှစ်ရာချီ ကြာတာတောင် အလုပ်ဖြစ်နေသေးတယ်… ဝန်ခံရရင် ငါ အစက သံသယ ဝင်ခဲ့မိသေးတယ်…”
သွေးရောင်အလင်းက ပိုပြင်းထန်လာပြီး ပတ်ဝန်းကျင်ရှိ အနက်ရောင် မြူခိုးများကို အနီရောင်ရင့်ရင့် ဆိုသွားတော့သည်။
အထွတ်အထိပ်သို့ ရောက်ချိန်တွင် ကြေးနီတံခါးက ပြင်းထန်စွာ တုန်ခါသွားပြီးနောက် ဖြည်းညှင်းစွာ စတင် ပွင့်ဟလာလေပြီ။
ကျွီ…
ကြီးမားသော တံခါးက ကြမ်းပြင်နှင့် ပွတ်တိုက်မိပြီး နားခါးသော အသံတစ်ခု ထွက်ပေါ်လာသည်။
ထိုအသံက နေရာလွတ် တစ်ခုလုံး ပဲ့တင်ထပ်သွား၏။ ချင်စန်းနှင့် အခြားသူများလည်း ဝင်ပေါက်မှနေ၍ ရှင်းလင်းစွာ ကြားလိုက်ရသည်။
ချင်စန်း၏ နှလုံးသားထဲတွင် ဖော်ပြမရသော မရေရာသည့် ခံစားချက်တစ်ခု မြင့်တက်လာပြီး တခဏချင်း ဖြတ်သန်းသွားသည်။
ဤနေရာ၏ ထူးဆန်းမှုကြောင့် ဖြစ်ကောင်း ဖြစ်နိုင်သည်။ အရာအားလုံးက မသိနားမလည်နိုင်စရာ၊ အရာအားလုံးက စိုးရိမ်ပူပန်စရာ။
သူက အခြားသူများကို လှမ်းကြည့်ရာ သူတို့လည်း အလားတူပင် စိတ်လွင့်နေကြပြီး စိတ်က တခြားတစ်နေရာ ရောက်နေသည်ကို တွေ့လိုက်ရသည်။ လူတိုင်း ဤနေရာမှ အမြန်ဆုံး ထွက်ခွာချင်နေကြပြီ ဖြစ်သည်။
ကြေးနီတံခါးဝတွင် ထိုနှစ်ယောက် ခေတ္တ ရပ်တန့်လိုက်သည်။ တံခါးခုံ အလွန်တွင် ထူးခြားမှု မရှိသည်ကို မြင်မှသာ စိတ်အားထက်သန်စွာ အတွင်းသို့ ဝင်ရောက်သွားကြသည်။
ကြေးနီတံခါး နောက်ကွယ်တွင် သတ္တုတစ်မျိုးတည်းဖြင့် သွန်းလုပ်ထားသော ကျယ်ပြန့်သည့် ကြေးနီခန်းမဆောင်ကြီး တစ်ခု ရှိနေသည်။
နံရံများတွင် အစိမ်းရောင် သံချေးလွှာများ ဖုံးလွှမ်းနေ၏။ အချိန်ကာလ၏ ဖြတ်သန်းမှုကို ခံနိုင်ရည် ရှိသော်လည်း ဤခန်းမဆောင်ကြီးပင် ပျက်စီးယိုယွင်းမှုမှ မလွတ်မြောက်နိုင်ခဲ့ပေ။
ခန်းမဆောင်မှာ ကျယ်ဝန်းပြီး ဟာလာဟင်းလင်း ဖြစ်နေသည်။ အလယ်ဗဟိုတွင် မြင့်မားသော ယဇ်ပလ္လင် တစ်ခု ရှိပြီး ထိုပေါ်တွင် တောက်ပသော အတားအဆီး တစ်ခု တဖျပ်ဖျပ် လက်နေဆဲပင်။
သူတို့ကို အံ့အားသင့်စေဆုံး အရာမှာ ခန်းမဆောင် တစ်ခုလုံး သွေးကြိုးမျှင်လေးများဖြင့် ဖုံးလွှမ်းနေခြင်းပင်။ အဆုံးမရှိသော သွေးရောင် ကြိုးမျှင်များက အရာအားလုံးကို လွှမ်းခြုံထားသကဲ့သို့။
အလယ်ဗဟိုရှိ ယဇ်ပလ္လင်ပင် မလွတ်ကင်းခဲ့ပေ။ ယင်း၏ အကာအကွယ် အတားအဆီးမှာလည်း သွေးကြိုးမျှင်များဖြင့် ရစ်ပတ်ထားခြင်း ခံရသည်။
ဝင်ရောက်လာသည်နှင့် ချန်ယန်၏ မျက်လုံးများက ယဇ်ပလ္လင်နှင့် အလင်းအတားအဆီးဆီ ချက်ချင်း ရောက်သွားသည်။ သူမ သတိမထားမိလိုက်ဘဲ ထိုနေရာသို့ လျှောက်သွားမိသည်။
ယဇ်ပလ္လင် အလယ်ဗဟိုတွင် အနက်ရောင်ချီများ ဖုံးလွှမ်းနေသော အပေါက်ကြီး တစ်ခု ရှိနေပြီး အောက်ခြေမရှိသည့်အလား နက်ရှိုင်းကာ ကြောက်မက်ဖွယ် ကောင်းလှ၏။
အနက်ရောင်ချီများက နတ်ဆိုးချီများနှင့် တူညီသည်။ လူတစ်ယောက်၏ စိတ်နှင့် ဝိညာဉ်ကိုပါ ဝါးမြိုနိုင်စွမ်း ရှိပုံရ၏။ ဤသည်မှာ နတ်ဆိုးတွင်းနက် တစ်ခုပင်။
အလင်း အတားအဆီးက တွင်းနက်ကြီး၏ နှုတ်ခမ်းဝကို တိကျစွာ ဖုံးအုပ်ထားပြီး အနက်ရောင်ချီများကို အတွင်း၌ မြဲမြံစွာ ပိတ်လှောင်ထားသည်။
ချန်ယန်က ခေါင်းငုံ့ပြီး နတ်ဆိုးတွင်းနက်ထဲသို့ စိုက်ကြည့်လိုက်သည်။ သူမ၏ မျက်လုံးများတွင် ရှုပ်ထွေးသော ခံစားချက်များ ရောပြွန်းနေ၏။ စိတ်လှုပ်ရှားမှုနှင့် နက်ရှိုင်းသော စိုးရိမ်ပူပန်မှုတို့ ရောထွေးနေသည်။
သူမက ညာဘက်လက်ကို ညင်သာစွာ မြှောက်လိုက်ရာ မမြင်ရသော စွမ်းအားတစ်ခုက ဆင့်ခေါ်လိုက်သကဲ့သို့ ကြေးနီခန်းမဆောင် တစ်ခုလုံးရှိ သွေးကြိုးမျှင်များ စတင် ဆုတ်ခွာသွားပြီး သူမ၏ လက်ဖဝါး အလယ်ဗဟိုဆီသို့ တိုးဝင်လာကြတော့သည်။
၎င်းတို့က သူမလက်ပေါ်ရှိ သွေးတစ်စက်ထဲသို့ စုဝေးသွားကြလေပြီ။
ကြိုးမျှင်များ ပိုစုဝေးလာသည်နှင့်အမျှ သွေးစက်မှာ ပိုတောက်ပလာပြီး ကြည်လင်လာကာ တဖြည်းဖြည်းနှင့် သွေးရောင် ပုလဲတစ်လုံးအဖြစ် ပုံပေါ်လာခဲ့သည်။
နောက်ဆုံးတွင် သွေးကြိုးမျှင် အားလုံး ဆုတ်ခွာသွားပြီး သွေးစက်ထဲသို့ အပြည့်အဝ ပေါင်းစပ်သွားကြ၏။
သွေးပုလဲကို လက်ထဲ ကိုင်ထားရင်း ချန်ယန်က အလင်းအတားအဆီးဆီသို့ ပစ်လွှတ်ရန် ပြင်လိုက်စဉ်…
ရုတ်တရက် တလျှောက်လုံး တိတ်တဆိတ် စောင့်ကြည့်နေခဲ့သော တုန်ယန်းပိုက ရှေ့တိုးလာပြီး သူမလမ်းကြောင်းကို ပိတ်ဆို့လိုက်သည်။ ချန်ယန်၏ ဒေါသထွက်နေသော အကြည့်အောက်တွင် သူက သွေးပုလဲကို လက်ညှိုးထိုးပြပြီး…
“မိန်းကလေး ချန်ယန်… မင်းရဲ့ ဆရာကို မကယ်တင်ခင် ဒီပစ္စည်းကို ငါ့ကို ခဏ ငှားခွင့်ပြုပါ… ငါ ပစ္စည်းတစ်ခု ယူဖို့အတွက်ပဲ လိုတာပါ… ဘယ်လိုလဲ”
“တုန်ယန်းပို… ရှင် ကတိဖျက်တယ်”
ချန်ယန် ဒေါသပေါက်ကွဲသွားသည်။ တုန်ယန်းပိုက တလျှောက်လုံး ကောက်ကျစ်သော ရည်ရွယ်ချက်များကို ဖုံးကွယ်ထားခဲ့ပြီး ယခု အရေးကြီးဆုံး အချိန်ကျမှ တိုက်ခိုက်လာခြင်း ဖြစ်သည်။
တုန်ယန်းပိုက ခေါင်းခါရမ်းရင်း…
“ငါ ကတိဖျက်တာ မဟုတ်ပါဘူး… အစီအစဉ်ကို နည်းနည်း ပြောင်းရုံပါ… မင်း ငါ့ကို ရတနာအရင် ရအောင် ကူညီပေး… ပြီးရင် ငါမင်းကို မင်းဆရာ ကယ်တင်ဖို့ ကူညီပေးမယ်… ပုလဲရဲ့ စွမ်းအား တစ်စိတ်တစ်ပိုင်းကို ကုန်ဆုံးစေမှာ မှန်ပေမယ့် ငါအာမခံပါတယ်… ငါ လိုချင်တဲ့ ပစ္စည်းရတာနဲ့ မင်းဆရာကို ကယ်တင်ဖို့က လွယ်ကူတဲ့ ကိစ္စပါ”
သူက သက်ပြင်းချပြီး ဆက်ပြောသည်။
“မင်းက အဲ့တုန်းက အချိန်မီ ပြန်လွှတ်ခံလိုက်ရတော့ ဒီနတ်ဆိုးတွင်းနက်ကြီး ဘယ်လောက် ကြောက်စရာ ကောင်းတယ် ဆိုတာ မမြင်ဖူးဘူး… မင်းဆရာ အသက်ရှင်နေသေးရင်တောင် သူ့အခြေအနေက ဆိုးရွားနေလောက်ပြီ… ပြီးတော့ အတားအဆီး ပျက်သွားတာနဲ့ ဘာဖြစ်လာမလဲ ဆိုတာ ငါတို့ ထိန်းချုပ်နိုင်မှာ မဟုတ်ဘူး… ကြိုတင် ကာကွယ်တာက ပိုကောင်းပါတယ်… ငါ တွင်းနက်ကြီးထဲကနေ အတင်းအကြပ် မောင်းထုတ်ခံရပြီး လက်ဗလာနဲ့ ပြန်ရမယ့် အဖြစ်မျိုး အန္တရာယ် မခံနိုင်ဘူး…”
“ရှင် လူယုတ်မာ… ကျွန်မ ရှင့်ကို ယုံမယ် ထင်နေလား”
ချန်ယန် ဒေါသထွက်လွန်း၍ သွားများကို တင်းတင်း စေ့ထားမိသည်။ သူမက တုန်ယန်းပိုကို ဓားဖြင့် ချိန်ရွယ်လိုက်၏။
“ရှင် သွေးပုလဲကို လိုချင်ရင် ကျွန်မကို အရင် သတ်ရလိမ့်မယ်”
တုန်ယန်းပိုက မတတ်သာသည့်ဟန် ခေါင်းခါပြီ…
“မင်းဆီမှာ မင်းဆရာရဲ့ ကာကွယ်ရေး ရတနာ ပါမှန်း ငါသိပါတယ်… မင်းက ဝိညာဉ်သန္ဓေသား အဆင့်ကို အခုမှ ရောက်တယ် ဆိုပေမယ့် မင်းရဲ့ ခွန်အားက ကြောက်စရာ ကောင်းတယ်… ပြီးတော့ ငါက မင်းဆရာ ထားခဲ့တဲ့ သွေးကတိသစ္စာနဲ့ ချည်နှောင်ခံထားရတော့ မင်းအသက်ကို ယူလို့မရဘူး… ဒါပေမယ့်…”
သူ ခေတ္တ ရပ်တန့်လိုက်ပြီး လှောင်ပြောင်သော အရိပ်အယောင်တစ်ခု သူ့မျက်နှာပေါ် ဖြတ်သန်းသွားသည်။ ထို့နောက် သတိပေးခြင်း မရှိဘဲ ကြေးနီခန်းမဆောင်၏ ဝင်ပေါက်ဆီ လက်တစ်ဖက် လှမ်းပြီး ဆုပ်ကိုင်သည့် ပုံစံ လုပ်လိုက်သည်။ ရုတ်တရက် လေတိုးသံနှင့်အတူ မိုးကြိုးလက်ကောက်က ပျံထွက်သွားတော့သည်။
နားလည်ရခက်သော ဤလှုပ်ရှားမှုကို မြင်လျှင် ချန်ယန်၏ စိတ်ထဲ ပြင်းထန်သော ဆိုးရွားသည့် နိမိတ်တစ်ခု ခံစားလာရသည်။
ကြေးနီခန်းမဆောင် အပြင်ဘက်တွင်…
ချင်စန်း တစ်ယောက် တရားမှတ်နေစဉ် သတိပေးခြင်း မရှိဘဲ မိုးကြိုးလက်ကောက်က သူ့ထံ ပျံသန်းလာပြီး တစ်ကိုယ်လုံးကို ရစ်ပတ် ချုပ်နှောင်သွားသည်။ ရုတ်တရက် တင်းကျပ်မှု ခံစားလိုက်ရပြီး လွှမ်းမိုးနိုင်စွမ်းရှိသော အားအောက်တွင် သူ့ခြေလက်များ တောင့်တင်းသွားလေပြီ။ ထို့နောက် လုံးဝ ခုခံနိုင်စွမ်း မရှိဘဲ အမှောင်ထဲသို့ ဆွဲခေါ်ခံလိုက်ရတော့သည်။
ရွှစ်…
မည်သည့် သတိပေးချက်မျှ မရှိခဲ့ပေ။
ချင်စန်း အနက်ရောင်ချီများထဲ ပျောက်ကွယ်သွားသည်ကို မူရိဖုန်းနှင့် အခြားသူများ ကြောင်အမ်းအမ်းဖြင့် ကြည့်နေမိကြသည်။
သူတို့ ထိတ်လန့်တကြား ခုန်ထလိုက်ကြသော်လည်း တုန်ယန်းပို အသံကို စိတ်ထဲတွင် ကြားလာရသဖြင့် နေရာတွင်သာ ငြိမ်သက်နေလိုက်ကြသည်။
“နေရာမှာပဲ နေကြ”
သူတို့က တစ်ယောက်ကို တစ်ယောက် ထိတ်လန့်စွာ ကြည့်နေကြပြီး အခုလေးတင် ဖြစ်ပျက်ခဲ့သည့် အရာနှင့် ပတ်သက်၍ မရေမရာနှင့် နက်ရှိုင်းသော စိုးရိမ်ပူပန်မှုတို့ ခံစားလိုက်ရသည်။
သို့သော် ချင်စန်းထက် ပို၍ ကြောင်အမ်းပြီး ထိတ်လန့်သူ မရှိတော့ပေ။
သူ့ကို ချုပ်နှောင်ထားသော အရာဝတ္ထုကို ချက်ချင်း မှတ်မိလိုက်သည်။ ၎င်းမှာ တုန်ယန်းပို၏ သက်စောင့် ဝိညာဉ်လက်နက် ဖြစ်သည့် မိုးကြိုးလက်ကောက်ပင်။
အတွင်းထဲမှာ ဘာတွေ ဖြစ်နေတာလဲ။ ငါ့ရဲ့ ဂိုဏ်းချုပ်က ဘာလို့ ငါ့ကို ပြန်တိုက်ခိုက်ရတာလဲ…
***